ရန်ကုန်မှာ HIV ပိုးရှိသူ အရေအတွက် ၇ သောင်းကျော်ရှိ
၂၀၂၆ ခုနှစ် ဇွန်လအထိ စာရင်းတွေအရ ရန်ကုန်တိုင်းအတွင်းမှာ HIV ပိုးရှိသူ အရေ အတွက် ၇ သောင်းကျော်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်း ဆွေးနွေးချက်တွေအရ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်ကို ကိုးကားပြီး ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရဲ့ ART ဆေးဝါးတွေဖြန့်ဖြူးမှုနဲ့ ပတ်သက်လို့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဒီကိန်းဂဏန်းကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။
ဦးဗိုလ်ဌေးရဲ့ပြောကြားချက်အရ HIV ပိုးရှိသူ ၇၀,၂၅၃ ဦးရှိတယ်လို့ဆိုပြီး အဲဒီလူနာတွေအတွက် ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေနဲ့ ART ဆေးပေးဌာန စုစုပေါင်း ၆၂ ခု မှာ ART ဆေးဝါးတွေကို အခမဲ့ ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ART ဆေးပေးဌာနတွေမှာ ဆေးဝါးပြတ်လပ်မှုမရှိစေဖို့ နှစ်စဉ် Forecasting Meeting တွေ ကျင်းပကာ ART ဆေးဝါးလိုအပ်ချက်ကို ကြိုတင်တွက်ချက်ဝယ်ယူတဲ့လုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စနစ်တကျ အကောင်အထည်ဖော်နေတယ်လို့ ဦးဗိုလ်ဌေးက ပြောပါတယ်။
ART ဆေးပေးဌာနတွေမှာ ဆေးဝါးမပြတ်အောင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ART ဆေးဝါးဝယ်ယူဖို့ ဘဏ္ဍာငွေခွဲတမ်းကို တခြားရောဂါတွေထက် ဦးစားပေး ကျခံသုံးစွဲနေတယ်လို့ သူက ပြောပါတယ်။
ART သောက်သုံးနေရတဲ့ ရန်ကုန်မြို့က လူငယ်တချို့ကတော့ ဆေးထုတ်ယူရတာ အခက်အခဲရှိတဲ့ မြို့နယ်တွေရှိနေတယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေပါတယ်။
တိုင်းအစိုးရ ဝန်ကြီးကတော့ ART ဆေးပေးဌာန ၆၂ ခုဟာ မြို့နယ်အားလုံးနီးပါးအပေါ် နယ်မြေလွှမ်း ခြုံနိုင်မှုရှိပြီး ဆေးထုတ်မယ့်လူနာတွေအတွက် ဆေးထုတ်နိုင်မယ့်အချိန်ကိုလည်း အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဖြေဆိုထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) ကတော့ မြန်မာဟာ အရှေ့တောင်အာရှဒေသမှာ HIV ၀န်ထုပ်၀န်ပိုးကြီးနေတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေတယ်လို့ ၂၀၂၂ ခုနှစ်တုန်းက သူတို့ရဲ့ထုတ်ပြန်ချက်မှာပြောပါတယ်။
အဲဒီတုန်းက မြန်မာမှာ HIV ပိုးနဲ့နေထိုင်နေရသူ လူ ၂၈၀,၀၀၀ အထိရှိမယ်လို့လည်း WHO က ခန့်မှန်းထားပါတယ်။