ဒေါ်အောင်ဆန်းစုကြည်၊တရုတ်အထိုင်နဲ့ နေပြည်တော်ရဲ့ ရွှေ့ကွက်

ဓာတ်ပုံ ရင်းမြစ်, MRTV
ရက်ပေါင်း ၁,၉၀၀ ကျော်( ၅ နှစ်ကျော်ကြာ)အကျဥ်းချခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက်ဓာတ်ပုံတစ်ပုံကို ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့သတင်းနဲ့အတူနေပြည်တော်က ထုတ်ပြလာပါတယ်။
ဒီထုတ်ပြမှုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဦးဆောင်တဲ့'' Proof of Life'' လှုပ်ရှားမှု၊ အာဆီယံရဲ့ ဖိအားပေးတောင်းဆိုမှု၊ တရုတ်၊ထိုင်းနဲ့ ဒေသတွင်းအပါအဝင် နိုင်ငံတကာရဲ့ သံတမန်ရေးရာလှုပ်ရှားမှုနောက်ခံများအဖြစ် ရှုမြင်နေကြပါတယ်။
ဒါပေမဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားတဲ့ပုံစံကိုသာ ပြောင်းလဲလိုက်ခြင်းလည်းဖြစ်ပါတယ်။
ရွှေ့ကွက်တခုအဖြစ်ပုံဖော်ခံထားရတဲ့ ဒီအရွေ့က နေပြည်တော်အတွက် နိုင်ငံရေးအရအသိအမှတ်ပြုခံရရေး အကျပ်တည်းတွေကိုလျော့ပါးလာစေဖို့ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က တရုတ်ရဲ့ မိတ်ဆွေလား

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒေါ်အောင်ဆန်းစုကြည်ကို ''နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီ'' ဖြစ်ကြောင်း ဧပြီ ၃၀ ရက်နေ့ညမှာ နေပြည်တော်က ကမ္ဘာတဝန်းကို အသံထုတ်ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းကတော့ ဒါက အမှန်ဖြစ်ဖို့မျှော်လင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
''စစ်တပ်က သူတို့ရည်ရွယ်ချက်တွေအတွက် သတင်းအမှားတွေ အမြဲတမ်း ဖြန့်နေကျပဲဆိုတာ ကျွန်တော်တို့ အားလုံး သိနေတာပဲ။ ဒီတစ်ခါတော့ အဲဒီလိုမျိုး မဟုတ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ''လို့ ကင်မ်အဲရစ်က ပြောပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအထွတ်အမြတ်ထားတဲ့ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်မနက်ပိုင်းမှာ နိုင်ငံတဝန်းအကျဥ်းထောင်တွေထဲကပြစ်ဒဏ်ကျခံနေရသူ ၁,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးကြောင်းနေပြည်တော်က ကြေညာခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ တစုံတရာထုတ်ပြန်ပြောဆိုတာမရှိခဲ့ပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းမှာတော့ ဘေဂျင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်အစိုးရပြောခွင့်ရသူ လင်ကျန်းကို သတင်းထောက်တစ်ဦးက'' မြန်မာနိုင်ငံကိုသွားခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဥ်အတွင်း ဦးမင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ဆွေးနွေးခဲ့ပါသလား'' လို့မေးခွန်းထုတ်ခဲ့ပါတယ်။
အဲဒီအမေးကို လင်ကျန်းက ''ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံရဲ့ မိတ်ဆွေရင်းဖြစ်သလို သူ့ရဲ့ အခြေအနေကို တရုတ်အနေနဲ့ အမြဲတမ်းစောင့်ကြည့်နေပါတယ်'' လို့ ဖြေကြားခဲ့ပါတယ်။
