စက်တင်ဘာ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်က KIA ကို စာပို့လိုက်တယ်လို့သိရတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အာရက္ခတပ်တော်-အေအေရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က စက်တင်ဘာ ၄ ရက်ကစလို့ ထိုးစစ်ဆင်ခဲ့ပြီး ဒါက ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်တာဝန်ယူတဲ့ သက်တမ်း ၅ လကျော်အတွင်း အကြီးဆုံးထိုးစစ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြပြီး စစ်တပ်ကတော့ တရားဝင်မထုတ်ပြန်ပါဘူး။
စစ်တပ်က ပြည်နယ်ဝင်ပေါက်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ဗျူဟာကိုသုံးနေပြီး ရခိုင်ပြည်နယ်နဲ့ ဝန်းကျင်မှာစစ်အင်အားထောင်နဲ့ချီ ရှိနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာ၊ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ပါဆင်လာတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေကြောင့် အေအေကလည်း အများပြည်သူကို စစ်ရေးသတိပေးချက်ထုတ်ထားပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ စတဲ့ မြို့နယ်တွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ဒီနေ့ စက်တင်ဘာ ၉ ရက်ဟာ ပညာရေးကို တိုက်ခိုက်မှုတွေကနေ အကာအကွယ်ပေးရေး နိုင်ငံတကာနေ့ (International Day to Protect Education from Attack) ဖြစ်ပါတယ်။
မြန်မာမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ ဆရာ ဆရာမ ဆယ်ချီသေဆုံးခဲ့တဲ့ဖြစ်ရပ်ကြီးတွေ ရှိခဲ့ပြီး စာသင်ကျောင်းတွေလည်း ပစ်မှတ်ထားတိုက်ခိုက်ခံရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။
"တိုက်ခိုက်မှုတွေကြားမှာ ပညာရေး ဆက်ရှင်သန်နိုင်မလား" ဆိုတဲ့ ဒီနှစ်အတွက် ဆောင်ပုဒ်အတွက် ကြားကာလပညာရေးမှာ တာ၀န်ထမ်းနေတဲ့ CDM ကျောင်းဆရာမ ဒေါ်သီသီအေးမှာ အဖြေရှိနေပါတယ်။
စစ်ပွဲ၊ ဆင်းရဲမွဲတေမှုနဲ့ အနာဂတ်မရေရာမှုတွေကြားမှာ နောက်မျိုးဆက်ရဲ့ပညာရေး မပြတ်တောက်ဖို့ ကျားကန် ရုန်းထနေကြတဲ့ မြန်မာက ကြားကာလပညာရေး ဆရာ ဆရာမတွေရဲ့ဘ၀နဲ့ ခံယူချက်တွေအကြောင်း ဒီဆောင်းပါးမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အပြည့်အစုံ ဒီလင့်ခ် ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်ထဲ မနေ့ မနက်ပိုင်းဖြစ်တဲ့ ယမ်းချက်ဂိုဒေါင်တစ်လုံးပေါက်ကွဲမှုမှာ သေဆုံးသူ ၁၅ ဦးခန့်ရှိပြီး အဲဒီထဲမှာ တရုတ် ၂ ဦးထက်မနည်း ပါ၀င်တယ်လို့ ဒေသခံနဲ့ သတင်းရင်းမြစ်အချို့ဆီကနေ သိရပါတယ်။
ပေါက်ကွဲမှုမှာ ဒဏ်ရာရသူ ၅ ဦး ထက်မနည်းရှိတယ်လို့လည်း ဒီအခြေအနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲခဲ့တဲ့ ယမ်းချက်ဂိုဒေါင်ရုံဟာ မန်မိုင်ရွာအနီး ကုန်းမြင့်တစ်ခုပေါ်မှာရှိပြီး စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပေါက်ကွဲခဲ့တာလို့လည်း သူက ဆိုပါတယ်။
