“၁၇ နှစ်ကြာမှ ပြန်ဆုံခွင့်ရတဲ့သမီးကြောင့် ကျွန်မဘဝ အသစ်တဖန်ပြန်လည်မွေးဖွားခဲ့ပြီ”

စီတရက် ဖာရိုဟီ နဲ့ သမီးဖြစ်သူတို့ ၁၇ နှစ်အကြာမှ ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါတယ်
    • ရေးသားသူ, ဘမ်ဒတ် အက်စ်မာအီလီ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
  • ရေးသားခဲ့သည်။

ဂျာမဏီနိုင်ငံမှာ နေထိုင်နေတဲ့ အီရန်ဒုက္ခသည် စီတရက် ဖာရိုဟီရဲ့ ဖြစ်ရပ်မျိုး ကြုံဖူးတဲ့မိခင်ဆိုရင် အရေအတွက်နည်းနည်းပဲရှိမှာသေချာပါတယ်။ ၁၇ နှစ်ကြာ ဝေးကွာခဲ့တဲ့ သမီးဖြစ်သူ ဆပီဒီကို လွန်ခဲ့တဲ့ ၂ နှစ်တုန်းကမှ ဂျာမဏီနိုင်ငံမှာ သူ ပြန်လည်တွေ့ဆုံ ထွေးပွေ့ခွင့်ရခဲ့ပါတယ်။

အီရန် နိုင်ငံအနောက်ပိုင်း ကာမန်ရှာမြို့ဇာတိ အသက် ၄၄ နှစ်အရွယ် ဆံပင်အလှဖန်တီးရှင်ကတော့ သူဟာ အသက်ငယ်ငယ်နဲ့လက်ထပ်ထိမ်းမြားခံရမှုရဲ့ သားကောင်တစ်ဦးလို့ ပြောပါတယ်။

သူ့ အသက် ၁၅ နှစ်အရွယ်မှာ လက်ထပ်ခဲ့ရပြီး ဆပီဒီဆိုတဲ့ သမီးလေးကို အသက် ၁၆ နှစ်အရွယ်မှာ မွေးဖွားခဲ့ပါတယ်။

“ကျွန်မ အိမ်ထောင်ကျခါစတုန်းက ခန္ဓာကိုယ်ရော၊ လိင်ပိုင်းဆိုင်ရာရော အရွယ်မရောက်သေးဘူး။ မိသားစုတွေအကျပ်ကိုင်ခဲ့တာကြောင့် ကျွန်မလက်ထပ်ဖြစ်ခဲ့တာပါ” လို့ စီတရက် ဖာရိုဟီက ဘီဘီစီကို ‌ပြောပြပါတယ်။

“ကျွန်မ သဘောဆန္ဒ လုံးဝမပါခဲ့ဘူး” လို့ သူက ဆက်ပြောပါတယ်။

“အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ရောက်လာချိန်ကျမှ ကျွန်မက နစ်နာသူ သားကောင်ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်”

အီရန်နိုင်ငံဟာ ကလေးသူငယ်ထိမ်းမြားလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုထားတဲ့ ကမ္ဘာ့နိုင်ငံအနည်းငယ်‌ထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အမျိုးသမီးဆိုရင် အသက် ၁၃ နှစ်၊ အမျိုးသားဆိုရင် အသက် ၁၅ နှစ်ကနေစလို့ အိမ်ထောင်ပြုနိုင်ပါတယ်။

ဒီဥပဒေအရဆိုရင် ကလေးအုပ်ထိန်းသူရဲ့ သဘောတူညီချက်၊ တရားရုံးရဲ့ ခွင့်ပြုချက်ရရင် သတ်မှတ်ထားတဲ့ အသက်အရွယ်မရောက်သေးရင်တောင် လက်ထပ်ထိမ်းမြားပေးလို့ရပါတယ်။

ဒါဟာ ကလေးသူငယ်အခွင့်အရေးကိုချိုးဖောက်နေပြီး လက်ထပ်ထိမ်းမြားမယ့် ကလေးငယ်ရဲ့အခွင့်အရေးအတွက်လည်း ထည့်သွင်းစဉ်းစားပေးထားတာမရှိဘူးလို့ အကဲခတ်တွေက ထောက်ပြပါတယ်။