ဧပြီ ၃၀ ရက် ညပိုင်း ၉ နာရီခန့်မှာတော့ နိုင်ငံပိုင် MRTV ရုပ်သံသတင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ကြောင်း ကြေညာချက်ထွက်လာခဲ့ပါတယ်။
MRTV ရဲ့ ရုပ်သံကြေညာချက်ထဲမှာ ဧည့်ခန်းတစ်ခုအတွင်း ချည်သားအင်္ကျီအဖြူရောင် ရင်ဖုံးလက်စကနဲ့ နက်ပြာခံမှာအဖြူအပွင့်ရိုက်ထဘီကိုဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဧည့်တွေ့ လက်ခံစကားပြောနေပုံမျိုး တွေ့ရပါတယ်။ သူ့ရှေ့မှာ စစ်တပ်အရာရှိတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတို့က တွေ့ဆုံစကားပြောနေကြဟန်ဓာတ်ပုံကို ဖော်ပြပါတယ်။
ကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျခံရန်ကျန်တဲ့ ပြစ်ဒဏ်တွေကို ''သတ်မှတ်ထားတဲ့နေအိမ်မှာ ပြောင်းလဲကျခံရမယ်'' လို့ သိရပြီး ဘယ်နေရာကနေအိမ်ဆိုတာကတော့ တိတိကျကျ ထည့်သွင်းကြေညာတာမျိုး မရှိပါဘူး။
အရင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က နေအိမ်အကျယ်ချုပ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ နေအိမ်မှာပဲဖြစ်ပြီး အနည်းဆုံး သူဆန္ဒရှိတဲ့ အမျိုးသမီးအဖော် ၂ ဦးကို ခေါ်ထားခွင့်ရှိခဲ့ပါတယ်။ အခု နေပြည်တော်ရဲ့ ဒီတကြိမ် ''ပြစ်ဒဏ်ကျခံရတဲ့နေရာကိုပြောင်းလဲသတ်မှတ်''ဆိုတဲ့ကြေညာချက်မှာ ဘယ်အချက်ကိုမှတိတိကျကျထည့်သွင်းကြေညာတာမရှိသလို နေအိမ်အကျယ်ချုပ်ဆိုတာမျိုးတိတိကျကျညွှန်းဆိုတာမရှိပါဘူး။
အာဆီယံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်ကို တိုက်ရိုက်ဖော်ပြပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့မှု၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်နဲ့ အာဆီယံစားပွဲဝိုင်းကို မြန်မာပြန်လည်ဝင်ရောက်လိုပါက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးရမယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပြောဆိုချက်တွေနောက်မှာ ဒီအရွေ့ဖြစ်လာတာလို့ မြင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကိုပြောင်းရွှေ့တယ်ဆိုတာဟာ တရားဝင်ထုတ်ပြန် ကြေညာခြင်း ရှိ/မရှိ ဆိုတဲ့ အချက်သာကွာခြားမှုရှိပြီး၊ အများတောင်းဆိုနေသလို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း မဟုတ်သေးဘူးလို့ ရှုမြင်ချက်တွေ ရှိနေပါတယ်။
၂၀၂၄ ခုနှစ်၊ ဧပြီလတုန်းက အဲဒီအချိန်ကစစ်ကောင်စီက "ရာသီဥတု ပူပြင်းလွန်းတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် ကျန်းမာရေးအရ လိုအပ်တဲ့ အကျဉ်းသားတွေကို လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပေးထားတယ်" လို့ ဆိုပြီး ထောင်ကနေ ရွှေ့ပြောင်းထားကြောင်း ထုတ်ပြောထားပါတယ်။ အဲဒီအချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲမှာ မရှိတော့ဘဲ စစ်တပ်ဝင်းတစ်ခုထဲက နေအိမ်တစ်အိမ်မှာ ထိန်းသိမ်းခံထားရတယ်လို့ ဘီဘီစီက သိရှိထားခဲ့ပါတယ်။
