ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းမှာ ကျောင်းတွေဖွင့်ခါနီး ရုရှားမစ်ဆိုင်းကြောင့် စာအုပ် ၁၂ သန်း ပျက်စီးခဲ့
- ရေးသားသူ, ဒန်ဂျွန်ဆန်
- ရာထူးတာဝန်, ဘီဘီစီ ယူကရိန်းသတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, ကိယက်ဗ်မြို့
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ဗစ်တိုရီးယား ဟိုင်ဒါးတစ်ယောက် ကျောင်းသုံးပုံနှိပ်စာအုပ် စက်ရုံရဲ့ ပျက်စီးကျိုးကြေသွားတဲ့ အကြွင်းအကျန်တွေကို လိုက်လံကြည့်ရှုနေပါတယ်။ ဒီပုံနှိပ်စက်ရုံဟာ လာမယ့်စာသင်နှစ်သစ် အတွက် လိုအပ်တဲ့ ပြဋ္ဌာန်းစာအုပ်တွေကို အလျင်အမြန် ပုံနှိပ်ထုတ်လုပ်နေသင့်တဲ့ အချိန်ဖြစ်ပါတယ်။
ကိယက်ဗ်မြို့အစွန်မှာရှိတဲ့ အဲဒီစက်ရုံ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရမှုမတိုင်ခင်အထိ ယူကရိန်းနိုင်ငံရဲ့ ကျောင်းသုံးစာအုပ် စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ စာအုပ် ၁.၃ သန်းကို ထုတ်လုပ်ဖြန့်ချိဖို့အတွက် ထုတ်လုပ်မှုတွေ အရှိန်မြှင့်ထုတ်လုပ်နေတာပါ။
မီးလောင်ပြင်ထဲက ပြာပုံထဲမှာ အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်တစ်အုပ်ရဲ့ မီးလောင်ကျွမ်းသွားတဲ့ စာမျက်နှာတစ်ရွက်ကို တွေ့ရပါတယ်။
"ကျွန်တော့်နာမည် ဝီလျံပါ။ ကျွန်တော်က ယူကေကလာတာပါ။ ကျွန်တော့်အဘွားက နော့တင်ဟမ်မှာ နေပါတယ်။ အဲဒီမြို့က အရမ်းလှပါတယ်" လို့ ရေးထားပါတယ်။
ယူကရိန်းနိုင်ငံတဝန်းမှာရှိတဲ့ ပုံနှိပ်စက်ရုံတွေနဲ့ ထုတ်ဝေရေးဂိုဒေါင်တွေကို ရုရှားက မကြာသေးခင်က ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စာအုပ်ပေါင်း ၁၂ သန်း ဆုံးရှုံးခဲ့ရသလို ယူကရိန်းရဲ့ တခြားသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အခုနှစ် ယူကရိန်းမှာ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာအုပ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို ရုရှားရဲ့ တိုက်ခိုက်မှုတွေအတွင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ယူကရိန်း သတင်းမီဒီယာတွေက ဆိုပါတယ်။
ဒီကိယက်ဗ် ပုံနှိပ်စက်ရုံကနေ ဘာစာအုပ်မှ အဖတ်ဆယ်လို့ မရခဲ့ပါဘူး။ မီးဒဏ်ကနေ လွတ်ခဲ့တဲ့ စာရွက်တွေ စာအုပ်တွေကလည်း မီးငြှိမ်းသတ်တဲ့ ရေတွေ ဒါမှမဟုတ် ပြိုကျလာတဲ့ ခေါင်မိုးအပိုင်းအစတွေကြောင့် ပျက်စီးသွားခဲ့ရပါတယ်။
"ဒါဟာ ရုရှားရဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်မှုလို့ ကျွန်မ ယုံကြည်ပါတယ်"လို့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီ ကွန်ဗီ ရဲ့ စီးပွားရေးဒါရိုက်တာ ဟိုင်ဒါးက ပြောပါတယ်။
