ကသုံးလုံးဒေသ - တပ်ချုပ်အသစ်လက်ထက် ကချင်အပေါ်စစ်ရေးဖိအား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်လာပြီး တလအတွင်းမှာပဲ ချင်းပြည်နယ်က ဖလမ်းမြို့နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက အင်းတော်မြို့တို့ကို ပြန်သိမ်းခဲ့ပါတယ်။
တော်လှန်ရေးအင်အားစုတွေရင်ဆိုင်နေရတဲ့ စစ်ပန်းမှု၊ ထောက်ပို့ရေးလမ်းကြောင်းဖြတ်တောက်ခံရမှုနဲ့အတူ လက်နက်ခဲယမ်းရှားပါးလာတာကလည်း စစ်တပ်ရဲ့ မြို့ပြန်သိမ်းရေးလမ်းကြောင်းကို ပိုမြန်ဆန်စေပါတယ်။
အထူးသဖြင့် အင်းတော်ကို သိမ်းလိုက်နိုင်တာက ကချင်ဝင်ပေါက် "ကသုံးလုံးဒေသ" မှာ စစ်တပ်က ပြန်စုဖွဲ့ ပြင်ဆင်လာတဲ့ခြေလှမ်းဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပေါ် စစ်ရေးဖိအား ပိုတိုးလာပါတယ်။
"ရန်သူဘက်ကလည်း ပြင်ဆင်သလို ကျွန်တော်တို့ဘက်ကလည်းအတတ်နိုင်ဆုံး ပြင်ဆင်နေပါတယ်" လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ရက်ပိုင်းအတွင်း အင်းတော်မြို့ပြန်သိမ်းခြင်း

ဓာတ်ပုံ ရင်းမြစ်, CINCDS
ရွှေဘို - မြစ်ကြီးနားလမ်းပေါ် မေးတင်ထားတဲ့ အင်းတော်မြို့ဟာ တနှစ်တိတိမှာပဲ အုပ်စိုးသူ အပြောင်းအလဲထပ်ဖြစ်ပြန်ပါပြီ။
စစ်ကိုင်းတိုင်းအထက်ပိုင်း "ကသုံးလုံးဒေသ" ထဲက အင်းတော်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လေးနှစ်ပြည့်အကြိုမွေးနေ့လက်ဆောင်အဖြစ် အရယူခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၂၀၂၅ ခုနှစ် တပ်မွေးနေ့မိန့်ခွန်းမှာထည့်ပြောခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေပူးပေါင်းပြီး ၈ လကြာထိုးစစ်ဆင်ခဲ့ကာ မြန်မာစစ်တပ်အတွက် တပ်အရာရှိကြီး တဦးဖြစ်တဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိတဲ့အထိ အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ထင်ရှားခဲ့ပါတယ်။
တနှစ်အကြာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၃၀ ရက်မှာတော့ မြို့ပြန်သိမ်းနိုင်ကြောင်း မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက် နဲ့အတူ စစ်ရေးအခင်းအကျင်းကလည်း တမဟုတ်ချင်းပြောင်းလဲသွားပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အင်းတော်မြို့ကို ရက်ပိုင်းအတွင်း ပြန်သိမ်းပိုက်လိုက်တာကြောင့်ပါ။
ဒါဟာ ကသာမြို့ကို စစ်တပ်အပြည့်အဝပြန်ရခဲ့တာရဲ့ နောက်ဆက်တွဲလို့လည်း ဆိုနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NUG MOD
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကသာ၊ ကောလင်း၊ ကန့်ဘလူဆိုတဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ခရိုင် ၃ ခုကိုစုပေါင်းပြီး "ကသုံးလုံးဒေသ" လို့ခေါ်ဝေါ်ကာ ကချင်ပြည်နယ်ဝင်ပေါက်လို့လည်း ညွှန်းဆိုကြပါတယ်။ အဲဒီခရိုင်တွေရဲ့ ကျေးလက်ဒေသ အများစုကို တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားပြီး မြို့သိမ်းတိုက်ပွဲတွေလည်း ဆင်နွှဲခဲ့ကြပါတယ်။
