PDF ၅ နှစ်ပြည့် - မသန်စွမ်းတပ်သားအရေးဘာကြောင့် အရေးကြီးလဲ

မိုင်းထိပြီးခြေတစ်ဘက်ဆုံးရှုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၄ ခုနှစ်က တွေ့ရစဥ်။
တီရှပ်အစိမ်းနဲ့ ဘောင်းဘီတိုဝတ်ထားပြီး ချိုင်းထောက်နဲ့ လမ်းလျှောက်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုင်းထိပြီးခြေတစ်ဘက်ဆုံးရှုံးခဲ့ရတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၄ ခုနှစ်က တွေ့ရစဥ်။
ဖတ်ရန်အချိန်: မိနစ် ၁၀

မြန်မာစစ်တပ်နဲ့ တိုက်ပွဲပေါင်းသောင်းကျော်ကို နှစ်ချီတိုက်ခဲ့တဲ့ကာလအတွင်း ကိုယ်ခန္ဓာအစိတ်အပိုင်း ထိခိုက်စွန့်လွှတ်ရတဲ့ ရဲဘော်အရေအတွက်ဟာ "ထောင်ကြီးပိုင်းလောက်အထိ ရှိနိုင်တယ်"လို့ NUG ကျန်းမာရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တိုက်ပွဲတွေရဲ့အနိုင်အရှုံးကိုပဲ ဦးစားပေးပြောကြပြီး တိုက်ပွဲကြားမှာ ကိုယ်ခန္ဓာအစိတ်အပိုင်းစွန့်လွှတ်ခဲ့ရသူတွေအကြောင်းကတော့ အမေ့ခံဖြစ်ရလေ့ရှိပါတယ်။

တိုက်ပွဲအတွင်း မသန်စွမ်းဖြစ်သွားတဲ့ PDF တပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေတွေကို NUG အစိုးရ၊ မသန် စွမ်းဖြစ်သွားရတဲ့ရဲဘော်တွေ၊ တော်လှန်ရေးနယ်မြေက ဆေးရုံတာဝန်ရှိသူတချို့၊ နယ်စပ်က ပြန်လည် ထူထောင်ရေးစင်တာနဲ့ မသန်စွမ်းအရေးသုတေသနပြုလုပ်သူစတဲ့ အရင်းအမြစ် ၈ ဦးကို ဘီဘီစီက မေးမြန်းထားပါတယ်။

" စစ်တိုက်တာလည်း အရေးကြီးသလို ဆေးကုသရေးလည်းအရေးကြီးတယ်" လို့ လူနာတွေကို ခြေတုလက်တုတပ်ဆင်ရေးအထိတာဝန်ယူကုသနေတဲ့ နွေဦးဆေးရုံတာဝန်ခံက ပြောပါတယ်။

"မြေပြင်အခြေအနေက ခြေတုလက်တုတောင် အလျင်မီအောင် မတပ်နိုင်သေးဘူး"

မိုင်းထိပြီးခြေတစ်ဘက်ဆုံးရှုံးခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်တစ်ဦး ဖုန်းအသုံးပြုနေတာပါ။ သူ့ရှေ့မှာတော့ သူ့ရဲ့ခြေတုတစ်ဘက်ကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုင်းထိပြီးခြေတစ်ဘက်ဆုံးရှုံးခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၃ ခုနှစ်ကတွေ့ရစဥ်။

မြန်မာစစ်တပ်နဲ့ PDF အပါအဝင် တော်လှန်ရေးအင်အားစုတွေအကြား ၅ နှစ် အတွင်းမှာ တိုက်ပွဲပေါင်း ၁၂,၅၈၄ ပွဲ ဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံနဲ့ Myanmar peace monitor ရဲ့ စာရင်းတွေအရ သိရတာဖြစ်ပါတယ်။

PDF တပ်ရင်းနဲ့ ပကဖတပ်ဖွဲ့တွေဟာ အညာနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသမှာ ၂၀၂၅ တစ်နှစ်အတွင်း စစ်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲကြီး ၁၄၀၀ နီးပါး တိုက်ခဲ့တယ်လို့ NUG အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပြောက်ကျားစစ်ကနေ စခန်းသိမ်း၊ မြို့သိမ်းအထိ တိုက်ပွဲတွေဖော်လာနိုင်တာရဲ့ တဖက်ခြမ်းမှာတော့ အသက်နဲ့ခန္ဓာဆုံးရှုံးမှုတွေရှိနေတာပါ။ NUG ရဲ့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာမရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းဆုံးရှုံးထိခိုက်တဲ့ တပ်သားအရေအတွက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

ပြန်လည်သန်စွမ်းရေးစင်တာကို ရောက်လာတဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသူအရေအတွက်က ၂ထောင်ကနေ ၃ ထောင်ကြားရှိသွားပြီ လို့ NUG ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒီအရေအတွက်မှာ PDF တပ်ဖွဲ့ဝင်တွေအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ၊ ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တွေလည်း ပါဝင်တာပါ။

