ဘုရင့်နောင် - အကျယ်ဆုံး မြန်မာ လက်နက်နိုင်ငံရှင်၊ ကမ္ဘာ့အမွေအနှစ် ခေါင်းလောင်းစာ ရေးထိုးခဲ့သူ

လက်ရှိ မြန်မာနိုင်ငံပုံစံကို စတင်ဖန်တီးတဲ့ တောင်ငူမင်းဆက်က ဘုရင့်နောင်ကျော်ထင်နော်ရထာ
ဓာတ်ပုံ ပုံစာ, လက်ရှိ မြန်မာနိုင်ငံပုံစံကို စတင်ဖန်တီးတဲ့ တောင်ငူမင်းဆက်က ဘုရင့်နောင်ကျော်ထင်နော်ရထာ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၃

မြန်မာသမိုင်းကို ပုဂံမင်းဆက်ကစပြီး အစဉ်အဆက် ခိုင်ခိုင်မာမာ မှတ်သားခဲ့ကြပေမယ့် လက်ရှိ မြန်မာနိုင်ငံပုံစံကို စတင်ဖန်တီးသူကတော့ တောင်ငူမင်းဆက်က ဘုရင့်နောင်ကျော်ထင်နော်ရထာ ဖြစ်ပါတယ်။ ဘုရင့်နောင်ဟာ ပုဂံအလွန် နှစ် သုံးရာလောက် စစ်ခင်းနေကြတဲ့ မြန်မာနဲ့ မွန်နိုင်ငံတွေကို သိမ်းသွင်းပြီး လက်နက်နိုင်ငံသစ် ထူထောင်ခဲ့ရုံမက မြောက်နဲ့ အရှေ့တလွှားက ရှမ်းပြည်တွေကို စစ်ခင်းပြီး ထိုင်း၊ လာအို၊ မဏိပူရနဲ့ ယူနန်ထိ အာဏာစက်ကို ချဲ့ထွင်ခဲ့ပါတယ်။ ဒါကြောင့် ဘုရင့်နောင်ကို အရှေ့တောင်အာရှမှာ အကျယ်ပြန့်ဆုံး လက်နက်နိုင်ငံ ထူထောင်သူအဖြစ် မစ်ချီဂန်တက္ကသိုလ်က သမိုင်းပါမောက္ခ ဗစ်တာလစ်ဘာမန်းက မှတ်ချက်ချခဲ့ပါတယ်။

အရပ်ဆယ်မျက်နှာကို အောင်နိုင်သူအဖြစ်လည်း ထိုင်းနိုင်ငံမှာ လူသိများတဲ့ ဘုရင့်နောင်ရဲ့ လက်နက်နိုင်ငံဟာ သူ့သားတော်ကြီး နန္ဒဘုရင်လက်ထက်မှာ ပြိုကွဲခဲ့လို့ သားတော်ငယ် ညောင်ရမ်းမင်းတရားခေတ်ကျမှ ပြန်စုစည်းနိုင်ခဲ့ပြီး ညောင်ရမ်းမင်းဆက်အဖြစ် အင်းဝအခြေပြု စိုးစံခဲ့ကြပါတယ်။ မွန်နဲ့ ကွေ့ပုန်ကန်မှုကြောင့် ပြိုလဲခဲ့တဲ့ ညောင်ရမ်းခေတ်အပြီး ဦးအောင်ဇေယျ ထူထောင်တဲ့ ကုန်းဘောင်မင်းဆက်ဟာ နောက်ဆုံးမြန်မာမင်းဆက်အဖြစ် ဗြိတိသျှလက်အောက် ကျတဲ့အထိ ဘုရင့်နောင်အလွန် နှစ်သုံးရာကျော်အောင် ဧရာဝတီမြစ်ဝှမ်း အခြေပြု မြန်မာပဒေသရာဇ်စနစ် တည်မြဲခဲ့ပါတယ်။

ဘုရင့်နောင် အသစ်တည်ထားခဲ့တဲ့ ပဲခူး ရွှေသာလျောင်း ရုပ်ပွားတော်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင် အသစ်တည်ထားခဲ့တဲ့ ပဲခူး ရွှေသာလျောင်း ရုပ်ပွားတော်ကြီး

တကယ်က အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားကို မြန်မာနိုင်ငံကို သုံးကြိမ်သုံးခါ ထူထောင်သူတွေအဖြစ် အမျိုးသားရေး သမိုင်းဆရာတွေက ယူဆကြပေမယ့် ဧရာဝတီမြစ်ဝှမ်းအခြေပြု မြန်မာဗုဒ္ဓဘာသာလက်နက်နိုင်ငံ ထူထောင်သူတွေလို့ ပြောရင် ပိုပြီး မှန်ကန်ပါတယ်။ ပုဂံခေတ်မှာ အခု ထိုင်းနိုင်ငံ ဖူးခက် သလင်ကြေကနေ မြောက်ဘက် ဗန်းမော်နားက ငဆောင်ချမ်းထိ တောင်မြောက် ရှည်လျားတဲ့ နိုင်ငံအဖြစ်ကနေ တောင်ငူနဲ့ ကုန်းဘောင်ခေတ်တွေမှာတော့ အနောက်မြောက် အာသံ၊ မဏိပူရကနေ အရှေ့မြောက် ယူနန်ရှမ်းပြည်တွေအပြင် အရှေ့ဘက်က လာအို၊ ထိုင်းနိုင်ငံတွေထိ အရှေ့ အနောက် ကျယ်ပြန့်တဲ့ လက်နက်နိုင်ငံအဖြစ် ရောက်ရှိခဲ့ပါတယ်။

ဒီအထဲ အလောင်းဘုရားရဲ့ ကုန်းဘောင်ဆက်နဲ့ မတူဘဲ တောင်ငူ-ညောင်ရမ်းဆက် ဘုရင့်နောင်နဲ့ သားမြေးများ ထူထောင်တဲ့ ဒုတိယနိုင်ငံမှာ လက်အောက်ခံနိုင်ငံတွေကို နှိပ်ကွပ်မှုက သက်သာတဲ့အတွက် ဘုရင့်နောင်ကို ထိုင်းနိုင်ငံမှာ ခုထိ တလေးတစားဆက်ဆံပြီး ထိုင်းစစ်ဘုရင်ကြီး နရဲစွမ်ခေါ် ဗြနရာဇ်အကြောင်း ရိုက်တဲ့ ရုပ်ရှင်တွေမှာ သူ့အကြောင်းကို တဆောင်တယောင် ထည့်သွင်းရိုက်ကူးလေ့ရှိပါတယ်။

