9/11 - ၁၁ စက်တင်ဘာတိုက်ခိုက်မှုမှာ ဘာတွေဖြစ်ခဲ့လဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

9/11 (နိုင်း/အဲလဲဗင်း) တိုက်ခိုက်မှု ၂၅ နှစ်ပြည့်ပါပြီ။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အင်္ဂါနေ့မှာ အသေခံတိုက်ခိုက်ရေးသမားတွေက အမေရိကန်ခရီးသည်တင်လေယာဉ်တွေကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့က မိုးမျှော်တိုက်နှစ်လုံးထဲကို ပျက်ကျတိုက်ခိုက်ခဲ့တာကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ ကမ္ဘာတဝန်းမှာ ကြီးမားတဲ့နောက်ဆက်တွဲသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘယ်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလဲ

အမေရိကန်နိုင်ငံအရှေ့ပိုင်းကောင်းကင်ယံမှာ ပျံသန်းနေတဲ့ ခရီးသည်တင်လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲသူအချို့က ဆက်တိုက်ဆိုသလို သိမ်းပိုက်လိုက်ပါတယ်။

အဲဒီနောက် လေယာဉ်တွေကို ဧရာမပဲ့ထိန်းဒုံးကျည်တွေလို အသုံးပြုပြီး နယူးယောက်နဲ့ ဝါရှင်တန်မြို့တွေက ထင်ရှားတဲ့ အဆောက်အအုံတွေကို ဝင်တိုက်ခဲ့ကြပါတယ်။

လေယာဉ် ၂ စင်းက နယူးယောက်မြို့ရှိ World Trade Center(ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန) ရဲ့ Twin Towers မျှော်စင်နှစ်လုံးကို ဝင်တိုက်ခဲ့ပြီး ဒုတိယလေယာဉ်က ပထမလေယာဉ်ဝင်တိုက်ပြီး ၁၇ မိနစ်အကြာမှာ ထပ်မံဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံတွေ မီးလောင်ကျွမ်းခဲ့ပြီး အပေါ်ထပ်တွေမှာရှိသူတွေ ပိတ်မိခဲ့ကြသလို မြို့တဝန်းလုံးလည်း မီးခိုးတွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။ နှစ်နာရီမပြည့်ခင်မှာပဲ အထပ် ၁၁၀ ရှိတဲ့ မျှော်စင်နှစ်လုံးစလုံးဟာ မီးခိုးလုံးကြီးတွေကြားမှာ ပြိုကျသွားခဲ့ပါတယ်။

တတိယလေယာဉ်ကတော့ အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန်ဒီစီအပြင်ဘက်မှာရှိတဲ့ အမေရိကန်စစ်ဌာနချုပ်ကြီး ပင်တဂွန် အဆောက်အအုံရဲ့အနောက်ဘက်ခြမ်းကို ဝင်တိုက်ဖျက်ဆီးခဲ့ပါတယ်။

စတုတ္ထလေယာဉ်ကတော့ ခရီးသည်တွေက ပြန်လည်ခုခံခဲ့ကြပြီးနောက် ပင်ဆယ်ဗေးနီးယား ပြည်နယ်ရှိ မြေကွက်တစ်ခုထဲကို ပျက်ကျခဲ့ပါတယ်။ အဲဒီလေယာဉ်ကို ပြန်ပေးဆွဲသူတွေဟာ ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော်အဆောက်အအုံ (US Capitol Building) ကို တိုက်ခိုက်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ယူဆရပါတယ်။

9/11 တိုက်ခိုက်မှုအတွင်း လူဘယ်နှစ်ဦး သေဆုံးခဲ့သလဲ

9/11 တိုက်ခိုက်မှုအတွင်း လေယာဉ်ပြန်ပေးဆွဲသူ ၁၉ ဦး မပါဝင်ဘဲ လူ ၂,၉၇၇ ဦး သေဆုံးခဲ့ပြီး အများစုမှာ နယူးယောက်မြို့မှာ ဖြစ်ပါတယ်။

