ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တချိန်က ''ဥက္ကဋ္ဌကြီးမော်'' နှစ် ၅၀ အကြာမှာ ''ဆရာကြီး''အဖြစ် Gen Z တွေကြားပြန်ရှင်သန်
- ရေးသားသူ, ချန်းယန်
- ရာထူးတာဝန်, ဘီဘီစီ တရုတ်ဘာသာဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
"လူကြီးလူကောင်းတွေ အများကြီးရှိပေမဲ့ 'ဆရာကြီး' ကတော့ တစ်ယောက်တည်း ရှိတယ်။"
''ဆရာကြီး'' ဆိုတဲ့နာမည်က ကွယ်လွန်သူ တရုတ်ခေါင်းဆောင် မော်စီတုန်းကို တရုတ်လူငယ်အများအပြားက အွန်လိုင်းမှာ ခေါ်ကြ သုံးကြတဲ့နာမည်ပါ။
တရုတ် ဗီဒီယိုပလက်ဖောင်း Bilibili မှာ "မော်စီတုန်း" ဒါမှမဟုတ် "ဆရာကြီး" ဆိုပြီး ရှာဖွေလိုက်ရင် ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲအမျိုးမျိုးထဲက မော်စီတုန်းရဲ့ ပုံရိပ်တွေကို ဖြတ်တောက်စုစည်းထားတဲ့ ဗီဒီယို ဒါဇင်နဲ့ချီ တက်လာတာကို တွေ့ရမှာပါ။
အဲဒီဗီဒီယိုတွေမှာ မော်စီတုန်းရဲ့ဘဝတလျှောက် မတူညီတဲ့ကာလတွေကို ထည့်သွင်းဖော်ပြထားပါတယ်။ လူငယ်ဘဝက အဖြစ်အပျက်တွေကနေ စစ်တပ်ကို ဦးဆောင်ခဲ့တဲ့ကာလ၊ တရုတ်၊ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ကြား စစ်အေးကာလ ဆက်ဆံရေးတွေကို ခေါင်းဆောင်တစ်ဦးအနေနဲ့ ကိုင်တွယ်ခဲ့တဲ့အချိန်တွေအထိ ပါဝင်ပါတယ်။
အဲဒီဗီဒီယိုအများအပြားဟာ ကြည့်ရှုသူ သန်းနဲ့ချီ ရရှိထားပြီး မှတ်ချက်ပေါင်း သောင်းနဲ့ချီ ရရှိထားပါတယ်။ မှတ်ချက်တွေထဲမှာ "ကြီးမြတ်သူကြီး အသက်ရှည်ပါစေ" ဆိုတဲ့ ချီးကျူးမှုတွေလည်း တွေ့ရပါတယ်။
Bilibili အသုံးပြုသူအများစုဟာ လူငယ်တွေဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အတွင်း အသုံးပြုသူတွေက ၆၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။
ဒါဆို မော်စီတုန်း ကွယ်လွန်ခဲ့တာ နှစ် ၅၀ ကြာပြီဖြစ်ပေမဲ့ တရုတ်လူငယ်တွေရဲ့ အွန်လိုင်းယဉ်ကျေးမှုထဲမှာ သူ့ ပုံရိပ်က ဘာကြောင့် ဒီလောက် ထင်ထင်ရှားရှား ပြန်လည်ပေါ်ထွက်လာတာလဲ။
မော်စီတုန်းရဲ့ တခြားပုံရိပ်တစ်ခု
၂၀ ရာစု တရုတ်နိုင်ငံရဲ့အရေးအပါဆုံး နိုင်ငံရေးခေါင်းဆောင်အဖြစ် မော်စီတုန်းဟာ ၁၉၄၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်တည်ထောင်ချိန်ကနေ ၁၉၇၆ ခုနှစ်မှာ သူကွယ်လွန်တဲ့နေ့အထိ ကွန်မြူနစ်ပါတီနဲ့ နိုင်ငံကို ဦးဆောင်ခဲ့ပါတယ်။
သူဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့တဲ့ "မဟာခုန်ပျံကျော်လွှားရေး"(Great Leap Forward)နဲ့ "ယဉ်ကျေးမှုတော်လှန်ရေး"(Cultural Revolution) လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလှုပ်ရှားမှုတွေကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