''ယမ်းထုတ်ရာမှာသုံးတဲ့ကုန်ကြမ်းတွေ အပူလွန်ကဲရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာ'' လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ကောင်းကင်ပေါ်အထိ မီးခိုးလုံးတွေ တက်နေတဲ့ ရုပ်သံဖိုင်တချို့နဲ့ ပေါက်ကွဲတဲ့အရှိန်ကြောင့် ယမ်းရုံအနီးက ဒေသခံနေအိမ်တွေရဲ့မှန်တွေ ကွဲအက်သွားတဲ့မြင်ကွင်းရုပ်သံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူတွေထဲ ယမ်းထုတ်လုပ်တဲ့ဝန်ထမ်းတွေအပြင် တရုတ်နိုင်ငံသား ၂ ဦးနဲ့ MNDAA တပ်သား ၇ ဦးထက် မနည်းပါဝင်တယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ယမ်းရုံပေါက်ကွဲခဲ့တဲ့နေရာကို MNDAA ဘက်က ပိတ်ဆို့ထားပြီး ရှင်းလင်းရေးတွေ ဒီနေ့ စက်တင်ဘာ ၉ ရက်အထိ ဆက်လုပ်နေတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
ရှင်းလင်းရေးတွေ မပြီးသေးတာကြောင့် သေဆုံးသူ ဦးရေ ထပ်ပြီး တိုးလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
မန်မိုင်ရွာခံတစ်ဦးကတော့ အဲဒီယမ်းထုတ်လုပ်တဲ့နေရာမှာ ယမ်းစပ်တဲ့အလုပ်လုပ်ဖို့အတွက် အနီးနားရွာတွေက ဒေသခံအမျိုးသမီးတွေကို MNDAA ဘက်က ပြီးခဲ့တဲ့လတွေအတွင်း အလုပ်လုပ်ဖို့ ကမ်းလှမ်းတာတွေ ရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ယမ်းရုံဖြစ်နေတာကြောင့် “မိန်းကလေးတွေဆိုရင် ဆေးလိပ်သောက်တဲ့သူနည်းတော့ တစ်လ ကျပ် ၃ သိန်းနဲ့လုပ်ဖို့ အလုပ်ခေါ်ခဲ့တာ” လို့ သူက ရှင်းပြပါတယ်။
လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရထားသူတွေကို MNDAA က လောက်ကိုင်ဆေးရုံကိုခေါ်သွားပြီး ကုသမှုပေးထားတယ်လို့ ဘီဘီစီသတင်းရင်းမြစ်က ဆိုပါတယ်။
MNDAA ကတော့ သူထိန်းချုပ်ထားတဲ့နေရာက ယမ်းရုံ ပေါက်ကွဲတာနဲ့ပတ်သက်လို့ ဒီနေ့ ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
9/11 (နိုင်း/အဲလဲဗင်း) တိုက်ခိုက်မှု ၂၅ နှစ်ပြည့်ပါပြီ။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ့မှာ အသေခံတိုက်ခိုက်ရေးသမားတွေက အမေရိကန်ခရီးသည်တင်လေယာဉ်တွေကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့က မိုးမျှော်တိုက်နှစ်လုံးထဲကို ပျက်ကျတိုက်ခိုက်ခဲ့တာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ကမ္ဘာတဝန်းမှာ ကြီးမားတဲ့နောက်ဆက်တွဲသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီဖြစ်ရပ်ဖြစ်ပွားပြီး ၂၅ နှစ်အကြာမှာ တိုက်ခိုက်မှုရဲ့လက်သည်တွေလို့ဆိုသူတွေ ဘာဆက်ဖြစ်နေကြလဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
စက်သုံးဆီသုံးစွဲတာ လျှော့ချဖို့ဆိုပြီး သတ်မှတ်ထားတဲ့ စုံ/မ စနစ်နဲ့ ယာဉ်မောင်းနှင်သုံးစွဲရတာကို စက်တင်ဘာ ၉ ရက်က စတင်ပြီး ပယ်ဖျက်လိုက်တယ်လို့ ဦးမင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောလာပါတယ်။
ဒါပေမဲ့ စက်သုံးဆီ ၀ယ်ယူတာကိုတော့ သတ်မှတ်ထားတဲ့ စုံ/မ ရက်စနစ် - ကျူအာ သတ်မှတ်ချက်အတိုင်း ဆက်၀ယ်ရမယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ဖေဖော်ဝါရီ နှောင်းပိုင်းကစတဲ့ အီရန်-အမေရိကန်စစ်ပွဲနောက် စက်သုံးဆီချွေတာရေးနဲ့ပတ်သက်တဲ့ ပထမဆုံးအစီအမံက လစဥ်"မ"ရက်မှာ "မ"နံပါတ် ကိုယ်ပိုင်ယာဥ်တွေ သုံးပြီး "စုံ" ရက်မှာ "စုံ" နံပါတ် ကိုယ်ပိုင်ယာဥ်တွေသာ အသုံးပြုဖို့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။
စုံ/မ စနစ်စတင်ပြီးနောက်မှာ ထပ်မံထုတ်ပြန်ထားတဲ့အချက်တွေကတော့ ဆက်ရှိနေပါတယ်။
ကားတွေမှာ Wheel Tax(ဘီးခွန်)ရဲ့ ဘားကုတ်၊ ဆိုင်ကယ်တွေမှာ QR ပေးပြီး တစ်ရက်ကို တစ်ကြိမ်သာ ဆီဖြည့်ခွင့် ကန့်သတ်ထားပါတယ်။
ဒီစနစ်မှာ ကြုံရတဲ့ပြဿနာကတော့ ဟွန်ဒါလို ကားတွေဆို လိုင်စင်တွေ ပွားထားကြတာများလို့ ဆီထည့်တဲ့အခါ မူရင်းကားပိုင်ရှင်တွေအနေနဲ့ အခက်ကြုံနေရတာရှိပါတယ်။
