မိတ် အင် ချိုင်းနား လှိုင်းသစ်

    • ရေးသားသူ, ဆူရန်ဂျာနာ တဝါရီ
    • ရာထူးတာဝန်, အာရှ စီးပွားရေး သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, စင်ကာပူ
  • ဖတ်ရန်အချိန်: မိနစ် ၆

စင်ကာပူက ဘယ်စျေးဝယ်ကုန်တိုက်ကို ဖြစ်ဖြစ် သွားကြည့်လိုက်ရင် နာမည်ကျော် ကုန်အမှတ်တံဆိပ်ဆိုင်တွေရှေ့မှာ တန်းစီစောင့်ဆိုင်းနေတဲ့လူတွေက များလွန်းလို့ လူတန်းက မြွေလိမ် မြွေကောက်လိုဖြစ်နေတာကို တွေ့ရမှာပါ။ တရုတ် လက်ဖက်ရည် တံဆိပ်တွေဖြစ်တဲ့ ချာဂီ (Chagee)၊ မော်လီ တီး (Molly Tea)၊ မီးရွှေ (Mixue) တို့ဟာ စားသုံးသူတွေကို ဆွဲဆောင်နေပါတယ်။ စင်ကာပူလို အာရှနိုင်ငံမှာတင် မဟုတ်ပါဘူး။ သူတို့က ဆစ်ဒနီ ကအစ လန်ဒန်အလယ် လော့စ်အိန်ဂျလိစ် အဆုံး ဘယ်မှာ ဖြစ်ဖြစ် နာမည်ရလာ နေတာပါ။

ဖက်ရှင် နာမည်ကြီး အဝတ်အစားတွေ၊ ကစားစရာ ဆိုင်တွေ၊ အားကစား အဝတ်အထည် အရောင်းဆိုင်ကြီးတွေနဲ့အတူ ဒီလက်ဖက်ရည်အရောင်းဆိုင်တွေက လှိုင်းသစ်တခုလိုဖြစ်နေတာပါ။ ဒီလိုဖြစ်လာအောင်အတွက် တရုတ်ကုမ္ပဏီတွေက အကုန်အကျနည်းနည်းနဲ့ ထုတ်လုပ်ပြီး ကမ္ဘာမှာ လူသိများတဲ့တံဆိပ်ဖြစ်အောင် လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံကိုယ်က ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူ စျေးကွက်ဖြစ်ပြီး အဲဒီမှာ တည်ထောင်ခဲ့တဲ့ ဒီလုပ်ငန်းတွေဟာ အတော်သန်မာနေပြီးသားပါ။ သူ့အိမ်တွင်းမှာ အပြိုင်အဆိုင်လုပ်ရတာက အားအတော်စိုက်ရတာမို့ ပြင်ပကမ္ဘာကို ဒီကုမ္ပဏီတွေ မဖြစ်မနေသွားဖို့ လိုအပ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ''တရုတ်ပြည်တွင် ထုတ်လုပ်သည်'' လို့ခေါ်တဲ့ မိတ် အင် ချိုင်းနား (Made in China) လို့ ဆိုလိုက်တာနဲ့ စျေးပေါမယ်၊ အရည်အသွေးက နိမ့်မယ်ဆိုတာတွေနဲ့ တွဲပြီး မှတ်ထားတတ်တဲ့စျေးကွက်ထဲကို သူတို့ လာကြရတာပါ။

"တရုတ်ဟာ ပုံတူကူးတဲ့စီးပွားရေးမျိုးထက် ပိုသာလွန်နေပါပြီ" လို့ Storytellers China က အတိုင်ပင်ခံ တင်မ် ပတ်ကင်ဆန်က မှတ်ချက်ချပြောပါတယ်။ "တရုတ်ရဲ့ထုတ်ကုန်တွေက ကမ္ဘာ့ စားသုံးသူ မျိုးဆက်သစ်ရဲ့မျှော်မှန်းထားချက်တွေကို ပြည့်မီနေပြီ။"

