နိုင်ငံခြားငွေလိုနေတဲ့ နေပြည်တော်က ပြည်ပလုပ်သားတွေရဲ့ငွေလွှဲကို ဖိအားပေးလာ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို မြန်မာက မိသားစုတွေဆီ တရားဝင်ငွေလမ်းကြောင်းကနေ ငွေလွှဲပို့ဖို့ နေပြည်တော်က ပိုတင်းကျပ်လာနေပါတယ်။ ဒီအတွက် အလုပ်အကိုင်အေဂျင်စီတွေနဲ့ ပြည်ပရောက်လုပ်သားတွေကို ဖိအားပေးနေတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ပြောပါတယ်။

ပြည်ပရောက်လုပ်သားတွေ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလမ်းကြောင်းကနေလွှဲဖို့နဲ့ လွှဲတာ ပျက်ကွက်ရင် အရေးယူတာတွေ လုပ်မယ်လို့ စစ်ကောင်စီလက်ထက် ၂၀၂၄ ခုနှစ်မှာ အလုပ်သမားဝန်ကြီးဌာနကနေ အမိန့်ထုတ်ခဲ့ပါတယ်။

၂၀၂၆ နှစ်ဝက်အထိ ၂ နှစ်အတွင်း နေပြည်တော်က တင်းကျပ်မှုတွေကို တစ်ရစ်ချင်း ပိုတိုးပြီး လုပ်လာနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်းက ပြောဆိုလာကြပါတယ်။

အဓိက နိုင်ငံခြားငွေရလမ်းကြောင်း တစ်ခုဖြစ်တဲ့ ပြည်ပလုပ်သားတွေရဲ့လုပ်ခလစာ ပြည်တွင်းထဲပြန်စီးဝင်ဖို့ အေဂျင်စီနဲ့ လုပ်သားတွေကို နေပြည်တော်က ဘယ်လိုထိန်းချုပ်တင်းကျပ်နေလဲ။

အေဂျင်စီတွေကို စ သုံးလုံးက နေပြည်တော်အထိ ခေါ်စစ်

ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး) က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို ဩဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ယူစစ်ဆေးခဲ့တယ်လို့ အေဂျင်စီတစ်ခုက ဘီဘီစီကို ပြောပါတယ်။

စစ်ဆေးခံရသူတွေဟာ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ရဲ့ ထိုင်းအလုပ်အကိုင်ရှာဖွေရေးကော်မတီ ခေါင်းဆောင်နဲ့ အေဂျင်စီ ၈ ခု ပါဝင်ပါတယ်။ အေဂျင်စီတာဝန်ရှိသူတွေကို တစ်ဦးချင်း သီးခြားစစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။

စစ်ဆေးမှုဟာ သုံးရက်ကြာခဲ့ပြီး အဓိကမေးမြန်းတာက ပြည်ပရောက်လုပ်သားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလမ်းကြောင်းကနေ လွှဲပို့ထားခြင်း ရှိ၊ မရှိ ဖြစ်ပါတယ်။

"အလုပ်သမားတွေကရော လွှဲလား၊ လွှဲရင် အေဂျင်စီက ဘာလို့ မသိရတာလဲ။ အဓိကကတော့ လုပ်ခ ၂၅ ရာခိုင်နှုန်းကို အေဂျင်စီဘက်က ဘာလို့တောင်းမရလဲ၊ လစာငွေပမာဏတွေနဲ့ အခွန်ကိစ္စတွေအသေးစိတ် မေးတာပေါ့" လို့ သူက ပြောပါတယ်။

MOEAF မှာ ပြည်ပကို မြန်မာလုပ်သားအများဆုံးစေလွှတ်တဲ့နိုင်ငံအလိုက် ကော်မတီတွေ ရှိပါတယ်။

ထိုင်းကော်မတီခေါင်းဆောင်ကို စစ်ဆေးတာဟာ ထိုင်းမှာ မြန်မာလုပ်သားအများဆုံးရှိတာကြောင့် ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံမှာ အများဆုံး အလုပ်လုပ်ကိုင်နေကြပြီး မလေးရှား၊ ဂျပန်၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာလည်း ရှိနေပါတယ်။

နေပြည်တော်အလုပ်သမားဝန်ကြီးကတော့ ပြည်ပရောက် မြန်မာလုပ်သား ၇ သန်းကျော်ရှိတယ်လို့ ပြောထားပါတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံမှာ တရားဝင် မြန်မာလုပ်သား ၃ သန်းရှိတယ်လို့ ဆိုပါတယ်။ တခြားနိုင်ငံတွေမှာတော့ ၄ သန်းကျော်ရှိတယ်လို့ ပြောပါတယ်။