အဲဒီနောက်မှာ ဘားကုတ်၊ QR တွေကို အဆင့်မြှင့်တင်လိုက်ပြီး အင်ဂျင်ပါဝါအလိုက် ယာဥ်တွေအတွက် တစ်ပတ်တာ ဆီဝယ်ယူနိုင်တဲ့ပမာဏကို ကန့်သတ်ထုတ်ပြန်ထားပါတယ်။
အိမ်စီးကားတွေကို စက်စွမ်းအား ၂၀၀၀ စီစီ အထိကို တစ်ပတ် ၃၅ လီတာ၊ ဆိုင်ကယ်တစ်စီးကို ၈ လီတာ စသဖြင့် ရောင်းချမယ့်စနစ် ဖြစ်ပါတယ်။
ဒါအပြင်လက်ရှိမှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဧပြီ ၂ ရက်ထုတ်ပြန်ချက်အရ တက္ကစီ(အငှားယာဥ်)၊ သုံးဘီးနဲ့ ကုန်တင်ယာဥ်တွေကို မောင်းနှင်ခဲ့တဲ့ခရီးအကွာအဝေးအပေါ် မူတည်ပြီးရောင်းချနေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကသာမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်တပ် သင်္ဘော ၄ စီးထဲက ၂ စီးကို မနေ့ မနက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်လို့ ပျက်စီးခဲ့ကြောင်း PDF စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
“စစ်တပ် သင်္ဘော ၃ စီး သံခွန် ၁ စီး တက်လာတာပါ။ သံခွန်ကို သင်္ဘော ၂ စီးက တွန်းတာ။ တွန်းတဲ့အဲဒီ ၂ စီး ပျက်တာပါ” လို့ ကချင်ပြည်နယ်အခြေစိုက် KPDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီသင်္ဘောတွေကို စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး မိုးတားလေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာလည်း ဖော်ပြပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ တက်လာတဲ့ စစ်တပ်သင်္ဘော ၁၂ စီးပါတဲ့ သင်္ဘောအတွဲတွေ စင်းခန်းတံတားအနီး ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်တပ် သင်္ဘော နောက်ထပ် အစီး ၃၀ ကျော် မန္တလေးကနေ ထပ်တက်လာနေပါတယ်။
အဲဒီသင်္ဘောတွေထဲက အစီး ၂၀ ကျော်ဟာ ထီးချိုင့်မြို့အနီး ဆိုက်ကပ်ထားပြီးနောက် ၄ စီးပဲ ကသာမြို့ကတဆင့် အထက်ကို ဆန်တက်လာချိန်မှာ အခုလိုထပ်မံတိုက်ခိုက်ခံရတာဖြစ်ပါတယ်။
စစ်တပ်ဟာ စင်းခန်းတံတားကို ပြန်သိမ်းနိုင်ပြီလို့ စစ်တပ်သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရန် ချန်နယ်တွေက ရေးသားကြပေမဲ့ စင်းခန်းတံတားတဝိုက် တိုက်ပွဲရှိနေပြီး စစ်တပ်ဘက်က သေဆုံးမှုရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဧရာဝတီမြစ်ဘေး တဖက်စီမှာရှိနေတဲ့ မန္တလေးတိုင်းထဲက နယ်မြေတွေနဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူ ခရိုင်တို့ စုပေါင်းထားတဲ့ ''က သုံးလုံး'' နယ်မြေကို စစ်တပ်က ပြန်လည်စိုးမိုးနိုင်ခဲ့ပြီးနောက် ရေကြောင်းနဲ့ ဆက်တိုက်အင်အားဖြည့်တင်းလာတာဖြစ်ပါတယ်။
ဒါဟာ KIA နဲ့ အဓိက တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲကို ကုန်းကြောင်းကနေ စစ်အင်အားဖြည့်တင်းဖို့ ခက်ခဲနေချိန်မှာ စစ်တပ်က ရေကြောင်းကို အားထားပြီး သုံးလာတာလို့လည်း စစ်ရေးသုံးသပ်သူတွေက အစောပိုင်းကတည်းက ပြောထားကြပါတယ်။
KIA နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်တာ ၂ နှစ်ထဲ၀င်လာတဲ့ ဗန်းမော်မြို့မှာလည်း စက်တင်ဘာ ၇ ရက်ကစလို့ စစ်တပ်ဘက်က မြေပြင်ထိုးစစ် ပိုမြှင့်လာတယ်လို့ စစ်ရေးရင်းမြစ်တချို့ဆီက သိရပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မှတ်ချက်တစုံတရာရဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို ဘီဘီစီက ဆက်သွယ်နေပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်တပ်က ဒီနေ့ နေ့လယ် ၂ နာရီအထိ တစုံတရာထုတ်ပြန်တာ မရှိပါဘူး။
နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့က ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)နဲ့ တွေ့ဆုံဆွေးနွေးဖို့ စာပေးပို့ ထားတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့ဆီကနေ သိရှိရပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့လို့ သိကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က စက်တင်ဘာ ၄ ရက်ရက်စွဲနဲ့ တရားဝင်စာပေးပို့တာလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
''ကမ်းလှမ်းတဲ့ဖိတ်စာထဲမှာ အချက် ၂ ချက်ကို အဓိကပြောထားပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုတင်ကန့်သတ်ချက်မရှိ ဖိတ်ခေါ်ထားတဲ့အကြောင်း ပြောပြထားတယ်။ နေပြည်တော်မှာ နှစ်ဖက် တွေ့ဆုံနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်'' လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ စက်တင်ဘာ ၉ ရက် မနက်ပိုင်းအထိ ကေအိုင်အေဘက်က တုံ့ပြန်ချက်မရသေးဘူးလို့ ဆိုပါတယ်။
ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နေပြည်တော် NSPNC ရဲ့ဖိတ်ခေါ် ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး သူသိရှိထားတာမရှိသေးဘူးလို့ ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာပြောပါတယ်။
အခုနေပြည်တော်ရဲ့ကမ်းလှမ်းမှုဟာ စစ်အာဏာသိမ်းအစိုးရကနေ အရပ်ဘက်အသွင်ပြောင်းပြီး သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့အစိုးရကာလ ၅ လအတွင်း KIA ကို ပထမဆုံးအကြိမ် တရားဝင်ဖိတ်ခေါ် ချက်လို့ နားလည်ရပါတယ်။
အခုဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့(NSPNC)ကို တရား၀င်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
မြေပြင်မှာတော့ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်တပ်နဲ့ ကေအိုင်အေတို့ရဲ့တိုက်ပွဲ ၂ နှစ်နီးပါးအကြာ ဗန်းမော်ကို စစ်တပ်က အင်အားဖြည့်တင်းတာနဲ့ ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်တာတွေကြောင့် ကသာ၊ ရွှေကူတို့မှာ တိုက်ပွဲဖြစ်နေချိန်မှာ နေပြည်တော်ရဲ့အခုလို ကမ်းလှမ်းချက် ထွက်လာပါတယ်။
ကေအိုင်အေ ဟာ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ အဲဒီအချိန်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ကချင်ပြည်နယ်မှာ ၁၇ နှစ်ကြာအောင် သေနတ်သံတွေ တိတ်ဆိတ်စေခဲ့ပါတယ်။
ဒီမိုကရေစီအကူးအပြောင်းကာလ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ တကျော့ပြန် ကချင်စစ်ပွဲတွေ ပြန်စခဲ့ပါတယ်။
ဒါပေမဲ့ ကေအိုင်အေရဲ့ နိုင်ငံရေးအဖွဲ့ ကေအိုင်အိုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို စတင်ရေးဆွဲစဉ်က ဦးဆောင်ပါဝင်ခဲ့ပေမဲ့ လက်မှတ်ထိုးတဲ့အခါမှာ ပါမလာခဲ့ပါဘူး။
ကေအိုင်အို/ကေအိုင်အေကို ၁၉၆၀ ခုနှစ်က တက္ကသိုလ်ကျောင်းသား ၇ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တကျော့ပြန် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ စစ်တပ်ကို ဆန့်ကျင်ပြီး စစ်ရေးဖော်ဆောင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေ လှုပ်ရှားနိုင်နေတာက ကေအိုင်အေရဲ့အကူအညီတွေကြောင့်လို့ စစ်တပ်ကလည်း မကြာခဏ ထုတ်ပြောထားပါတယ်။