ကမ္ဘာ့စက်ရုံ

တရုတ်ဟာ အနောက်ကမ္ဘာက ကုမ္ပဏီတွေအတွက် ကုန်တွေ ထုတ်ပေးပြီး ကမ္ဘာ့အလုပ်ရုံဖြစ်နေတာ ကာလရှည်ကြာ ရှိနေပါပြီ။ သူတို့ကုမ္ပဏီတွေဟာ ဒီလိုလုပ်ပေးရင်း ကုန်တွေကို ဘယ်လိုထုတ်ရမယ်ဆိုတာ သိလာတဲ့အပြင် ကုန်အမှတ်တံဆိပ်အဖြစ် ပေါက်အောင် ဘယ်လိုလုပ်ရတယ်၊ ကုန်တွေအများအပြားကို ဘယ်လိုဖြန့်ချိ၊ ဘယ်လို ရောင်းချရသလဲဆိုတာတွေကိုပါ သင်ယူခဲ့ပါတယ်။

ဒီလိုတွေ သိလာခြင်းအားဖြင့် မီနီဆို(Miniso)လို ကုမ္ပဏီတွေက အကျိုးထူး ရလာခဲ့ပါတယ်။ ဒီဆိုင်က ကစားစရာ အရုပ်တွေနဲ့ ဒစ်စနီ(Disney)၊ မာဗယ်(Marvel)၊ ဝါနာ ဘရားသားစ်( Warner Bros) ထုတ် ရုပ်ရှင်တွေထဲက ဇာတ်ကောင် အရုပ်တွေကို ရောင်းပါတယ်။

"စျေးဝယ်တဲ့ စားသုံးသူတွေက တံဆိပ်တွေ ဘယ်နိုင်ငံက ထုတ်သလဲဆိုတာကို သိပ် အလေးမထားပါဘူး" လို့ မီနီဆိုရဲ့နိုင်ငံခြားစျေးကွက်ဆိုင်ရာ မန်နေဂျာ ဗင်းဆင့် ဟောင်က ပြောပါတယ်။ သူတို့က ဒီဇိုင်းကို ကြည့်ကြတယ်၊ စျေးက တန်ရဲ့လား၊ အကြိုက်တွေ့လား စတာတွေ အပေါ်မှာ ပိုပြီး အလေးထားတယ်လို့ သူက ပြောပြပါတယ်။

လိုင်စင်တွေ ရဖို့နဲ့ စက်ရုံကနေ ကုန်တွေ စင်ပေါ် အမြန်ဆုံးရောက်ရေးက ဒီ စီးပွားရေးပုံစံမှာ အခရာ ကျပါတယ်။

လူသုံးကုန်တွေဘက်ကကျော်ပြီး ကားစျေးကွက်ကို ကြည့်မယ်ဆိုရင်လည်း ဘီဝိုင်ဒီ (BYD)က ကမ္ဘာ့လျှပ်စစ်ကား စျေးကွက်မှာ တက်စ်လာ (Tesla) ကို ကျော်တက်သွားပါပြီ။ ဘီဝိုင်ဒီက လျှပ်စစ်ကား ထုတ်လုပ်မှုပြိုင်ပွဲမှာ အစောပိုင်းကတည်းက နည်းပညာသာခဲ့သလို တရုတ်ရဲ့ ကျယ်ပြန့်တဲ့စျေးကွက်ကလည်း သူတို့ကို အကျိုးဖြစ်စေခဲ့ကာ အကုန်အကျနည်းနည်းနဲ့ ထုတ်လုပ်မှုများအောင် လုပ်နိုင်ခဲ့ပါတယ်။

တရုတ်ဟာ အခုဆိုရင် လျှပ်စစ်ကား ကီလိုမီတာ ရာနဲ့ချီ မောင်းနိုင်ဖို့ ဘက်ထရီကို မိနစ်ပိုင်းအတွင်း အမြန်ဖြည့်နိုင်တဲ့စနစ်ကို လုပ်နေပါပြီ။

တရုတ်အစိုးရက အမတော်ကြေး ထုတ်ပေးတာ၊ မက်လုံးတွေပေးတာတွေ လုပ်ပြီး လျှပ်စစ်ကား ဝယ်လိုအားကောင်းအောင် လုပ်ကာ တရုတ်လျှပ်စစ်ကားကဏ္ဍကို အရှိန်မြှင့်နိုင်အောင် ပံ့ပိုးပေးနေပါတယ်။ ဒီလို နိုင်ငံကနေ ကုမ္ပဏီတွေကို ပံ့ပိုးပေးတဲ့စနစ်က ကုမ္ပဏီချင်းယှဥ်ရင်သိပ်ကို အသာစီးရသွားစေတယ်လို့ ဥရောပနဲ့ အမေရိကန်နိုင်ငံက အရာရှိတွေက ဝေဖန်လာကြတာတွေလည်း ရှိလာပါတယ်။ ဘေဂျင်းကတော့ ဒီလိုဝေဖန်မှုကို ပယ်ချထားကာ တရုတ်ရဲ့တီထွင်ကြံဆမှုနဲ့ ကုန်ထုတ်လုပ်မှု အင်အားကြောင့် ကြီးပွားတိုးတက်ပြီး အကျိုးဖြစ်လာတာလို့ ပြန်ချေပထားပါတယ်။

