ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း နှစ်ဦးဟာ တပ်ရာထူးတွေကနေ အနားယူခဲ့ကြပေမဲ့ နိုင်ငံရေးရာထူးတွေနဲ့ နေပြည်တော်မှာ ဆက်ရှိနေပါတယ်။

ဦးမင်းအောင်လှိုင်က သမ္မတအိမ်တော်ကနေ အစိုးရအဖွဲ့ကို ဦးဆောင်နေပြီး ဦးစိုးဝင်းကတော့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ (UCC) ကို ဦးဆောင်နေပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းရဲ့ စစ်ဘက်ရာထူးအင်္ဂါစဥ်အရရော ဥပဒေကြောင်းအရပါ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ အခန်းကဏ္ဍက အထင်ကြီးစရာပါ။

တကယ့်လက်တွေ့မှာတော့ အဲဒီလိုဟုတ်မဟုတ်မေးခွန်းထုတ်စရာဖြစ်ပြီး ကောင်စီဝင်တွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေပါတယ်။ လွန်ခဲ့တဲ့ ၃ လကျော် အတွင်း ဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံတောင် နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။

ဂေါက်ရိုက်နေတဲ့ ဒုချုပ်ဟောင်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကနေ သမ္မတအဖြစ် အသွင်ပြောင်းခဲ့တဲ့ ဧပြီလဟာ ဦးမင်းအောင်လှိုင်အတွက်တော့ အလုပ်တွေများတဲ့ကာလဖြစ်ပါတယ်။

ဒါပေမဲ့ ဦးစိုးဝင်းကတော့ ဘုန်းကြီးသွားဝတ်နေခဲ့ပါတယ်။ ဒါကြောင့်

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်တွေဟာ ဥက္ကဋ္ဌမရှိဘဲ ရက်သတ္တပါတ်အတန်ကြာ ရုံးတက်နေခဲ့ကြရပါတယ်။

ဦးစိုးဝင်း လူထွက်လာမှ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရဲ့ အဖွဲ့လိုက်ဓာတ်ပုံရိုက်ခဲ့ကြရပြီး

ဒုချုပ်ဘဝကနေ အနားယူပြီးတဲ့နောက် လူတွေကြားထဲရောက်လာတဲ့ ပထမဆုံးဓာတ်ပုံဖြစ်ပါတယ်။

ဒီပုံကို ကောင်စီဝင် ဦးဇော်အေးမောင်က လူမှုကွန်ရက်မှာ မေလ ၂၀ ရက်က တင်ခဲ့ပေမဲ့ နာရီပိုင်းအတွင်း ပြန်ဖြုတ်ခဲ့ပါတယ်။

ဒုတိယအကြိမ်ကတော့ ဇူလိုင် ၂၅ ရက်က ထိုင်းကိုယ်စားလှယ်အဖွဲ့ နဲ့ ဦးစိုးဝင်းဦးဆောင်တဲ့ ကောင်စီဝင်တွေ နေပြည်တော်မှာတွေ့ခဲ့ကြတာပါ။ ဒီပုံတွေကိုလည်း ထိုင်းဘက်ကနေပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

"သူတို့ကို သိပ်ရှေ့မထွက်ဘဲ နောက်ကွယ်ကနေဖို့ မှာထားတယ်" လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဦးစိုးဝင်းက ဦးမင်းအောင်လှိုင်ကို တစ်ပတ်တစ်ကြိမ်၊ တစ်ခါတလေ နှစ်ပတ်တစ်ကြိမ် သွားတွေ့ရတယ်လို့ ကောင်စီနဲ့ နီးစပ်တဲ့ နောက်ထပ် နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"အရင်ကလို အလုပ်မများတော့ ဒုချုပ်ကြီး (ဦးစိုးဝင်း)က ဂေါက်ပဲသွားရိုက်နေတော့တယ်" လို့ ကောင်စီနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၁၁ ဦးကောင်စီ

လူမြင်ကွင်းမှာ သိပ်မတွေ့ရပေမဲ့လို့ ကောင်စီဝင်တွေကတော့ နေ့စဥ်ရုံးတက်နေကြပါတယ်။

ဒုချုပ်ဟောင်းဦးဆောင်တဲ့ ကောင်စီဝင်လူစာရင်းက အငြိမ်းစားစစ်ဘက်အရာရှိကြီးတွေနဲ့ နိုင်ငံရေးသမားတွေ ရောနှောထားပြီး အဖွဲ့ဝင် ၁၁ ဦး ရှိပါတယ်။