လေယာဉ် ၄ စင်းပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၄၆ ဦးစလုံး သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးဌာနရဲ့ Twin Towers မှာ လူ ၂,၆၀၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ တိုက်ခိုက်မှုဖြစ်ချိန်မှာ သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာတွေကြောင့် နောက်ပိုင်းမှာ သေဆုံးသူတွေလည်း ပါဝင်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်မှာ လူ ၁၂၅ ဦး သေဆုံးခဲ့ပါတယ်။ အသက်အငယ်ဆုံး သေဆုံးသူက အသက် ၂ နှစ်အရွယ် ခရစ္စတင်း လီ ဟန်ဆန် ဖြစ်ပြီး အသက်အကြီးဆုံးက အသက် ၈၂ နှစ်အရွယ် ရောဘတ် နော်တန် ဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဖြစ်ပါတယ်။

ပထမဆုံးလေယာဉ် Twin Towers (အမြွှာမျှော်စင်) ကို ဝင်တိုက်ချိန်မှာ အဆောက်အအုံနှစ်လုံးအတွင်း လူပေါင်း ၁၇,၄၀၀ ခန့် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ North Tower( မြောက်ဘက်မျှော်စင်) မှာ လေယာဉ်ဝင်တိုက်ခဲ့တဲ့ အထပ်အထက်ပိုင်းကနေ ဘယ်သူမှ အသက်ရှင်လွတ်မြောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ South Tower (တောင်ဘက်မျှော်စင်) မှာတော့ လေယာဉ်ဝင်တိုက်တဲ့နေရာအထက်ပိုင်းအထပ်တွေကနေ လူ ၁၈ ဦး လွတ်မြောက်နိုင်ခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ နိုင်ငံပေါင်း ၇၇ နိုင်ငံက နိုင်ငံသားတွေ ပါဝင်ပါတယ်။ နယူးယောက်မြို့မှာလည်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့အဆင့်မြင့်ကယ်ဆယ်ရေးဝန်ထမ်း ၄၄၁ ဦး သေဆုံးခဲ့ပါတယ်။

လူပေါင်းထောင်နဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့သလို တိုက်ခိုက်မှုနောက်ပိုင်းမှာလည်း ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ အပျက်အစီးတွေကြားမှာ အလုပ်လုပ်ခဲ့ရတဲ့ မီးသတ်သမားတွေလည်း အဲဒီလို ကျန်းမာရေးပြဿနာတွေ ခံစားခဲ့ရပါတယ်။

တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူတွေက ဘယ်သူတွေလဲ

အယ်လ်ကိုင်းဒါးလို့ခေါ်တဲ့ အစ္စလာမ္မစ်အစွန်းရောက်ကွန်ရက်က အာဖဂန်နစ္စတန်နိုင်ငံကနေ 9/11 တိုက်ခိုက်မှုတွေကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အိုစမာ ဘင်လာဒင် ဦးဆောင်တဲ့ အယ်လ်ကိုင်းဒါးအဖွဲ့က အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ မွတ်စလင်ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ဝင် ခါလစ် ရှိတ်ခ် မိုဟာမက်က ဒီတိုက်ခိုက်မှုအစီအစဉ်ကို အဓိက စီစဉ်ခဲ့တယ်လို့ ယူဆရပြီး လေယာဉ်မှူးတွေကို စုဆောင်းရာမှာလည်း ကူညီခဲ့ပါတယ်။ အဲဒီလေယာဉ်မှူးတွေထဲက တချို့ဟာ အမေရိကန်နိုင်ငံမှာ လေယာဉ်မောင်းသင်တန်း တက်ခဲ့ကြပါတယ်။

ပြန်ပေးဆွဲမှုတွေကို လူ ၁၉ ဦးက အဖွဲ့လေးဖွဲ့ခွဲပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ အဖွဲ့သုံးဖွဲ့မှာ လူငါးဦးစီ ပါဝင်ပြီး ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်က အဖွဲ့မှာတော့ လူလေးဦး ပါဝင်ပါတယ်။

ပြန်ပေးဆွဲသူ ၁၉ ဦးထဲမှာ ၁၅ ဦးက ဘင်လာဒင်လိုပဲ ဆော်ဒီအာရေးဗျနိုင်ငံသားတွေ ဖြစ်ပါတယ်။ ကျန်သူတွေထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) နိုင်ငံသား နှစ်ဦး၊ အီဂျစ်နိုင်ငံသား တစ်ဦးနဲ့ လက်ဘနွန်နိုင်ငံသား တစ်ဦး ပါဝင်ပါတယ်။