လက်ရှိမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဟာ တော်လှန်ရေးအင်အားစုတွေရဲ့"ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" မှာ ပါဝင်နေပါတယ်။
ရခိုင်ပြည်နယ်ထဲ မြန်မာစစ်တပ်ဟာ စစ်တွေမြို့နယ်ဘက်ကနေ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေလို့ နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေလည်း ဘေးလွတ်ရာ စစ်ရှောင်ရပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်တပ်ဟာ စစ်တွေမြို့နယ်ထဲကနေ ကပ်လျက်မှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ ဖြန့်၀င်နေတာလို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့ကို ပြန်သိမ်းနိုင်ပြီလို့ မနေ့ညကစလို့ စစ်တပ်ထောက်ခံသူတွေဘက်က ရေးသား ဖော်ပြနေကြပေမဲ့ မြေပြင်မှာတော့ စစ်တပ်စစ်ကြောင်းတွေ အထိအခိုက်များနေတယ်လို့ အေအေ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်တပ်က သုံးကြောင်းထိုးတာမှာ နှစ်ကြောင်းက အထိခိုက်များလို့ ပြန်ဆုတ်သွားပြီ။ စစ်တွေအပိုင် ဝါဘိုဘက်က ထိုးတဲ့တစ်ကြောင်းပဲ ကျန်တော့တယ်” လို့ အေအေသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ထိုးစစ်ပြန်ဆင်လာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာတော့ ကျေးရွာ ၅၀ ခန့်က ဒေသခံတွေ စက်တင်ဘာ ၄ ရက်ကစလို့ စစ်ရှောင်နေကြပြီလို့ စစ်ရှောင်ကူညီရေးဆောင်ရွက်နေတဲ့ စာရေးဆရာ ဝေဟင်အောင်ကလည်း ပြောပါတယ်။
“စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ကြားက ကျေးရွာတွေ ရှောင်တာပါ။ ပုဏ္ဏားကျွန်းမြို့ဘက်ကလည်း ရှောင်ရတယ်။ စစ်တွေမြို့နယ်နဲ့နီးစပ်တဲ့ရသေ့တောင်(မြို့နယ်) ဘက်ကပါ စစ်ရှောင်နေရတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်တွေနဲ့ ရသေ့တောင်ကြားမှာရှိတဲ့ ကျေးရွာ ၂၅ ရွာဝန်းကျင်က ဒေသခံတွေပါ စစ်ရှောင်နေရတဲ့အခြေအနေပါ။
စစ်တပ်က မြေပြင်ထိုးစစ်အပြင် ရေကြောင်း၊ လေကြောင်းကနေပါ တိုက်ခိုက်နေပြီး မနေ့ တစ်ရက်တည်းမှာပဲ သံတွဲနဲ့ ဂွမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲလို့ လူသေဆုံးမှု ရှိခဲ့ကြောင်း အေအေက သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၄ ရက်ကစလို့ အေအေက မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ထဲကို စစ်မျက်နှာအများအပြားကနေ တပြိုင်နက် ထိုးစစ်ဆင်တဲ့ “၄၉၂၆ စစ်ဆင်ရေး” စတင်ပြီလို့ စစ်တပ်ထောက်ခံကြောင်းရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေက ဖော်ပြနေပါတယ်။
ဘီဘီစီသတင်းရင်းမြစ်တွေရဲ့အပြောအရ စစ်တွေ၊ ရခိုင်-မကွေး၊ ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ နယ်စပ်တွေကနေ အင်အားထောင်နဲ့ချီသုံးကာ စစ်တပ်ကထိုးစစ်ဆင်နေပါတယ်။
ရခိုင်ကို စစ်တပ်ရဲ့ထိုးစစ်နဲ့ မြေပြင်အခြေအနေနဲ့ပတ်သက်လို့ အေအေ ပြောခွင့်ရ ဦးခိုင်သုခကို ဘီဘီစီက ဆက်သွယ်ထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