အခု သတ်မှတ်နေအိမ်နေရာကို ပြောင်းရွှေ့တယ်ဆိုတဲ့ ကြေညာချက်က ဘယ်လိုဆက်ဖြစ်လာနိုင်လဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလွှတ်ပေးဖို့ နေပြည်တော်က စိုးရိမ်နေသလား၊ တရုတ်ရဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သဘောထားဘယ်လိုရှိနေလဲ။ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်၊ နေပြည်တော်ရဲ့ သဘောထားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုသိရှိသူတချို့ နဲ့စကားပြောမေးမြန်းပြီး ဘက်အသီးသီးရဲ့ အထိုင်တွေကို ဘီဘီစီက စေ့ငုကြည့်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၊နေပြည်တော်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးအပေါ် အထိုင်ကွဲပြားမှုများ

ဓာတ်ပုံ ရင်းမြစ်, MFA China
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ ၅ နှစ်ကျော်ကာလတလျှောက်လုံးမှာ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်အပါအဝင် ဒေသတွင်းအာဆီယံအထိ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တစိုက်မတ်မတ်တိုက်တွန်းနေပါတယ်။
ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်ခဲ့သူ လက်ရှိသမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားက အလွန်တင်းမာတယ်လို့ သူ့ရဲ့ အကြံပေးတချို့ကဘီဘီစီကို ပြောပြကြပါတယ်။
''ဦးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ဖြစ်နိုင်သမျှပျောက်နေစေချင်တာ'' လို့ ဦးမင်းအောင်လှိုင်ရဲ့ အကြံပေးတစ်ဦးကပြောပါတယ်။
ဒါပေမဲ့ အရပ်ဘက်အသွင်ပြောင်းပြီး သမ္မတရာထူးယူထားတဲ့ စစ်ခေါင်းဆောင်ဟောင်းဟာ သူ့အပေါ် နိုင်ငံတကာရဲ့ အမြင်ကိုပြောင်းလဲနိုင်ဖို့နဲ့ အာဆီယံအဝန်းအဝိုင်းထဲကိုပြန်ခြေချနိုင်ရေးကို တွက်ချက်ချင့်ချိန်နေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အာဆီယံစားပွဲဝိုင်းတွေထဲမှာ ပြန်ဝင်ဆန့်နိုင်ရေးကြိုးပမ်းချက်နဲ့အတူ တရုတ်၊ အာဆီယံနဲ့ နေပြည်တော်ကြားမှာ ဒေါ်အောင်ဆန်းစုကြည်က အပေးအယူလို ဖြစ်လာပါတယ်။
တရုတ်ဟာ အာဏာသိမ်းအစောပိုင်းကာလမှာ မြန်မာစစ်တပ်နဲ့ခပ်ခွာခွာနေခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၃ မေလ ကစပြီး တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် မူပြောင်းလာတယ်လို့ စစ်ရေး/နိုင်ငံရေး နဲ့ တရုတ် -မြန်မာဆက်ဆံရေးကို အထူးပြုလေ့လာတဲ့မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar ရဲ့''အထိုင်သစ်ပြန်ချလာသော တရုတ်၏ မြန်မာ့အရေးမူဝါဒ''ဆိုတဲ့ စာတမ်းမှာ ဖော်ပြခဲ့ဖူးပါတယ်။
စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်းတိုးပြီး နိုင်ငံရေးအခင်းအကျင်းကနေ ထွက်ပေါက် (Exit Strategy) မရှာတော့ဘဲ မထူးဇာတ်ခင်း စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်မှာကို တရုတ်နိုင်ငံက စိုးရိမ်ပုံရတယ်လို့ ဆိုပါတယ်။