စင်တာကိုမရောက်လာတဲ့ ရဲဘော်တွေရှိနိုင်တာကြောင့် မြေပြင်မှာ ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးထားတဲ့ရဲဘော်အရေအတွက်ဟာ ကိန်းဂဏန်းအရ ထောင်ကြီးပိုင်းအထိရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။

၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် အောက်မေ့ဖွယ်အခမ်းအနား။
ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ ရဲဘော်တစ်ဦးကို အုတ်ဂူတွေရှေ့မှာ ချိုင်းထောက်နဲ့ တွေ့ရစဥ်။

ဓာတ်ပုံ ရင်းမြစ်, The Kokang

ဓာတ်ပုံ ပုံစာ, ၁ဝ၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များအတွက် အောက်မေ့ဖွယ်အခမ်းအနား
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တော်လှန်ရေးအင်အားစုတွေရဲ့ နယ်မြေစိုးမိုးမှုအကျယ်ပြန့်ဆုံးကာလဖြစ်သလို တိုက်ပွဲအရှိန်အမြင့်ဆုံးလို့ဆိုနိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာ ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

"ဘာလို့လဲဆိုတော့ ရှမ်းမြောက်ရော၊ မန္တလေးဘက်ရော စစ်ကိုင်းဘက်ကလာတဲ့ ရဲဘော်တွေရောဆိုတော့ ထိခိုက်မှုအများဆုံးကာလလို့ ပြောလို့ရပါတယ်" လို့ သူကပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဆေးရုံ ၃၃ ရုံဖွင့်ထားတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ပြောပါတယ်။

ဒါအပြင် မသန်စွမ်းတပ်ဖွဲ့ဝင်တွေ ခြေတု၊လက်တုကို ဒေသအလိုက် တပ်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် ပြန်လည် ထူထောင်ရေးစင်တာ (၄) ခု ဖွင့်လှစ်ထားတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒဏ်ရာရရဲဘော်တွေရဲ့ ကုသရေး၊ ခြေတုလက်တုတပ်ဆင်တာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် "လစဉ် ကျပ်သိန်း ၁၀၀၀ မှ ၁၅၀၀ ခန့်ကို ပုံမှန် အသုံးပြုဆောင်ရွက်နေတယ်" လို့ သူက ဆိုပါတယ်။ ဒီထောက်ပံ့သုံးစွဲနိုင်မှုပမာဏက လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းဖို့ မလုံလောက်သေးဘူးဆိုတာ မြေပြင်မှာ ထိခိုက်ရဲဘော်ကုသရေးနဲ့ ပြန်လည်သန်စွမ်းရေးလုပ် ဆောင်ပေးနေသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ပထမအချက်က ဆေးနဲ့ ဆေးပစ္စည်းဈေးကြီးမြင့်နေတာ၊ ဒုတိယအချက်က ထိခိုက်ရဲဘော်နဲ့ ပြန်လည် ထူထောင်ရေးစင်တာအချိုးမမျှတာ၊ တတိယအချက်က ပညာရှင်လိုအပ်ချက်မြင့်မားနေတာကြောင့် ဖြစ်ပါတယ်။

ဒဏ်ရာရသူတစ်ဦးကို ခွဲစိတ်ကုသပေးနေတဲ့ ခွဲစိတ်ခန်းထဲမှာ အပြာရောင် ခွဲခန်းဝတ်စုံနဲ့ ခေါင်းဆောင်းဝတ်ထားတဲ့ ဆရာဝန်နဲ့ သူနာပြု၅ ဦး

ဓာတ်ပုံ ရင်းမြစ်, နွေဦးဆေးရုံ

ဓာတ်ပုံ ပုံစာ, သေနတ်ကျည်၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရိုး၊ အကြော၊ အဆစ်နဲ့ မျက်စိထိခိုက်မှုတွေ အများဆုံးဖြစ်

"အကျပ်အတည်းက ပြောမကုန်ပါဘူး။ ဆေးဝါးရရှိရေးအခက်အခဲ၊ ရန်ပုံငွေရရှိရေးအခက်အခဲအများကြီးပါပဲ"လို့ NUG/PDF တပ်ရင်းက ထိခိုက်ရဲဘော်တွေကို ကုသပေးနေတဲ့ နွေဦးဆေးရုံတာဝန်ခံက ပြောပါတယ်။

နွေဦးဆေးရုံက NUG အထောက်အပံ့နဲ့ရပ်တည်တာမဟုတ်ဘဲ ကမ်ပိန်းတွေကနေ ရတဲ့ရန်ပုံငွေနဲ့ သီးခြားရပ်တည်တဲ့ ဆေးရုံဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ် ၆ မြို့နယ်ဝန်းကျင်က ထိခိုက်ဒဏ်ရာရ NUG/PDF ၊ ပကဖ၊ ပလဖနဲ့ LPDF ရဲဘော်တွေကို ကုသပေးနေတာပါ။

သေနတ်ကျည်၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကြောင့် အရိုး၊ အကြော၊ အဆစ်နဲ့ မျက်စိထိခိုက်မှုတွေ အများဆုံးဖြစ်တယ်လို့ နွေဦးဆေးရုံတာဝန်ခံက ဆိုပါတယ်။

