စပိန်အစိုးရထံက အခွန်ပြန်အမ်းငွေ ပေါင်သန်း ၅၀ အဆိုတော် ရှာကီရာ ပြန်ရ

ဓာတ်ပုံ ရင်းမြစ်, EPA/Shutterstock
- ရေးသားသူ, ပေါလ် ဂလင်း
- ရာထူးတာဝန်, ယဉ်ကျေးမှုဆိုင်ရာ ဘီဘီစီ သတင်းထောက်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၂
အဆိုတော် ရှာကီရာကို အခွန်ငွေ စတာလင်ပေါင် ၄၈ သန်း ပြန်အမ်းပေးဖို့ စပိန် အခွန်ငွေအာဏာပိုင်တွေကို စပိန် အထက်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ ရှာကီရာ ပေးဆောင်ထားတဲ့ အခွန်ငွေတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ အငြင်းပွားနေမှုအတွင်း အဲဒီငွေတွေကို မလျော်မကန် သိမ်းယူခဲ့တယ်ဆိုပြီး တရားရုံးက ဆုံးဖြတ်ခဲ့အပြီး အခုလို အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ကိုလမ်ဘီယာ အဆိုတော် ရှာကီရာ ကို အခွန်ငွေ လိမ်လည်မှုနဲ့ တရားစွဲဆိုထားမှုကနေ အထက်တရားရုံးက တရားသေလွှတ်လိုက်ပြီး အဲဒီအခွန်ငွေတွေကို အတိုးနဲ့ပေါင်းပြီး ပြန်ပေးလျော်ဖို့ စပိန်အခွန်ဌာနကို ညွှန်ကြားခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က စပိန်နိုင်ငံမှာ ရှာကီရာ ၁၈၃ ရက် နေထိုင်ခဲ့တယ် ဆိုတာကို အခွန်ဌာန အာဏာပိုင်တွေအနေနဲ့ သက်သေမပြနိုင်ခဲ့ဘူးလို့ အထက်တရားရုံးက ပြောပါတယ်။ ဒါဟာ စပိန်မှာနေထိုင်သူတွေ ပုဂ္ဂလိက အခွန်ငွေ ပေးဆောင်ဖို့ လိုအပ်တဲ့ ရက်ကာလ ဖြစ်ပါတယ်။
ရှာကီရာက "ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ အကွက်ချ စီစဉ်မှုတွေ၊ ရက်စက်ကြမ်းကြုတ်စွာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့ ကျွန်မရဲ့ ကျန်းမာရေး၊ ကျွန်မ မိသားစုရဲ့ အရေးကို အဆုံးစွန် ထိခိုက်စေခဲ့တဲ့ အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေကို ရှစ်နှစ်ကြာ ရင်ဆိုင်ခဲ့ရအပြီး နောက်ဆုံးမှာ တရားရုံးက မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ် ဆုံးဖြတ်လိုက်တာ ဖြစ်တယ်"လို့ ပြောပါတယ်။
Hips Don't Lie နဲ့ Wherever, Whenever စတဲ့ သီချင်းတွေနဲ့ နာမည်ကြီး လူသိများတဲ့ အသက် ၄၉ နှစ်အရွယ် ရှာကီရာ က "ကျွန်မဘက်က အခွန်ရှောင် လိမ်လည်ခဲ့တာမျိုး လုံးဝမရှိခဲ့ပါဘူး။ အခွန်ဌာနကိုယ်တိုင်က ဘယ်တုန်းကမှ သက်သေမပြနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မဟုတ်လို့ပါပဲ" လို့ ပြောပါတယ်။
"ဒါပေမဲ့ ဆယ်စုနှစ်တစ်ခု ကြာအောင် ကျွန်မကို အပြစ်ရှိသူလို ဆက်ဆံခံခဲ့ရပါတယ်။ ဖြစ်စဉ် အဆင့်တိုင်းကို လီဆည်၊ ချဲ့ကားထားပြီး လူတွေကြား ပေါက်ကြား ပေါ်ထွက်ခဲ့ပါတယ်။ ကျန်တဲ့ အခွန်ဆောင်သူတွေကို ခြိမ်းခြောက်ဖို့အတွက် ကျွန်မရဲ့ အမည်နဲ့ လူထုပုံရိပ်ကို သုံးခဲ့ပါတယ်။"
"ဒီကနေ့မှာတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကြောင့် အဲဒီဇာတ်လမ်းဆင်ကွက်ကြီး ပြိုပျက်သွားခဲ့ပါပြီ။"