အတွင်းရေးမှူးက အငြိမ်းစားဗိုလ်ချုပ်ကြီးမောင်မောင်အေးဖြစ်ပြီး သူက တပ်ချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ခမည်းခမက်ဖြစ်ပါတယ်။

ကောင်စီထဲက နောက်ထပ်အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးက ကာကွယ်ရေးဦးစီးချုပ်(ရေ)ဟောင်း ဦးမိုးအောင် ဖြစ်ပါတယ်။

သူက ကြံ့ခိုင်ရေးထိပ်ပိုင်းခေါင်းဆောင်ဟောင်းဖြစ်ခဲ့တဲ့ ဦးအောင်သောင်းရဲ့သားလည်း ဖြစ်ပါတယ်။

"ဗိုလ်ချုပ်ကြီးမိုးအောင်က လုံခြုံရေးနဲ့ဆိုင်တဲ့စာတမ်းတွေရေးပြီး သမ္မတဆီတင်နေတယ်။ UCC ထဲမှာ သူကတက်ကြွတယ်" လို့ ကောင်စီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မန်းငြိမ်းမောင်၊ စစ်ကော်မရှင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်ခဲ့တဲ့ ဦးကိုကိုလှိုင်တို့လည်း ကောင်စီဝင်တွေ ဖြစ်ပါတယ်။

ဦးသန်းဆွေနဲ့ ဦးကိုကိုလှိုင်ကိုတော့ နေပြည်တော်က သံတမန်တွေ့ဆုံပွဲတွေနဲ့ အခမ်းအနားတချို့မှာတွေ့ရသလို နိုင်ငံပိုင်သတင်းစာမှာလည်း ဖော်ပြတတ်ပါတယ်။

တိုင်းရင်းသားရေးရာဒုဝန်ကြီးဟောင်း ဦးဇော်အေးမောင်လည်း ကောင်စီဝင်ဖြစ်ပြီး သူနဲ့ညီအစ်ကိုတော်စပ်တဲ့ ဦးသန်းမောင်က လက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်ပါတယ်။

ကောင်စီဝင်တွေထဲမှာ အမျိုးသမီး သုံးဦးပါဝင်ပါတယ်။

စစ်ကောင်စီ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ဒေါ်ဒွဲဘူ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အကြံပေးဟောင်း ဒေါက်တာရင်ရင်နွယ်နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ (Federal Democratic Party) ဥက္ကဋ္ဌဟောင်း ဒေါ်ချိုချိုကျော်ငြိမ်းတို့ဖြစ်ပါတယ်။

ဒေါက်တာရင်ရင်နွယ်က မြန်မာပြည်မှာ ပထမဆုံးအာဏာသိမ်းတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ချွေးမဟောင်း ဖြစ်ပါတယ်။

ဒေါ်ချိုချိုကျော်ငြိမ်းကတော့ ပါလီမန်ဒီမိုကရေစီခေတ်ရဲ့ ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်းရဲ့သမီး ဖြစ်ပါတယ်။

အတိုင်ပင်ခံကောင်စီမှာပါတဲ့ နောက်ထပ်နိုင်ငံရေးသမားတစ်ဦးကတော့ ၈၈ မျိုးဆက်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး ဖြစ်ပါတယ်။

သူက ပြည်သူ့ပါတီကိုဦးဆောင်ပြီး စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။ UCC အဖွဲ့ဝင်ဖြစ်တော့လည်း ထပ်ဝေဖန်ခံရပြန်ပါတယ်။

ဦးကိုကိုကြီးလည်း အကြံပြုချက်တွေ၊ စာတမ်းတွေ သမ္မတရုံးကိုပို့နေပေမဲ့

သူယုံကြည်တဲ့နိုင်ငံရေးကို လုပ်နိုင်နေပြီလားဆိုတဲ့ မေးခွန်းတစ်ခုလည်း ရှိနေပါတယ်။

နှစ်သိမ့်ခံကောင်စီလား

ကောင်စီဖွဲ့စည်းတဲ့ ရည်ရွယ်ချက်မှာ ပြည်ထောင်စုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ဖွဲ့တာလို့ UCC ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

ဒါပေမဲ့ အတိုင်ပင်ခံကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ နှိုင်းယှဥ်လို့မရတာတော့ သေချာပါတယ်။

UCC အနေနဲ့ အနီးစပ်ဆုံး နှိုင်းယှဥ်နိုင်တာက အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းရဲ့ အထူးကော်မရှင်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ သူရဦးရွှေမန်းရဲ့အထူးကော်မရှင်က ဥပဒေပြုရေးကို အဓိက အကြံပြုတာဖြစ်ပြီး UCC ကတော့ ပိုကျယ်ပြန့်ပါတယ်။