စီတရက်ကတော့ အိမ်ထောင်သည်ဘဝအတွက်ရော မိဘဖြစ်လာဖို့အတွက်ပါ သူဟာ သိပ်ငယ်ရွယ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်မတို့နှစ်ယောက်က ကစားဖော် ကစားဖက်လိုမျိုး အတူကြီးပြင်းလာကြတာပါ။ အဲဒီတုန်းကဆို ကလေးငိုခဲ့ရင် သူနို့သောက်ချင်တာလား၊ သူ့မှာတခုခု ပေကျံညစ်ပတ်နေလို့များလား၊ သူတခုခု လိုချင်တာလားဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ကျွန်မအရမ်းငယ်ပြီးတော့ အိမ်ထောင်သည်ဘဝကို အဆင်သင့်မဖြစ်ခဲ့ဘူး။ ကလေးလည်း မြန်မြန်ရလိုက်တာလေ”

“ကြမ်းပြင်ပေါ်ထိုင်ချပြီး ကျွန်မငိုခဲ့တယ်”

ဆပီဒီငယ်ဘဝ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, စီတရက် ဖာရိုဟီ

ဓာတ်ပုံ ပုံစာ, အသက် ၈ နှစ်အရွယ် သမီးဖြစ်သူကို မိခင်စီတရက် နောက်ဆုံးတွေ့မြင်ခဲ့ရတာပါ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စီတရက်အတွက် သမီးလေးနဲ့ နောက်ဆုံးတွေ့ခဲ့ရချိန်ဟာ သူ့ရင်ထဲမှာထာဝရစွဲမြဲနေမယ့် အမှတ်တရတစ်ခုပါ။

“ ကလေးက သူ့အဖေရဲ့ကားထဲကနေ ထွက်တယ်။ ကျွန်မလည်း ထွက်တယ်ပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက်ဖက်တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်ထိုင်ချပြီး ကျွန်မတို့ ငိုခဲ့တယ်။ အဲဒီခံစားချက်ကို စကားလုံးနဲ့တောင်ပုံဖော်လို့မရဘူး”

ယဉ်ကျေးမှုနဲ့ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားချက်တွေကြောင့် သမီးဖြစ်သူ အသက် ၈ နှစ်အရွယ်မှာပဲ ကလေးကို အဖေဖြစ်သူက သူ့ဆီကနေ အဝေးကို ခေါ်သွားခဲ့ပါတယ်။

“ကလေးကို ကျွန်မနဲ့ပေးမတွေ့ဘူး။ အဖေဖြစ်သူက တင်းကျပ်တော့ တရားရုံးက ကျွန်မကို လူမြင်ကွင်းမှာ ကလေးနဲ့တွေ့ခွင့်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဆိုလိုတာကတော့ လမ်းပေါ်မှာတွေ့နိုင်တယ်ပေါ့လေ၊ တစ်လ တစ်ခါပေါ့”

အီရန် ဥပဒေအရ သားဖြစ်ဖြစ်၊ သမီးဖြစ်ဖြစ် အသက် ၇ နှစ် မတိုင်မီအထိ မိခင်နဲ့အတူနေပြီး အုပ်ထိန်းခွင့်ရှိတယ်။ ဒါအပြင် သမီးဖြစ်သူ အသက် ၇ နှစ်ကနေ ၉ နှစ်ရောက်တဲ့အခါ၊ သားဖြစ်သူ အသက် ၇ နှစ်ကနေ ၁၅ နှစ်အထိရောက်တဲ့အခါ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရှိပါတယ်။ သားသမီးတွေအပျိုဖော် လူပျိုဖော် ဝင်လာပြီဆိုရင်တော့ ဘယ်မိဘနဲ့နေထိုင်လိုလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။

အဲဒီနောက်ဆုံးတွေ့ဆုံမှုပြီးတဲ့နောက် သမီးလေးကို မိခင်နဲ့ ပေးမတွေ့တော့ဘဲ အမေသေဆုံးသွားပြီလို့ သာ ဖခင်ဖြစ်သူက ကလေးကိုပြောခဲ့တဲ့အကြောင်း စီတရက်က အခုလိုပြောပြပါတယ်။