"KNA က ကျားဖြန့်စခန်းကို ဝင်စီးမယ်လို့ သတင်းကြားတော့ ကျွန်တော် ကုမ္ပဏီကနေ ထွက်ပြေးခဲ့တာ၊ ပြန်အဖမ်းခံခဲ့ရတယ်။ ပုန်းတဲ့နေရာကို KNA က ရှာတွေ့သွားတာ။ ပြန်လွှတ်ပေးဖို့ ပိုက်ဆံပေးရမယ်လို့ ပြောတယ်။ ကုမ္ပဏီအကြီးပိုင်းလူတွေက သူတို့အတွက်ပဲ ပိုက်ဆံပေးပြီး ထွက်သွားလို့ ကျွန်တော် ကျန်ခဲ့တာ" လို့ မစ္စတာ အေက ပြောပါတယ်။
သူပြောတဲ့ KNA ဟာ ကရင်အမျိုးသားတပ်အဖြစ်နာမည်ပြောင်းထားတဲ့ကရင်နယ်ခြားစောင့်တပ်(BGF) ဖြစ်ပါတယ်။
သူက ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းခွင်တစ်ခုမှာ လိမ်လည်အလုပ်စေခိုင်းခံနေရတဲ့ ကျားဖြန့်သားကောင် နိုင်ငံခြားသား တစ်ဦးဖြစ်ပါတယ်။
သူ့ လုံခြုံရေးအတွက် သူ့နာမည်ကို မစ္စတာ အေလို့ပဲ သုံးနှုန်းပါတယ်။
ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းတွေထဲမှာ မစ္စတာ အေလို နိုင်ငံခြားသား ထောင်နဲ့ချီ ပိတ်မိနေသေးတယ်လို့ ဒီလူတွေ ရုန်းထွက်နိုင်အောင် ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့က ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ရွှေ့ဆိုင်းလာခဲ့တဲ့မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို စိစစ်မယ့်အရည်အချင်းစိစစ်ရေးကော်မတီ(Credentials Committee) သစ်ကို ဖွဲ့စည်းလိုက်ပါတယ်။
ဒီကော်မတီက အခုစက်တင်ဘာလအတွင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကိစ္စကို စတင်စဉ်းစားမှာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်မှာ ကော်မတီအစည်းအဝေးပြုလုပ်ဖို့ရှိတယ်လို့ နားလည်ရပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက်မှာ စတင်တဲ့ ၈၁ ကြိမ်မြောက် အထွေထွေညီလာခံရဲ့ပထမဆုံးအစည်းအဝေးမှာ အရည်အချင်းစိစစ်ရေးကော်မတီအတွက် အဖွဲ့ဝင် ၉ နိုင်ငံကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ကော်မတီမှာ ပုံမှန်ပါဝင်တဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ ၃ နိုင်ငံအပြင် ဘဟားမား၊ ဘယ်လ်ဂျီယံ၊ ဘီနင်၊ ဂျမေကာ၊ ယူဂန္ဓာနဲ့ ဗန်နူအာတူတို့ ပါဝင်လာပါတယ်။
အဲဒီထဲမှာ တရုတ်နဲ့ ရုရှားက နေပြည်တော်နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဗန်နူအာတူ၊ ယူဂန္ဓာ၊ ဘီနင်နဲ့ ဂျမေကာတို့ကလည်း တရုတ်နဲ့ မဟာဗျူဟာမြောက် ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံတွေဖြစ်ပါတယ်။
Credentials Committee ဟာ ကုလအဖွဲ့ဝင်နိုင်ငံတွေရဲ့ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း အထောက်အထားတွေကို စိစစ်ပြီး အထွေထွေညီလာခံထံ အစီရင်ခံဖို့ တာဝန်ရှိတာဖြစ်ပါတယ်။
Committee ကို အထွေထွေညီလာခံရဲ့ပုံမှန်အစည်းအဝေး တစ်ကြိမ်စီရဲ့အစမှာ အဖွဲ့ဝင် ၉ နိုင်ငံနဲ့ ဖွဲ့စည်းလေ့ရှိပြီး နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက်ကိုတော့ အထွေထွေညီလာခံက ချမှတ်တာဖြစ်ပါတယ်။
လက်ရှိမှာ ကုလအရည်အချင်းစစ်ကော်မတီအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကိုယ်စားပြုမှုဆိုင်ရာ credentials ကို အတည်ပြုဆုံးဖြတ်တာ မရှိသေးဘဲ ရွှေ့ဆိုင်းခဲ့တာကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ဆက်လက်ကိုယ်စားပြုနေပါတယ်။
