မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ

တရုတ်ယွမ်ငွေ ၁၀၀တန် ငွေစက္ကူနှစ်ရွက်ကို လက်နှစ်ဘက်နဲ့ ကိုင်ထားတဲ့ မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖတ်ရန်အချိန်: မိနစ် ၅

တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။

ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။

ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။

ယွမ်ငွေ အဓိကကိုင်လာကြတဲ့မြို့တွေ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက သိန္နီမြို့ထဲမှာတွေ့ရတဲ့ တရုတ်စီမံကိန်း ဆိုင်းဘုတ်တစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက သိန္နီမြို့ထဲမှာတွေ့ရတဲ့ တရုတ်စီမံကိန်း ဆိုင်းဘုတ်တစ်ခု

ရှမ်းမြောက်က သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေမှာ အရင်ကထက် တရုတ်ယွမ်ငွေသုံးစွဲတာ ပိုပြီးတွင်ကျယ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။

အဲဒီမြို့တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာပဲ ကိုးကန့်တပ်က ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

ဝနဲ့ ကိုးကန့်တပ်(MNDAA)အုပ်ချုပ်မှုအောက်ရောက်သွားတဲ့ သိန္နီ၊ ကွမ်လုံ၊ ဟိုပန်နဲ့ ချင်းရွှေဟော် စတဲ့မြို့တွေမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဝင်ရောက်လာတယ်လို့ ဒေသခံနဲ့ ကုန်သည်တချို့က ဘီဘီစီကိုပြောပါတယ်။

သိန္နီဒေသခံတစ်ဦးကတော့ မြို့ထဲက ကုန်ခြောက်ဆိုင်၊ သစ်သီးဆိုင်၊ စားသောက်ဆိုင်နဲ့ ဈေးတွေမှာ ကျပ်ငွေနဲ့ ပေးချေလို့ရပေမဲ့ ကျပ်ငွေသုံးမယ်ဆိုရင် ကိုင်ရတဲ့ ပိုက်ဆံအရွက်ရေက ပိုများတာကြောင့် ယွမ်ငွေကို ပိုပြီး သုံးနေရတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ယွမ်ငွေ ၁၀၀ ဆိုရင် ကျပ်ငွေ ၆၂,၀၀၀ ဈေးပေါက်နေပြီ။ ကျပ်နဲ့ ပိုက်ဆံအရွက်ရေ လေးငါးဆယ်ရွက်ကိုင်ရတာထက် ယွမ်ငွေကို ပိုသုံးလာကြတာပေါ့" လို့ သူက ရှင်းပြပါတယ်။

အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ်မတိုင်ခင်နှစ်တွေမှာ တရုတ်ယွမ်ငွေ ၁၀၀ ကို ကျပ် ၂၀,၀၀၀ ကျော်ဝန်းကျင်လောက်ပဲ ရှိခဲ့ပါတယ်။

ဒေသတွင်းမီဒီယာတချို့မှာလည်း သိန္နီမြို့ထဲက ဆိုင်တချို့မှာလည်း ကျပ်ငွေနဲ့ ဝယ်ယူတာကို ဆိုင်ရှင်ဘက်က လက်မခံဘဲ ယွမ်ငွေနဲ့ ဝယ်ယူခိုင်းတာကြောင့် ရောင်းသူနဲ့ ဝယ်သူကြား အငြင်းပွားမှုဖြစ်ခဲ့တဲ့ဖြစ်စဉ်တချို့ကို ဖော်ပြထားတာ တွေ့ရပါတယ်။

လုပ်ခလစာရတဲ့အခါတွေမှာ ကျပ်ငွေနဲ့ ရပြီး တစ်ဖက်မှာ ယွမ်ငွေလဲလှယ်ပြီး ငွေပေးချေသုံးစွဲရတာတွေကြောင့် ငွေလဲနှုန်းကွာဟချက်အပေါ်မှာ နစ်နာမှုတွေရှိလာတယ်လို့ သိန္နီဒေသခံ တစ်ဦးက ပြောထားပါတယ်။

သိန္နီမြို့ရဲ့ လမ်းပန်းဆက်သွယ်မှုကိုကြည့်မယ်ဆိုရင် မြောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်ဂိတ်တွေ ရှိပါတယ်။

မြောက်ဘက်မှာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်စခန်းရှိပြီး အရှေ့ဘက်ခြမ်းမှာ ချင်းရွှေဟော် နယ်စပ်ဂိတ်ရှိပါတယ်။

ချင်းရွှေဟော်နယ်စပ်ဂိတ်ကိုလည်း ကိုးကန့်တပ်ကပဲ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ချင်းရွှေဟော်နယ်စပ်ဂိတ်အနီးမှာတော့ "ဝ"တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့နဲ့ နမ့်တစ်မြို့ရှိပြီး သူနဲ့တစ်ဆက်တည်းမှာ ကိုးကန့်ထိန်းချုပ်ထားတဲ့ ကွမ်လုံမြို့ရှိပါတယ်။