ဒီကနေ့ ခေတ်မှာ မော်စီတုန်းကို စိတ်ဝင်စားလာသူတွေထဲက တစ်ဦးကတော့ တက္ကသိုလ်စတက်ဖို့ ပြင်ဆင်နေတဲ့ နန်ကျင်းမြို့က ကျောင်းသား ဒေါင် ဖြစ်ပါတယ်။
ချန်ရှာမြို့က Orange Isle မှာ လူငယ်မော်စီတုန်းရဲ့ ဧရာမရုပ်တုကြီးရှေ့မှာ အမျိုးသမီးငယ်နှစ်ဦး မျိုးချစ်သီချင်းတစ်ပုဒ် သီဆိုနေတဲ့ဗီဒီယိုကို ကြည့်ပြီး မကြာသေးခင်က သူ စိတ်ထိခိုက်ခံစားခဲ့ရပါတယ်။
"သူတို့ သီချင်းဆိုတာက ခံစားချက်အပြည့်နဲ့ ဆိုထားတာ။ ရုပ်တုကြီးကလည်း အရမ်းမြင့်ပြီး လူငယ်ပုံစံဖြစ်နေတယ်။ အဲဒါကိုကြည့်ရင်း ရုတ်တရက် စိတ်ထဲမှာ တော်တော်လေး ခံစားသွားရတယ်" လို့ ဒေါင်က ဘီဘီစီကို ပြောပါတယ်။
သူ့အတန်းဖော်တွေထဲက အများအပြားဟာ လက်ရှိနိုင်ငံရေးနဲ့ လူမှုရေးအခြေအနေတွေကို ဆွေးနွေးကြတဲ့လူငယ်တွေရဲ့အွန်လိုင်းအသိုင်းအဝိုင်းတွေမှာ ပါဝင်ကြပါတယ်။ အဲဒီအသိုင်းအဝိုင်းတွေကို အများအားဖြင့် "ကီးဘုတ်နိုင်ငံရေးဝိုင်း" (keyboard politics circle) လို့ ခေါ်ကြပါတယ်။
ဒီလမ်းကြောင်းကို ပြသနေတဲ့ နောက်ထပ်အချက်တစ်ခုကတော့ ၂၀၁၉ ခုနှစ်ကစပြီး မော်စီတုန်းရဲ့လက်ရွေးစင်လက်ရာများ (Selected Works of Mao Zedong) စာအုပ်ဟာ ချင်းဟွာတက္ကသိုလ် စာကြည့်တိုက်မှာ မမျှော်လင့်ဘဲ အငှားရဆုံးစာအုပ် ဖြစ်လာခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ နှစ်စဉ် အငှားရဆုံးစာအုပ်အဖြစ် ဆက်ရှိနေခဲ့တာပါ။
အရေးကြီးတာက ဒီနေ့ခေတ် လူငယ်တွေ မော်စီတုန်းကို စိတ်ဝင်စားလာပုံဟာ သူတို့ရဲ့ မိဘတွေ ကြီးပြင်းလာချိန်က ကြားခဲ့ရတဲ့မော်စီတုန်းအကြောင်းကို ပြောဆိုခဲ့တဲ့ပုံစံနဲ့ မတူပါဘူး။
၁၉၈၁ ခုနှစ်မှာ တရုတ်ကွန်မြူနစ်ပါတီ(CCP)ဟာ တိန့်ရှောင်ဖိန်ရဲ့ ဦးဆောင်မှုအောက်မှာ ရေးဆွဲခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ မော်စီတုန်းရဲ့ အောင်မြင်မှုတွေနဲ့ အမှားတွေကို မျှတစွာ ချိန်ညှိသုံးသပ်ထားပြီး "အောင်မြင်မှု ၇၀ ရာခိုင်နှုန်း၊ အမှား ၃၀ ရာခိုင်နှုန်း" လို့ အများအားဖြင့် အကျဉ်းချုပ် ပြောဆိုကြပါတယ်။
တိန့်ရှောင်ဖိန်နဲ့ နောက်ပိုင်း ကျန်းကျိမင်တို့ရဲ့ခေတ်ကာလတွေမှာ မော်စီတုန်းရဲ့ ပုံတူတွေဟာ မီးရထားဘူတာတွေ၊ အများပြည်သူသုံး ရင်ပြင်တွေနဲ့ စာသင်ခန်းတွေကနေ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ပါတယ်။