၂၀၂၅ ခုနှစ်မှာလည်း မြန်မာကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ credentials နှစ်စုံ ရရှိထားတာကြောင့် Committee က ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဦးကျော်မိုးထွန်းဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ သမ္မတ ဦးဝင်းမြင့်အစိုးရလက်ထက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း နေပြည်တော်ဘက်ကလည်း မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ကိုယ်စားလှယ်အသစ်ခန့်အပ်ဖို့ credentials တင်သွင်းခဲ့တာကြောင့် ကုလသမဂ္ဂမှာမြန်မာအတွက် ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ နေပြည်တော်ဘက်က လက်ရှိသူတို့ရဲ့အစိုးရကို အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ဖော်ပြထားသလို နိုင်ငံတကာမျက်နှာစာမှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းမယ်လို့ ပြောထားပါတယ်။
တစ်ဖက်မှာလည်း ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ဒီမိုကရေစီလိုလားသူတွေဘက်က ဆန္ဒထုတ်ဖော်မှုတွေနဲ့ အွန်လိုင်းကနေ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ ပါ၀င်ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကို အသိအမှတ်မပြုသလို သူ့ရဲ့အစီရင်ခံစာကိုလည်း ပယ်ချတယ်လို့ နေပြည်တော်ဘက်က ဒီနေ့ထုတ်ပြန်ပါတယ်။
မြန်မာမှာ ရွေးကောက်ပွဲလုပ်ပြီးနောက်ပိုင်းလည်း စစ်တပ်က အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် ဆက်ကျူးလွန်နေဆဲဖြစ်တယ်လို့ IIMM ကိုဦးဆောင်သူ Nicholas Koumjian က စက်တင်ဘာ ၇ ရက်က လုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေအပြင် စစ်တပ်က စီမံတဲ့ထိန်းသိမ်းရေးစခန်းတွေထဲမှာဖြစ်ခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပိုတိုးလုပ်နေတယ်လို့လည်း သူက ထည့်ပြောပါတယ်။
နှစ်ရက်အကြာမှာပဲ နေပြည်တော်ဘက်က IIMM ရဲ့နှစ်စဉ်အစီရင်ခံစာတွေဟာ စစ်တပ်အပေါ် တဖက်သတ် စွပ်စွဲချက်တွေ၊ အတည်မပြုနိုင်တဲ့ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေဆီကနေရတဲ့ကိန်းဂဏန်းဖောင်းပွမှုတွေအပေါ် အခြေခံရေးသားထားတာဆိုပြီး နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြလာပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ရတဲ့အကြောင်းရင်းဖြစ်နေတယ်လို့ နိုင်ငံတကာက ထောက်ပြပေမဲ့စစ်တပ်ဟာ ပြည်သူတွေ မထိခိုက်အောင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေကို ထိန်းထိန်သိမ်းသိမ်းဆောင်ရွက်တယ်ဆိုပြီး နေပြည်တော်က ခုခံပြောဆိုပါတယ်။
ကုလလူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၇ ရက်ကနေ ဒီနေ့ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနဲ့ IIMM တို့က မြန်မာ့အရေးအစီရင်ခံစာတွေ တင်သွင်းခဲ့ကြပါတယ်။
ဒါအပြင် မြန်မာ့အရေးအတွက် မြန်မာ့လူ့အခွင့်အရေးအခြေအနေ ယိုယွင်းဆိုးရွားနေမှုကို အရေးပေါ် ဖြေရှင်းရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့အဆင့်မြင့်အဆင့်ဆွေးနွေးပွဲလည်း အဲဒီတစ်နေ့တည်းမှာ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးစတင်တဲ့ ၇ ရက်နေ့မှာပဲ အဲဒီအစီရင်ခံစာတွေကို အခြေခံပြီး အပြန်အလှန် ဆွေးနွေးမှုတွေလုပ်ခဲ့ကာ မြန်မာမှာ ဖြစ်နေတဲ့အခြေအနေအရပ်ရပ်ကို လုံခြုံရေးကောင်စီက တဆင့်အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(ICC)ကို လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Volker Türkက အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