ငတပါးမင်းက ဧကရာဇ် ဖြစ်လာသူ

အသစ်တည်ဆောက်ထားတဲ့ ဘုရင့်နောင် နန်းတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အသစ်တည်ဆောက်ထားတဲ့ ဘုရင့်နောင် နန်းတော်

ဘုရင့်နောင်ဟာ အင်းဝနဲ့ ဟံသာဝတီ စစ်ခင်းတဲ့ လမ်းကြောင်းက တောင်ငူနိုင်ငံငယ်ရဲ့ ဘုရင် မင်းကြီးညိုရဲ့ မင်းမှုထမ်း မိသားစုက ပေါက်ဖွားပြီး တောင်ငူကို လက်နက်နိုင်ငံကြီးအဆင့် ရောက်အောင် ပျိုးထောင်ခဲ့တဲ့ တပင်ရွှေထီးရဲ့ ယောက်ဖတော် ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ မဟာအလက်ဇန္ဒားဘုရင်ကြီးပမာ သားထောက် သမီးခံ ထင်ထင်ရှားရှား မရှိဘဲ နတ်ရွာစံသွားတဲ့ တပင်ရွှေထီးရဲ့ ထီးနန်းကို အစုအစည်းမပျက်အောင် သိမ်းပိုက်ပြီး ပြန်လည်ထူထောင်ခဲ့တဲ့ ဘုရင့်နောင်ဟာ တပင်ရွှေထီး အစပြုခဲ့တဲ့ မွန်-မြန်မာ ပေါင်းစည်းမှုကို ဆက်လက်ဖော်ဆောင်ပြီး ဟံသာဝတီကို မင်းနေပြည်အဖြစ် ၁၅၅၃ မှာ အသစ်တည်ထောင်ခဲ့ပါတယ်။

မြန်မာပြည်အထက်ပိုင်းကိုလည်း ဆက်လက်သိမ်းပိုက်ပြီး တောင်ငူဘုရင်တွေ ပဏ္ဏာဆက်ခဲ့ရတဲ့ အင်းဝကို အပြီးတိုင် သိမ်းပိုက်ခဲ့သလို ပုဂံအလွန် မြန်မာပြည်ကို လွှမ်းမိုးခဲ့တဲ့ မြောက်နဲ့ အရှေ့တလွှားက ရှမ်းပြည်တွေကိုလည်း သိမ်းသွင်းပြီး မြန်မာဇာတ်သွင်းပါတယ်။ တပင်ရွှေထီးခေတ်က မပြီးပြတ်ခဲ့တဲ့ အယုဒ္ဓယ၊ ဇင်းမယ်နဲ့ လင်းဇင်း စတဲ့ ထိုင်းနဲ့ လာအိုနိုင်ငံတွေကိုလည်း လက်အောက်ခံအဖြစ် ဘုရင့်နောင် သိမ်းပိုက်ပြီး ဘိုးတော်ဘုရားခေတ်ထိ နောက် အနှစ် ၂၀၀ ကျော်အောင် မြန်မာထီးနန်းရဲ့ လွှမ်းမိုးခြိမ်းခြောက်မှုကို ထိုင်း၊ လာအို၊ အာသံ ၊ မဏိပူရနဲ့ ယူနန်နယ်တွေမှာ ကြုံတွေ့ခဲ့ရပါတယ်။

၁၆ ရာစု ပဲခူးနိုင်ငံက ဆင်ကျုံးသွင်းပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၆ ရာစု ပဲခူးနိုင်ငံက ဆင်ကျုံးသွင်းပွဲ

ဘုရင့်နောင်ဟာ ပင်လယ်ထွက်ပေါက် လိုချင်တဲ့ အလယ်ပိုင်းသား မြန်မာတွေရဲ့ အိပ်မက်ကို အောင်မြင်ခိုင်မာအောင် ဖော်ဆောင်ခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ ဖြစ်လာမယ့် နယ်မြေတွေမှာ အားပြိုင်ခဲ့ကြတဲ့ မြန်မာ၊ မွန်၊ ရှမ်းနဲ့ ရခိုင်ပဒေသရာဇ်တွေရဲ့ စစ်ပြိုင်နိုင်ငံတွေကို ပေါင်းစည်းမယ့် တောင်ငူ-ညောင်ရမ်းနဲ့ ကုန်းဘောင် ဆိုတဲ့ မြန်မာလက်နက်နိုင်ငံကြီးနှစ်ခုရဲ့ အုတ်မြစ်ကို တပင်ရွှေထီးနဲ့အတူ ချမှတ်ခဲ့ပါတယ်။

တပင်ရွှေထီးလက်ထက် ဘုရင့်နောင်ရဲ့ အထင်ရှားဆုံးအောင်မြင်မှုက ၁၅၃၈ က နောင်ရိုးတိုက်ပွဲမှာ မွန်ဘုရင် သုရှင်တကာရွတ်ပိရဲ့ တပ်တွေကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ဘုရင့်နောင်ဖောင်ဖျက်နဲ့ နောင်ရိုးစိတ်ဓာတ်ဆိုတဲ့ စကားရပ်တွေက အနိုင်မခံ ရွတ်ရွတ်ချွံချွံတိုက်တဲ့စိတ်ကို ကိုယ်စားပြုတဲ့ စကားတွေအနေနဲ့ ကျန်ရစ်ခဲ့ပါတယ်။ စစ်ပွဲကို မတိုက်ခင်ကပင် အောင်နိုင်ကြောင်း တပင်ရွှေထီးကို အကြောင်းကြားပြီး အင်အားကြီးတဲ့ရန်သူကို နိုင်အောင်တိုက်ဖို့ ရဲဆေးတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအပြီး ကျော်ထင်နော်ရထာကနေ ဘုရင့်နောင်ဆိုတဲ့ဘွဲ့ကို ရရှိခဲ့ပြီး ပြည်တိုက်ပွဲအပြီးမှာတော့ အိမ်ရှေ့စံအဆောင်အယောင်တွေ ရရှိခဲ့ပါတယ်။