ခြေထောက်ဆုံးရှုံးရသူတွေအတွက် ခြေတုက ဒူးအောက်ပိုင်းဆို တစ်ဖက် သိန်း ၆၀ နဲ့ ဒူးအထက်အထိဆို တစ်ဖက် သိန်း ၁၀၀ ဝန်းကျင်ကုန်ကျပါတယ်။

ဘီဘီစီကဆက်သွယ်မေးမြန်းချိန်မှာကို နွေဦးဆေးရုံမှာ ဒူးအောက်ပိုင်းဖြတ်ထားရလို့ ခြေတုတပ်ဆင်ဖို့ စောင့်ဆိုင်းနေတဲ့ ရဲဘော် ၃ ဦးရှိပါတယ်။

"သူတို့တပ်ရင်းတွေက ခြေတုအတွက် ဘယ်လောက်ပါဝင်နိုင်မလဲ စကားပြောတုန်းပါပဲ။ တချို့တပ်ရင်းတွေကလည်း ကျည်ဖိုးနဲ့ စားဖို့တောင် မနည်းရုန်းရတော့ ဆေးရုံကပဲ အလုံးစုံ လုပ်ပေးပါဆိုတာမျိုးလည်းရှိတယ်" လို့ ဆေးရုံတာဝန်ခံက ပြောပါတယ်။

PDF တပ်ရင်းတွေဟာ သိန်း ၈၀ ကနေ သိန်း ၁၀၀ ဝန်းကျင်ကို NUG ဆီကနေ နှစ်လ၊ သုံးလမှ တစ်ကြိမ် ထောက်ပံ့ငွေအဖြစ်ရရှိတယ်လို့ တပ်ရင်းတချို့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဘီဘီစီကို ပြောထားပါတယ်။ ဒါက တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ရဲဘော် ၁၀ ယောက် ဆေးကုသစရိတ်တောင် မကာမိဘူးလို့လည်း တန့်ဆည် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက တွက်ချက်ပြထားတာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှာ ခြေလက်အင်္ဂါဆုံးရှုံးရတဲ့ PDF ရဲဘော် ၅၀ ဝန်းကျင်ရှိတယ်လို့ ကလေးမြို့နယ်၊ တပ်ရင်းမှူးတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရဲဘော်တွေ ခြေတုလက်တုတပ်ဆင်ရေးနဲ့ ပြန်လည်သန်စွမ်းရေးအတွက် မိခင်တပ်ရင်းနဲ့ မြို့နယ်အုပ်ချုပ်ရေးက ကမကထပြုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ထောက်ပံ့မှုနဲ့ အခွန်ရရှိငွေတွေကနေ ပေါင်းစပ်ထောက်ပံ့ပေးနေတယ်လို့ သူကဆိုပါတယ်။

"ရဲဘော်တွေအတွက် အရည်အသွေးပြည့်မီတဲ့ ခြေတုလက်တုတပ်ဆင်ဖို့နဲ့ ပြန်လည်သန်စွမ်းရေးက အထောက်အပံ့အများကြီး လိုအပ်ချက်ရှိပါသေးတယ်"

"NUG အနေနဲ့ အကန့်သတ်များနေတဲ့အချိန်မှာ အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက အားကျိုးမာန်တက်ဝန်းရံရင်တော့ အတိုင်းအတာတစ်ခုအထိ အဆင်ပြေတာတွေ့ရတယ်" လို့ သူကပြောပါတယ်။

တပ်ရင်း၊ တပ်ဖွဲ့အလိုက်ဆိုရင်တော့ ဘဏ္ဍာငွေ၊ ဆေးဝန်ထမ်းနဲ့ စင်တာတွေကိုချိတ်ဆက်တဲ့အပိုင်းမှာ လိုအပ်ချက်ရှိနေတယ်လို့ ကလေးမြို့နယ်တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

ဆေးကုသမှုအပြီးမှာ ခြေလက်ဖြတ်တောက်ထားရတဲ့ ရဲဘော်တွေအတွက် ခြေတုလက်တု တပ် ဆင်ရေးမှာလည်း ပညာရှင်မလုံလောက်ဘူးလို့ NUG ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။

"တချို့စင်တာတွေမှာ နိုင်ငံခြားပညာရှင်တွေ ခေါ်လုပ်ပေးပေမဲ့ လိုအပ်ချက်နဲ့ဖြည့်ဆည်းနိုင်တာ ကမမျှဘူး။ မြေပြင်အခြေအနေက ခြေတုလက်တုတောင် အလျင်မီအောင် မတပ်နိုင်သေးဘူး"

ကယား/ကရင်နီပြည်ထဲက ပြန်လည်သန်စွမ်းရေးဂေဟာတစ်ခုထဲက မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်က ရိုက်ထားတဲ့ ကယား/ကရင်နီပြည်ထဲက ပြန်လည်သန်စွမ်းရေးဂေဟာတစ်ခုထဲက မြင်ကွင်း

တိုက်ပွဲထိခိုက်မှုတွေမှာ ခြေလက်ဆုံးရှုံးရတာတွေအများဆုံးဖြစ်ပြီး မျက်စိထိခိုက်တဲ့ရဲဘော်တွေမှာတော့ ၉၀ ရာခိုင်နှုန်းက အရေးပေါ်ကုသမှု urgent care မပေးနိုင်တာကြောင့် အမြင်အာရုံဆုံးရှုံးရတာများတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေက ပြောပါတယ်။