ကောလင်းခရိုင်ထဲက ကောလင်းနဲ့ ပင်လည်ဘူး၊ ကသာခရိုင်မှာတော့ ဗန်းမောက်၊ အင်းတော်နဲ့ မော်လူးတို့ကို အလုံးစုံ သိမ်းပိုက်ပြီး ထီးချိုင့်နဲ့ ကသာကတော့ ရလုရခင်နီးနီးအထိဖြစ်ခဲ့ပါတယ်။ ကန့်ဘလူခရိုင်ကတော့ ကျေးလက်ဒေသမှာသာအများစုစိုးမိုးထားနိုင်တဲ့အနေအထားပါ။
လက်ရှိအခင်းအကျင်းမှာတော့ ကောလင်း၊ ဗန်းမောက်၊ အင်းတော်တို့ကို တော်လှန်ရေးအင်အားစုတွေက လက်လွှတ်ထားရပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲအပိုင်း ၁ ကာလဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာမှာစခဲ့တဲ့ ကသာတိုက်ပွဲဟာ လေးလ အကြာမှာတော့ စစ်တပ်ဘက်ကပဲအသာစီးရပြီးမြို့ပြန်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ နောက်ဆုံးသီတင်းပတ်မှာပဲ ကသာနဲ့နယ်နိမိတ်ထိစပ်နေတဲ့ အင်းတော်မြို့ကိုပါ ပြန်သိမ်းခဲ့ပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ ကသာမြို့အနောက်ဘက်က ပင်းမလွတ်ရွာကို ဧပြီ ၂၄ ရက်မှာသိမ်းပြီး နဘားလမ်းဆုံနဲ့ နဘားရွာကို ဧပြီ ၂၉ ရက်မှာ သိမ်းပါတယ်။ ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနဲ့ ကူဆိပ်ရွာတွေကို ဧပြီ ၃၀ မနက်ပိုင်းမှာသိမ်းပြီး အဲ့နေ့ညနေပိုင်းမှာတော့ အင်းတော်မြို့ကို စစ်တပ်က ပြန်ရခဲ့ပါတယ်။
"သူတို့အရင်လိုမဟုတ်ဘူး စနစ်တကျကိုပြင်ဆင်လာတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်းပြင်လာတယ်။ လက်နက်ခဲယမ်းလည်း လှိုင်လှိုင်သုံးတယ်၊ ဒရုန်းဆိုလည်း အသေခံဒရုန်းလား FPV (အဝေးက ထိန်းချုပ်မောင်းနှင်) ဒရုန်းလားအသေအချာကိုသုံးတယ်" လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။
ဒီလိုနည်းပညာမြှင့်လက်နက်တွေအပြင် စစ်မှုထမ်းနဲ့ဖြည့်တင်းလာနိုင်တဲ့လူအင်အားကိုလည်း အလုံးအရင်း အသုံးပြုခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။ ဒီအင်အားတွေကို ဧရာဝတီမြစ်အရှေ့ခြမ်း စစ်တပ်ပြန်လည်သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေကတဆင့် ပို့လိုက်တာပါ။
မြင်သာအောင်ပြောရရင် မန္တလေးတိုင်းထဲက တကောင်းမြို့ကို အခုနှစ် မတ်လလယ်မှာ တော်လှန်ရေးတပ်တွေလက်လွှတ်လိုက်ရတာက စစ်တပ်ရဲ့ "ကသုံးလုံးဒေသ" ထိုးစစ်ဖွင့်ဖို့ အားသာချက် ဖြစ်စေခဲ့ပါတယ်။
မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုသိမ်းပိုက်ခဲ့တဲ့မြို့တွေကို စစ်တပ်ကပြန်ရပြီးနောက်မှာ ဧရာဝတီမြစ်ကို သက်သောင့်သက်သာပြန်အသုံးပြုနိုင်တဲ့အခွင့်အရေးပါပြန်ရခဲ့ပါတယ်။ တကောင်းကိုပါ ပြန်ရချိန်မှာတော့ မြစ်အနောက်ခြမ်းက မြစ်ကမ်းဘေးမြို့ဖြစ်တဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်ကို စစ်အင်အားတွေဖြည့်တင်းခဲ့ပါတယ်။