တောင်ငူက ဆောင်ယူတဲ့ မြန်မာဦးစွန်း

ပဲခူး ကမ္ဗောဇသာဒီနန်းတော်ရာက တူးဖော်ရရှိတဲ့ ရှေးကျွန်းတိုင်ကြီးများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲခူး ကမ္ဗောဇသာဒီနန်းတော်ရာက တူးဖော်ရရှိတဲ့ ရှေးကျွန်းတိုင်ကြီးများ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တောင်ငူဟာ ပြည်လိုပဲ အင်းဝနဲ့ ဟံသာဝတီကြားက ပဒေသရာဇ်မင်းငယ် အဆင့်ရှိတဲ့ မြို့ပြနိုင်ငံ ဖြစ်ပြီး ၁၄ ရာစုနှောင်းနဲ့ ၁၅ ရာစုဦးမှာ ဖြစ်တဲ့ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကြောင့် စစ်ပန်းနေတဲ့ နှစ်နိုင်ငံကို နောက် အနှစ်တရာကျော်မှာ တောင်ငူမင်းဆက်က သိမ်းပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မြန်မာ၊ မွန်၊ ရှမ်းနဲ့ ကရင် ဆိုတဲ့ လူမျိုးစု လေးစုကြားက ကောက်ပဲသီးနှံ ကြွယ်ဝတဲ့ ရေလွှဲငါးခရိုင်ခေါ် ပျဉ်းမနားဒေသနဲ့ စစ်တောင်းမြစ်ဝှမ်းက တောင်ငူနယ်မြေတွေကို အခြေတည်ပြီး အင်းဝကို ရှမ်းမင်း သိုဟန်ဘွား အုပ်ချုပ်ချိန်မှာ ပြေးလာကြတဲ့ မြန်မာမှူးမတ် ရဟန်းရှင်လူတွေအင်အားနဲ့ မင်းကြီးညိုတို့သားအဖက နိုင်ငံသစ် ထူထောင်တာ ဖြစ်ပါတယ်။

ဘုရင့်နောင် နန်းမဆက်ခံမီ ၁၆ ရာစု ပထမပိုင်းမှာ မင်းကြီးညိုနဲ့ တပင်ရွှေထီးက နိုင်ငံစည်းရုံးမှုကို အခြေတည်ပြီး ဟံသာဝတီ မွန်ပြည်ကြီးကို စိုးမိုးအုပ်ချုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဘုရင့်နောင်ခေတ်မှာတော့ ရှေ့က မင်းနှစ်ပါးရဲ့ လက်ငုပ်နိုင်ငံကို အစုအစည်းမပျက်အောင် ထိန်းပြီး ရှမ်းမင်း သုံးဆက် အုပ်ချုပ်ပြီးနောက် အစုအစည်းပျက်နေတဲ့ အင်းဝနဲ့ မြောက်ဘက်တလွှားကို သိမ်းပိုက်ကာ ရှမ်းပြည်အရပ်ရပ်ကိုပါ ပဏ္ဏာဆက် နယ်မြေမှာ ထည့်သွင်းခဲ့လို့ မြန်မာ-ရှမ်း ဆက်ဆံရေးဟာ သီပေါမင်း ပါတော်မူချိန်ထိ ဘုရင့်နောင်ချထားခဲ့တဲ့ ပုံစံအတိုင်း ကျန်ရစ်နေခဲ့ပါတယ်။

တခါ ဘုရင့်နောင်ခေတ်က အစပြု သုံးစွဲခဲ့တဲ့ တော် ဒူး စနည်း တွင်းပြင်ဘဝေါ နေရာ ၅ သွယ် ခစားမှုပုံစံ မွန်စကားတွေက မြန်မာနန်းတွင်းမှာ ကျန်ခဲ့သလို ထိုင်းနဲ့ လာအို မင်းသားမင်းမြေးတွေကို ဘုရင့်နောင်နန်းတွင်းမှာ ခေါ်ယူပြီး ပညာသင်ပေး နန်းအပ်ပေးတဲ့ ဘုရင့်နောင် အစဉ်အလာကို လိုက်ပြီး မြန်မာမင်းအဆက်ဆက်ရဲ့ နန်းတွင်းမှာလည်း ရှမ်းစော်ဘွားသားမြေးတွေကို ခေါ်ယူ ပညာသင်ပေး၊ အုပ်ချုပ်စီမံမှုမှာ ကူညီပေးတဲ့ အစဉ်အလာတခု ကျန်ရစ်ခဲ့ပါတယ်။

ရှမ်းနဲ့ မြောက်တလွှားကို သိမ်းသွင်း

ဘုရင့်နောင်ရဲ့ နိုင်ငံသစ်တည်ခရီးကို ရွှေစည်းခုံမှာ ခေါင်းလောင်းစာ ရေးထိုးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင်ရဲ့ နိုင်ငံသစ်တည်ခရီးကို ရွှေစည်းခုံမှာ ခေါင်းလောင်းစာ ရေးထိုးခဲ့

တပင်ရွှေထီး နတ်ရွာစံချိန်မှာ ပြိုကွဲမလို ဖြစ်ခဲ့တဲ့ တောင်ငူနိုင်ငံကို မွန်-မြန်မာ မှူးမတ်တွေရဲ့ အကူအညီနဲ့ ဘုရင့်နောင် ပြန်ပြီး ထိန်းချုပ်ပါတယ်။ မွန်လူမျိုးတွေလို ဆံပင်ပုံဖြတ်ထားတဲ့ တပင်ရွှေထီး လက်ထက်ကတည်းက မွန်-မြန်မာ ညီညွတ်မှုကို ရှေးရှုတဲ့အတွက် ဘုရင့်နောင်လက်ထက် ဟံသာဝတီ မြို့တော်မှာလည်း မွန်အမတ်ကြီးတွေ ဆက်ပြီး တန်ခိုးထွားပါတယ်။ ဘုရင့်နောင်ရဲ့ အတိုင်ပင်ခံအမတ်တွေထဲမှာ သြဇာအရှိဆုံးက မွန်အမတ်ကြီး ဗညားဒလ ဖြစ်ပြီး တခြားမှူးမတ်တွေ စာရင်းမှာလည်း မြန်မာနဲ့ မွန်အပြင် ထိုင်းအမတ်တွေ နာမည်ပါဝင်ကြောင်း ဒေါက်တာ တိုးလှက ဘုရင့်နောင်မင်းတရားကြီး ဘဝ အတွေးအခေါ် ယုံကြည်ချက်နှင့် ဆောင်ရွက်ချက်များ စာအုပ်မှာ ရေးပါတယ်။