ရှာကီရာကို ပြန်ပေးရမယ့် ငွေထဲမှာ အခွန်ငွေ ပေါင်စတာလင် ၂၁ သန်းနဲ့ သိပ်ကို ဆိုးဝါးတဲ့ ချိုးဖောက်မှုအဖြစ် အာဏာပိုင်တွေ ချမှတ်ခဲ့တဲ့ ဒဏ်ကြေး ပေါင်စတာလင် ၂၂ သန်း ပါဝင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခွန်ဌာနကတော့ တရားရုံးချုပ်ထံ သူတို့ အယူခံဝင်မှာ ဖြစ်ပြီး အပြီးသတ် စီရင်ချက် ချတဲ့အချိန်အထိ ငွေပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ရှာကီရာ ဟာ ဘာစလိုးနားအသင်းရဲ့ စပိန်ဘောလုံးသမားဟောင်း ဂျာ့ရာ့ဒ် ပီကေး နဲ့ ဆယ်စုနှစ်တစ်ခုအကြာ အတူနေထိုင်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ ကမ္ဘာ့ဖလား သီချင်း ဝါကာ ဝါကာ Waka Waka အတွက် ဗီဒီယိုရိုက်ရင်း ၂၀၁၀ ခုနှစ်က သူတို့နှစ်ဦး တွေ့ခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။
၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်က စပိန်နိုင်ငံမှာ ရှာကီရာနေထိုင်တဲ့အတွက် အခွန်ဆောင်ရမယ်ဆိုတဲ့ ယူဆချက်ပေါ် အခြေခံပြီး ဒဏ်ကြေးချမှတ်ခဲ့တာ ဖြစ်ပြီး ဒီယူဆချက်ကို သက်သေမပြနိုင်ခဲ့တဲ့အတွက် ဒီလို ဒဏ်ကြေးချမှတ်တာဟာ တရားမဝင်ဘူးလို့ အထက်တရားရုံးက ပြောပါတယ်။
အဆိုတော် ရှာကီရာ ဟာ အဲဒီနှစ်က စပိန်နိုင်ငံမှာ ၁၆၃ ရက် နေထိုင်ခဲ့ပြီး အခွန်ပေးဆောင်ရမယ့် နေထိုင်သူတစ်ဦးအဖြစ် သတ်မှတ်တဲ့ ရက်ကာလထက် ရက် ၂၀ လျော့နေတယ်လို့ တရားရုံးက ပြောပါတယ်။
ဒီအမှုထဲမှာ ၂၀၁၁ ခုနှစ်အပြီး အခွန်နှစ်တွေတော့ မပါဝင်ပါဘူး။
ဒါဟာ ရှာကီရာ အပေါ် စပိန်အခွန်ဌာနက တရားစွဲဆိုထားတဲ့ အမှုတွဲ အများအပြားထဲက တစ်ခုဖြစ်ပါတယ်။
၂၀၁၂-၂၀၁၄ ခုနှစ်တွေနဲ့ ဆိုင်တဲ့ သီးခြား အခွန်ရှောင်မှု အမှုတွဲတစ်ခုကိုတော့ တရားခွင်မှာ ကြားနာစစ်ဆေးခံရခါနီးမှာပဲ အမှုကြေအေးဖို့ ၂၀၂၃ ခုနှစ်က စပိန်အမှုလိုက်ရှေ့နေတွေနဲ့ ရှာကီရာ သဘောတူခဲ့ပါတယ်။
သူမဟုတ်တာ ဘာမှမလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့တဲ့ ရှာကီရာ ဟာ ဒီသဘောတူချက်အရ စွဲချက် ၆ ခုကို လက်ခံခဲ့ပြီး ဒဏ်ကြေး ပေါင်စတာလင် ၆ သန်းခွဲ ပေးဆောင်ခဲ့ပါတယ်။
တကယ်လို့ ပြစ်မှုထင်ရှားရင် အစိုးရရှေ့နေတွေက ရှာကီရာကို ထောင်ဒဏ် ၈ နှစ်နဲ့ ဒဏ်ကြေးငွေ ပေါင်စတာလင် ၂၀.၈ သန်း ချမှတ်ချင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှာကီရာက သူ့ကလေးတွေရဲ့ အကျိုးကို အကောင်းဆုံးးရှေးရှုပြီး ဒီအမှုကို သူကြေအေးခဲ့တာလို့ ပြောပါတယ်။
တခါ ၂၀၁၈ ခုနှစ်အတွက် ရှာကီရာရဲ့ အခွန်ပေးဆောင်မှုအပေါ် စုံစမ်းစစ်ဆေးနေမှုကို "အထောက်အထား မပြည့်စုံဘူး" ဆိုပြီး ၂၀၁၄ ခုနှစ်မှာ စပိန်တရားရုံးက ရပ်ဆိုင်းလိုက်တယ်လို့ သတင်းတွေက ဆိုပါတယ်။
စက်တင်ဘာလကစလို့ စပိန်နိုင်ငံမှာ နေထိုင်ခွင့် ရထားပြီး Women Don't Cry Anymore လို့ အမည်ပေးထားတဲ့ သူ့ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အပြီးသတ်ခါနီးမှာပဲ အခုနောက်ဆုံး တရားရုံး ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အခုနှစ် နွေရာသီ ဖီဖာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ အချိန်တဝက်နားချိန်မှာ ရှာကီရာ ဟာ အဆိုတော် မဒေါနားနဲ့ BTS တို့နဲ့အတူ သီဆို ဖျော်ဖြေမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဖော်ကြေညာခဲ့ပါတယ်။
အခုလ အစောပိုင်းက ရီယို ဒီဂျနဲရိုးမြို့က ကိုပါကာဘားနား ကမ်းခြေမှာ ကျင်းပတဲ့ ရှာကီရာရဲ့ အခမဲ့ ဂီတဖျော်ဖြေပွဲကို လူနှစ်သန်း လာရောက်အားပေးခဲ့ကြပါတယ်။