ဒီကိန်းဂဏန်းတွေကို ဝန်ကြီးက အေဂျင်စီတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

နေပြည်တော်သမ္မတရုံးအထိ လွှဲပို့ငွေစာရင်း တင်ပြနေရ

ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ငွေလွှဲအချက်အလက်တွေကို အသေးစိတ်တင်ပြဖို့ နေပြည်တော်သမ္မတရုံးက အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ညွှန်ကြားထားတယ်လို့ ဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာကနေ ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်သူတိုးလာပေမဲ့ ပြည်ပကနေ မြန်မာကို လွှဲပို့တဲ့ငွေ ပမာဏနည်းလာတာနဲ့ပတ်သက်ပြီး သမ္မတရုံးက ဩဂုတ်လအတွင်း အလုပ်သမားဝန်ကြီးဌာနကို ခေါ်ယူသတိပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် ပြည်ပလုပ်သားတွေရဲ့ငွေလွှဲအချက်အလက်တွေကို တင်ပြဖို့ ညွှန်ကြားလာတာလို့ သူက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့အစောပိုင်းထုတ်ပြန်ချက်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကို တရားဝင်လမ်းကြောင်းကနေ လွှဲပို့တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလျံရှိပါတယ်။

ပြင်ပစီးပွားရေးသုတေသနအဖွဲ့တွေရဲ့စစ်တမ်းတွေအရ အဲဒီဘဏ္ဍာနှစ်အတွင်း ပြည်ပငွေလွှဲပမာဏဟာ ဒေါ်လာ ၆ ဘီလျံဝန်းကျင် ရှိပါတယ်။

အဲဒီကိန်းဂဏန်းမှာ တရားဝင်နဲ့ တရားမဝင် ငွေလွှဲလမ်းကြောင်း နှစ်မျိုးလုံး ပါဝင်တယ်လို့ သုတေသနအဖွဲ့တွေက ဆိုပါတယ်။ ပြည်ပငွေလွှဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စိစစ်ဖို့ ဗဟိုဘဏ်နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ နိုင်ငံပိုင်သတင်းစာက ဩဂုတ် ၂၉ ရက်မှာ ဖော်ပြပါတယ်။

ဒီလိုဆက်တိုက်စိစစ်ကိုင်တွယ်မှုနောက်မှာ အေဂျင်စီတွေက တင်ပြလာတဲ့ငွေလွှဲအချက်အလက်တွေကို အလုပ်သမားဝန်ကြီးဌာနက တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်။

ပြည်ပရောက်လုပ်သားတွေရဲ့ဘဏ်စာရင်းကနေ မြန်မာနိုင်ငံကို တရားဝင်လွှဲပို့ထားတဲ့ ပြေစာတွေကိုသာ လက်ခံတယ်လို့ ဝန်ကြီးဌာနနဲ့ နီးစပ်သူက ပြောပါတယ်။

"ဘယ်နိုင်ငံကမဆို လုပ်သားက ဘဏ်အချင်းချင်းကနေ လွှဲထားတဲ့ ပြေစာတွေကိုပဲ လက်ခံတာ" လို့ သူက ပြောပါတယ်။

အဲဒီလို စိစစ်နေတာဟာ ဟွန်ဒီလို တရားမဝင်ငွေလွှဲစနစ်တွေကို ထိန်းချုပ်ဖို့ ဖြစ်တယ်လို့ အေဂျင်စီတာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဝန်ကြီးဌာနကတစ်ဆင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကိုလည်း ငွေလွှဲမှုတွေ ပိုမိုတင်းကျပ်စွာ စောင့်ကြည့်ခိုင်းနေတယ်လို့ သူက ဆိုပါတယ်။

ဒါကြောင့် အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးလုပ်သားတွေ တရားဝင်လမ်းကြောင်းကနေ ငွေလွှဲဖို့ ဝန်ကြီးဌာနက ထပ်ပြီး ဖိအားပေးခဲ့တယ်လို့ အေဂျင်စီတချို့က ဘီဘီစီကို ပြောပါတယ်။