နမ့်တစ်ကို အရင်ကတည်းက "ဝ"တပ်ဖွဲ့က ထိန်းချုပ်ထားပေမဲ့ ဟိုပန်မြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာမှ ဝ က ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအစိုးရရုံးတွေရှိခဲ့စဥ်က ဟိုပန်မှာ ကျပ်ငွေက အဓိကငွေကြေးတစ်ခုဖြစ်ခဲ့ရာကနေ လက်ရှိအချိန်မှာတော့ ယွမ်ငွေက ပထမဦးစားပေး ခံလာရတယ်လို့ ဒေသခံတချို့က ပြောကြပါတယ်။

ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်မှာတော့ ယွမ်ငွေတစ်မျိုးတည်းကိုပဲ အဓိက သုံးစွဲနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လောက်ကိုင်မြို့မှာ "ယဉ်ကျေးမှုရော စီးပွားရေးရော အကုန်တရုတ်နဲ့ ဆက်နွှယ်နေတာ၊ တရုတ်ဘက်နဲ့ နီးစပ်တာက ကာလရှည်ကြာနေလို့ ယွမ်သုံးတာ ပုံမှန်အခြေအနေတစ်ခုလိုဖြစ်နေတာကြာပြီ" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လောက်ကိုင်မြို့ဟာ တရုတ်နဲ့ကပ်နေတဲ့ နယ်စပ်မြို့ဖြစ်သလို ဒေသခံအများစုဟာ တရုတ်လူမျိုး ဟန်ကနေ ဆင်းသက်လာကြတာဖြစ်ပြီး တရုတ်ဘာသာစကားကိုပဲ တွင်တွင်ကျယ်ကျယ်သုံးတဲ့မြို့ဖြစ်ပါတယ်။

ရောင်းလည်းယွမ်၊ ဝယ်လည်း ယွမ်

မြန်မာဘက်က တင်ပို့လိုက်တဲ့ ဖရဲသီးကုန်တွေကို တရုတ်ဘက်ခြမ်း၊ ယူနန်မြို့ထဲမှာတွေ့ရတဲ့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာဘက်က တင်ပို့လိုက်တဲ့ ဖရဲသီးကုန်တွေကို တရုတ်ဘက်ခြမ်း၊ ယူနန်မြို့ထဲမှာတွေ့ရတဲ့မြင်ကွင်း (ပုံဟောင်း)

သိန္နီအပါအဝင် ဟိုပန်၊ ကွမ်လုံ၊ ချင်းရွှေဟော် စတဲ့ မြို့တွေဟာ တရုတ်နယ်စပ်ဂိတ်တွေနဲ့ နီးနေတာကြောင့် တရုတ်ဘက်က ကုန်ပစ္စည်းတွေနဲ့ ဈေးကွက်ကို အဓိက အားထားနေရတယ်လို့ ရှမ်းမြောက်က ကုန်သည်တချို့က ပြောပါတယ်။

ကုန်သွယ်ရေးမှာ "အစားအစာလား၊ လျှပ်စစ်ပစ္စည်းလား၊ ဆောက်လုပ်ရေးပစ္စည်းလား တရုတ်ကုန်သည်တွေဆီက ဝယ်ရင် အကုန်တရုတ်ယွမ်ငွေနဲ့ပဲ သတ်မှတ်ကြတာ" လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

မြန်မာဘက်က ကုန်သည်တချို့ကလည်း တရုတ်ဘက်ကို သစ်သီးဝလံနဲ့ သီးနှံတွေ ရောင်းချတဲ့အခါမှာလည်း ကျပ်ဈေးနှုန်း ကျလာတာကြောင့် ယွမ်ငွေနဲ့ပဲ လက်ခံချင်ကြတယ်လို့ သူက ရှင်းပြပါတယ်။

"ရောင်းလည်းယွမ်၊ ဝယ်လည်း ယွမ် ဖြစ်လာတာပေါ့" လို့ သူက ဖြည့်ပြောပါတယ်။

တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးကပဲ ယွမ်ငွေကို ဒေသတွင်း လုပ်ငန်းသုံးငွေအဖြစ် ခိုင်မာလာစေတယ်လို့ စီးပွားရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးမစခင် ကာလတွေမှာ သိန္နီ၊ ဟိုပန်နဲ့ ကွမ်လုံမြို့တွေမှာ ဗဟိုဘဏ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတချို့ ရှိခဲ့ပေမဲ့ လက်ရှိမှာ အဲဒီဘဏ်တွေ ပိတ်ထားတာ ကာလတစ်ခုရှိနေပြီဖြစ်ပါတယ်။

"၁၀၂၇ မတိုင်ခင်က အစိုးရဘဏ်တွေက ဝန်ထမ်းလစာထုတ်ပေးတော့ မြန်မာငွေက လည်ပတ်တယ်လေ" လို့ ရှမ်းမြောက်မှာတာဝန်ကျဖူးတဲ့ အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဟိုပန်ဒေသခံ ကုန်သည်တစ်ဦးကတော့ မြန်မာငွေစက္ကူတွေ ထုတ်ဝေဖြန့်ဖြူးပေးနေတဲ့ ဘဏ်တွေမရှိတော့တာကလည်း ယွမ်ငွေကို ပိုပြီးတွင်ကျယ်လာစေတယ်လို့ ပြောပါတယ်။