အားကစား အဝတ်အစားတွေ၊ ဘိနပ်တွေ ရောင်းတဲ့ အန်တာ(Anta)က နောက်ထပ် ဥပမာ တစ်ခုပါ။ သူက ကမ္ဘာတလွှားမှာ ဆိုင်ခွဲပေါင်း ၁၃,၀၀၀ နီးပါး ဖွင့်ထားပြီး နိုက်ကီ(Nike)နဲ့ အက်ဒီဒက်စ် (Adidas)ဘရန်းတွေရဲ့နောက်မှာ တတိယ နာမည်ကြီးအဖြစ် လိုက်နေပါပြီ။

အန်တာဟာ နိုင်ငံတကာမှာ ခိုင်မာပြီးသား အားကစားကုန် တံဆိပ်တွေ ဖြစ်တဲ့ ဆော်လမွန် - (Solomon) တို့လို၊ ဝီလ်ဆင်(Wilson)တို့လို ကုမ္ပဏီတွေကို ထိန်းချုပ်နိုင်အောင် ရင်းနှီးမြှုပ်နှံထားပြီး မကြာသေးခင်က ပူးမား(Puma)ရဲ့ စတော့ ၂၉ ရာခိုင်နှုန်းကို ဝယ်ထားပါတယ်။

အရှေ့တောင်အာရှက ကုန်ပျံ့ဖို့ တွန်းအား

တရုတ်ကုမ္ပဏီ အများအပြားဟာ အနောက်နိုင်ငံ စျေးကွက်တွေကို မဝင်ခင် သူတို့ရဲ့ကုန်တွေကို အရှေ့တောင်အာရှမှာ အစမ်းကွင်းအဖြစ် စပို့ပါတယ်။

အနောက်က အမှတ်တံဆိပ်တွေက ခိုင်ခိုင်မာမာရှိနှင့်နေပြီး စံသတ်မှတ်ချက်က မြင့်နေတဲ့ အနေအထားမှာ ငယ်ရွယ်ပြီး အမြဲအရေအတွက် တိုးပွားနေတဲ့ စားသုံးသူ သန်း ၆၅၀ ကျော်ရှိရာ ဒီစျေးကွက်က သူတို့ကို ဖွင့်ပေးထားပါတယ်။

စားသောက်ဆိုင် လုပ်ငန်းကြီး ဖြစ်တဲ့ ဟိုင်ဒဲလ်လောင်(Haidilao)က ၂၀၁၂ မှာ သူတို့ရဲ့ ပထမဆုံး နိုင်ငံခြား ဆိုင်ခွဲကို စင်ကာပူမှာ ဖွင့်ခဲ့ပါတယ်။ အဲဒီ ဟော့ပေါ့ဆိုင်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ ဆိုင်ခွဲပေါင်း ၁,၃၀၀ ဖွင့်ထားပါပြီ။

"ဟိုင်ဒဲလ်လောင် ဇာတ်လမ်းက စားသောက်ဆိုင် အောင်မြင်မှု ဇာတ်လမ်း သက်သက်တင် မဟုတ်ပါဘူး" လို့ ဟိုင်ဒဲလ်လောင်ရဲ့ဒုတိယ ဥက္ကဋ္ဌ ဇူ ဇောင်ချန်းက ပြောပါတယ်။ "ဒါက တရုတ်ရဲ့ နှစ်ပေါင်း ၃၀ ကြာ စီးပွားရေးပြောင်းလဲလာမှုနဲ့ နိုင်ငံတကာ ဖြစ်လာမှုကို ပြသနေတာပါ။"