မျက်စိထိခိုက်သူတွေကို ရန်ကုန်နဲ့ မန္တလေးလောက်မှာသာ အရေးပေါ်ကုသမှုပေးနိုင်တဲ့အခြေ အနေရှိပြီး ဒီနေရာတွေကို တော်လှန်ရေးရဲဘော်တွေအနေနဲ့ သွားရောက်ကုသဖို့ မဖြစ်နိုင်ပါဘူး။

ဒီအခြေအနေမှာ မျက်စိအပါအဝင် ထိခိုက်မှုပြင်းထန်သူတွေကို နယ်စပ်ဖြတ်ကျော် ကုသပေးနေရတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဖွင့်ထားတာ ၂ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ နွေဦးမေတ္တာယုံကြည်ရာစင်တာမှာ ကိုယ်ခန္ဓာ အစိတ်အပိုင်းထိခိုက်သူရဲဘော် ၄၀ ကျော်ကုသမှုခံယူခဲ့ပြီး အများစုက မျက်စိထိကြတဲ့သူတွေဖြစ်တယ်လို့ စင်တာဥက္ကဋ္ဌ မယုလှိုင်သင်းက ပြောပါတယ်။

"စင်တာကိုလာကုတဲ့ NUG တပ်ရင်းက ရဲဘော် ၃ ယောက်မှာ ၂ယောက် မျက်လုံးထိကြတာ။ အထဲကဆေးရုံတွေမှာ ကုဖို့ခက်ခဲလို့ ဒီစင်တာကို ရွှေ့ကြရတာပေါ့။ တစ်ယောက်ဆိုရင် ရှေ့တန်းမှာမိုင်းထိပြီး မျက်စိ၂ ဖက်လုံးမမြင်ရတော့ဘူး" လို့ သူက ပြောပါတယ်။

နယ်စပ်မှာ ကုသရတဲ့ ရဲဘော်တွေဟာ ဘာသာစကား၊ ဆေးရုံရက်ချိန်း၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးကုသစားရိတ်အခက်အခဲတွေကြုံရတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MCERP)ရဲ့ ၂၀၂၄ ခုနှစ်က ထုတ်ပြန်တဲ့ သုတေသနမှာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (MCERP)ဟာ မသန်စွမ်းအခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

"ရဲဘော်တွေက ထိုင်းစကားမတတ်ဘူး။ ဆေးရုံက ခွဲစိတ်ကုသမှုခံယူရင် လူနာစောင့်မပေးထားဘူး။ ထိုင်းဆရာဝန်က သူတို့(ရဲဘော်)တွေကို ဘယ်လိုခံစားနေရလဲမေးရင်လည်း နားမလည်ကြတဲ့ စိန်ခေါ်မှုတွေရှိတယ်" လို့ နွေဦးမေတ္တာယုံကြည်ရာစင်တာ ဥက္ကဋ္ဌက ပြောပါတယ်။

နောက်ထပ်စိန်ခေါ်မှုတစ်ခုက ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူချိန်မှာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် ဖမ်းဆီးခံရနိုင်တဲ့ လုံခြုံရေးစိန်ခေါ်မှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ နွေဦးမေတ္တာယုံကြည်ရာစင်တာကို ကျားဖြန့်လုပ်ကိုင်တဲ့နေအိမ်လို့ ထိုင်းရဲတပ်ဖွဲ့ဆီ တိုင်ကြားချက်ရောက်တာကြောင့် ဝင်စီးခံရပြီး လူနာအပါအဝင် ၁၆ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

"အဲဒီတုန်းကလည်း NUG ဘက်ကို အကူအညီတောင်းစာပို့ပေမဲ့ တစုံတရာကူညီပေးတာမရှိဘူး။ ထိုင်းအစိုးရနဲ့ ထိထိရောက်ရောက်စကားပြောပြီး အကာကွယ်ပေးသင့်တယ်လို့ မြင်တယ်" လို့ မယုလှိုင်သင်းက ပြောပါတယ်။

လူနာတွေကို ခြေတုလက်တုတပ်ဆင်ရေးအထိတာဝန်ယူကုသနေတဲ့ နွေဦးဆေးရုံတာဝန်ခံကတော့" ဆေးကုသမပေးနိုင်ရင် စစ်တိုက်လို့ မရပါဘူး၊ ဆေးရုံတွေက လူ့အသက်ကယ်နေတာဖြစ်လို့ ကူကြဖို့ လိုအပ်ပါတယ်" လို့ ပြောပါတယ်။

ခြေတုကသာ သွားလာလို့အဆင်ပြေရင် ရှေ့တန်းကင်းထောက်အထိ သွားဖို့စဥ်းစားထားတယ်

ဆေးရုံကုတင်ပေါ်လှဲလှောင်းနေတဲ့ အင်္ကျီဗလာနဲ့ ရင်ဘတ်မှာတက်တူးထိုးထားပြီး ဘယ်လက်မောင်းမှာ ခွဲစိတ်ထားတဲ့ဒဏ်ရာကို ပလက်စတာကပ်ထားတဲ့ အမျိုးသားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, နွေဦးမေတ္တာယုံကြည်ရာစင်တာ