''ရွေးကောက်ပွဲ ကျင်းပရေးလို နိုင်ငံရေး ထွက်ပေါက်သစ်ကို မြန်မြန်ရှာစေချင်တာဟာ တရုတ်နိုင်ငံရဲ့ မူဝါဒချဉ်းကပ်မှုအသစ်မှာ အဓိကကျလာပုံရတယ်'' လို့ ISP က ကောက်ချက်ချပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲပေါ်ပေါက်လာပြီး ဒါဟာတရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင်ကြားသဘောတူညီမှုကြောင့်ဖြစ်လာတာ၊ တရုတ်ပုံဖော်လိုတဲ့ မြန်မာဗဟိုအစိုးရပုံစံဆိုတာမျိုးတွေကို နှစ်ဖက်ခေါင်းဆောင်ပိုင်းနဲ့ ထိစပ်မှုရှိသူတွေကပြောလာကြပါတယ်။
ဒါပေမဲ့ အခု နေပြည်တော်က ဖန်တီးထားတဲ့ အခင်းအကျင်းဟာ တရုတ်မြင်ချင်တဲ့ အခင်းအကျင်းအပြည့် မဟုတ်ဘူးလို့ တရုတ်သံရုံးနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
တချိန်တည်းမှာပဲ တရုတ်က မြန်မာမှာ အမှန်တကယ်တည်ငြိမ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်လိုအပ်တယ်လို့ တစိုက်မတ်မတ် ယုံကြည်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က သူသိထားတဲ့အချက်ကို ကိုးကားပြောပါတယ်။ တရုတ်သံရုံး၊ တရုတ်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်နှစ်ဦးနဲ့ ဘီဘီစီက စကားပြောခဲ့မှုအရ တရုတ်ဘက်က နေပြည်တော်ကို အမြဲတောင်းဆိုတဲ့အချက် ၂ ချက်ရှိတယ်လို့ နှစ်ဦးစလုံးက အချက်အလက်တူညီစွာ ပြောပါတယ်။
- ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ စကားပြောရေး/ လက်နက်ကိုင်ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောရေး
''တရုတ်တကယ်လိုချင်တဲ့အထိ နေပြည်တော်က မလုပ်ပေးနိုင်သေးပါဘူး။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်စေချင်တာ အခုထိမလွှတ်သေးဘူး။ အဲဒါက ပြဿနာနည်းနည်းရှိတယ်။ ဒါပေမဲ့နေပြည်တော်က ဘယ်လိုဆုံးဖြတ်လာမလဲဆိုတာ ဆက်ကြည့်ရမှာပဲ'' လို့ တရုတ်သံရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
အကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ကို တရုတ်ဘက်က တောက်လျှောက်တောင်းနေသလို သမ္မတရာထူးပြောင်းယူထားတဲ့ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကိုလည်း နိုင်ငံရေးအပြောင်းအလဲဆက်လုပ်ဖို့အတွက်ဖိအားပေးတာမျိုးဆက်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ တရုတ်ဟာ မြန်မာမှာတည်ငြိမ်ရေးနဲ့ သူ့စီမံကိန်းတွေဘေးကင်းရေးကိုပဲ အာရုံစိုက်နေသလို နေပြည်တော်ကတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ဆွဲဆောင်နိုင်ရေး မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
''နေပြည်တော်က တရုတ်စကားနားထောင်တယ်ဆိုတာ အဓိက ငွေကြေးနဲ့ ဗဟိုအာဏာခိုင်မာရေးပါပဲ။ တရုတ်က အာဏာသိမ်းပြီးနောက်မှာ မြန်မာမှာ စီမံကိန်းအသစ်မလုပ်ထားဘူး။ ရှိထားတဲ့စီမံကိန်းကို အပြီးသတ်နိုင်ရေးအတွက်ပဲ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိုကြိုးပမ်းနေတယ်။ အာဏာသိမ်းပြီးနောက်မှာ MOU အဆင့်ပဲထိုးထားတာတွေပဲ ရှိတယ်။ MOU က အလုပ်လုပ်နိုင်တဲ့ခိုင်မာတဲ့အဆင့်မဟုတ်ပါဘူး'' လို့ နေပြည်တော်အစိုးရနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
ဦးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးနောက် တရုတ်ကို ၃ ကြိမ်ထက်မနည်းသွားထားပြီး အဲဒီခရီးစဥ်တွေမှာ မြန်မာက ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကို ခေါ်သွားသလို တရုတ်ကကုမ္ပဏီကြီးတွေ ရင်းနှီးမြှုပ်နှံမှုအသစ်တွေလာလုပ်ဖို့ တောက်လျှောက်ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
''တရုတ်က မြန်မာမှာ စီမံကိန်းကြီးလုပ်ဖို့ကတော့ မတည်ငြိမ်ရင်လာလုပ်မှာမဟုတ်သေးဘူး။ အစိုးရက ငွေလိုနေတယ်။ တရုတ်ကို မြန်မာမှာအများကြီးပြန်လာလုပ်စေချင်နေတာ'' လို့ ဦးမင်းအောင်လှိုင်နဲ့တရုတ်ခရီးစဥ် တချို့ကိုလိုက်ပါခဲ့တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
တရုတ်သံရုံးနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ သတင်းရင်းမြစ်ကတော့ တရုတ်အာမခံကုမ္ပဏီကြီးတွေက မြန်မာမှာ ရင်းနှီးမြှုပ်နှံနိုင်ပါတယ်လို့ လက်မှတ်မထိုးကြသရွေ့ နေပြည်တော်က မျှော်လင့်သလို ရင်းနှီးမြှုပ်နှံမှုများတဲ့ စီမံကိန်းကြီးတွေ ထပ်မလာနိုင်ဘူးလို့ ထောက်ပြပါတယ်။
''တရုတ်အာမခံကုမ္ပဏီကြီးတွေက လက်မှတ်မထိုးပေးနိုင်တဲ့ နိုင်ငံကို တရုတ်လုပ်ငန်းစုတွေက ဘယ်လိုလာရင်းနှီးမြှုပ်နှံမလဲ။ တရုတ်အစိုးရက မြန်မာဟာ နိုင်ငံရေးမတည်ငြိမ်ပါဘူးဆိုတဲ့ မှတ်ချက်ထားနေသ၍၊ တရုတ်က အာမခံကုမ္ပဏီကြီးတွေက မြန်မာမှာရင်းနှီးမြှုပ်နှံဖို့ မသင့်တော်ဘူးလို့ လက်မှတ်ထိုးနေသ၍ တရုတ်ဘဏ်တွေက တရုတ်ကုမ္ပဏီတွေကို ငွေထုတ်မချေးဘူး။ ဘဏ်ချေးငွေမရရင် ဘယ်တရုတ်ရင်းနှီးမြှုပ်နှံမှုမှ မြန်မာကိုလာလို့မရဘူး'' လို့ တရုတ်သံရုံးနဲ့နီးစပ်သူ သတင်းရင်းမြစ်က ပြောပါတယ်။
ဘန်ကောက်အခြေစိုက် သံတမန်ရေးရာအကဲခတ်ကတော့ တရုတ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကို ပျောက်ကွယ်သွားရေး NLD ပါတီနဲ့ နေပြည်တော်ကို စကားပြောစေချင်တာလို့ ရှုမြင်ပါတယ်။
'' တရုတ်က နေပြည်တော်နဲ့ NLD စကားပြောရင် NUG က အလိုလိုပျောက်သွားမယ်။ လုံးပါးပါးသွားမယ်လို့ ယူဆနေတာ၊ အဲဒီလိုဖြစ်စေချင်တာ''လို့ သူ့အမြင်ကို ပြောပါတယ်။
၂၀၂၄ စက်တင်ဘာက ကိုးကန့်တပ်- MNDAA က အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ လုံးဝလုပ်မှာမဟုတ်ဘူးဆိုတဲ့ကြေညာချက်၊ ၂၀၂၄ အောက်တိုဘာက တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျင်း နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်(UWSP/UWSA) ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ''ပူအယ်အစည်းအဝေးမှတ်တမ်း''တွေကလည်း သူ့အမြင်ကို ပိုခိုင်နေစေပြန်ပါတယ်။
အမည်သုံးခွင့်မပေးနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြည်တွင်းက တာဝန်ရှိသူတစ်ဦးကတော့ ဦးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ''နိုင်ဖဲကတ်'' ကို တဖြည်းဖြည်းချင်းပဲ ထုတ်ကစားလိမ့်မယ်လို့ ကောက်ချက်ချပါတယ်။
''ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မြောက်လာရေးဆိုတာကို ချက်ချင်းမျှော်လင့်လို့မရနိုင်ဘူးလို့ပဲ သုံးသပ်ပါတယ်။ သူတို့ (နေပြည်တော်) က တစ်ဆင့်ချင်းပဲလုပ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုသတင်းထုတ်ပေးတာတောင် တရုတ်ကြောင့်ဖြစ်လာတယ်လို့ပဲ ကျွန်တော်တို့ ယူဆပါတယ်'' လို့ ပါတီတာဝန်ရှိသူက ပြောပါတယ်။
တရုတ်သံရုံးနဲ့နီးစပ်သူတွေနဲ့ နေပြည်တော်ဘက်က အကြံပေးတချို့ကတော့ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပိုပြီးခင်မင်ရင်းစွဲနဲ့ အလေးထားဆက်ဆံမှုရှိတယ်လို့ မှတ်ချက်ပေးလေ့ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတချို့ကတော့ အဲဒီလိုပြောဆိုချက်တွေကိုငြင်းဆန်ပြီး NLD အစိုးရဟာ တရုတ်ကို အလိုမလိုက်ဘဲ နိုင်ငံအကျိုးကို ပိုကြည့်ပြီး စီမံကိန်းတွေကိုပိုစိစစ်ခဲ့လို့ တရုတ်က NLD ကိုမလိုလားဘူးလို့ အမြင်ရှိပါတယ်။
''အမေစုလက်ထက်မှာ တရုတ်စီမံကိန်းတွေအားလုံးကို ပြန်စိစစ်ပြီးလျှော့ချခဲ့တာလေ။ စီမံကိန်း ၉၀ ကျော် ကို ၃၀ ကျော်အထိ ပြန်စိစစ်တယ်။ တရုတ်က ဒါကိုလုံးဝမကျေနပ်ဘူး။ အာဏာမသိမ်းခင် ဝမ်ယိလာတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ပါ တွေ့တယ်။ ပြီးတော့ အာဏာသိမ်းတာပဲလေ။ တရုတ်က အမေစုကို လွှတ်စေချင်တယ်လို့ပြောပါတယ်ဆိုရင်တောင် အမေစုထက်သူတို့အကျိုးစီးပွားရှိတာကြောင့်ပဲ'' လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေခဲ့သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
တရုတ်အစိုးရဟာ မြန်မာပြည်တွင်းက သူ့ စီမံကိန်းတွေရဲ့ လုံခြုံဘေးကင်းရေးနဲ့ ရေရှည်လည်ပတ်နိုင်ရေးအတွက်တင်မကပါဘူး၊ ထိုင်ဝမ်အရေးမှာ ''တရုတ်တစ်နိုင်ငံတည်းမူဝါဒ'' ကို ထောက်ခံမယ့် မြန်မာအစိုးရတစ်ရပ်ကို လိုလားတာကလည်းသူ့ရဲ့ အဓိကဆန္ဒဖြစ်တယ်လို့ နေပြည်တော်အခြေစိုက်နိုင်ငံရေးအကဲခတ်တစ်ဦးက ဆိုပါတယ်။
ဒါတင်မက အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့အရေးမှာကြားဝင်နှောင့်ယှက်ဖို့ အခွင့်အရေးရသွားနိုင်တာမျိုးကိုလည်းတရုတ်ကစိုးရိမ်ချက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်- တရားမမျှတစွာပြုမူခံရခြင်းရဲ့ သင်္ကေတ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၀ ခုနှစ် အရှေ့ပိုင်းက စစ်အာဏာရှင်ကာလတွေမှာ နေအိမ်အကျယ်ချုပ် ၃ ကြိမ်နဲ့ စုစုပေါင်း ၁၅ နှစ်ခန့် ပြင်ပနဲ့အဆက်ဖြတ်နေခဲ့ရသူဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ ၄ ကြိမ်မြောက် ဖမ်းဆီးထိန်းသိမ်းမှုဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလ သူ့ အသက် ၄၃ နှစ်အရွယ်မှာ မြန်မာပြည်ပြန်ရောက်ခဲ့လို့ ၃၇ နှစ်တာကာလကို မြန်မာပြည်မှာ ကုန်ဆုံးထားပါတယ်။ ၃၇ နှစ်အတွင်း နှစ် ၂၀ ခန့်က နေအိမ်အကျယ်ချုပ် ဘဝ ၊ အကျဥ်းစံဘဝတွေနဲ့ဖြတ်သန်းရတာ အခု အသက် ၈၁ နှစ် အရွယ်အထိဖြစ်ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီကို တောင့်တလှုပ်ရှားမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိကစေ့ဆော်သူ ဒါမှမဟုတ် တွန်းအားတစ်ရပ် အဖြစ် ဆယ်စုနှစ်များစွာရှိနေခဲ့သလို မြန်မာ့ဒီမိုကရေစီရဲ့ ပြယုဂ်အဖြစ် လက်ခံယုံကြည်ခံရနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရမှုကနေ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်တိုင် သူ့ အနေနဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းထဲမှာ အပ်စပ်ဆီလျော်မှု ရှိနိုင်ပါ့မလား။ သူ့ရဲ့ အခန်းကဏ္ဍ ရှိနိုင်သေးရဲ့လားဆိုတဲ့မေးခွန်းတွေလည်း ရှိနေပါတယ်။
အဓိက ဒီမေးခွန်းတွေကိုဖြစ်စေတဲ့အချက် ၂ ချက်ရှိနေပါတယ်။ လက်ရှိမြန်မာရဲ့ အခြေအနေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေ ဒါမှမဟုတ်၂၀၁၀ အရှေ့ပိုင်းကာလတွေနဲ့ အများကြီးကွာခြားသွားပြီ ဖြစ်ပါတယ်။
- လက်နက်ကိုင်လမ်းကြောင်း - လူငယ်မျိုးဆက်သစ်တွေနဲ့ တော်လှန်ရေးအင်အားစုများက စစ်တပ်ကို အပြီးတိုင်ဖယ်ရှားရေးဆိုတဲ့ မူအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြပါတယ်။
- တိုင်းရင်းသား အင်အားစုများ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်ရေး လမ်းစဉ်ထက် သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံရေး ရည်မှန်းချက်တွေအပေါ်မှာ ပိုမို အာရုံစိုက်နေကြတာဖြစ်ပါတယ်။
ကာလရှည်ကြာဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်ကြား ဆက်ဆံရေးကို လေ့လာနေခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးအကြောင်း စာအုပ်အတွဲတွေများစွာထုတ်ဝေထားတဲ့ စာရေးဆရာ၊ သုတေသီ ဖားဂတ်စ် ဟာလိုးကတော့ ''မြန်မာပြည်သူတွေ တရားမဲ့စွာ ပြုမူခံနေရပါလား''ဆိုတာကို''ဒေါ်အောင်ဆန်းစုကြည်က သင်္ကေတဆောင်ဖော်ပြနေပါတယ်'' လို့ ဘီဘီစီကို ပြောပါတယ်။
''လက်ရှိ အချိန်မှာ သူ့ကို ပြန်လွှတ်ရေး ဆိုတာကသာ အခရာ အကျဆုံးပါပဲ။ နိုင်ငံရေးထဲ သူ ဆက်ပြီး ပါဝင်မှာလား ဆိုတာက ဒီကနေ့ အတွက် မေးခွန်း မဟုတ်ပါဘူး။ ဒီကနေ့ အတွက် မေးခွန်း၊ ဒီကနေ့ အတွက် ပြဿနာကတော့ ဒေါ်စုဟာ တရားမမျှတစွာ ပြုမူ ခံနေရခြင်းရဲ့ သင်္ကေတ "symbol of injustice" ဖြစ်နေတာပါပဲ၊ ဒေါ်စုလွတ်မြောက်လာဖို့ ကျွန်တော်တို့ အားလုံးလိုအပ်နေပါတယ်''လို့ သုတေသီ ဖားဂတ်စ် ဟာလိုးက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပေးထားပါတယ်။
၂၀၂၅/၂၆ မှာ တရုတ်ရဲ့ ကြားဝင်ကူညီမှုတွေကြောင့် မြန်မာစစ်တပ်ဟာ သူတို့ ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကိုပြန်ရထားပြီး စစ်ရေးအသာစီးပြန်ဖြစ်လာချိန်မှာပဲ နေပြည်တော်ကလည်း သူ့ အုပ်ချုပ်ရေးကို တည်ငြိမ်အောင် ဖန်တီးနေပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်ဟာ နိုင်ငံတကာနဲ့ မြန်မာလူထုအများစုတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆိုတဲ့ ဆန္ဒကိုဖြည့်ပေးလိုက်ပြီး သူ့တရားဝင်မှုဖြစ်လာရေး လမ်းကြောင်းချောမွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည်'' ကတ်'' ကို တဖြည်းဖြည်းသုံးသွားနိုင်တယ်လို့ ဘန်ကောက်အခြေစိုက် သံတမန်တစ်ဦးကလည်း NLD ပါတီကတာဝန်ရှိသူ နည်းတူ ရှုမြင်ပါတယ်။