“သမီးမွေးနေ့တိုင်း သူ့ကိုပေးဖို့ ကျွန်မလက်ဆောင်တွေဝယ်ခဲ့တာ။ ပြီးတော့ အထီးကျန်အဖော်မဲ့မှုတွေကြား အရူးတစ်ယောက်လို ငိုခဲ့တာတွေကို မှတ်မိသေးတယ်။ ကျွန်မအတွက် သိပ်ခက်ခဲ ခဲ့တာလေ”

ဂျာမဏီမှာ အတူပြန်လည်စတင်တဲ့ ဘဝသစ်တစ်ခု

ဒူဆဖ်ဒေါ လေဆိပ်မှာ ပွေ့ဖက်နေကြတဲ့ စီတရက် နဲ့ ဆပီဒီ
ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ နှစ် နှစ်တုန်းက စီတရက် နဲ့ ဆပီဒီ တို့ ဂျာမဏီမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတတယ်

၂၀၁၆ နှစ်သစ်ကူးကာလတုန်းက စီတရက် တစ်ယောက် အခြားဒုက္ခသည်တွေလိုပဲ ဘောလ်ကန်လမ်းကြောင်း အတိုင်း ဂရိ၊ တူရကီ နိုင်ငံတွေကိုဖြတ်သန်းပြီး ဂျာမဏီနိုင်ငံကိုရောက်ရှိလာခဲ့ကာ ဆံပင်အလှဖန်တီးရှင် အဖြစ် အလုပ်ရခဲ့ပါတယ်။

တစ်နေ့နေ့တော့ သမီးလေး ဆပီဒီ သူ့ကိုရှာတွေ့နိုင်ဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ သူ့ရဲ့ ဖေ့စ်ဘုတ် နဲ့ အင်စတာဂရမ် အကောင့်တွေကို အများမြင်နိုင်အောင်ဖွင့်ထားခဲ့ရာကနေ အခုတော့ မျှော်လင့်ထားခဲ့သလိုဖြစ်လာခဲ့ပါပြီ။

အခုဆိုရင် ဆပီဒီ က ၂၆ နှစ်အရွယ်ရှိနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက မိခင်ဖြစ်သူကိုရှာဖွေနေခဲ့ကာ အင်စတာဂရမ်ကတဆင့် စာပို့ဆက်သွယ်လာခဲ့ပါတယ်။

“ကျွန်မဘယ်တော့မှ မမေ့နိုင်ဘူး။ ကျွန်မကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ချန်ထားပေးခဲ့ပေမဲ့ ဆပီဒီ နဲ့ ရက်အနည်းငယ်ကြာတဲ့အထိ စကားမပြောဖြစ်ခဲ့ဘူး။ စကားပြောဖြစ်ချိန် သမီးကင်မရာဖွင့်လိုက်ချိန်မှာတော့ သူကငိုပြီးမေးတယ် တကယ် မေမေလားတဲ့” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ သားအမိနှစ်ယောက် လအတော်ကြာအောင် အဆက်အသွယ် လုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဆပီဒီ က ဂျာမဏီကို လာနိုင်ခဲ့ပါတယ်။

“အရာအားလုံးဟာ အိပ်မက်တစ်ခုလိုပါပဲ”

ဆိုဖာပေါ်မှာ အတူတကွလှဲလျောင်းနေတဲ့ စီတရက် နဲ့ ဆပီဒီ

ဓာတ်ပုံ ရင်းမြစ်, စီတရက် ဖာရိုဟီ

ဓာတ်ပုံ ပုံစာ, “အမေနဲ့ကလေးတွေ ဘယ်တော့မှ မခွဲခွာရဖို့ မျှော်လင့်ပါတယ်” လို့ ဆပီဒီက ပြောပါတယ်

၂၀၂၂ ခုနှစ် နွေရာသီမှာတော့ စီတရက်နဲ့ ဆပီဒီ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရတဲ့အချိန် နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ။ ၁၇ နှစ်ကြာ ခွဲခွာပြီးတဲ့နောက် ပြန်တွေ့ဆုံချိန်မှာ သူတို့နှစ်ဦးသား တစ်ဦးကို တစ်ဦး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားကြပြီး နမ်းရှုံ့လိုက်၊ တစ်ဦးမျက်ရည်ကို တစ်ဦးက သုတ်ပေးလိုက်နဲ့ နာရီဝက်နီးပါး ငိုကြွေးခဲ့ကြပါတယ်။