"ပြီးခဲ့တဲ့ နှစ်လအတွင်း အကြီးဆုံး ထုတ်ဝေရေးကုမ္ပဏီတချို့ သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီမှာ စာအုပ်တွေ တကယ့်ကိုအများကြီး သိုလှောင်ထားတာပါ။"
"ယူကရိန်းကို နိုင်ငံတစ်ခုအဖြစ်ကနေ ပျောက်သွားအောင် လုပ်ချင်တဲ့အတွက်လည်း စာအုပ်ထုတ်ဝေရေး ဂိုဒေါင်တွေကို ရုရှားတွေက ဖျက်ဆီးပစ်နေတာပါ။ ဒါပေမဲ့ သူတို့ဖြစ်စေချင်သလို ဖြစ်လာမှာမဟုတ်ပါဘူး"
ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းအတွင်း စာအုပ်ထုတ်ဝေဖြန့်ချိတဲ့ နေရာပေါင်း ၃၅ ခုကျော်ဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ အသစ်ထုတ်ဝေမယ့် စာအုပ်တွေတင် ရုရှားရဲ့ တိုက်ခိုက်ဖျက်ဆီးတာကို ခံခဲ့ရတာ မဟုတ်ပါဘူး။ ကိယက်ဗ်မြို့က ပိုချိုင်နာ စာအုပ်အဟောင်း စျေးကြီးလည်း ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရပြီး ဆိုင်ခန်း ရာပေါင်းများစွာနဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ အဖိုးတန်စာအုပ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
မီးသတ်သမားတွေ မီးငြှိမ်းသတ်နေတာ အပြီးမသတ်ခင်မှာပဲ အသက် ၂၈ နှစ်အရွယ် စာအုပ်ဘလော့ဂါ လီလီယာ ဗယ်လီကာ ကို အပျက်အစီးပုံတွေကြားမှာ စာအုပ်အကောင်းတွေ ရလိုရငြား မွှေနှောက်ရှာနေတာကို တွေ့ခဲ့ရပါတယ်။ သူ့လက်ထဲမှာ ရေစိုရွှဲနေတဲ့ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတစ်အုပ်ကို ပိုက်ထားပါတယ်။
"စာအုပ်တွေက ကျွန်မတို့ကို ကယ်တင်နေတာပါ။ ဒါကို ဆုံးရှုံးရတာဟာ ကျွန်မတို့ရဲ့ နှလုံးသားတွေ ဆုံးရှုံးသွားရသလိုပါပဲ" လို့ သူကပြောပြပါတယ်။
ပြတိုက်တွေ၊ အနုပညာပြခန်းတွေ၊ ရုပ်ရှင်စတူဒီယိုတွေ၊ စာကြည့်တိုက်တွေ၊ အော်ပရာပြဇာတ်ရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ကိယက်ဗ်မြို့ရဲ့ အလယ်ခေတ် ဘုန်းကြီးကျောင်း ပီချာ့စ်ခ် လက်ဗ်ရာနဲ့ ယဉ်ကျေးမှု အမွေအနှစ်နေရာဖြစ်တဲ့ ဒေါ်မီရှင်း ဘုရားကျောင်းရဲ့ ရွှေရောင် အမိုးခုံးတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းထားလိုက်နိုင်ပေမဲ့ ဒရုန်းတိုက်ခိုက်ခံခဲ့ရအပြီး ဘုရားကျောင်းအမိုးအတော်များများ မီးစွဲလောင်ခဲ့ပါတယ်။ ပြုပြင်စရိတ် ဒေါ်လာ ၁၁.၂ သန်းလောက်ကုန်ကျမှာ ဖြစ်ပြီး အချိန် နှစ်နှစ်လောက်ကြာမယ်လို့ ခန့်မှန်းရပါတယ်။
အဲဒီနေရာဟာ ယူကရိန်းရဲ့ စာအုပ်နဲ့ ပုံနှိပ်ပြတိုက်ကြီး ရှိရာနေရာ ဖြစ်ပါတယ်။ ဒီနေရာကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာအဖြစ် ယူနက်စကိုက ၁၉၉၀ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး အန္တရာယ်ကျရောက်နိုင်တဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နေရာစာရင်းထဲ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ထည့်သွင်းခဲ့ပါတယ်။