ဂျီနီဗာမြို့မှာလုပ်ခဲ့တဲ့မြန်မာ့အရေးဆွေးနွေးမှုကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk၊ IIMM ဦးဆောင်သူ Nicholas Koumjian တို့အပြင် မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ(BROUK) က ဦးထွန်းခင်၊ Sisters 2 Sisters အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် ဦးမင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး တကျော့ပြန်စတင်လာတဲ့မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ သက်ရောက်မှုတွေကိုပါ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မသဉ္ဇာရွှန်းလဲ့ရည်က ပြောခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းဦးဆောင်ကောင်စီ (SCEF) ရဲ့ ကိုယ်စားပြုမဏ္ဍိုင်မှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး ဖက်ဒရယ်ယူနစ်တို့ အဖွဲ့ဝင်အသစ်အနေနဲ့ပါဝင်လာပြီလို့ မနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
''အတွင်းရေးမှူးအဖွဲ့၊ စစ်မဟာဗျူဟာနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ဖက်ဒရယ်ရေးရာကော်မတီနဲ့ ဘဏ္ဍာရေး ကော်မတီတွေမှာ ကောင်စီဝင်အဖြစ်နဲ့ ပူးပေါင်းပါဝင်မယ်'' လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးခန့်ဝေဖြိုးက ပြောပါတယ်။
လက်ရှိတော်လှန်ရေးကို အရှိန်မြှင့်တင်ဖို့၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းဦးဆာင်လမ်းညွှန်ဖော်ဆောင်ဖို့ရှိမယ်လို့ သူက ဆက်ပြောပါတယ်။
SCEF မှာ ကိုယ်စားပြုမဏ္ဍိုင် ၃ ရပ်ရှိပြီး အဲဒီထဲက “ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ EROs” မဏ္ဍိုင်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ (SFUIG)၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ (IMFUG) နဲ့ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ (MIGC) တို့ တရားဝင်ပါလာတာပါ။
ဖက်ဒရယ်ယူနစ်တွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒေသန္တရအုပ်ချုပ်ရေးအခန်းကဏ္ဍတွေကို သုံးကြိမ်ထက်မနည်းတွေ့ဆုံဆွေးနွေးပြီးနောက် အခုလိုပါဝင်လာတာဖြစ်ကြောင်း ထုတ်ပြန်ချက် တွေအရ သိရပါတယ်။
ပြည်ထောင်စုအစိုးရအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရှိနေပြီး SCEF နဲ့လည်း ပူးပေါင်း တာဖြစ်လို့ အချုပ်အခြာအာဏာကိုမျှဝေသုံးစွဲတဲ့ ဖက်ဒရယ်မူဘောင်အတိုင်း အားလုံးပါဝင်တဲ့ ပုံစံနဲ့ ဆောင်ရွက်မှာလို့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်က စုဖွဲ့ဖို့ ပြင်ဆင်တဲ့ ဇူလိုင်လတုန်းက ပြောခဲ့ပါတယ်။
“NUG က ပြည်ထောင်စုအစိုးရအနေနဲ့လည်းကောင်း၊ SCEF က နိုင်ငံရေး စစ်ရေးနဲ့ ဖက်ဒရယ်ရေးရာတွေကို စုပေါင်းညှိနှိုင်းဦးဆောင်မယ့် မဏ္ဍိုင်အနေနဲ့လည်းကောင်း အခန်းကဏ္ဍ အလိုက် အပြန်အလှန်ဖြည့်ဆည်းသွားကြမှာပါ” လို့ ဦးချစ်ဝင်းမောင်က ရှင်းပြထားပါတယ်။
အထူးသဖြင့် SCEF ရဲ့ မဏ္ဍိုင်တွေထဲက “ပြည်သူ့ကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်တွေ” အတွက်တော့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့ ပါဝင်နေသူတချို့ဆီက သိရပါတယ်။
မင်္ဂလာပါ။ စက်တင်ဘာ ၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။