တိုက်ခိုက်မှုအပြီး အမေရိကန်က ဘယ်လိုတုံ့ပြန်ခဲ့သလဲ

တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး တစ်လမပြည့်ခင်မှာပဲ အဲဒီအချိန်က အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ် ဦးဆောင်ပြီး နိုင်ငံတကာမဟာမိတ်အဖွဲ့တွေရဲ့ ပံ့ပိုးမှုနဲ့ အာဖဂန်နစ္စတန်ကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရည်ရွယ်ချက်က အယ်လ်ကိုင်းဒါးအဖွဲ့ကို ချေမှုန်းပြီး ဘင်လာဒင်ကို လိုက်လံဖမ်းဆီးဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘင်လာဒင်ကို အမေရိကန်တပ်ဖွဲ့တွေက အိမ်နီးချင်း ပါကစ္စတန်နိုင်ငံအတွင်း ရှာဖွေတွေ့ရှိပြီး သုတ်သင်နိုင်ခဲ့တာကတော့ ၂၀၁၁ ခုနှစ်ရောက်မှ ဖြစ်ပါတယ်။

ခါလစ် ရှိတ်ခ် မိုဟာမက်ကိုတော့ အဲဒီမတိုင်ခင် ရှစ်နှစ်အလို ၂၀၀၃ ခုနှစ်မှာ ပါကစ္စတန်နိုင်ငံအတွင်း ဖမ်းဆီးခဲ့ပါတယ်။

အယ်လ်ကိုင်းဒါးအဖွဲ့ဟာ အခုအချိန်အထိ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ အင်အားအကောင်းဆုံးနေရာက ဆာဟာရသဲကန္တာရအောက်ပိုင်း အာဖရိကဒေသ ဖြစ်ပေမဲ့ အခုအချိန်မှာလည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း အဖွဲ့ဝင်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေဟာ အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း ၂၀ နီးပါး တပ်စွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီနောက် အယ်လ်ကိုင်းဒါးအဖွဲ့ ပြန်လည်အင်အားကောင်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ခါလစ် ရှိတ်ခ် မိုဟာမက်ဟာ ဘယ်သူလဲ၊ သူ ဘာဖြစ်သွားလဲ

ကူဝိတ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ခါလစ် ရှိတ်ခ် မိုဟာမက် ဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အာဖဂန်နစ္စတန်မှာ တိုက်ပွဲဝင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံမှာ အင်ဂျင်နီယာဘာသာရပ်ကို လေ့လာခဲ့ပါတယ်။

9/11 တိုက်ခိုက်မှု မဖြစ်ပွားခင်ကတည်းက ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ မအောင်မြင်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် မိုဟာမက်ဟာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ အလိုရှိစာရင်းမှာ ပါဝင်နေခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ ဖမ်းဆီးခံရပြီးနောက် မိုဟာမက်ဟာ CIA ရဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းတွေမှာ သုံးနှစ်ကြာ ထိန်းသိမ်းခံခဲ့ရပြီး ပြင်းထန်တဲ့ စစ်ဆေးမေးမြန်းမှု နည်းလမ်းတွေကို ခံခဲ့ရပါတယ်။ အဲဒီနောက် ကျူးဘားနိုင်ငံရှိ အမေရိကန်ရေတပ်စခန်း ဂွါတာနာမိုပင်လယ်အော်ထောင်ကို ပို့ဆောင်ခံခဲ့ရပြီး အဲဒီမှာပဲ ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

9/11 တိုက်ခိုက်မှုမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှုအတွက် ဘယ်လိုနည်းလမ်းနဲ့ တရားစွဲဆိုနိုင်မလဲဆိုတာကို ဂွါတာနာမိုပင်လယ်အော်ရှိ စစ်ဘက်တရားရုံးက ဆယ်စုနှစ်တစ်ခုကျော်ကြာ စဉ်းစားနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ အမေရိကန်ထိန်းသိမ်းရေးအောက်မှာ သူ ခံခဲ့ရတဲ့ ဆက်ဆံမှုတွေကြောင့် သူ့အပေါ် စွဲချက်တင်ရာမှာ အသုံးပြုမယ့်သက်သေတွေကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေလို့ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ သူနဲ့အတူ တရားစွဲဆိုခံထားရတဲ့ ဝါလစ် မိုဟာမက် ဆာလစ် မူဘာရက် ဘင် အတ်တာရှ်နဲ့ မူစတာဖာ အာမက် အာဒမ် အယ်လ်ဟာဝါဆာဝီတို့ဟာ 9/11 တိုက်ခိုက်မှုမှာ သူတို့ရဲ့ပါဝင်ပတ်သက်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံဖို့ မျှော်လင့်ထားခဲ့ပါတယ်။ အဲဒီလို ဝန်ခံခဲ့ရင် သေဒဏ်မချမှတ်ဘဲ လွတ်ငြိမ်းခွင့်မရှိတဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်ခံရမယ့်သဘောတူညီချက် ဖြစ်ပါတယ်။