အေဂျင်စီတွေ ဘာရင်ဆိုင်နေရလဲ

နိုင်ငံတွင်းကို တရားဝင်လမ်းကြောင်းကနေ နိုင်ငံခြားငွေလွှဲပို့မှု နည်းပါးလာတဲ့အဓိကအချက်က ဗဟိုဘဏ်က သတ်မှတ်ထားတဲ့နိုင်ငံခြားငွေလဲနှုန်းက ပြင်ပငွေလဲနှုန်းဈေးနဲ့ ၂ ဆ နီးပါး ကွာဟနေတာကြောင့်ဆိုတာ မြင်သာပါတယ်လို့ အေဂျင်စီတချို့က ဖြေပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတချို့ကလည်း ပြည်ပဘဏ်တွေကနေ ပြည်တွင်းဘဏ်ကို တိုက်ရိုက်လွှဲရင် ကျပ်ပြင်ပပေါက်ဈေးအတိုင်းမရဘဲ ငွေကြေးနစ်နာတာကြောင့် တရားမဝင်(ဟွန်ဒီ)တွေကို သုံးပြီး မိသားစုဆီ ငွေလွှဲကြရတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။

"တရားဝင်လွှဲရင် ထိုင်းဘတ်ငွေ ၁,၀၀၀ ကို ကျပ် ၁၂၃,၀၀၀ ကျော်ပဲရတယ်။ ဟွန်ဒီနဲ့ဆိုရင် ကျပ် ၁၃၀,၀၀၀ လောက်ရတယ်။ ကျပ် ၈ ထောင်လောက် ကွာနေတာ" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြပါတယ်။

အေဂျင်စီတွေဘက်ကလည်း အလုပ်သမားတွေက တရားမဝင်နည်းလမ်းနဲ့ ငွေလွှဲနေကြတာကြောင့် အလုပ်သမားဝန်ကြီးဌာနကို လွှဲပို့ငွေတွေ တင်ပြရတဲ့အခါ ငွေကြေးစိုက်ထုတ်လွှဲပြီး ဖြေရှင်းနေရတယ်လို့ အေဂျင်စီတချို့က ဘီဘီစီကို ပြောပါတယ်။

ထိုင်းကို လုပ်သားပို့နေတဲ့အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးကတော့ "လုပ်သားတစ်ယောက်ရဲ့ ၃ လစာပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းအတွက် ကျပ် ၇ သောင်းကနေ ၈ သောင်းကြား အရှုံးခံပြီး စိုက်လွှဲနေရတယ်လို့ဆိုပါတယ်။

အရင်က ပြည်ပက လုပ်ခလစာလွှဲပို့ငွေတွေကို အေဂျင်စီတွေက အလုပ်သမားဝန်ကြီးဌာနကို ၄ လ တစ်ကြိမ် တင်ပြရပေမဲ့ ၂၀၂၆ ဒုတိယနှစ်ဝက်အတွင်း ပို့လိုက်တဲ့လုပ်သားဦးရေ အားလုံးရဲ့ လွှဲပို့ငွေတွေကို လတိုင်းတင်ပြဖို့ ဝန်ကြီးဌာနက ဖိအားပေးနေတယ်လို့ အေဂျင်စီတွေ ဘက်ကနေ သိရှိရပါတယ်။

အလားတူ အေဂျင်စီတွေအနေနဲ့ ပြည်ပပို့ထားတဲ့ လုပ်သားတွေရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ငွေအချက်အလက်တွေကို သတ်မှတ်ချက်အတိုင်း မတင်ပြနိုင်ရင် ဒဏ်ကြေးဆောင်ခိုင်းတာ၊ လုပ်သားစေလွှတ်ခွင့် ရပ်ဆိုင်းတာတွေ လုပ်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးထားတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။

ပြည်ပရောက်လုပ်သားတွေ အခက်အခဲ

ဒီလိုတင်းကျပ်လာမှုတွေက နေပြည်တော်အစိုးရရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိပါတယ်။

လစာငွေအပေါ် တင်းကျပ်မှုတွေအပြင် ပြည်ပရောက် အလုပ်သမားတစ်ဦးချင်းအပေါ် မှာလည်း လုပ်ထုံးလုပ်နည်းအသစ်၊ ညွှန်ကြားချက်အသစ်တွေနဲ့ တင်းကျပ်ကိုင်တွယ်တာတွေ လုပ်လာတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပြည်ပရောက်လုပ်သားတစ်ဦးက ကိုယ့်နိုင်ငံကို ခွင့်နဲ့ပြန်ပြီး ခွင့်ရက်စေ့လို့ ပြန်ထွက်တဲ့အခါ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ကတ်နဲ့ ထိန်းချုပ်ထားပါတယ်။