ဇူရဲ့အဆိုအရ ဒီ စားသောက်ဆိုင်ကမ္ဘာကို လက်လှမ်းမီဖို့အတွက် ခိုင်မာတဲ့ ဘရန်း အမှတ်တံဆိပ်၊ ကောင်းမွန်တဲ့ ဝန်းကျင် စနစ်၊ အမာခံ ပရိသတ် စတာတွေ ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားစျေးကွက်ဟာ မတူခြားနားတဲ့ယဥ်ကျေးမှုတွေ၊ တရားရေးစနစ်တွေ၊ စားသုံးသူ အလေ့အထတွေ ရှိတတ်တာမို့ ဆိုင်ရာဒေသနဲ့ လိုက်ဖက်တဲ့အစားအစာ၊ မီနျူးနဲ့ ဝန်ဆောင်မှုတွေ ပေးဖို့က အရေးကြီးတယ်လို့လည်း မစ္စတာ ဇူက ပြောပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားမှာ ဆိုရင် ဟလာယ်(Halal)အသိအမှတ်ပြုအတိုင်း သူတို့က လုပ်ဆောင်ပြီး ဒီလိုလုပ်ဆောင်မှုကနေ တဆင့် မွတ်ဆလင်အများစု စျေးကွက်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းအထိ သူတို့ သွားနိုင်မှာပါ။

တရုတ်ရဲ့ တခြား ဘရန်းတွေကလည်း မြန်မြန်ဆန်ဆန် သွားနေပါတယ်။ ရေခဲမုန့်နဲ့ ဘတ်ဘဲ တီးဆိုင် မီးရွှေ (Mixue) ဟာ မက်ဒေါနယ်နဲ့ စတားဘတ်တို့ နိုင်ငံတကာမှာ ဖွင့်ထားတဲ့ဆိုင်တွေထက် ပိုများတဲ့ဆိုင်တွေကို ကမ္ဘာအနှံ့မှာ ဖွင့်ထားပါပြီ။ တချိန်တည်းမှာပဲ မော်လီ တီး (Molly Tea) ဟာဆိုရင်လည်း စပြီးထောင်တာ နှစ်နည်းနည်းပဲ ရှိသေးပေမဲ့ နိုင်ငံတကာကို ချဲ့ထွင်နေပါပြီ။

အရှေ့တောင်အာရှကို ချဲ့ထွင်ထားတဲ့ တရုတ် ကုမ္ပဏီတွေရဲ့ ၇၀% ကျော်ဟာ နိုင်ငံတကာ စျေးကွက်ကို သွားဖို့ စီစဥ်နေပြီ ဖြစ်ကြောင်း စျေးကွက် သုတေသန လုပ်တဲ့ Euromonitor International က ဆိုပါတယ်။

အရှေ့တောင်အာရှ စျေးကွက်ဟာ မိုဘိုင်းဖုန်း စျေးကွက်အတွက်လည်း မျှော်လင့်စရာ စျေးကွက်ဖြစ်တဲ့အပြင် လူမှုမီဒီယာကလည်း တရုတ်ရဲ့ကုန်တွေကို နာမည်ကျော်စေပါတယ်။ ပေါ့ မတ် (Pop Mart)ရဲ့ လာဘူဘူ (Labubu) အရုပ်ကလည်း ကြော်ငြာမှု နည်းနည်းနဲ့ ကမ္ဘာ့ ပေါ်ပြူလာ ဖြစ်နေပါပြီ။

အမေရိကန်မှာ ပေါ့မတ်ရဲ့ အရောင်းက ၂၀၂၄ နောက်ပိုင်း ၉၀၀% တက်လာနေပါပြီ။ အမေရိကန်က ကစားစရာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဟက်စ်ဘရို အင် မက်တဲ (Hasbro and Mattel)၊ ဆန်ရီရို(Sanrio)တို့ ပေါင်းထားတဲ့ တန်ဖိုးထက် ပေါ့မတ် တန်ဖိုးက ပိုများနေပါပြီ။ သူ့ရှေ့မှာ ဂျပန်က ဟဲလို ကစ်တီ (Hello Kitty)ပဲ ကျန်ပါတော့တယ်။

စျေးနှုန်း စစ်ပွဲ

တရုတ်မှာ ချူဟိုင် လို့ ခေါ်တဲ့ အပြင်ဘက်ကို တွန်းထုတ်ခြင်းက ပြည်တွင်းဖိအားကြောင့် ဖြစ်လာတာပါ။ ပြည်တွင်းမှာ စီးပွားရေးက တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေတာ၊ ပြိုင်ဆိုင်မှုကို အပြင်းအထန် လုပ်ရတာ၊ မွေးဖွားနှုန်း ကျဆင်းနေတာ စတာတွေက ငွေသုံးစွဲမှု အကျင့်ကို ထိခိုက်လာပြီး စီးပွားရေး တိုးတက်မှု ကျလာတာနဲ့အတူ ကုမ္ပဏီတွေ ပြည်ပကို ထွက်လာဖို့ ဖြစ်လာစေပါတယ်။