လူတွေဟာ မော်စီတုန်းကို နတ်ဘုရားတစ်ပါးလို မဟုတ်တော့ဘဲ အကန့်အသတ်တွေနဲ့လူသားတစ်ဦး၊ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပိုမိုမြင်လာကြပါတယ်။ တစ်ချိန်တည်းမှာပဲ တိန့်ရှောင်ဖိန်ဟာ ပြည်တွင်းမှာ ဈေးကွက်စီးပွားရေး တည်ဆောက်ဖို့နဲ့ အဲဒီစီးပွားရေးကို ကမ္ဘာ့ဈေးကွက်နဲ့ ဖွင့်ပေးဖို့ ရည်ရွယ်တဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုခေတ်ရဲ့သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မော်စီတုန်းဟာ တရုတ်လူငယ်တွေအတွက် ပြန်လည်ဆက်စပ်မှုရှိလာပြီး ဒေါင်အပါအဝင် လူငယ်အများအပြားဟာ မော်စီတုန်းကို နာမည်နဲ့ ခေါ်တာထက် "ဆရာကြီး" လို့ပဲ ခေါ်ကြပါတယ်။
"ဆရာကြီး" ဆိုတဲ့ အခေါ်အဝေါ်မှာ သီးခြားဖြစ်ရပ်တစ်ခုကနေ ဆင်းသက်လာတဲ့ နောက်ခံရှိပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန်သတင်းထောက် အက်ဒ်ဂါ စနိုးနဲ့ တွေ့ဆုံစကားပြောချိန်မှာ မော်စီတုန်းက ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ သူ့ကို ချီးကျူးဖို့ သုံးခဲ့တဲ့ "ကြီးမြတ်သူ လေးမျိုး" (Four Greats) ဆိုတဲ့နိုင်ငံရေးဆောင်ပုဒ် (ကြီးမြတ်တဲ့ဆရာ၊ ခေါင်းဆောင်၊ စစ်သေနာပတိနဲ့ ပဲ့ကိုင်ရှင်)နဲ့ ချီးကျူးခေါ်ဝေါ်တာတွေကို မကြိုက်ဘူးလို့ ပြောခဲ့တယ်လို့ သိရပါတယ်။
"တစ်ခုတော့ ကျန်သေးတယ်... ဆရာကြီး ဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အမြဲတမ်း ဆရာတစ်ယောက် ဖြစ်ခဲ့လို့ပါ" လို့ မော်စီတုန်းက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒေါင်နဲ့ သူ့အတန်းဖော်တွေဟာ မော်စီတုန်းအကြောင်းကို လွတ်လွတ်လပ်လပ် အကျယ်တဝင့် ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ လက်ရှိ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အကြောင်း ရောက်လာတဲ့အခါတော့ "လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတဲ့ အကြောင်းအရာမျိုးတော့ မဟုတ်ဘူး" လို့ ဒေါင်က ခံစားရပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ လေ့လာသုံးသပ်ရေးအဖွဲ့ Mercator Institute for China Studies (MERICS) ရဲ့ လေ့လာချက်တစ်ခုအရ တရုတ်အွန်လိုင်းလောကမှာ အများပြည်သူအကြား ဆွေးနွေးပြောဆိုခွင့် အတိုင်းအတာတစ်ခု ရှိနေဆဲဖြစ်ပေမဲ့ အမြင့်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတော့ လူတွေက တမင်ရှောင်လေ့ရှိပါတယ်။
အဲဒီအစီရင်ခံစာအရ ဒီလို "ဆွေးနွေးပြောဆိုနိုင်ခွင့်ရှိတဲ့ မတည်ငြိမ်တဲ့နေရာလွတ်" ဖြစ်ပေါ်နေတာဟာ ဆင်ဆာဖြတ်တောက်မှုနဲ့ ကိုယ်တိုင်ဆင်ဆာဖြတ်တောက်မှု နှစ်မျိုးစလုံးကြောင့် ဖြစ်ပါတယ်။