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံမှာ ဆေးကုသမှု ဆက်လက်ခံယူနေတဲ့ ရဲဘော်ဖိုးစည်အခြေအနေ

ရဲဘော်ဖိုးစည်က အင်းလေး PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ထဲက နမ့်နိန်းရွာတိုက်ပွဲမှာ ၇၉ လက်နက်ငယ်ရဲ့ ၄၀ မမကျည်ထိပြီး ပြင်းထန်ဒဏ်ရာရခဲ့တာပါ။

"ကျည်အစက ဘယ်ပါးကနေ ဖောက်ပြီး ညာဘက်မျက်လုံးထဲဝင်တာ။ စဖြစ်ဖြစ်ချင်း ထိသွားပြီဆိုတာသိပေမဲ့ ဆေးရုံရောက်ရင် ပြန်ကောင်းမယ်ထင်ခဲ့တယ်။ သုံးလေးရက်နေတော့ ဆရာမတစ်ယောက်က ညာဘက်မျက်လုံးဆုံးပြီဆိုတော့ စိတ်ကျသွားတယ်" လို့ ရဲဘော်ဖိုးစည်ကပြောပါတယ်။

အဲဒီတုန်းကတော့ သူ့ရဲ့ ဘယ်ဘက်မျက်လုံးအပေါ် မျှော်လင့်ချက်ထားရှိခဲ့ပါသေးတယ်။

"ကျည်စအရှိန်နဲ့ ဘယ်ဘက်ကသွားတွေကျွတ်ပြီး အာရုံကြောထိတယ်။ ညာမျက်လုံးမမြင်ရပေမဲ့ ဘယ်မျက်လုံးတော့ ရဦးမလားဆိုပြီးစိတ်အားထက်သန်ခဲ့ပေမဲ့ ၅၀ ရာခိုင်နှုန်းမမြင်ရတော့ဘူး" လို့ သူကပြောပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်ဖိုးစည်ကို မိခင်တပ်ရင်းနဲ့ NUG ကနေ ထိုင်းမှာဆေးကုသခွင့်ရအောင် ပံ့ပိုး ကူညီပေးခဲ့ပါတယ်။

ထိုင်းမှာ လက်မောင်းအရိုးကြေတာကို စတီးချောင်းထည့်တာနဲ့ ခါးရိုးထုတ်ပြီးလက်မောင်းထဲ ပြန်ဆက်တာတွေလုပ်ခဲ့ရပြီး ဆေးကုသမှုပြီးသလောက်ဖြစ်နေပါပြီ။

"မျက်လုံးကတော့ ကုလို့မရတော့ဘူး" လို့ သူက ပြောပါတယ်။

Free Burma Rangers (FBR) အဖွဲ့မှ အမျိုးသမီးဆေးတပ်သားတစ်ဦးက မျက်လုံးကိုပတ်တီးစီးထားရတဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးကို စာဖတ်ပြနေတဲ့ မြင်ကွင်းတစ်ခု။
၂၀၂၁ ခုနှစ်က ကရင်ပြည်နယ်ထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Free Burma Rangers (FBR) အဖွဲ့မှ ဆေးတပ်သားတစ်ဦးက စာဖတ်ပြနေတဲ့ မြင်ကွင်းတစ်ခု။၂၀၂၁ ခုနှစ်က ကရင်ပြည်နယ်ထဲမှာရိုက်ကူးထားတာဖြစ်ပါတယ်။

မွေးရာပါမဟုတ်ဘဲ စစ်ကြောင့် မသန်စွမ်းမှုကို ရုတ်တရက်ကြုံရချိန်မှာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုက ပြင်းထန်တယ်လို့ ကျန်းမာရေးပညာရှင်တွေနဲ့ MCERP သုတေသနက ဆိုပါတယ်။

တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်ရသူ တစ်ရာကျော်ကို MCERP က စစ်တမ်းကောက်ယူ သုတေသနပြုထားတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ် ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ မဲ့စရီယန်းနဲ့ ရှားတောမှာရှိတဲ့ ပြန်လည်သန်စွမ်းရေးစင်တာ ၄ ခုက မသန်စွမ်းတွေကိုကောက်ယူထားတာ ဖြစ်ပါတယ်။

ညာမျက်လုံးထုတ်လိုက်ရတဲ့ ရဲဘော်ဖိုးစည်က "မျက်လုံးတစ်ဘက်က သေးသွားတော့ အပြင်တွေ ဘာတွေ မထွက်ရဲတော့ဘူး။ သူစိမ်းတွေနဲ့စကားမပြောရဲတာလည်းဖြစ်တယ်" လို့ ပြောပါတယ်။

မန္တလေးတိုင်းထဲက ပကဖ ရဲဘော်ကျော်ကြီးအကြောင်းဆက်ရရင် သူက ဘောလုံးဝါသနာပါသူဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလက မန္တလေးတိုင်း၊ မတ္တရာနယ်ထဲက တိုက်ပွဲမှာ ၄၀ မမကျည်ထိမှန်ခဲ့တဲ့နောက် ခြေထောက်တစ်ဘက် ဆုံးရှုံးခဲ့ရပါတယ်။