ဒါပေမဲ့ ကြားနာမှု မတိုင်ခင်တစ်ရက်မှာပဲ အမေရိကန်ပြည်ထောင်စု အစိုးရက အဲဒီအပြစ်ရှိကြောင်း ဝန်ခံမှုဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ပြီးနောက် အမေရိကန် အယူခံတရားရုံးက တရားရုံးလုပ်ငန်းစဉ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ အစိုးရဘက်ကတော့ အဲဒီသဘောတူညီချက်ဟာ "ပြန်လည်ကုစားလို့မရတဲ့" ထိခိုက်နစ်နာမှု ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လမှာတော့ တရားရုံးက အဲဒီအပြစ်ရှိကြောင်း ဝန်ခံမှုဆိုင်ရာ သဘောတူညီချက်ကို တရားဝင် ပယ်ချခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ်လမှာတော့ အမေရိကန် စစ်ဘက်တရားသူကြီးတစ်ဦးက ခါလစ် ရှိတ်ခ် မိုဟာမက်ကို ၂၀၂၈ ခုနှစ် ဇွန်လမှာ တရားရင်ဆိုင်စေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

9/11 တိုက်ခိုက်မှုရဲ့ ဆိုးမွေက ဘာတွေလဲ

9/11 တိုက်ခိုက်မှုတွေအပြီး နောက်ပိုင်းနှစ်တွေမှာ ကမ္ဘာတဝန်း လေကြောင်းခရီးစဉ် လုံခြုံရေးတွေကို ပိုမိုတင်းကျပ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာတော့ လေဆိပ်တွေနဲ့ လေယာဉ်တွေပေါ် လုံခြုံရေးကို ပိုမိုမြှင့်တင်ဖို့ Transportation Security Administration (TSA)ကို ဖွဲ့စည်းခဲ့ပါတယ်။

ပြိုကျသွားတဲ့ Twin Towers တာဝါနှစ်လုံး တည်ရှိခဲ့တဲ့ "Ground Zero" နေရာကို ရှင်းလင်းရေးလုပ်ငန်းတွေ ပြီးစီးဖို့ ရှစ်လကျော် ကြာမြင့်ခဲ့ပါတယ်။

အခုတော့ အဲဒီနေရာမှာ 9/11 အထိမ်းအမှတ် အဆောက်အအုံနဲ့ ပြတိုက်ကို တည်ဆောက်ထားပြီး အဆောက်အအုံအသစ်တွေလည်း မူလပုံစံနဲ့မတူတဲ့ ဒီဇိုင်းတွေနဲ့ ပြန်လည်တည်ဆောက်ထားပါတယ်။

အမြင့် ၁,၇၇၆ ပေ (၅၄၁ မီတာ)ရှိတဲ့ အဆောက်အအုံအသစ်ရဲ့ အဓိကအဆောက်အအုံဖြစ်တဲ့ One World Trade Center ဒါမှမဟုတ် "Freedom Tower"ဟာ မူလမြောက်မျှော်စင်ကို အစားထိုးတည်ဆောက်ထားတာဖြစ်ပြီး မူလမြောက်မျှော်စင်ရဲ့ အမြင့် ၁,၃၆၈ ပေ (၄၁၇ မီတာ)ထက်တောင် ပိုမြင့်ပါတယ်။

ပင်တဂွန် အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို တစ်နှစ်နီးပါးအတွင်း အပြီးသတ်နိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ် ဩဂုတ်လမှာ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ရုံးခန်းတွေကို ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်ခဲ့ပါတယ်။