အတိတ်ကို လွမ်းရုံသက်သက် မဟုတ်
အကဲခတ်အချို့ရဲ့အမြင်အရ မော်စီတုန်းကို လူငယ်တချို့က ပြန်လည်စိတ်ဝင်စားလာတာဟာ ကြွယ်ဝချမ်းသာမှု မညီမျှတာ၊ လူမှုဘဝမှာ အထက်တန်းလွှာကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းတွေ လျော့နည်းလာတာလို လူမှုရေးပြဿနာတွေအပေါ် အမြင်တွေနဲ့ ဆက်စပ်နေပါတယ်။
တရုတ်လူငယ်တွေရဲ့နိုင်ငံရေးယဉ်ကျေးမှုကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ လိုင်ဒန်တက္ကသိုလ် ပါမောက္ခ ဖလော်ရီယန် ရှုနိုက်ဒါကတော့ ဒီနေ့ခေတ်လူငယ်တွေ ရင်ဆိုင်နေရတဲ့အခြေအနေဟာ အရင်မျိုးဆက်တွေနဲ့ အတော်လေး ကွာခြားတယ်လို့ ပြောပါတယ်။
သူတို့ရဲ့မိဘတွေဟာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ လူတိုင်းရဲ့လူနေမှုအဆင့်အတန်း မြင့်တက်လာမယ်လို့ ထင်ရတဲ့ခေတ်ကို ဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အခုခေတ်လူငယ်အများအပြားကတော့ တိန့်ရှောင်ဖိန်ရဲ့ပြုပြင်ပြောင်းလဲမှုတွေက ကတိပေးခဲ့တဲ့ တိုးတက်မှုတွေကနေ သူတို့ နောက်ကျကျန်ခဲ့တယ်လို့ ခံစားနေကြပါတယ်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရိုရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေအရ ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ အသက် ၁၆ နှစ်ကနေ ၂၄ နှစ်အတွင်း ကျောင်းမတက်တော့တဲ့ လူငယ်တွေရဲ့ မြို့ပြအလုပ်လက်မဲ့နှုန်းဟာ ၁၇ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ သုံးနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့် ဖြစ်ပါတယ်။
လူငယ်တွေရဲ့နေ့စဉ်သုံးစကားထဲမှာလည်း "996" လို ဝေါဟာရအသစ်တွေ ပါဝင်လာပါတယ်။ "996" ဆိုတာ မနက် ၉ နာရီကနေ ည ၉ နာရီအထိ တစ်ပတ် ၆ ရက် အလုပ်လုပ်ရတဲ့ ပုံစံကို ရည်ညွှန်းတာပါ။
ဒါပေမဲ့ ဒီနောက်ပိုင်းတော့ လူငယ်အများအပြားကတော့ အားကုန်အောင် အပြိုင်အဆိုင်ကြိုးစားနေရပြီး ရှေ့မတိုးဘဲ တစ်နေရာတည်းမှာ ကျင်လည်နေရတဲ့အခြေအနေမျိုးထဲ ဆက်မဝင်တော့ဘဲ အလုပ်နဲ့ဘဝအပေါ် မျှော်မှန်းချက်တွေ လျှော့ချပြီး အေးအေးဆေးဆေး နေထိုင်ဖို့ ရွေးချယ်လာကြပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ မော်စီတုန်းရဲ့အရင်းရှင်စနစ်ကို ဝေဖန်ခဲ့တဲ့အမြင်တွေဟာ လက်ရှိ လူငယ်တချို့ရဲ့အမြင်နဲ့ ပြန်လည်ကိုက်ညီလာပါတယ်။