"စိတ်သွားတိုင်း ကိုယ်မပါသလို စိတ်ထဲတမျိုး ဖြစ်တယ်။ ကိုယ်က ဘောလုံးကန်တာ ဝါသနာပါတော့ အခုဘောလုံးကန်တာမြင်ရင် စိတ်ထဲမကောင်းဘူးပေါ့" လို့ သူကပြောပါတယ်။

တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်ရသူတွေမှာ တော်လှန်ရေးရဲဘော်တွေက အချင်းချင်းကူညီကြပြီး ခံယူချက်တွေကတဆင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်သန်မာဖို့ အားယူကြတယ်လို့ MCERP ရဲ့ သုတသနက ဖော်ပြပါတယ်။

"ညာဘက်မျက်လုံးက မျက်လုံးတုထည့်ပြီးတော့ အဆင်ပြေသွားတယ်။ နောက်တစ်ခုက ကိုယ့်ထက်ဆိုးတဲ့ ရဲဘော်တွေရှိနေတာနဲ့ ကျဆုံးရဲဘော်တွေရှိတယ်ဆိုပြီး ကိုယ့်စိတ်ကိုယ်ပြန်ကုရတာပေ့ါ" လို့ ရဲဘော်ဖိုးစည်က ပြောပါတယ်။

ပကဖရဲဘော်ကျော်ကြီးကလည်း "မြို့နယ်ကတော့ ကျွန်တော်စထိကတည်းကနေ အခုထိ လိုလေသေးမရှိထားပါတယ်။ ခြေတုပြန်တပ်ပြီးရင်လည်း ရုံးပိုင်းလုပ်ဖို့ ပြောတယ်။ ကျွန်တော်ကတော့ ခြေတုကသာ သွားလာလို့အဆင်ပြေရင် ရှေ့တန်းကင်းထောက်လောက်အထိသွားဖို့စဥ်းစားထားတယ်" လို့ ပြောပါတယ်။

မသန်စွမ်းတပ်သားအရေး ဘာကြောင့် အရေးကြီးလဲ

မြေမြှုပ်မိုင်းရှာဖွေတဲ့စက်နဲ့ မြေလမ်းမပေါ် မိုင်းရှာနေတဲ့ ရဲဘော်တစ်ဦးရဲ့ ပုခုံးကနေ ခြေထောက်အထိ မြင်ရတဲ့ ပုံ

ဓာတ်ပုံ ရင်းမြစ်, NUG MOD

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်ရသူထက်ဝက်ကျော်ဟာ မြေမြှုပ်မိုင်းကြောင့်လို့ MCERP ရဲ့သုတေသနက ဖော်ပြပါတယ်

"ဘာကြောင့်အရေးကြီးတယ်"ဆိုတဲ့အချက်ကို သက်တမ်းရင့်မြန်မာစစ်တပ်ရဲ့ မသန်စွမ်းဖြစ်သွားတဲ့ တပ်သားတွေ ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းရတဲ့ ဥပမာနဲ့ CDM တပ်မတော်သားအသိုင်းအဝိုင်းက ချိန်ထိုးရှင်းပြပါတယ်။

ဒီတပ်သားတွေဟာ ကျန်ရှိသက်တမ်းမှာ ဘဝရပ်တည်ရှင်သန်ရေးအတွက် ရပ်ကွက်တွေထဲ ချိုင်းထောက်နဲ့ စာအုပ်လိုက်လံရောင်းချရင်း ပင်ပင်ပန်းပန်းဖြတ်သန်းရတယ်လို့ မြန်မာလူထုရဲ့ အမြင်မှာ ပုံသေကားကျ နားလည်ထားကြတာပါ။

စစ်တပ်မှာ တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရတဲ့အရာရှိနဲ့ စစ်သည်တွေကို ကုသရေးအနေနဲ့ စစ်ဆေးရုံတွေမှာ ဆေးကုသမှုနဲ့ ပြန်လည်သန်စွမ်းရေးလုပ်ဆောင်ပေးတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ ကိုနောင်ရိုးက ဘီဘီစီကို ပြောပါတယ်။

MDSI က CDM တပ်မတော်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ သုတေသနအဖွဲ့အစည်းဖြစ်ပါတယ်။

"ဆေးကုသတာနဲ့ပြန်လည်သန်စွမ်းရေးပြီးရင် ပြန်လည်ထူထောင်ရေးအနေနဲ့ သက်မွေးပညာတပ်တွေ ကိုပို့တယ်။ သူ့ရဲ့ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ စိတ်ပါဝင်စားမှုကိုမူတည်ပြီး သင်ကြားပေးတာရှိတယ်" လို့ သူကပြောပါတယ်။

ပန်းပု၊ ပန်းချီ၊ ဆံပင်ညှပ်၊ လုံခြုံရေး၊ ဟိုတယ်နဲ့ ဝန်ဆောင်မှုသင်တန်းစသဖြင့် နယ်ပယ်အလိုက် သင်ကြားပေးတာဖြစ်ပါတယ်။

