တပ်ချုပ်သစ်လက်ထက် ရခိုင်ကို အကြီးဆုံးထိုးစစ်ဆင်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

အာရက္ခတပ်တော်-အေအေရဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်တပ်က စက်တင်ဘာ ၄ ရက်ကစလို့ ထိုးစစ်ဆင်ခဲ့ပြီး ဒါက ဗိုလ်ချုပ်ကြီးရဲဝင်းဦးတပ်ချုပ်တာဝန်ယူတဲ့ သက်တမ်း ၅ လကျော်အတွင်း အကြီးဆုံးထိုးစစ်လို့ နေပြည်တော်က သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်တပ်ထောက်ခံသူတွေကတော့ ၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြပြီး စစ်တပ်ကတော့ တရားဝင်မထုတ်ပြန်ပါဘူး။

စစ်တပ်က ပြည်နယ်ဝင်ပေါက်တွေကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ဗျူဟာကိုသုံးနေပြီး ရခိုင်ပြည်နယ်နဲ့ ဝန်းကျင်မှာစစ်အင်အားထောင်နဲ့ချီ ရှိနေတယ်လို့ စစ်‌ရေးသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတာ၊ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် မြေပြင်ထိုးစစ်ပါဆင်လာတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေကြောင့် အေအေကလည်း အများပြည်သူကို စစ်ရေးသတိပေးချက်ထုတ်ထားပြီး ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ စတဲ့ မြို့နယ်တွေက ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

ပုဏ္ဏားကျွန်းမှာ တိုက်ပွဲပြင်းထန်

စစ်တွေမြို့နယ်ထဲက ဝါဘို၊ အမြင့်ကျွန်း၊ ရွှေမင်းဂံကနေ ထွက်လာတဲ့ စစ်ကြောင်း ၃ ကြောင်းဟာ စစ်တွေနဲ့ မိုင် ၂၀ ဝန်းကျင်ကွာတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာ ၄ ရက်ကစလို့ ဦးတည်လာပြီး တိုက်ပွဲတွေဖြစ်နေတာလို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

အမြင့်ကျွန်း၊ ရွှေမင်းဂံက စစ်ကြောင်းနှစ်ကြောင်းက အထိအခိုက်များပြီး စက်တင်ဘာ ၈ ရက်မှာ ဆုတ်ခွာသွားတာကြောင့် စက်တင်ဘာ ၉ ရက်မှာတော့ ဝါဘိုရွာက ထွက်လာတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဆက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

"ဆုတ်သွားတဲ့ စစ်ကြောင်းတွေက အလောင်းတွေလည်း ကျန်ခဲ့တာရှိတယ်၊ အေအေ ဘက်ကလည်း အထိအခိုက်ရှိတယ်" ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်တပ်ဘက်က ဂွနဲ့ သံတွဲကို စစ်သင်္ဘောတွေကနေ ပစ်ခတ်သလို ပုဏ္ဏားကျွန်း-စစ်တွေ- ရသေ့တောင် မြို့နယ်တွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိတယ်လို့ အာရက္ခတပ်တော်-အေအေက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်-အေအေကို တိုက်ခိုက်ဖို့ စစ်တပ်က တပ်မ ၁၁ ခုသုံးထားတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက သူ့ရဲ့လူမှုကွန်ရက်မှာ ပြောထားပြီး ဘီဘီစီကသီးခြားအတည်မပြုနိုင်ပါဘူး။

ရခိုင်ဝင်ပေါက်တွေမှာ စစ်တပ်အင်အားဖြည့်တင်း

ရခိုင်ပြည်နယ်ကို ကုန်းလမ်းကနေ ဝင်နိုင်တဲ့ အဓိက လမ်းကြောင်းတွေက အမ်း- ပဒါန်းလမ်းကြောင်း(မကွေး) ၊ ဂွ- ရေကြည်-လေးမျက်နှာလမ်းကြောင်း (ဧရာဝတီ) ၊ တောင်ကုတ်-ပန်းတောင်းလမ်းကြောင်း(ပဲခူး) နဲ့ မတူပီ-ပလက်ဝ-မင်းတပ်(ချင်း) လမ်းကြောင်းတွေ ဖြစ်ပါတယ်။

ဒီဝင်ပေါက်ဒေသတွေမှာ လတ်တလော တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အမ်း-ပဒါန်းလမ်းကြောင်းပေါ်က နတ်ရေကန်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး တပ်နေရာအစုံက အင်အားတွေကို တပ်မ ၈၈ ကတစ်ဆင့် ပို့ဆောင်ဖြည့်တင်းနေတယ်လို့ မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ပြည်သူ့စစ်အပတ်စဉ်တစ်ခုပြီးတိုင်း အင်အား ၅၀၀ လောက်နဲ့ ထပ်ဖြည့်နေတယ်" လို့ သူက ဆိုပါတယ်။