ဒီလိုထီးချိုင့်ကိုပို့ခဲ့တဲ့အင်အားတွေနဲ့ ကသာ၊ ကသာကတဆင့် နဘားလမ်းဆုံကို ပြန်ဝင်ပြီး အင်းတော်ကို အဆင့်ဆင့်သိမ်းနိုင်တာလို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူရဲ့ ပြောပြချက်အရလည်း စစ်တပ်ဟာ ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေပါ ကသာစစ်မျက်နှာပြင်အတွက် စစ်အင်အားတွေပို့ခဲ့ပါတယ်။ ရွှေကူဟာ ဧရာဝတီမြစ်အရှေ့ခြမ်းမှာရှိတဲ့မြို့ဖြစ်ပြီး မြစ်ကြောင်းအရဆို ကသာမြို့ရဲ့ အထက်ဘက်မှာ တည်ရှိပါတယ်။
"ကသာ၊ နဘားနဲ့ အင်းတော်စစ်မျက်နှာပြင်အတွက် အင်အား ၆၀၀ ကနေ ၇၀၀ ကြားရှိတယ်။ အခု အဲဒီတကြောမှာ သူတို့အခိုင်အမာနေရာယူထားပြီ" လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
နယ်မြေတွေပြန်သိမ်းပိုက်ပြီးရက်ပိုင်းအတွင်းမှာပဲ ခံစစ်အတွက်ပါ တပြိုင်နက်နေရာယူလိုက်တဲ့ စစ်တပ်ရဲ့ စစ်ရေးဗျူဟာအရွေ့လည်းဖြစ်ပါတယ်။ စစ်တပ်ဟာ တနေရာကိုသိမ်းပိုက်ပြီးတာနဲ့ အဲဒီနေရာမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေခပ်မြန်မြန်ဆောက်ကာ ခုခံဖို့တန်းပြင်ဆင်တဲ့ပုံစံကို အသုံးပြုခဲ့ပါတယ်။
"တော်လှန်ရေးဘက်မှာက ခံစစ်အားနည်းခဲ့တယ်" လို့ ရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင်က သူ့အတွေ့အကြုံအရ ထောက်ပြပါတယ်။
စစ်ရေးစောင့်ကြည့်နေတဲ့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း တော်လှန်ရေးတပ်တွေ ခွာစစ်၊ ခံစစ်ဆင်ရာမှာ ပိုပြီးစနစ်တကျဆုတ်ခွာသင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
"ကသာကတော့ နဂိုထဲက ဆုတ်ထားတဲ့အနေအထားမျိုးပါ။ အင်းတော်မှာတော့ ခွာစစ်ကို နေရာဖျောက်သွား နိုင်တဲ့အနေအထားမျိုးတွေ့ရတယ်။ စစ်တပ်ကအဓိကဦးတည်မှာက နန်စီးအောင်၊ မော်လူးဘက်ပေါ့"
"နန်စီးအောင်၊ မော်လူးဘက်ကိုသွားစုတဲ့အနေအထားဆိုရင် စစ်တပ်ကလည်းကြိုတင်စီစဉ်တဲ့တိုက်စစ်၊ သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့ခံစစ်ဖြစ်မှာပေါ့။ အကယ်လို့ နန်စီးအောင်၊ မော်လူးကိုလည်း အချိန်တိုအတွင်းနဲ့လက်လွှတ်တယ်ဆိုရင်တော့ အင်းတော်ခွာစစ်ကျိုးပေါက်တဲ့အခြေအနေ ဖြစ်လိမ့်မယ်" လို့ သူက သုံးသပ်ပါတယ်။
အင်းတော်မြို့ကနေ တော်လှန်ရေးတပ်တွေခွာစစ်ဆင်လိုက်တာဟာ ကချင်ပြည်နယ်အတွက် စစ်တပ်က စစ်ရေးဖိအားခြေတလှမ်းတိုးတဲ့သဘောလို့လည်း နားလည်နိုင်ပါတယ်။
ကချင်အတွက် စစ်ရေးတံခါးခေါက်သံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ဟာ မြို့ပေါင်း ၆၀ ကို အရေးပေါ်အခြေအနေဆက်ကြေညာပြီး အဲဒီမြို့တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး တာဝန်တွေကို မတ် ၃၀ ရက်ကမှ ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရဲ့ အခွင့်အာဏာအဖြစ် ပေးအပ်ခဲ့ပါတယ်။