လိုင်ဒန်တက္ကသိုလ် ပါမောက္ခ ဖလိုရီယန် ရှနိုက်ဒါက လူငယ်တချို့ဟာ မော်စီတုန်းရဲ့ အတွေးအခေါ်တွေကို အသုံးပြုပြီး သူတို့မြင်တဲ့ "အရင်းအနှီးက နိုင်ငံတော်ကို လွှမ်းမိုးချုပ်ကိုင်နေတယ်"ဆိုတဲ့အပေါ် မကျေနပ်မှုကို ဖော်ပြကြတယ်လို့ ဆိုပါတယ်။ တချို့ကတော့ မော်စီတုန်းရဲ့ ရေးသားချက်တွေကို ဘဝမှာ ကြုံတွေ့ရတဲ့ဆန့်ကျင်ကွဲလွဲမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ လမ်းညွှန်တစ်ခုလို အသုံးပြုကြပါတယ်။
ဒေါင်ကလည်း အလားတူအမြင်ကို ပြောပါတယ်။
"ကျွန်တော်တို့မျိုးဆက်ကို ငယ်ငယ်ကတည်းက ကြိုးစားရင် အကျိုးခံစားရမယ်လို့ သင်ပေးခဲ့တယ်။ ဒါပေမဲ့ တကယ်အရွယ်ရောက်လာတော့ အလုပ်ရဖို့ မလွယ်သလို အိမ်ဝယ်ဖို့လည်း မတတ်နိုင်ဘူးဆိုတာ တွေ့လာရတယ်" လို့ သူက ပြောပါတယ်။
မော်စီတုန်းရဲ့ပြောဆိုရေးသားပုံက ရိုးရှင်းပြီး လူတွေကို အုပ်စုအမျိုးမျိုး ခွဲခြားဖော်ပြထားတာကြောင့် နားလည်ရလွယ်တယ်လို့လည်း ဒေါင်က ပြောပါတယ်။
"ဘယ်သူက ဖိနှိပ်သူလဲ၊ ဘယ်သူက ဖိနှိပ်ခံရသူလဲဆိုတာကို သူက ရှင်းရှင်းလင်းလင်း ပြောတယ်။ ဒီလို ရိုးရှင်းတဲ့ပုံစံက စီးပွားရေးဝေါဟာရ ရှုပ်ရှုပ်ထွေးထွေးတွေထက် နားလည်ရပိုလွယ်တယ်။"
"မော်စီတုန်း ပြန်လည်ရေပန်းစားလာတာဟာ အတိတ်ကို လွမ်းဆွတ်ရုံသက်သက်တော့ မဟုတ်ပါဘူး" လို့ ဖလိုရီယန် ရှနိုက်ဒါက ပြောပါတယ်။
"လူငယ်တွေ လက်တွေ့ကြုံနေရတဲ့မညီမျှမှုနဲ့ မသေချာမရေရာမှုတွေကို ဖော်ပြနားလည်ဖို့ ရှိပြီးသား သမိုင်းကြောင်းထဲက အတွေးအခေါ်နဲ့ စကားလုံးတွေကို ပြန်အသုံးပြုဖို့ ကြိုးစားနေကြတာကို ဒီဖြစ်စဉ်က ပြသနေပါတယ်။"
နိုင်ငံရေးတက်ကြွမှု
တရုတ်ကွန်မြူနစ်ပါတီ (CCP) က မော်စီတုန်းအပေါ် တရားဝင်သတ်မှတ်ထားတဲ့ သုံးသပ်ချက်ဟာ ၁၉၈၁ ခုနှစ် ဆုံးဖြတ်ချက်အပေါ် အခြေခံထားဆဲဖြစ်ပါတယ်။ အဲဒီသုံးသပ်ချက်အရ မော်စီတုန်းရဲ့အောင်မြင်မှုတွေက အဓိကဖြစ်ပြီး အမှားတွေကတော့ ဒုတိယအရေးပါမှု ဖြစ်ပါတယ်။
ပါတီရဲ့တတိယမြောက် သမိုင်းဆိုင်ရာဆုံးဖြတ်ချက်ကို ၂၀၂၁ ခုနှစ်မှာ အတည်ပြုခဲ့ပြီး အဲဒီထဲမှာ "တရုတ်နိုင်ငံရဲ့ ကြီးမြတ်သော ပြန်လည်နိုးထမှု" ကို ပါတီရဲ့အဓိကအကြောင်းအရာအဖြစ် ထားရှိပါတယ်။
ဒီအမြင်အောက်မှာ မော်စီတုန်းရဲ့ တော်လှန်ရေးကို တရုတ်နိုင်ငံ "မတ်မတ်ရပ်နိုင်လာတဲ့"ကာလအဖြစ် မကြာခဏ ရှုမြင်ကြပါတယ်။ အဲဒီကာလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး နိုင်ငံရဲ့ လွတ်လပ်ရေးကို ကာကွယ်ခဲ့သလို အမျိုးသားပြန်လည်နိုးထရေးအတွက် အခြေခံအုတ်မြစ်တွေကိုလည်း ချမှတ်ပေးခဲ့တယ်လို့ ဖော်ပြကြပါတယ်။