''OWIC ကတ်ပါမှ အပြင်ပြန်ထွက်လို့ရမယ်ဆိုတော့ အဲဒီကတ်ကို ရဖို့ စောင့်ရတယ်။ တကယ်လို့ ကိုယ်က လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မလွှဲထားခဲ့ဘူးဆိုရင် ကတ်က မထွက်လာနိုင်ဘူးဆိုတော့ ပြန်မရတာတွေဖြစ်တယ်။ အဲဒီလို ခက်ခက်ခဲခဲတွေ လုပ်ထားတာပါ'' လို့ စင်ကာပူမှာ အိမ်အကူလုပ်ကိုင်နေသူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

အလုပ်သမားဝန်ကြီးဌာနကတော့ လစာ ၂၅ ရာခိုင်နှုန်းကို လွှဲပို့ဖို့ပျက်ကွက်ရင် ဒီလိုကန့်သတ်အရေးယူမှုတွေကို လုပ်မယ်လို့ ၂၀၂၄ ခုနှစ်ကတည်းက အမိန့်ထုတ်ထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ နိုင်ငံခြားငွေရဖို့ အေဂျင်စီနဲ့ လုပ်သားတွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးထိန်းချုပ်တာထက် လိုလိုလားလား ပေးချင်လာအောင် စနစ်တကျ စီမံမှုတွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ‌ဇော်နိုင်က ထောက်ပြပါတယ်။

"သူတို့(လုပ်သားနဲ့အေဂျင်စီ)ကိုလည်း ပေးသင့်တဲ့ အကျိုးရှိတဲ့အခွင့်အရေးခံစားမှုတွေ ပေးဖို့လိုပါတယ်" လို့ သူက မှတ်ချက်ပြုပါတယ်။

နိုင်ငံတကာမှာလည်း ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းပြန်ဝင်လာတဲ့အခါ နိုင်ငံကနေ အခွင့်ထူးဝန်ဆောင်မှုတွေပေးတာ VIP လို သဘောထားပြီးဆက်ဆံတာ၊ အခွင့်အရေးပေးတာမျိုးတွေနဲ့ အသိအမှတ်ပြုဆက်ဆံတယ်လို့ ဖိလစ်ပိုင်နိုင်ငံကို ဥပမာပေးပြီး သူက ပြောပါတယ်။

ဖိလစ်ပိုင်မှာ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ၀န်ကြီးဌာနရဲ့ ပြည်ပလုပ်သားရေးရာဌာနက ပြည်ပထွက် အလုပ်လုပ်တဲ့သူတွေအတွက် OWWA လို့ မှတ်ပုံတင်ပြီး မြန်မာငွေ ၁ နီးပါးရှိတဲ့ ၂ နှစ်စာ ၀င်ကြေး ထည့်ထားရင် လူမှုရေးနဲ့ ကျန်းမာရေးစရိတ် အထောက်အပံ့ရရှိတာကို သူက ပြောပြတာဖြစ်ပါတယ်။

နေပြည်တော်အလုပ်သမားဌာနကတော့ သူတို့ ထုတ်ပေးတဲ့ OWIC ကတ်ဟာ အလုပ်သမားတွေရဲ့အခွင့်အရေးအတွက် ရည်ရွယ်တယ်လို့ဆိုပေမဲ့ ဘယ်လို အခွင့်အရေးတွေရနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမပြောပါဘူး။

တစ်ဖက်မှာလည်း အလည်အပတ်နိုင်ငံကူးလက်မှတ် PV ပတ်စ်ပို့နဲ့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေရင်း ပတ်စ်ပို့ သက်တမ်းကုန်လို့ အလုပ်ဗီဇာအရ PJ ပတ်စ်ပို့ (အလုပ် ပတ်စ်ပို့)ကို ပြောင်းဖို့လိုအပ်တဲ့အခါမှာလည်း သက်ဆိုင်ရာနိုင်ငံက သံရုံးမှာပဲ သက်တမ်းတိုးခွင့် မပေးတော့ဘဲ နေပြည်တော်အထိ တင်ပြလျှောက်ထားရတာတွေ ရှိလာပါတယ်။

"အလုပ်သမားတွေရဲ့လုပ်ခလစာတွေကို ဖိအားပေးတောင်းနေသလို တစ်ဖက်မှာလည်း အလုပ်သမားတွေအဆင်ပြေဖို့ ပတ်စ်ပို့တွေ သက်တမ်းတိုးတာတွေ လုပ်နိုင်အောင် ဖြေလျှော့ပေးဖို့လိုတယ်" လို့ ဒေါက်တာ‌ဇော်နိုင်က ထောက်ပြပါတယ်။