တာဝန်ပေးအပ်လိုက်တဲ့ ဧပြီ ၂၃ ရက်မှာပဲ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ အဲဒီစစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးတွေဆီ ထပ်ဆင့်အပ်လိုက်ပြီး အချိန်နဲ့အညီပြောင်းနေတဲ့ အခြေအနေအလိုက် တိုင်းမှူးတွေက စစ်နယ်မြေမှူးတွေဆီပါ ဒီအာဏာထပ်လွှဲလို့ရကြောင်း အမိန့်ထုတ်ခဲ့ပါတယ်။
ဒါဟာ စစ်မြေပြင်မှာ အမိန့်စီးဆင်းမှုခပ်မြန်မြန်လုပ်နိုင်တဲ့အရွေ့လည်းဖြစ်ပါတယ်။ အရေးပေါ်ကြေညာတဲ့ မြို့ ၆၀ စာရင်းထဲမှာ ဖလမ်းနဲ့ အင်းတော်မြို့တွေပါဝင်ပါတယ်။ ဒီလိုကြေညာပြီး ရက်ပိုင်းအတွင်း မြို့တွေ ပြန်သိမ်းလိုက်နိုင်တဲ့သဘောပါ။
အဲဒီထဲ ကာကွယ်ရေးဦးစီးချုပ်အသစ်ရဲ့ အဖွင့်အဖြစ် ကချင်ကို စစ်ရေးဖိအားပေးလိုဟန် ရှိတယ်လို့ ဘီဘီစီစကားပြောခွင့်ရတဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ ဘီဘီစီ မေးမြန်းချက် အရလည်း စစ်တပ်ရဲ့လိုလားဟန်ကို KIA အနေနဲ့သိရှိထားပုံပေါ်ပါတယ်။
"ကသာ၊ နဘား၊ အင်းတော်၊ ဗန်းမောက်တို့ဆိုတာ ကချင်ပြည်နယ်အတွက်ကို စစ်ရေးအရ အင်မတန် အရေးကြီးတဲ့ နေရာတွေဖြစ်ပါတယ်" လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်ဝင်ပေါက်အများစုကို လက်လွှတ်လိုက်ရပြီးတဲ့နောက် တော်လှန်ရေးတပ်တွေလက်ထဲ ကသုံးလုံးဒေသထဲက ပင်လည်ဘူးနဲ့ မော်လူးမြို့တွေကျန်ရှိပါတယ်။ ပင်လည်ဘူးမြို့က ကောလင်းခရိုင်ထဲကဖြစ်ပြီး မော်လူးကတော့ ကသာခရိုင်ထဲကပါ။
အဲဒီထဲကမှ ကချင်ပြည်နယ်နဲ့ နယ်စပ်မျဉ်းပေါ်ရှိတဲ့ မော်လူးမြို့ကို စစ်တပ်က ထိုးစစ်ဆင်နိုင်ပြီး ထိစပ်နေတဲ့ မိုးညှင်းမြို့နယ်ထဲက နန်စီးအောင်ဘက်ကိုပါ စစ်ရေးရွေ့လာနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ခန့်မှန်းပါတယ်။
မြို့တွေရဲ့ တည်ရှိပုံအရကြည့်မယ်ဆိုရင် စစ်တပ်က မတ်လမှာပြန်သိမ်းတဲ့ ဗန်းမောက်၊ ဧပြီမှာ သိမ်းထားတဲ့ အင်းတော်နဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ မော်လူးတို့က သုံးမြှောင့်ချွန် ပုံစံရှိနေပါတယ်။ တနည်းအားဖြင့် တြိဂံပုံစံနဲ့အနေအထားနဲ့ ဗန်းမောက်နဲ့ အင်းတော်ကြားမှာ မော်လူးမြို့ရှိနေပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ မေးမြန်းကြည့်ချက်အရတော့ ရွှေဘို - မြစ်ကြီးနားလမ်းဘေးမှာရှိတဲ့ မော်လူး၊ နန်စီးအောင်တို့ကို စစ်တပ်ကပြန်ရယူဖို့ကြိုးစားမလားဆိုတဲ့ စဉ်းစားချက်ရှိနေပါတယ်။ ရွှေကူ - ကသာ - နဘားကို အခိုင်အမာခြေကုပ်ယူပြီး ကချင်ပြည်နယ်ထဲ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားမလားဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။
နောက်ထပ်စဉ်းစားချက်ကတော့ ဧရာဝတီမြစ်ကြောင်းပေါ်မှာအခြေခံပါတယ်။ ရေကြောင်းကိုအသုံးပြုကာ ရေတပ်သင်္ဘောတွေကိုအသုံးပြုလာနိုင်သလို မြစ်ကြောင်းအရဆိုရင် နှစ်နဲ့ချီစစ်ရေးအဖြေမပေါ်သေးတဲ့ ဗန်းမော်တိုက်ပွဲအထိပါ စစ်တပ်က အင်အားဖြည့်လာနိုင်ပါတယ်။