ဒါကြောင့် မော်စီတုန်းဟာ သူ့ရဲ့အောင်မြင်မှုနဲ့ အမှားတွေကို သုံးသပ်ရမယ့် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ မဟုတ်ဘဲ ဒီကနေ့ တရုတ်နိုင်ငံရဲ့အမျိုးသားအင်အားနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေရဲ့ မူလအစတွေထဲက တစ်ခုအဖြစ်လည်း ဖော်ပြခံနေရပါတယ်။
ဖလိုရီယန် ရှနိုက်ဒါက "မော်စီတုန်း ပြန်လည်ရေပန်းစားလာတာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ပညာရေးမူဝါဒတွေမှာ တစ်စိတ်တစ်ပိုင်း တာဝန်ရှိတယ်လို့ ယူဆပါတယ်။ လူငယ်အများအပြားအတွက် မော်စီတုန်းခေတ် တရုတ်နိုင်ငံဆိုတာ ကြီးမြတ်တဲ့ခေါင်းဆောင်ကို အမှားမရှိတဲ့ သူရဲကောင်းတစ်ဦးအဖြစ် မြင်တဲ့ စိတ်ကူးပုံရိပ်ပေါ်မှာ တည်ဆောက်ထားတာပါ" လို့ ပြောပါတယ်။
လူငယ်အများအပြားဟာ မဟာခုန်ပျံကျော်လွှားရေးနဲ့ ယဉ်ကျေးမှုတော်လှန်ရေးတို့ရဲ့ ဆိုးရွားပြင်းထန်တဲ့ လက်တွေ့အခြေအနေတွေကို မသိကြသလို အဲဒီဖြစ်ရပ်တွေမှာ မော်စီတုန်းရဲ့အခန်းကဏ္ဍကိုလည်း မှန်မှန်ကန်ကန် မသိဘဲ ပုံပျက်နေတဲ့အမြင်မျိုး ရှိနေကြတယ်လို့ သူက ဆိုပါတယ်။
မော်စီတုန်းအပေါ် အောက်ခြေကနေ ပေါ်ပေါက်လာတဲ့ ဒီလိုချီးကျူးလေးစားမှုမှာ အပေါ်ယံမြင်ရတာထက် ပိုမိုပြင်းထန်တဲ့နိုင်ငံရေးတက်ကြွမှု ပါဝင်နေတယ်လို့ ရှနိုက်ဒါက သတိပေးပါတယ်။
"ဒါဟာ အလွန်အန္တရာယ်များတဲ့ဖြစ်စဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်ခြေကနေ ပေါ်ပေါက်လာတဲ့ ဒီမော်စီတုန်းကို အားပေးတဲ့ယဉ်ကျေးမှုမှာ လူကြိုက်များတဲ့ နိုင်ငံရေးသဘောထားမျိုး ရှိနေပြီး ဒီနေ့ခေတ် အုပ်ချုပ်ရေးနည်းလမ်းတွေကို မေးခွန်းထုတ်ရုံနဲ့ ရပ်သွားမယ်လို့တော့ မထင်ဘူး" လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်ကို တရုတ်နိုင်ငံမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားရေးဝါဒနဲ့လည်း နှိုင်းယှဉ်ပါတယ်။
"ဒီလို လူကြိုက်များတဲ့နိုင်ငံရေးသဘောထားတွေကို အတိုင်းအတာတစ်ခုအထိ ဆင်ဆာဖြတ်တောက်နိုင်ပေမဲ့ လုံးဝထိန်းချုပ်ဖို့ကတော့ အလွန်ခက်ခဲပါတယ်" လို့ သူက ပြောပါတယ်။
ဒေါင်နဲ့ သူ့မျိုးဆက်အတွက်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ "မော်စီတုန်း အရူးအမူးစိတ်ဝင်စားမှု" ဟာ မကြာခင် အဆုံးသတ်သွားမယ့်ပုံ မပေါ်ပါဘူး။ ဒါဟာ အင်တာနက်ယဉ်ကျေးမှုအတွင်းမှာပဲ ကန့်သတ်နေမလား၊ ဒါမှမဟုတ် ပိုမိုရေရှည်တည်တံ့တဲ့နိုင်ငံရေးခံယူချက်တစ်ရပ်အဖြစ် ဖွံ့ဖြိုးလာမလားဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။