မိခင်အသက်ရှင်နေသေးကြောင်း သက်သေတောင်းတဲ့ ကင်မ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေးဟာ အဖွဲ့ဝင်နိုင်ငံအနေနဲ့ ဆက်ရှိနေခွင့်ရှိပေမယ့် နိုင်ငံရေးအရ သီးခြားဖြစ်နေတဲ့အနေအထားကို ရောက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီမှာချမှတ်ခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများစတင်ရေးစတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်ခေါင်းဆောင်က လက်တွေ့အကောင်အထည်ဖော်မှုမရှိခဲ့ဘူးလို့ အာဆီယံ က အကြိမ်ကြိမ်ပြောခဲ့တာပါ။
အဲဒီနောက်ပိုင်း အာဆီယံထိပ်သီးဆွေးနွေးပွဲတွေကို နိုင်ငံရေးရာထူးမဟုတ်တဲ့ ကိုယ်စားလှယ်တွေတက်ရောက်မှုကိုသာ ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ အာဆီယံအဖွဲ့အတွင်း ရှားရှားပါးပါးဆုံးဖြတ်ခဲ့တဲ့ ဖိအားတစ်ရပ်ဖြစ်တယ်လို့လည်း သုံးသပ်ခံရပါတယ်။
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ် အရပ်ဘက်အသွင်ပြောင်းပြီးအုပ်ချုပ်ရေးထူထောင်ထားပေမဲ့ ရုရှား၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ထောက်ခံမှုကိုပဲ ရထားပါတယ်။
နေပြည်တော်ခေါင်းဆောင်နဲ့တွေ့ထားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးစဉ်မတိုင်ခင် ဧပြီ ၂၂ ရက်မှာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံထားတာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ မြန်မာနဲ့ အာဆီယံကြား ပေါင်းကူးသဖွယ် ကူညီမယ်၊မြန်မာမှာငြိမ်းချမ်းရေးရအောင်ဆက်ကူညီမယ်လို့ ပြောထားပါတယ်။
ဝန်ကြီး ဆီဟာဆက်ရဲ့ နေပြည်တော်ခရီးအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ မြန်မာခရီးဆက်ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဖိလစ်ပိုင်က ဒေါ်အောင်ဆန်းစုကြည်အမည်ကို တိုက်ရိုက်ဖော်ပြပြီး လွှတ်ပေးဖို့ တောင်းဆိုခဲ့တာဟာ အာဆီယံအတွင်းမှာ အရေးပါတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ သူ့မိခင်ကို နေအိမ်ကို ပြောင်းရွှေ့လိုက်တာဆိုရင်ကြိုဆိုတယ်လို့ပြောနိုင်ပေမဲ့ သူ့မိခင်ဟာ ဘယ်တုန်းကမှ ထောင်ထဲကိုရောက်ခဲ့သင့်သူမဟုတ်ဘူးလို့ ဧပြီ ၃၀ ရက်မှာ ဘီဘီစီကို ဖြေကြားပါတယ်။
သူနဲ့ သူ့မိခင်ကို စကားပြောခွင့်မပေးမချင်း၊ ဒါမှမဟုတ် သူ ယုံကြည်ရသူတစ်ဦးက သူ့မိခင် ဘယ်မှာရှိနေတယ်ဆိုတာကို လွတ်လွတ်လပ်လပ် အတည်ပြု မပေးနိုင်မချင်း ဘာကိုမှမယုံနိုင်ကြောင်း ကင်မ်အဲရစ်က ပြောပါတယ်။
''အခုထိ မေမေအသက်ရှင်နေသေးကြောင်း သိရတဲ့ သက်သေကျွန်တော့်မှာဘာမှမရသေးပါဘူး။ ဒါကြောင့် '' ဒေါ်အောင်ဆန်းစုကြည် အသက်ရှိနေသေးကြောင်း သက်သေပြဖို့တောင်းဆိုလှုပ်ရှားမှုကမ်ပိန်း''ကိုဆက်လုပ်သွားမှာဖြစ်ပါတယ်''