ဒါကြောင့် "ကသုံးလုံးဒေသ" ရဲ့ စစ်ရေးအရွေ့ဟာ ကချင်စစ်ရေးနဲ့ပါ တိုက်ရိုက်ဆက်စပ်နေတာကို မြင်သာစေပါတယ်။
စကားပြောလာတဲ့ လက်နက်ခဲယမ်း

ဓာတ်ပုံ ရင်းမြစ်, NUG MOD
နိုင်ငံအချင်းချင်း လက်နက်တရားဝင်တိုက်ရိုက်ဝယ်ယူခွင့်ရနေတဲ့ စစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ ရှုံးနိမ့်မှုကို သင်ခန်းစာယူပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပဲ စစ်လက်နက်နည်းပညာအဆင့်မြှင့်ကာမြေပြင်မှာလက်တွေ့အသုံးချနေပါပြီ။
"စစ်တပ်က မျိုးဆက်ပြောင်းသွားပြီ။ နည်းပညာကို အဓိကအားကိုးပြီး လုပ်နေပြီ။ လေယာဉ် ပျံသန်းပုံကအစ၊ မြေပြင်ထိုးစစ်တွေကအစ အရင်လိုမျိုး မဟုတ်တော့ဘူး" လို့ ကသုံးလုံးဒေသ ရှေ့တန်းစစ်မြေပြင်မှာရှိနေတဲ့ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
"တပ်ချုပ်အသစ်က ထောက်လှမ်းရေးကလာတော့ သတင်းသေချာစုံစမ်းပြီး လေကြောင်း အသုံးပြုမှုကို ပိုပြီးတိတိကျကျလုပ်နေတယ်" လို့ သူကဆက်ပြောပါတယ်။
ကသာ၊ အင်းတော်စစ်မျက်နှာပြင်မှာဆိုရင် တခါလာရင် လေယာဉ်သုံးစီးပါဝင်ပြီး စနစ်တကျလေကြောင်း တိုက်ခိုက်တဲ့ပုံစံပြောင်းလာတယ်လို့ စစ်ရေးစောင့်ကြည့်သူတချို့ဆီကလည်း သိရပါတယ်။
ဒီလို လက်နက်အင်အားဖောဖောသီသီနဲ့ လူအင်အားဖြည့်တင်းနိုင်မှုတွေနဲ့အတူ စစ်တပ်ကမြို့တွေကို ပြန်သိမ်းလာပါတယ်။ တော်လှန်ရေးအင်အားစုတွေကတော့ စစ်တပ်ရဲ့တန်ပြန်မြို့သိမ်းတာရဲ့နောက်ဆက်တွဲအဖြစ် ထောက်ပံ့ရေးလမ်းကြောင်းတွေဆုံးရှုံးလာရပါတယ်။
တရုတ်ရဲ့ ဖိအားနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ အပစ်ရပ်ကာ လက်နက်ခဲယမ်းစီးဆင်းမှု ပြတ်တောက်တာကလည်း တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးကစားကွက်အတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။
"လက်နက်ခဲယမ်းအတွက်က ရသလိုပဲလုပ်နေရတဲ့အနေအထားဖြစ်နေပါတယ်။ သူတို့ (စစ်တပ်) ကို တုံ့ပြန်နိုင်ဖို့အတွက် NUG မှာတာဝန်ရှိတယ်။ လက်နက်ခဲယမ်းဝယ်ယူပြီး ဖြည့်တင်းပေးနိုင်အောင် ပိုပြီး ကြိုးစားပေးသင့်တယ်" လို့ ရှေ့တန်းရောက် PDF တပ်ဖွဲ့ဝင်က သူ့အမြင်ကို ပြောပါတယ်။
၂၀၂၆ ခုနှစ်စစ်ရေးအခင်းအကျင်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်သုံးနည်းပညာအဆင့်မြှင့်ရေးနဲ့ လက်နက်ခဲယမ်းလုံလုံလောက်လောက်ရရှိရေးက အရေးတကြီးလိုအပ်နေပြီလို့ ထောက်ပြကြပါတယ်။
အခုနှစ်ပထမလေးလတာကာလ စစ်ရေးအရွေ့နဲ့ အင်းတော်မြို့လက်လွှတ်လိုက်ရတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဘီဘီစီက မေးမြန်းဖို့ ကြိုးစားပေမဲ့ မေ ၂ ရက် ညနေပိုင်းအထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။