အရာရှိပိုင်းတွေကတော့ ဆေးရုံတက်ရောက်တာကနေ ပြန်လည်နေရာချရေးအထိ ဘဝပြန်လည် ရပ်တည်နိုင်အောင် ဝန်ကြီးဌာန၊ တပ်ပိုင်စီးပွားရေးတွေမှာ ရာထူးနေရာပေးတာတွေ့ရတယ်လို့ CDM ဗိုလ်မှူးလည်းဖြစ်တဲ့ MDSI က ကိုနောင်ရိုးကပြောပါတယ်။

"အခြားအဆင့်ရဲဘော်တွေမှာတော့ သက်မွေးသင်တန်းကျောင်းလို လုပ်ငန်းအစီအစဥ်ရှိပေမဲ့ ထိရောက်လားဆိုတာ မေးခွန်းထုတ်စရာရှိတယ်" လို့ သူကပြောပါတယ်။

ခြေတုလက်တုတွေကလည်း သတ်မှတ်စံနှုန်းထက် အများကြီးနိမ့်နေတာ ရှိပြီး သက်တောင့်သက် သာမဖြစ်တာ၊ အံဝင်ခွင်ကျမဖြစ်တာပြဿနာမျိုးတွေ တွေ့ရတတ်ပါတယ်။

ဒီလိုနဲ့ပဲ အခြားအဆင့်ရဲဘော်တွေဟာ ပြီးပြည့်စုံတဲ့ ပြန်လည်သန်စွမ်းရေးနဲ့ ထူထောင်ရေးမရတာကြောင့် ရုပ်ပိုင်းစိတ်ပိုင်းကနေ မိသားစုနေထိုင်ရပ်တည်ရေးအထိ နောက်ဆက်တွဲ ပြဿနာတွေ ကြုံကြရတယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။

" PDF တွေဘက်မှာလည်း တိုက်ပွဲတွေကျယ်ပြန့်လာတာနဲ့အတူ ရဲဘော်တွေ ခြေလက် စွန့်လွှတ်ရတာများလာတယ်။ NUG နဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေမှာလည်း မနိုင်ဝန်ဖြစ်လာပြီး လုပ်ပေးချင်ပေမဲ့ လုပ်ပေးနိုင်တာနဲ့ အများကြီးကွာဟတယ်"

"တော်လှန်ရေးလူငယ်တွေအတွက် သေချာသုံးသပ်အဖြေရှာပြီး မူဝါဒတွေချမှတ်ဖို့ အရေးကြီး တယ်" လို့ သူကပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲအတွင်း ကိုယ်အင်္ဂါအစိတ်အပိုင်းဆုံးရှုံးရတဲ့ တော်လှန်ရေးရဲဘော်တွေ ပြန်လည်သန်စွမ်းရေးအတွက် ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ကရင်နီနဲ့ ရခိုင်မှာ စင်တာ ၁၀ ခုဝန်းကျင်ရှိတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီစင်တာတွေကို NUG ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးဌာနနဲ့ သီးခြားရပ်တည်တဲ့အဖွဲ့အစည်းတွေက တည်ထောင်ပြီး အများစုကို CDM ကျန်းမာရေးပညာရှင်တွေက ကြီးကြပ် လုပ်ကိုင်ကြပါတယ်။

တချို့စင်တာတွေက အလှမ်းဝေးတာကြောင့် ပြန်လည်သန်စွမ်းရေးရဖို့ ခက်ခဲတာ၊ တန်းစီဇယားမှာ ထိခိုက်ရဲဘော်အရေအတွက်များတာကြောင့် အချိန်နှောင့်နှေးတာတွေရှိနေတာပါ။

နယ်စပ်မှာရှိတဲ့ ပြန်လည်သန်စွမ်းရေး ဆေးခန်းတစ်ခုကို ၂၀၂၄ ခုနှစ်ကတွေ့ရစဥ်။ PDF ရဲဘော်နှစ်ဦး ဘီးတပ်ကုလားထိုင်တွေပေါ်မှာ ထိုင်နေကြစဉ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်မှာရှိတဲ့ ပြန်လည်သန်စွမ်းရေး ဆေးခန်းတစ်ခုကို ၂၀၂၄ ခုနှစ်ကတွေ့ရစဥ်

ကရင်ပြည်နယ်ထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)ကျန်းမာရေးဌာနမှာလည်း ပြန်လည် သန်စွမ်းရေးကို ယခင်က ပရိုဂရမ်အနေနဲ့သာထားရှိနိုင်ခဲ့ကာ ဒီနှစ်ထဲမှာမှ စနစ်တကျသင်တန်း ပေး ဆောင်ရွက်တာတွေ လုပ်ဆောင်နေတယ်လို့ ကျန်းမာရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ပြန်လည်သန်စွမ်းရေးဆိုတာက ခြေတုလက်တု တပ်နိုင်ရုံနဲ့ မပြီးသေးဘူး။ အလုပ်အကိုင်နဲ့ မိသားစုမှာ ဦးဆောင်နိုင်တဲ့အထိသွားဖို့လိုတယ်။ ဒါကိုလည်း NUG နဲ့ EAO တွေက တချိန်မှာအပြည့်အစုံပေးနိုင်ဖို့ ဆန္ဒရှိကြပါတယ်။ ရဲဘော်တွေကို လွယ်အိတ်လွယ်ပြီး စာအုပ်ရောင်းစားရတဲ့ ဘဝအဖြစ်မခံနိုင်ဘူး" လို့ NUG ကျန်းမာရေးဝန်ကြီးဌာနတာဝန်ခံက ပြောပါတယ်။