မွန်ပြည်တလွှားကို ထိန်းချုပ်ရာမှာ မုတ္တမက မကျိုးနွံတဲ့အတွက် ချီတက် သိမ်းပိုက်ပြီးနောက် ဧရာဝတီ မြစ်ကြောင်းတလျှောက် စစ်ချီပြီး အင်းဝကို သိမ်းဖို့ ဘုရင့်နောင် ကြံစည်ပါတယ်။ မြန်မာမင်းနေပြည်တွေထဲမှာ အကြီးကျယ် အထွန်းကားဆုံး ဖြစ်ခဲ့တဲ့ ပုဂံမှာ တပင်ရွှေထီး ဘိသိက်ခံသလိုပဲ ဘုရင့်နောင်လည်း မြစ်အောက်ပိုင်းက မွန်ပြည်ကို သိမ်းပိုက်နိုင်ပေမယ့် မြစ်လယ်နဲ့ မြစ်ညာပိုင်းမှာ ရှမ်းမင်း လွှမ်းမိုးမှုကြောင့် ဖရိုဖရဲ ဖြစ်နေတဲ့ မြန်မာပြည်ကို သိမ်းနိုင်မှ မြန်မာမင်းအစစ် ဖြစ်မယ်လို့ သိရှိ လက်ခံတဲ့ ဘုရင့်နောင်ဟာ အင်းဝကို အပြီးတိုင် အညံ့ခံစေပြီး မြန်မာပြည်အလုံးကို သိမ်းသွင်းခဲ့ပါတယ်။

၁၉ ရာစု ရှမ်းစော်ဘွား သက်တော်စောင့် အဖွဲ့ တီးဝိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉ ရာစု ရှမ်းစော်ဘွား သက်တော်စောင့် အဖွဲ့ တီးဝိုင်း

အင်းဝကို ရရှိပြီးနောက် အရှေ့နဲ့ မြောက်ဘက်တလွှားက ရှမ်းပြည်တွေ သိမ်းပိုက်ရေးဟာ ဘုရင့်နောင်အတွက် အင်မတန် ကြီးတဲ့ စိန်ခေါ်ချက် ဖြစ်ပါတယ်။ သိန္နီ၊ သီပေါ အုန်းဘောင်၊ မိုးဗြဲ၊ မိုးညှင်းနဲ့ ကလေး စတဲ့ ရှမ်းပြည်ကြီးတွေဟာ ပုဂံအလွန် နှစ် ၂၀၀ ကျော်အတွင်း ပင်းယ၊ အင်းဝ မင်းဆက်တွေနဲ့ အပြိုင် လက်ရှိ မြန်မာနိုင်ငံ အထက်ပိုင်းကို ကြီးစိုးခဲ့တဲ့အပြင် အင်း၀မှာ သူတို့သားမြေး အဆက်အနွယ်တွေ စေလွှတ်အုပ်ချုပ်တဲ့အထိ သြဇာကြီးခဲ့တဲ့ ရှမ်းပြည်ကြီးတွေ ဖြစ်ပါတယ်။ ရှမ်းခေတ်လို့ ဆိုစမှတ် ရှိခဲ့တဲ့ ရှမ်းကြီးစိုးမှုကို ဘုရင့်နောင်လို မြေလတ်နဲ့ အောက်ပိုင်းကိုသာ ကြီးစိုးဖူးတဲ့ မြန်မာဘုရင်တပါးက ချိုးဖျက်သိမ်းပိုက်နိုင်ဖို့က အင်မတန်ကြီးတဲ့ စိန်ခေါ်မှု ဖြစ်ပေမယ့် ဒီတာဝန်ကို ကျေပွန်အောင် ဘုရင့်နောင် ထမ်းဆောင်ခဲ့ပြီး ရှမ်းပြည်တွေကို မြန်မာဘုရင် သြဇာအောက် အပြီးတိုင် သွတ်သွင်းခဲ့ပါတယ်။

ဒီလို သိမ်းသွင်းရာမှာ မိစ္ဆာဒိဋ္ဌိ တိုက်ဖျက်ရေး၊ သာသနာတော် သန့်ရှင်းရေး စတဲ့ ဘာသာရေး ကြွေးကြော်သံတွေကိုလည်း အစဉ်အလာ ပဒေသရာဇ်ပုံစံအတိုင်း ဘုရင့်နောင် ကျင့်သုံးခဲ့ပါတယ်။ မိုးမိတ်၊ သီပေါ၊ ပတ္တမြားတွင်းသည် ရှေးက မိစ္ဆာဒိဋ္ဌိ အရပ်ဖြစ်လေသည်။ ယခု ငါ့ပြည်၊ ငါ့ရွာ၊ ငါ့တိုင်း၊ ငါ့နိုင်ငံ ဖြစ်လေသောကြောင့် မြတ်စွာဘုရား သာသနာတော် နောင်အနာဂတ် တည်စိမ့်သောငှာ ဆိုပြီး သူ သိမ်းပိုက်ရရှိတဲ့ မြို့ရွာတွေမှာ ဘုရားတည် ကျောင်းဆောက်ပြီး သံဃာတွေကို လှူဒါန်းကြောင်း ယူနက်စကိုရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းဝင် ၁၅၅၇ ခုနှစ်ထိုး ဘုရင့်နောင်ရဲ့ ရွှေစည်းခုံစေတီ ခေါင်းလောင်းစာမှာ ပါရှိပါတယ်။ နောက် မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ သီပေါ ရှမ်းနှစ်ပြည်ထောင်လုံးဝယ် သူကောင်းတယောက် သေလျှင် ကျွန်ယောက်ျား၊ ကျွန်မိန်းမကို သတ်၍ ထည့်သော မိစ္ဆာဒိဋ္ဌိအကျင့်ကို မကျင့်ရန်လည်း ဆုံးမကံမြစ်တော်မူ၏။ ဆိုပြီးဒီခေါင်းလောင်းစာမှာ ပါရှိပါတယ်။ တရုတ်ဘက်က စိမ့်ဝင်လာတဲ့ အလေ့အကျင့်တွေ ဖြစ်ဟန် ရှိပါတယ်။

မြန်မာနယ်မြေကို အကျယ်ဆုံး ချဲ့ထွင်ခဲ့

ကော့သောင်းက ဘုရင့်နောင်ရုပ်တု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကော့သောင်းက ဘုရင့်နောင်ရုပ်တု