တရုတ်ထဲက နိုင်ငံခြားကုန်အမှတ်တံဆိပ်တွေတောင် အရွေ့ကို ခံစားနေရပါပြီ။ တရုတ်က အမေရိကန် စတားဘတ် စျေးကွက်ဟာ ၂၀၁၉ နောက်ပိုင်းက စပြီး တဝက်ကျော် ကျုံ့လာပါတယ်။ ပြည်တွင်းဖြစ် လပ်ကင်(Luckin) ကော်ဖီဆိုင်တွေက စတားဘတ်ဆိုင်အရေအတွက်ထက် ၄ ဆ ပိုများလာပါပြီ။ လပ်ကင်ရဲ့ရွှေ့ပြောင်းနိုင်တဲ့ မိုဘိုင်း အဓိကထား မော်ဒယ်နဲ့ အကုန်အကျသက်သာတာ၊ ဝန်ဆောင်မှုကောင်းတာ စတဲ့အချက်တွေက လပ်ကင်အတွက် အသာစီး ရစေခဲ့ပါတယ်။

တရုတ် ပါဝါ အပျော့အတွက် စိန်ခေါ်ချက်တွေ

တရုတ်ကုမ္ပဏီတွေအပေါ် မှတ်ယူထားချက်တွေလည်း ပြောင်းလဲလာနေပြီလို့ သုံးသပ်သူတွေက ပြောပါတယ်။

"မိတ် အင် ချိုင်းနား" လို့ ဆိုရင် တချိန်က စျေးပေါတဲ့ ကုန်ပစ္စည်းတွေလို့ မြင်ထားကြရာကနေ အခုတော့ တီထွင်ကြံဆမှု ရှိတယ်၊ ဒီဇိုင်း ကောင်းတယ် ဆိုတာမျိုးကို တွေးလာကြပါတယ်။

"BYD လို ဘရန်းတွေဆိုရင် အရည်အသွေးက ကောင်းလွန်းတယ်လို့ ဆိုကြသလို ဒေသနဲ့လည်း လိုက်လျော ညီထွေအောင် လုပ်ပေးနိုင်တယ်လို့ ပြောနေကြပြီ" လို့ စျေးကွက် ထိုးဖောက်မှု ကျွမ်းကျင်သူ ဖို ဆီယော် တင်းက ပြောပါတယ်။

ဒါပေမဲ့ စိန်ခေါ်မှုတွေက ရှိနေဆဲပါ။ တင်သွင်းခွန်တွေ၊ နိုင်ငံရေးအရ စေ့စေ့စပ်စပ် ကြည့်နေတာတွေ ကို ရင်ဆိုင်ရဆဲပါ၊ ဥပမာ အားဖြင့် ဟွာဝေနဲ့ တစ်ခ်တော့ ကို ကြည့်နိုင်တာပေါ့။

အမြန်တိုးပွားလာနေတဲ့ Shein - ရှီအင်း နဲ့ တီမူး -Temu တို့ အနောက် နိုင်ငံစျေးကွက်တွေမှာ ရေရှည် ရှိနိုင်ပါ့မလား ဆိုတာကိုလည်း အမေးထုတ်နေကြပါတယ်။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတွေဟာ စျေးပေါတဲ့ကုန်တွေ ထုတ်တာဆိုတဲ့အမြင်ကနေ ထိုးထွင်း တီထွင်မှု၊ လူကြိုက်များမှု လမ်းကြောင်းကို ရောက်နေပါပြီ။

သူတို့ဟာ ဘရန်း အမည်ကို ခိုင်ခိုင်မာမာ တည်ဆောက်နေသလို ဒေသအလိုက် စျေးကွက်တွေကို လိုက်လျောညီထွေအောင်လုပ်နေပြီး ရှိနှင့် ခိုင်မာနေပြီးသား ကမ္ဘာကျော် ကုမ္ပဏီတွေကို ရင်ဆိုင် စိန်ခေါ်လာတဲ့ အနေအထားကို ရောက်လာနေပါတယ်။

Jaltson Akkanath Chummar လည်းပါဝင်ရေးသားပါတယ်။