ဆပီဒီ ဖွင့်ပြောခဲ့တဲ့ တစ်ခုတည်းသောစကားတစ်ခွန်းကတော့ “အမေနဲ့ကလေးတွေ ဘယ်တော့မှ မခွဲခွာရဖို့ မျှော်လင့်ပါတယ်”

တစ်နှစ်ခွဲကြာပြီးတဲ့နောက်မှာတော့ စီတရက် နဲ့ ဆပီဒီ တို့ လက်ရှိခံစားချက်ဘယ်လိုရှိနေလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ ဘီဘီစီက သူတို့ဆီသွားရောက်လည်ပတ်ခဲ့ပါတယ်။

သုံးရက်ပဲကွာတဲ့ သူတို့နှစ်ဦးရဲ့ မွေးနေ့ပွဲတွေကို မကြာသေးခင်ကပဲ ကျင်းပပြီးစီးခဲ့ပြီး အလုပ်တွေရှုပ်နေကြပါတယ်။ စီတရက် ကတော့ ဆံပင်ညှပ်ဆိုင်မှာ ဒီကနေ့အထိ အလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီး ခိုလှုံခွင့်ရရှိခဲ့ပြီဖြစ်တဲ့ ဆပီဒီလည်း ဂျာမဏီ အသိုင်းအဝိုင်းမှာ အသားကျဖို့ကြိုးစားနေပြီး ဘာသာစကားလည်း လေ့လာနေပါတယ်။

ဆံပင်ခပ်တိုတိုညှပ်လိုက်တဲ့ ဆပီဒီ တစ်ယောက် သူ့အမေရဲ့အိမ်မှာ လက်ဖက်ရည်သောက်ရင်း သူတို့သားအမိနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်တာကို ပြန်ပြောင်း အောက်မေ့နေပါတယ်။

“အရာအားလုံးဟာ အိပ်မက်တစ်ခုလိုပါပဲ။ အသေးစိတ်ကအစမှတ်မိနေပေမဲ့ ယုံကြည်ဖို့ခက်တဲ့ အိပ်မက်တစ်ခု လိုမျိုးခံစားရတယ်။ စိတ်ပိုင်းဆိုင်ရာထိတ်လန့်တုန်လှုပ်မှုတစ်ခုပေ့ါ”

“ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း အမှတ်တရအများကြီးဖန်တီးခဲ့ကြပေမဲ့ ဝေးကွာခဲ့ရတဲ့ ၁၇ နှစ်တာနဲ့ ဘယ်လိုမှ အစားထိုးလို့မရနိုင်ပါဘူး”

ဆပီဒီ က အမေဖြစ်သူကို သူ့ဘဝအတွက် တန်ဖိုးအကြီးဆုံးရတနာတစ်ခုလို့ တင်စားညွှန်းဆိုရင်း “အခု ကျွန်မမှာ အမေရှိပြီ။ အဲဒီခံစားချက်က သိပ်ကောင်းတယ်”

“လက်တွေ့ဖြစ်လာမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့တဲ့ သမီးလေးနဲ့အတူဖြတ်သန်းရတဲ့ အမှတ်တရတွေ ကျွန်မမှာ ပိုင်ဆိုင်ခွင့်ရလာပြီ။ ကျွန်မတို့ အတူတွေ့ဆုံ ကြီးပြင်းခွင့်ရပြီ” စီတရက်တစ်ယောက် သမီးဖြစ်သူကို မြတ်မြတ်နိုးနိုးကြည့်ရင်း ပြောပါတယ်။

“သမီးက ကျွန်မကျင်လည်ရတဲ့ဘဝနဲ့ဝေးရာမှာ ကြီးပြင်းခဲ့တော့ သူဘာကြိုက်လဲ မကြိုက်လဲဆိုတာမျိုးလို သူ့အကြောင်းသိဖို့ ကျွန်မအတွက် သိပ်ခက်ခဲခဲ့တာ။ ဒါပေမဲ့ သူနဲ့ ပြန်ဆုံကြတဲ့အချိန်ကြာလာတာနဲ့အမျှ သမီးက ကျွန်မတဲ့ တော်တော်များများ တူတယ်။ ကျွန်မကိုယ်ပွားလေးပေါ့”