ဘုရင့်နောင်ခေတ်မှာ မြန်မာပြည်ဟာ တိုင်းကြီး ပြည်ကြီး ဖြစ်လာပြီး ပဒေသရာဇ်နိုင်ငံတွေ ပါဝင်လာတဲ့အတွက် အနီးဝန်းကျင်က နိုင်ငံတွေက စောင့်ကြည့် အားပြိုင်လာကြပါတယ်။ ဒီထဲမှာ တပင်ရွှေထီး ခေတ်ကတည်းက စစ်ပြိုင်လက်စ ရှိတဲ့ အယုဒ္ဓယ ခေါ် ယိုးဒယားပြည်လည်း ပါပါတယ်။ ဘုရင့်နောင်ခေတ်မှာ ယိုးဒယားကို သိမ်းပိုက်အုပ်ချုပ်နိုင်ပေမယ့် ဟံသာဝတီကို ခေါ်ထားတဲ့ ဘုရင်ဟောင်းက ရဟန်းပြုမယ်ဆိုပြီး ယိုးဒယား ပြန်သွားရာကနေ တထီးတနန်း ပြန်ထူထောင်ပြီး ပုန်ကန်တဲ့အတွက် ဘုရင့်နောင်က စေလွှတ်နှိမ်နင်းရပါတယ်။

ယိုးဒယားရဲ့ မြောက်ဘက်က ဇင်းမယ်၊ လင်းဇင်းနဲ့ စစ်ဆောင်ပန္နား စတဲ့ ရှမ်းယွန်းပြည်ထောင်တွေကို ဘုရင့်နောင် ဆက်လက် သိမ်းပိုက်ပြီး တရုတ်ပြည် ယူနန်နယ်ထဲက တရုတ် ရှမ်းစော်ဘွားနယ်တွေကိုပါ စစ်ချီခဲ့ပါတယ်။ အနောက်မြောက်ဘက်မှာလည်း မဏိပူရကို ဘုရင့်နောင် သိမ်းသွင်းတဲ့အတွက် မြန်မာပြည် နယ်မြေဟာ ပုဂံခေတ်ကာလတွေထက်တောင် ကျယ်ပြောပြီး မြန်မာမင်း တန်ခိုးအကြီးဆုံး အချိန်ကို ရောက်ရှိခဲ့ပါတယ်။ ဒီလို ကျယ်ပြန့်တန်ခိုးထွားခဲ့ပေမယ့် အုပ်ချုပ်ရေးမှာတော့ သစ္စာခံ ပဏ္ဏာဆက်တဲ့ စနစ်နဲ့ ထိန်းချုပ်ထားတဲ့အတွက် ဘုရင့်နောင် လက်ထက်မှာတောင် ပုန်ကန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ သူ နတ်ရွာစံချိန်မှာတော့ သူ့သားတော်တွေကြား စစ်ပြိုင်အာဏာလုကြရာကနေ နန္ဒဘုရင်လက်ထက်မှာ ဘုရင့်နောင်နိုင်ငံကြီး ပြိုကွဲပြီး သားတော်ငယ် ညောင်ရမ်းမင်းတရားက အင်းဝကနေ နိုင်ငံကို တကျော့ပြန် ထူထောင်ခဲ့ရပါတယ်။

တောင်ငူညောင်ရမ်းခေတ်က မြန်မာနဲ့ အိမ်နီးချင်းတိုင်းပြည်များပြ မြေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ငူညောင်ရမ်းခေတ်က မြန်မာနဲ့ အိမ်နီးချင်းတိုင်းပြည်များပြ မြေပုံ

ဘုရင့်နောင်ဟာ ယိုးဒယားကို နှစ်ကြိမ်ချီတက် သိမ်းပိုက်ခဲ့ပြီး ပထမအကြိမ်မှာ သက်သက်သာသာနဲ့ အနိုင်ယူခဲ့ပေမယ့် ဒုတိယအကြိမ် ၁၅၆၈ မှာတော့ တနှစ်ကျော် ဝန်းရံတိုက်ခိုက်ခဲ့ရပါတယ်။ အယုဒ္ဓယတိုက်ပွဲမှာ စစ်သည်တသောင်းကျဆုံးပြီး ပိဿလောက်စားကို စော်ဘွားသောင်ကျည်ဘွဲ့နဲ့ မင်းပြုစေခဲ့ပါတယ်။ စော်ဘွားသောင်ကျည်ရဲ့ သမီးတော် ဗြဣန္ဒဒေဝီ ခေါ် ဆုပန်ကလျာကို ဘုရင့်နောင်က မိဘုရားမြှောက်ပြီး သားတော် ဗြနရာဇ်ခေါ် နရဲစွမ်ကို ဟံသာဝတီမှာ ခေါ်ထားပြီး စစ်ပညာတွေ သင်ပေးခဲ့ပါတယ်။ ဘုရင့်နောင်ရဲ့ သားတော် နန္ဒဘုရင်လက်ထက် ဟံသာဝတီအိမ်ရှေ့စံ မင်းကြီးစွာနဲ့ ဗြနရာဇ် ဆင်စီးချင်းထိုးပွဲမှာ မင်းကြီးစွာ ကျဆုံးပြီး ဗြနရာဇ် ယိုးဒယားထီးနန်းကို ပြန်လည်ထူထောင်ခဲ့ပါတယ်။

ဒီလိုတသီးတခြား ပြန်ဖြစ်သွားပေမယ့် ဘုရင့်နောင်ရဲ့သားတော် ဇင်းမယ်ဘုရင် အနော်ရထာစောရဲ့ သမီးတော်ကို ဗြနရာဇ်က မိဘုရားမြှောက်သလို ထိုင်းမှာ မြန်မာပြည်က စူဠသက္ကရာဇ်ကို ၁၈၈၉ ထိ သုံးစွဲခဲ့ပါတယ်။ ဘုရင့်နောင်ရဲ့ လက်နက်နိုင်ငံတလွှားမှာ အလေးတင်းတောင်းအချိန်အတွယ်တွေကို စံနှုန်းသတ်မှတ်ပေးတာအပြင် သီဟိုဠ်ပုံစံ ဗုဒ္ဓဘာသာပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြောင်း ဗစ်တာ လစ်ဘာမန်းနဲ့ ဒေါက်တာတိုးလှ စတဲ့ သမိုင်းပညာရှင်တွေက ရေးပါတယ်။