MCERP ရဲ့ သုတေသီ စိုင်းကြည်ဇင်စိုးက "ရဲဘော်တွေက မသန်စွမ်းဖြစ်တာကို လက်မခံနိုင်ဘဲ လိုအပ်တဲ့ ပြန်လည်သန်စွမ်းရေးကို မလုပ်နိုင်တာ၊ နောက်တစ်ခုက အရင်က အခြေအနေနဲ့မတူတော့လို့ စိတ်ဓာတ်ကျပြီး သတ်သေဖို့ကြံစည်တာတွေ့ရတယ်" လို့ ထိုင်း-မြန်မာနယ်စပ်မှာ ပြု လုပ်ခဲ့တဲ့ သုတေသနတွေ့ရှိချက်အရ ပြောပြပါတယ်။

ဒီအခြေအနေကိုလက်ခံလာအောင် စိတ်ပိုင်းဆိုင်ရာနဲ့ အသိပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီဖို့ လိုတယ်လို့ သူက ပြောပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက် ၂ ခုက

  • မျက်စိအမြင်ဆုံးရှုံးရင် Text to Speech နဲ့ စာကိုအသံထွက်ဖတ်ပေးနိုင်တဲ့ software အသုံးပြုပြီး ဖုန်းအသုံးပြုနည်းနဲ့ ချိုင်းထောက်အသုံးပြုနည်းတွေလို သက်ဆိုင်ရာမသန်စွမ်းမှုအလိုက် နည်းစနစ်တွေ သင်ကြားပေးဖို့
  • မသန်စွမ်းမှုဖြစ်တည်၊ တည်ရှိမှုအလိုက် ဘဝအိပ်မက်လမ်းကြောင်းရှာဖွေပေးဖို့ လိုအပ်တယ်လို့ သုတေသီ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

MCERP ရဲ့ သုတေသနအရ တိုက်ပွဲကြောင့် မသန်စွမ်းဖြစ်ရသူ ၇၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေဖြစ်ပါတယ်။

စစ်အုပ်စုကောက်ယူတဲ့ ၂၀၂၄ သန်းခေါင်စာရင်းအရ မြန်မာမှာ မသန်စွမ်းသူဦးရေ ၂ သန်းကျော်ရှိပါတယ်။ ဒီလူဦးရေအတွက် ပညာရေး၊ အလုပ်အကိုင်နဲ့ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ခွင့်၊ လူ့အခွင့်အရေးပြဋ္ဌာန်းချက်တွေအတိုင်း တန်းတူညီမျှခွင့်တွေအတွက် ထိရောက်တဲ့အစီအစဥ်တွေက အားနည်းနေဆဲ ဖြစ်ပါတယ်။

အထောက်အကူပြုကိရိယာအသုံးပြုသွားလာရတဲ့ မသန်စွမ်းသူတွေက ပြင်ပကို သွားလာနိုင်ဖို့ ရန်ကုန်လိုမြို့ကြီးမှာ ဘီးတပ်ကုလားထိုင်နဲ့ မျက်မမြင်လျှောက်လမ်းတွေ မလုပ်နိုင်သေးဘူးလို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် သတင်းအချက်အလက်အတွက် မသန်စွမ်းတွေလက်လှမ်းမီနိုင်အောင် အစိုးရနဲ့ သတင်းဌာနတွေက ထည့်တွက်စဥ်းစားတာ မရှိသလောက်ဖြစ်နေတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။​

တဖက်မှာလည်း တိုက်ပွဲကြောင့် လူငယ် မသန်စွမ်းဦးရေက တိုးလာနေပါတယ်။

နိုင်ငံတည်ငြိမ်ပြီး ပြန်လည်တည်ထောင်ရေးလုပ်ရာမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်ထုမှာ မသန်စွမ်းဦးရေများနေတာဟာ သတိထားစရာဖြစ်တယ်လို့ MCERP သုတေသီက ပြောပါတယ်။

ဒါကြောင့် အခုချိန်တည်းက သတိထားပြီးတော့ စနစ်တကျ တန်းတူဖြစ်ဖို့အရေး စီစဥ်ဆောင်ရွက်ဖို့လိုတယ် လို့ သူကပြောပါတယ်။

"မသန်စွမ်းသူတွေက မသန်စွမ်းမဟုတ်သူတွေနဲ့တန်းတူ ရှင်သန်ခွင့်၊ ပါဝင်ခွင့် ပီပီပြင်ပြင် မစီစဥ်ထားဘူးဆိုရင် တချိန်မှာ တိုင်းပြည်ပြောင်းလဲတဲ့အချိန်မှာ အများကြီး ထိခိုက်နစ်နာမယ့်ကိစ္စပါ"