"ဘဏ်မရှိတော့တာရယ် ကုန်ပစ္စည်းတွေကို ယွမ်နဲ့ ဝယ်ရတာကြောင့် ယွမ်က ပိုတွင်ကျယ်လာတာ" လို့ ဘီဘီစီကို ပြောပါတယ်။

ဟိုပန်မြို့ခံတွေအနေနဲ့ ကျပ်ငွေကိုင်ထားပြန်ရင်လည်း သုံးစွဲဖို့လိုအပ်လာရင် ယွမ်ငွေကိုပဲ လဲလှယ်နေရတာကြောင့် ယွမ်က ပထမဦးစားပေးငွေကြေးဖြစ်လာတာလို့ သူကဖြည့်ပြောပါတယ်။

ကျပ်ငွေဈေးနှုန်းက အာဏာသိမ်းကာလတွေမှာ တဖြည်းဖြည်းကျဆင်းလာသလို ဈေးနှုန်းအတက်အကျတွေကလည်း ခန့်မှန်းရခက်လို့ ကျပ်ငွေကို မကိုင်ချင်ကြတော့တာလို့ ရှမ်းမြောက်က လုပ်ငန်းရှင်တစ်ဦးက ဖွင့်ပြောပါတယ်။

"ဒီနေ့ ရတဲ့ ကျပ်ငွေ မနက်ဖြန် တန်ဖိုးလျော့သွားမလားစိုးရိမ်ရတယ်။ စုဆောင်းငွေဆိုရင်လည်း ကိုယ့်လက်ထဲမှာ တန်ဖိုးနည်းသွားမှာမျိုး မလိုလားဘူး" လို့ သူက ဆိုပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအင်စတီကျု (ISP Myanmar) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်းကတော့ တရုတ်-မြန်မာနယ်စပ်က မြို့တွေမှာ ယွမ်ငွေအဓိက သုံးစွဲလာကြတဲ့ အခြေအနေကို အချက် ၂ ချက်နဲ့ ထောက်ပြပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းဝင်ရောက်လာတာကလည်း ယွမ်ငွေကို ရှမ်းမြောက်က နယ်စပ်ဒေသတွေမှာ ပိုတွင်ကျယ်လာစေတယ်လို့ ယူဆတဲ့အကြောင်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း တရုတ်ရဲ့ ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးစီမံကိန်းတချို့ သိန္နီအပါအဝင် ကိုးကန့်ထိန်းချုပ်ဒေသထဲ အကောင်အထည်ဖော်နေတာကို ကိုးကန့်သတင်းကွန်ရက်ရဲ့ ထုတ်ပြန်ချက်တွေကတဆင့် မြင်တွေ့ရပါတယ်။

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်လမ်းကြောင်းတလျှောက်မှာလည်း ကိုးကန့်တပ်ဘက်က ကုန်သွယ်ရေးလမ်းမ တိုးချဲ့ဖောက်လုပ်တာနဲ့ လမ်းပြုပြင်တာတွေ လုပ်နေတာကို အသိပေးဖော်ပြထားပါတယ်။

အလားတူ သိန္နီမြို့နယ်ထဲက ကြံ၊ ပြောင်း စိုက်ပျိုးမြေတချို့ကို တရုတ်လုပ်ငန်းရှင်တွေဘက်က ဝယ်ယူကြတဲ့အခါယွမ်နဲ့ပဲ အရောင်းအဝယ်ဖြစ်ကြတာပါ။

မြို့ထဲကို တရုတ်လုပ်ငန်းရှင်တွေ ကြီးကြပ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ ဝင်ရောက်လာတယ်လို့ သိန္နီဒေသခံတချို့က အစောပိုင်းလတွေကတည်းက ဘီဘီစီကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာမှာ ဒေသတွင်းနဲ့ အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ကိုတော့ ယူနန်က ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနေပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်အတွင်း တရုတ်က မြန်မာမှာ အမေရိကန်ဒေါ်လာ သန်း ၁၆၀ နီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က ကြေညာထားပါတယ်။

တရုတ်ရင်းနှီးမှုအပြင် တိုင်းပြည်စီးပွားရေး မခိုင်မာလို့ ကျပ်ငွေကျဆင်းနေတဲ့ အနေအထား ဆက်ရှိနေတာကြောင့် ရှမ်းမြောက်ဒေသခံတွေအတွက် ယွမ်ငွေက ပိုပြီး အခရာကျနေတယ်လို့ ဦးအောင်သူငြိမ်းက မှတ်ချက်ပြုပါတယ်။

"ကျပ်‌ငွေ ကျဆင်းနေသရွေ့ တရုတ်နယ်စပ်တွေမှာ ငွေကြေးပိုခိုင်မာတဲ့ ယွမ်က အဓိကဖြစ်နေမှာပါ"