မွန်ဘုရင် ဓမ္မစေတီခေါ် ရာမာဓိပတိမင်းလက်ထက် ၁၄၇၆ မှာ ပဲခူး ကလျာဏီသိမ်ကို သီဟိုဠ်ပြန် ရဟန်းတော်တွေနဲ့ သိမ်သမုတ်ပြီး ရဟန်းတသောင်းခွဲကို သိက္ခာအသစ်တင်စေတာလို သာသနာသန့်ရှင်းရေးလှုပ်ရှားမှုတွေ အရင်က ရှိခဲ့ပြီး ဘုရင့်နောင်လက်ထက်မှာတော့ မြန်မာပြည်၊ ရှမ်းပြည်စတဲ့ သူအောင်နိုင်တဲ့ နယ်မြေတွေမှာ သီဟိုဠ်မူ ပြန့်ပွားရေး ဆက်လက်ဆောင်ရွက်ပါတယ်။

ဘုရင့်နောင်စေတီအခြေမှာ နရဲစွမ်နဲ့ ထိုင်းမင်းတွေ ဆက်တည်တဲ့ ဖူးခေါင်တောင်းစေတီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင်စေတီအခြေမှာ နရဲစွမ်နဲ့ ထိုင်းမင်းတွေ ဆက်တည်တဲ့ ဖူးခေါင်တောင်းစေတီ

ဘုရင့်နောင်ခေတ်မှာ သီဟိုဠ်မူ ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ခဲ့ရုံမက ဗုဒ္ဓဘာသာ အားနည်းနေတဲ့ သီဟိုဠ်ကျွန်းကို သင်္ဘော သုံးစင်းနဲ့ စစ်သည် ငါးထောင် စေလွှတ်ပြီး ဗုဒ္ဓဘာသာပြန့်ပွားအောင် အားပေးခဲ့ပါတယ်။ ဒီလို အားပေးချီးမြှင့်မှုအတွက် သီဟိုဠ်ကျွန်း ဓမ္မပါလဘုရင်က ဘုရင့်နောင်ဆီ စွယ်တော်ပွားတဆူ ဆက်သခဲ့ပြီး ဒီစွယ်တော်ကို ပဲခူး မဟာစေတီမှာ ဌာပနာခဲ့ပါတယ်။

ခေတ်နောက်ကျန် မြန်မာ စစ်ပဒေသရာဇ်နိုင်ငံ

ပဲခူး မဟာစေတီက ဘုရင့်နောင် အောင်မြေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲခူး မဟာစေတီက ဘုရင့်နောင် အောင်မြေ

ဘုရင့်နောင်ဟာ ပြည်၊ အင်းဝ၊ တောင်ငူ၊ လင်းဇင်း၊ ဇင်းမယ်၊ အုန်းဘောင်၊ ထားဝယ်၊ မိုးညှင်း၊ ကလေး၊ သိန္နီ၊ ယိုးဒယား၊ ပုသိမ် ဆိုပြီး ဟံသာဝတီမြို့ တံခါးပေါက် ၂၀ ကို သူ အောင်နိုင်ခဲ့တဲ့ နိုင်ငံနယ်ပယ်တွေရဲ့ အမည်ကို ပေးခဲ့ပါတယ်။ ဒီလို မြို့တံခါးနာမည်တွေကို အသိမ်းသွင်းခံနယ်မြေတွေရဲ့ အမည်ကို ပေးတဲ့ ဘုရင့်နောင်စနစ်ကို ညောင်ရမ်းခေတ် အင်းဝမြို့မှာထိ ဆက်ပြီး တွေ့ရပါတယ်။

၁၆ ရာစုကနေ ၁၈ ရာစုထိ ကြာမြင့်ခဲ့တဲ့ တောင်ငူ-ညောင်ရမ်းခေတ်မှာ စစ်ဘုရင်တွေ ကြီးစိုးတဲ့ ပဒေသရာဇ်နိုင်ငံစနစ်ကို ဆက်လက်ခိုင်မာအောင် လုပ်ခဲ့ပြီး ကုန်သွယ်စနစ်နဲ့ ကြီးပွားချမ်းသာမှု ရှာတဲ့ ရခိုင်နဲ့ အယုဒ္ဓယနိုင်ငံတွေနဲ့ မတူဘဲ သိမ်းပိုက်နယ်မြေတွေက သုံ့ပန်းတွေကို ခေါ်ဆောင်လာပြီး စိုက်ပျိုးရေးလုပ်သားအဖြစ် အသုံးချကာ နိုင်ငံထူထောင်တဲ့ စနစ် ဖြစ်ပါတယ်။

ဘုရင့်နောင်ရဲ့ မြေးတော် အနောက်ဘက်လွန်မင်းအထိ ပဲခူးမှာ နန်းစိုက်ပြီး ပင်လယ်ကမ်းရိုး အခြေပြု နိုင်ငံ ထူထောင်ဖို့ ကြိုးစားခဲ့ပေမယ့် သာလွန်မင်းလက်ထက်က စလို့ အင်းဝမှာ နန်းစံတဲ့ မြန်မာ အစဉ်အလာ ကုန်းတွင်းပိတ် ပဒေသရာဇ်နိုင်ငံအဖြစ် ပြန်ဆုတ်ခွာခဲ့ပါတယ်။ ညောင်ရမ်းခေတ် မြန်မာလက်နက်နိုင်ငံမှာ မြန်မာ၊ မွန်နဲ့ ယွန်း ခေါ် ဇင်းမယ်ဘာသာတွေနဲ့ ကမ္ပည်းစာတမ်း ထိုးတတ်ကြောင်း ဒေါက်တာသန်းထွန်းက အသစ်မြင် ဗမာ့သမိုင်းမှာ ရေးပါတယ်။ ဒီလို လူမျိုးစုံ နေထိုင်တဲ့ လက်နက်နိုင်ငံကြီး ပုံရိပ်ကို ဘုရင့်နောင် သားမြေးတွေ ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် အောက်ပိုင်းက မွန်ပုန်ကန်မှုနဲ့ ဇင်းမယ်ရဲ့ တထီးတနန်း ပြန်လည်ထူထောင်မှု၊ မဏိပူရရဲ့ ကျူးကျော်မှုတွေနဲ့ ကြုံရပြီး ညောင်ရမ်းဆက် ပြိုလဲခဲ့ရပါတယ်။

တောင်ငူညောင်ရမ်းဆက် ဆင်ယင်ထုံးဖွဲ့ဟန်တွေ ကျန်ရစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်ငူညောင်ရမ်းဆက် ဆင်ယင်ထုံးဖွဲ့ဟန်တွေ ကျန်ရစ်ခဲ့