အကြံပေးတွေဟာ အာဏာလက်ကိုင်မရှိတဲ့အတွက် ဒီရာထူးတွေနဲ့ပတ်သက်ရင် ချွေးသိပ်တာ ဒါမှမဟုတ် ချောင်ထိုးတာလို့တောင် ပြောဆိုမှုတွေရှိကြပါတယ်။

"ဒါကတော့ သမ္မတက သူတို့စကား ဘယ်လောက်နားထောင်သလဲ၊ သူတို့အကြံကို ဘယ်လောက်ယူသလဲ ဆိုတဲ့အပေါ်မူတည်ပါတယ်" လို့ ကောင်စီနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က စီနီယာစစ်ဗိုလ်ချုပ်တွေကို အကြံပေးအဖွဲ့ဖွဲ့ပြီး ပထုတ်ခဲ့တာမျိုးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စစ်ကောင်စီဝင်တချို့ကို ဗဟိုအကြံပေးအဖွဲ့ဖွဲ့ပေးပြီး ကောင်စီထဲက ဖယ်ထုတ်ခဲ့တာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။

ဦးစိုးဝင်းလို ၁၅ နှစ်တိတိ ဒုချုပ်လုပ်ခဲ့သူတစ်ဦးကို ဦးမင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်နဲ့ ဒုသမ္မတလို ရာထူးတွေမပေးခဲ့ဘဲ သူ့ရဲ့မျက်စိအောက်မှာပဲ ဆက်ထားထားတာလို့ အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။

ဒါပေမဲ့ ဦးစိုးဝင်းကို ဒုသမ္မတလစာပေးထားတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကပြောပေမဲ့ အဆောင်အယောင်ကတော့ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေးတို့နဲ့ ခြားနားသွားပါပြီ။

ပြည်ထောင်စုအင်္ဂါစဥ်ကို ထုတ်ပြန်တုန်းကလည်း အတိုင်ပင်ခံကောင်စီ မပါလာတာ တွေ့ရပါတယ်။

သမ္မတရုံးဝက်ဘ်ဆိုက်မှာတော့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီးတွေကြားမှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကိုထားတာ တွေ့ရပါတယ်။

မရုန်းထွက်နိုင်တဲ့ ဦးစိုးဝင်း

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံးက အရင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရုံးထိုင်ဖို့ အိပ်မက်ခဲ့တဲ့ "နိုင်ငံ့ဥသျှောင်ရုံး" (ရုံးအမှတ် ၃၇) နေရာဖြစ်ပါတယ်။

(၂၀၂၅ ငလျင်ကြီး လှုပ်ခတ်အပြီးမှာနေပြည်တော်က သမ္မတအိမ်တော်အပါအဝင် အစိုးရအဆောက်အအုံတွေ ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီရုံးကို နိုင်ငံ့ဥသျှောင်ရုံးနေရာမှာ ခေတ္တရုံးထိုင်ခဲ့ရပါတယ်။)

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် နိုင်ငံရေးအကူးအပြောင်းမှာ "နိုင်ငံ့ဥသျှောင်ရုံး" ကနေတဆင့် အရပ်ဘက်ရောစစ်ဘက်ကိုပါ ထိန်းချုပ်ဖို့ စီစဥ်ခဲ့ပါတယ်။

"နိုင်ငံ့ဥသျှောင်"အဖွဲ့မှာ အဲဒီကာလက တပ်ကအငြိမ်းစားယူသွားကြတဲ့ ထိပ်တန်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်ဟောင်းတွေဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဝင်းတို့ နဲ့ ဖွဲ့စည်းဖို့ စီစဥ်ခဲ့ကြတာပါ။

ဒါပေမဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဒီအဖွဲ့မှာမပါတော့ဘဲ "ဗိုလ်ချုပ်မှူးကြီးလည်း အနားယူသင့်ပါပြီ" လို့ အကြံပြုခဲ့တဲ့အတွက် "နိုင်ငံ့ဥသျှောင်"အဖွဲ့က အသက်မဝင်လာတော့ဘူးလို့ ဝန်ကြီးဟောင်းတစ်ဦးက ပြောဖူးပါတယ်။

ဦးမင်းအောင်လှိုင်ရဲ့ အကူးအပြောင်းမှာတော့ ဦးစိုးဝင်းအပါအဝင် ဘယ်စစ်ဗိုလ်ချုပ်မှ မတားဝံ့ကြဘဲ "ဦးစိုးဝင်းက ဦးအေးလို မရုန်းထွက်နိုင်ခဲ့ရှာဘူး" လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။