ဒါတင်မက ဂွမြို့နယ်နဲ့ တကြောတည်းဖြစ်တဲ့ ရေကြည်-လေးမျက်နှာဘက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေသလို ပုသိမ်မြို့နယ်ထဲက ရွှေသောင်ယံကမ်းခြေကို ဩဂုတ်လကုန်ကစပြီး စစ်သင်္ဘော ၂ စီး၊ စစ်ကား ၄၇ စီးနဲ့ အင်အားဖြည့်ထားတယ်လို့ ရွှေသောင်ယံမြို့ခံတစ်ယောက်ကလည်း ပြောပြပါတယ်။

စစ်ကြောင်းတွေဟာ စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ဧရာဝတီတိုင်း ရွှေသောင်ယံကနေ ဂွ၊ သံတွဲဘက်၊ မင်းဘူးကနေ အမ်း၊ ကျောက်ဖြူကနေ ရမ်းဗြဲမြို့တွေကို တက်လာနေတယ်လို့ စစ်ရေးသတင်းတွေက ဖော်ပြနေပါတယ်။

အဲဒီတပ်တွေဟာ ကလော၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းထဲက တပ်ရင်းတပ်မတချို့ဖြစ်တယ်လို့လည်း မြေပြင်စစ်ရေးအခြေအနေ သိရှိသူက ပြောပါတယ်။

အာရက္ခတပ်တော် -အေအေက ရှိသမျှတပ်ရင်းတွေနဲ့ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ရော အေအေပါ အသာစီးရတဲ့အခြေအနေမှာ မရှိသေးဘူးလို့လည်း စစ်ရေးသုံးသပ်သူတွေက မှတ်ချက်ပေးပါတယ်။

ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တစ်ယောက်ကလည်း ဩဂုတ်လကစပြီး လက်ရှိအချိန်အထိ ရခိုင်ဝင်ပေါက် မြို့နယ်တွေကို စစ်အင်အားတွေ ဆက်တိုက် ရွှေ့ပြောင်းနေပြီး လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ် ဝင်ပေါက်နေရာတကြောမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

စစ်တပ်က အေအေကို ဘာကြောင့် လေကြောင်းနဲ့ ရေကြောင်း ပိုဖိလာတာလဲ

ရခိုင်မြို့နယ်အများစုကို လက်လွှတ်ထားရပေမဲ့ စစ်တပ်ဟာ ပင်လယ်ပြင်ကနေ ဖိအားပေးနိုင်တဲ့ အနေအထားကို ဆက်ထိန်းထားဆဲ ဖြစ်ပါတယ်။

မေလအတွင်း ရမ်းဗြဲနဲ့ တောင်ကုတ်ကမ်းခြေတလျှောက်ကို စစ်သင်္ဘောတွေဆီက လက်နက်ကြီးပစ်ခတ်မှုတွေ ရှိခဲ့ပြီး ကမ်းတက်ဖို့ ကြိုးစားမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ကမ်းရိုးတန်းဒေသတွေမှာ အေအေတပ်ဖွဲ့တွေ အခိုင်အမာနေရာယူထားတာကြောင့် စစ်တပ်အနေနဲ့ ကုန်းမြေပေါ်မှာ ခြေကုပ်မယူနိုင်သေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"စစ်သင်္ဘောကနေ လက်နက်ကြီးတကမ်းစာပဲ ကမ်းပေါ်ကို ပစ်လို့ရတယ်။ သူတို့ကမ်းကို ကပ်လို့မရဘူး"လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်သင်္ဘောအစီးရေ ၁၀ စီးဝန်းကျင်ဟာ စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်ဝန်းကျင်မှာ ရှိနေတယ်လို့ ရမ်းဗြဲနဲ့ ဂွ ဒေသခံတချို့က ပြောပါတယ်။

လေကြောင်းဗုံးကြဲတာတွေကလည်း အရင်လို ၁ စီး ဒါမှမဟုတ် ၂ စီးလောက်ပဲ လာတာမဟုတ်ဘဲ ၄ စီးကနေ ၆ စီးအထိ အုပ်စုလိုက်လာတာဖြစ်ပြီး ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာပိုများတယ်လို့လည်း သိရပါတယ်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်အစပ် ကျေးရွာတွေဖြစ်တဲ့ ကွမ်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ မက္ကလာကျ၊ ညိုရောင်နဲ့ မင်းလှကျေးရွာကြားနေရာတွေကို လေကြောင်း ဗုံးကြဲခဲ့တာလို့ အေအေက ထုတ်ပြန်ထားတာပါ။