အဲဒီဘုရားကျောင်းကြီးကို စတွေ့ခဲ့တဲ့ နှစ်ပေါင်း ၉၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မကြာသေးခင်က ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် ခါလက် အယ်လ် အီနာနီ က ဘုရားကျောင်းကြီး အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တာကို မြင်ရတဲ့အတွက် သူယူကြုံးမရ ဝမ်းနည်းမိကြောင်း ပြောပါတယ်။
"နိုင်ငံတကာ ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်ထားတဲ့ ယဉ်ကျေးမှု အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုမှန်သမျှကို ယူနက်စကိုအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်" လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး အပါအဝင် အခမ်းအနားတက်ရောက်လာသူ ဂုဏ်သရေရှိလူကြီးတွေကို မစ္စတာ အီနာနီက ပြောခဲ့ပါတယ်။
မစ္စတာ အယ်လ် အီနာနီ ဟာ ယူကရိန်း ယဉ်ကျေးမှုဝန်ကြီး တက်တီယာနာ ဘရက်ဇ်နာ နဲ့အတူ ဘုရားကျောင်းကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ယဉ်ကျေးမှုနဲ့ စစ်ရေး ရိုက်ခတ်မှုတွေကို သီးသန့် မခွဲခြားသင့်ဘူးလို့ ဝန်ကြီးဘရက်ဇ်နာ က ဘီဘီစီကို ပြောပါတယ်။
"ဒါက ဖြစ်တည်မှုနဲ့ ဆိုင်တဲ့ စစ်ပွဲတစ်ခုပါ။ ကျွန်မတို့ရဲ့ နိုင်ငံဖြစ်တည်မှုကို ရုရှားက ဖျက်ဆီးပစ်ချင်နေတာပါ။ ယူကရိန်းလူမျိုးဆိုတာ မရှိအောင်၊ ဘယ်တော့မှ မရှိခဲ့ဖူးအောင် နိုင်ငံတစ်ခုလုံး ပျောက်သွားအောင် လုပ်ချင်နေတာပါ။ ဒါ့ကြောင့် ရုရှားက ကာလတာရှည် တည်တံ့လာခဲ့တဲ့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်သင်္ကေတတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။"
"ကျွန်မတို့က ကျွန်မတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်နေတဲ့အတွက် ဒါက သိပ်ကိုအရေးကြီးတယ်ဆိုတာကို ရုရှားက သိထားပါတယ်။ ဒါ့ကြောင့် ရုရှားက အားလုံးကို ချေမှုန်း ဖျက်ဆီးပစ်ချင်နေတာ ဖြစ်ပါတယ်။"
ယူကရိန်းရဲ့ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်း ၁၉၀၀ ကျေော်နဲ့ ယဉ်ကျေးမှုအဆောက်အအုံ ၂၀၀၀ ကျော်ကို ရုရှားက တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဝန်ကြီး ဘရက်ဇ်နာက ပြောပါတယ်။
စာအုပ်တွေ တိုက်ခိုက်ဖျက်ဆီးခံနေရပေမဲ့လည်း အနုပညာလက်ရာနဲ့ စာပေတွေကို ထိန်းသိမ်းဖို့နဲ့ ကလေးတွေ ဆက်လက် သင်ယူနိုင်ဖို့ နည်းဗျူဟာတွေထဲမှာ ဒစ်ဂျစ်တယ်အသွင်ပြောင်းပြီး ထိန်းသိမ်းထားတာကလည်း တစ်စိတ်တပိုင်း ပါဝင်ပါတယ်။