ဒီလို နိုင်ငံပြိုလဲရမှုမှာ ပြည်တွင်းပြည်ပ ကုန်သွယ်မှု အားကောင်းတဲ့ နိုင်ငံကြီးအဆင့် ဖြစ်မလာဘဲ လယ်ယာစိုက်ပျိုးရေး ဖူလုံရုံအဆင့်နဲ့ ရပ်တန့်နေခဲ့တာက တကြောင်း ပါဝင်သလို မြန်မာပဒေသရာဇ်စနစ်ရဲ့ နန်းမွေဆက်ခံမှု မခိုင်မာမှုနဲ့ မှူးမတ်လူတန်းစား အထင်အရှားမရှိတာတွေကြောင့်လည်း ပါပါတယ်။ ဘုရင့်နောင်နန်းမတက်ခင် တပင်ရွှေထီး နတ်ရွာစံချိန်မှာ မင်းပြိုင်တွေ ပေါ်လာပြီး နိုင်ငံပြိုကွဲမတတ် ဖြစ်ခဲ့သလို ဘုရင့်နောင်အလွန် နန္ဒဘုရင်လက်ထက်မှာလည်း ဘထွေးတော် အင်းဝဘုရင် သတိုးမင်းစောက စပြီး ပုန်ကန်ပါတယ်။ ဘုရင့်နောင် မင်းဆက်မတည်ငြိမ်မှု နောက်ဆက်တွဲ ယိုးဒယားနဲ့ ရခိုင်တပ်တွေ စစ်ချီလာရာကနေ ဟံသာဝတီနေပြည်တော် မီးတင်ရှို့ခံရပြီး နန္ဒဘုရင်လည်း နန်းကျခဲ့ပါတယ်။

ညောင်ရမ်းခေတ်ကုန်ပိုင်းမှာ တည်ခဲ့တဲ့ မြင်းမိုရ်တောင်ဘုရား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ညောင်ရမ်းခေတ်ကုန်ပိုင်းမှာ တည်ခဲ့တဲ့ မြင်းမိုရ်တောင်ဘုရား

ဘုရင့်နောင် ထီးနန်းကို သားတော်ထွေး ညောင်ရမ်းမင်းတရားက ပြန်လည် ထိန်းသိမ်းပြီး အင်းဝမှာ နန်းသစ်တည်ရာက ညောင်ရမ်းခေတ်လို့ ထင်ရှားလာပေမယ့် ညောင်ရမ်းခေတ်တလျှောက်မှာ လုပ်ကြံမှု၊ နန်းလုမှုတွေက ရှိနေခဲ့ပါတယ်။ မှူးမတ်ရာထူးကို မျိုးရိုးစဉ်ဆက် ဆက်ခံခွင့်မရှိတဲ့ မြန်မာပြည်မှာ ဘုရင်နဲ့ ကျွမ်းဝင်ရင် အမတ်ဖြစ်နိုင်တဲ့အတွက် မင်းပါးစိုးခွင်ဝင်နိုင်ဖို့အရေးမှာ အရည်အချင်းထက် လည်ပတ်မှု၊ လက်ဆောင်ပဏ္ဏာဆက်မှုတွေက အရေးပါလာပါတယ်။ ဒီလိုနဲ့ ပဒေသရာဇ်နိုင်ငံတွေ ထုံးစံအတိုင်း တည်ထောင်သူ မင်းဧကရာဇ်တွေ တန်ခိုးထက်သလောက် ဆက်ခံသူ သားမြေးမြစ်တွေ လက်ထက်မှာ အရည်အချင်း ညံ့ဖျင်းလာမှုကို မြန်မာမင်းဆက်တိုင်းမှာ တွေ့ခဲ့ရပါတယ်။

နောက်ပြီး တရုတ်ပြည်က မင်မင်းဆက် ပြိုလဲချိန်မှာ ရုံလီနဲ့ တပ်တွေ မြန်မာပြည်ထဲ ဝင်လာရာက နိုင်ငံကသောင်းကနင်းဖြစ်ပြီး အနောက်မြောက်ဘက်က ကသည်းတပ်တွေရဲ့ တိုက်ခိုက်မှုနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ ဘုရင့်နောင်အလွန် နှစ် ၁၈၀ ကျော်မှာ အောက်ပိုင်းက မွန်ပုန်ကန်မှုကြောင့် တောင်ငူ-ညောင်ရမ်းမင်းဆက် ပြိုလဲပြီး ဦးအောင်ဇေယျထူထောင်တဲ့ ကုန်းဘောင်မင်းဆက် ပေါ်ထွန်းလာပါတယ်။

ပဲခူးမှာ ဘုရင်မြှောက်ခံခဲ့ရတယ်ဆိုတဲ့ ပေါ်တူဂီ စစ်သား မဆင်ဂါ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲခူးမှာ ဘုရင်မြှောက်ခံခဲ့ရတယ်ဆိုတဲ့ ပေါ်တူဂီ စစ်သား မဆင်ဂါ

တပင်ရွှေထီး၊ ဘုရင့်နောင်တို့ တောင်ငူမင်းဆက် ထူထောင်ချိန်ဟာ ပေါ်တူဂီ၊ စပိန်၊ ဒတ်ချ်နဲ့ အင်္ဂလိပ် စတဲ့ ဥရောပ လူစွန့်စားတွေရဲ့ ကမ္ဘာပတ်ပြီး ကုန်သွယ်ရေကြောင်း ရှာဖွေတဲ့ ခေတ်နဲ့ အပြိုင် ဖြစ်ပါတယ်။ ပေါ်တူဂီကြေးစားတပ်တွေကို မွန်၊ မြန်မာ၊ ရခိုင်နဲ့ ထိုင်း ပဒေသရာဇ်တွေ အပြိုင်အဆိုင် ခေါ်ယူပြီး စစ်တိုက်ခိုင်းခဲ့သလို ပေါ်တူဂီလုပ် အမြောက်နဲ့ သေနတ်တွေ အားကို သုံးပြီး ဘုရင့်နောင်တပ်တွေ နယ်မြေ ချဲ့ထွင်ခဲ့ကြောင်း မစ်ချီဂန် တက္ကသိုလ် သမိုင်းပါမောက္ခ ဗစ်တာ လစ်ဘာမန်းက ထူးဆန်းတဲ့ ယှဉ်ပြိုင်မှုများ၊ ကမ္ဘာ့နောက်ခံပေါ်က အရှေ့တောင်အာရှ စာအုပ်မှာ ရေးပါတယ်။