စက်တင်ဘာ ၇ ရက်လေကြောင်းဗုံးကြဲမှုမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်က အမျိုးသမီးတစ်ယောက် သေဆုံးပြီး နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ အေအေ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ရသေ့တောင်မြို့နယ်ထဲက မိုးစဲကမ်းခြေမှာရှိတဲ့ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီးရွာကြားနေရာတွေလည်း တစ်ချိန်တည်းမှာ ဗုံးကြဲခံရပါတယ်။

ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးကျည်တွေနဲ့ ပစ်ခတ်တာတွေလည်း ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့တွေနဲ့ ပတ်ဝန်းကျင်မှာ ရှိခဲ့တာကြောင့် ရေကြောင်းရော၊ လေကြောင်းအန္တရာယ်ကိုပါ အထူးသတိထားဖို့ အေအေက သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကလွဲပြီး မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်-အေအေက ထိန်းချုပ်ထားတာပါ။

စစ်တပ်က ရေကြောင်းရော လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာတွေက စစ်တွေမြို့နယ် အစပ်နေရာတွေကိုပါ ရောက်ရှိနေတယ်လို့ ရခိုင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

စက်တင်ဘာ ၅ ရက်ကနေ ၉ ရက်အထိ စစ်တွေမြို့ဝန်းကျင်မှာ လက်နက်ကြီးသံတွေကြားနေရပြီး အပြန်အလှန်ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း စစ်တွေမြို့ခံ နှစ်ယောက်က ပြောပါတယ်။

စစ်တွေမြို့ထဲက လက်နက်ကြီးအထိုင်စခန်း ၉ ခုကနေ ပစ်ခတ်နေသလို သံချပ်ကာကား ၂ စီးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ဩဂုတ် အထိ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၄,၀၀၀ ကျော်ထဲမှာ ရခိုင်ပြည်နယ်မှာ အကြိမ် ၅၇၀ ရှိခဲ့ပြီး အယောက် ၉၈၀ ကျော် သေဆုံးတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကလည်း "သူတို့ထိန်းချုပ်ထားတဲ့မြို့တွေရဲ့ ဝင်ပေါက်တွေကို မထိုးဖောက်နိုင်အောင် လေကြောင်းနဲ့ တိုက်ပြီး အေအေကို ဦးနှိမ်ချင်တာ၊ စစ်ရေးကြိုတင်ပြင်ဆင်ချင်လို့ ရေကြောင်းကနေပစ်တာလို့ ပြောလို့ရတယ်" ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်ထဲကို စစ်ကြောင်းဝင်မရတဲ့ စစ်တပ်ဟာ ရခိုင်ကို လေကြောင်း၊ ရေကြောင်းကနေ ပစ်ခတ်သလို ပြည်နယ်ဝင်ပေါက်တွေကိုလည်း ဝိုင်းပတ်ပိတ်ဆို့ပြီး ဖိအားပေးတဲ့ ဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒါပေမဲ့ AA ဘက်မှာလည်း စစ်ရေးဖိအားတစ်ခုတည်းနဲ့ မဟုတ်ဘဲ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ အုပ်ချုပ်ရေး၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံရတာနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။

စစ်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် လက်ရှိအချိန်မှာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်က ကျေးရွာ ၅၀ ဝန်းကျင် ၊ ရသေ့တောင်ဘက်က ၂၅ ရွာလောက်က ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။

ကိုးကန့်တပ် MNDAA၊ တအာန်းတပ် TNLA နဲ့ အာရက္ခတပ်တော် ညီနောင်မဟာမိတ်သုံးဖွဲ့အနက် အေအေ တစ်ဖွဲ့သာ စစ်ကောင်စီနဲ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ရခိုင်စစ်မျက်နှာကို ပိုပြီး အာရုံစိုက်လာတယ်လို့ နားလည်ရပါတယ်။

ဒီထိုးစစ်နဲ့ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်ဝါဒဖြန့်မှုတွေကလည်း အားကောင်းနေပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ အမည်ပေးနေကြတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပြီး ဒါက ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က ရှမ်းပြည်(မြောက်ပိုင်း)မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးအမည်ကို ကူးယူမှုလို့ စွပ်စွဲကြပါတယ်။

စစ်မှုထမ်းဟောင်းလည်းဖြစ် လက်ရှိကြံ့ခိုင်ရေးအမတ်လည်းဖြစ်တဲ့ဦးလှဆွေကတော့ ဒီထိုးစစ်ရဲ့အတိုင်းအဆနဲ့ပတ်သက်ပြီး "ရခိုင်မှာလူဦးရေလျော့သွားလိမ့်မယ်" လူမှုကွန်ရက်မှာပြောခဲ့ပါတယ်။