ယူကရိန်းရဲ့ ပုံနှိပ်ထုတ်ဝေမှုအခန်းကဏ္ဍတစ်ခုလုံး အန္တရာယ်ကျရောက်နေပြီး ဒီအခန်းကဏ္ဍဆက်လက်တည်တံ့နေစေဖို့အတွက် နိုင်ငံတကာရဲ့ အထောက်အပံ့ လိုအပ်နေတယ်ဆိုတဲ့ သတိပေးမှုတွေလည်း ရှိနေပါတယ်။
ယူကရိန်းစာပေအနုပညာကို ထိန်းသိမ်းနိုင်ဖို့အတွက် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းကို ကာကွယ်စောင့်ရှောက်မှုက သိပ်ကို အရေးပါတယ်လို့ ဗုံးဒဏ်ခံခဲ့ရတဲ့ ကိယက်ဗ်မြို့က ပုံနှိပ်စက်ရုံမှာ ရောက်ရှိနေချိန်ဗစ်တိုးရီးယား ဟိုင်ဒိုင် က ဘီဘီစီကို ပြောပြပါတယ်။
"စာလုံးတွေက သိပ်ကို အရေးပါပါတယ်။ ဒါတွေက မျိုးဆက်တစ်ခုကနေ တစ်ခု လက်ဆင့်ကမ်းလာခဲ့တဲ့ ကျွန်မတို့ရဲ့ တိုးတက်ဖြစ်ထွန်းမှု၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုနဲ့ ကျွန်မတို့ရဲ့ သမိုင်းဝင် အမွေအနှစ်တွေ ဖြစ်ပါတယ်။"
ရုရှားနဲ့ ယူကရိန်း သမိုင်းဝင် စည်းလုံးညီညွတ်မှုအကြောင်း ခေါင်းစဉ်နဲ့ ၂၀၂၁ ခုနှစ် စာစီစာကုံးဆောင်းပါးတစ်ပုဒ်မှာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းပြည်သူတွေနဲ့ ရုရှားပြည်သူတွေဟာ လူမျိုးတစ်မျိုးတည်းဖြစ်တယ်လို့ ဆိုပြီး လွတ်လပ်တဲ့ ယူကရိန်းနိုင်ငံနဲ့ ယဉ်ကျေးမှု တရားဝင်ဖြစ်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
ဘီဘီစီကို ပေးပို့ခဲ့တဲ့ ကြေညာချက်ထဲမှာ ယူကေနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ယူကရိန်းရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိခိုက်ပျက်စီးခဲ့ရမှုဟာ ယူကရိန်းအစိုးရကိုယ်တိုင်ရဲ့ လက်ချက်ဖြစ်တယ်လို့ ပြစ်တင်ထားပါတယ်။
ယူကရိန်းနိုင်ငံမှာ အထိမ်းအမှတ် အဆောက်အအုံတွေကို အစိုးရက ဖြိုချခဲ့ပြီး လမ်းနာမည်တွေ ပြောင်းလဲ သတ်မှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းအစိုးရက စစ်ဘက်ဆိုင်ရာ အဆောက်အအုံနေရာတွေကို ဖုံးကွယ်ဖို့အတွက် ယဉ်ကျေးမှုအမွေအနှစ် နေရာတွေကို အသုံးပြုခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။
လူနေအဆောက်အအုံတွေနဲ့ တခြား အရပ်ဘက်အဆောက်အအုံတွေအပေါ် ရုရှားက မစ်ဆိုင်းတွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် အနှံ့အပြား တိုက်ခိုက်ခဲ့ပေမဲ့လည်း ငါးနှစ်ကြာ ယူကရိန်းစစ်ပွဲကာလအတွင်း အရပ်သားတွေကို တမင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ခရမ်မလင်နန်းတော်က ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပါတယ်။
မာရီယန်နာ မက်ဗေချွတ်ခ်၊ ဗိုလိုဒီမီယာ လိုဇ်ကိုနဲ့ အနက်စတေလီးယား လက်ဗ်ချန်ကို တို့ရဲ့ သတင်းပေးပို့ချက်တွေကို ထပ်ဆောင်း ဖြည့်စွက်ထားပါတယ်။