ဒီလို စစ်ဘက်မှာ အနောက်တိုင်းအင်အားကို အားကျ သုံးစွဲခဲ့ပေမယ့် ခေတ်သစ်ကူးပြောင်းရေးမှာတော့ အနောက်တိုင်းလို ဘာသာရေးနဲ့ နိုင်ငံရေး ကွဲပြားအောင် ကြိုးစားတာ၊ ဘုရင့်အခွင့်အာဏာ ကန့်သတ်ပြီး မြေရှင် ပဒေသရာဇ်ကနေ အရင်းရှင်နယ်ချဲ့ခေတ်ကို ကူးပြောင်းတာ၊ ပုံနှိပ်စက်နဲ့ စက်မှုတီထွင်မှုတွေ အားပေးတာ စတဲ့ အသွင်ကူးပြောင်းမှုတွေ ခေတ်ပြိုင် တရုတ်၊ အိန္ဒိယ စတဲ့ အာရှနိုင်ငံကြီးတွေမှာ ဖြစ်မလာသလိုဘဲ မြန်မာ၊ ယိုးဒယား၊ အာနမ် (ဗီယက်နမ်) နဲ့ ဂျားဗားစတဲ့ အရှေ့တောင်အာရှ နယ်မြေတွေမှာလည်း ပေါ်ပေါက်မလာခဲ့ပါဘူး။ အနှစ် လေးရာလောက် ခေတ်နောက်ကျကျန်နေခဲ့တဲ့ အာရှ ပဒေသရာဇ်နိုင်ငံတွေဟာ ၁၉ နဲ့ ၂၀ ရာစုတွေအတွင်း ဥရောပ ကိုလိုနီ နယ်ချဲ့စနစ်အောက်ကို တစတစ ကျရောက်သွားခဲ့ပါတယ်။

သူရဲကောင်းလား၊ ဖျက်ဆီးလုယက်သူလား

ဘုရင့်နောင် ကုသိုလ်တော် ပဲခူး မဟာစေတီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင် ကုသိုလ်တော် ပဲခူး မဟာစေတီ

ဘုရင့်နောင်ကို နိုင်ငံချဲ့ထွင်သူ မင်းဧကရာဇ်အဖြစ် မြန်မာအစဉ်အလာ သမိုင်းဆရာတွေက ယူဆပေမယ့် အင်အားကြီးကြောင်း ပြချင်လို့ နယ်မြေတွေ လုယက်တိုက်ခိုက်သူဖြစ်တယ်လို့လည်း နိုင်ထိုက်လို လက်ဝဲသမိုင်းအမြင်နဲ့ ရေးသူတွေ ရှိပါတယ်။ ဘုရင့်နောင်ဟာ မိဘုရားနဲ့ မောင်းမမိဿံ အချွေအရံတွေ တလှေကြီးကို စစ်ချီရာ ခေါ်သွားပြီး စစ်သည်ဗိုလ်ပါတွေကို ပင်ပန်းဆင်းရဲစေကြောင်း၊ အယုဒ္ဓယသိမ်းတိုက်ပွဲမှာ သူ့မာနနဲ့ ရူးသွပ်မှုအတွက် မြို့ကို နှစ်ပေါက် ဝန်းရံပြီး စစ်သည်တသောင်းကျော်ကို စတေးခဲ့ကြောင်း မြန်မာရာဇဝင်စစ်ဘုရင်နဲ့ စစ်တပ်ရဲ့ကဏ္ဍ စာအုပ်မှာ နိုင်ထိုက်က ထောက်ပြပါတယ်။ အနယ်နယ်က သောင်းနဲ့ချီတဲ့ သုံ့ပန်းတွေကို ဟံသာဝတီမြို့တော်ကို ခေါ်ဆောင်လာပြီးနောက် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် သုံ့ပန်း သူပုန်ထတာမှာလည်း ချေမှုန်းနှိပ်ကွပ်ပြီး အကြီးအကဲတွေကို မီးတင်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

တခါ ဘုရင့်နောင်ကို သိမ်းပိုက်နယ်မြေတွေက ဘုရင်တွေကို ခွင့်လွှတ်ပြီး အသက်စည်းစိမ်မပျက် မြှောက်စားတတ်သူဆိုပြီး ချီးမွမ်းကြသူ များပေမယ့်လည်း ဘုရင့်နောင်ဟာ ဟံသာဝတီကို သိမ်းထားတဲ့ သမိန်ထောရာမကို ကွပ်မျက်သလို ပြည်မှာ သူ့ကို အညံ့မခံဘဲ ရခိုင်နဲ့ ပေါင်းဖို့ကြံတဲ့ သတိုးသူကိုလည်း ငါ့ကျွန်မခံ၊ သူ့ကျွန်ခံချင်သူဆိုပြီး သတ်ဖြတ်ခဲ့ပါတယ်။ တပင်ရွှေထီးနဲ့ ဘုရင့်နောင်ခေတ်မှာ မွန်၊ မြန်မာ၊ ရှမ်းနဲ့ ထိုင်းယွန်း စတဲ့ လူမျိုးစုံကို စုစည်းပြီး လက်နက်နိုင်ငံကြီး ထူထောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း လူမျိုးစုချင်း သဟဇာတပေါင်းစည်းမှုထက် ပဒေသရာဇ် သစ္စာခံမှုအပေါ်ကို အားပြုတည်ဆောက်တဲ့ နိုင်ငံဖြစ်တာနဲ့ စစ်ဒဏ်ပိပြီး စိုက်ပျိုးကုန်သွယ်ရေးတွေမှာ အားမကောင်းတာတွေကြောင့် အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေတ်ပြိုင် ဥရောပနိုင်ငံကြီးတွေလို အမျိုးသားနိုင်ငံအဆင့်ကို မြန်မာနဲ့ ပေါင်းသဟာယ ပြည်ထောင်များအဖြစ် မတက်လှမ်းနိုင်ဖြစ်ခဲ့ပါတယ်။

တပင်ရွှေထီးလက်ထက်ကနေ ဘုရင့်နောင် နတ်ရွာစံချိန်ထိ အနှစ် ၅၀ ကျော် စစ်ချီပြီး နိုင်ငံတည်ထောင်ခဲ့ပေမယ့် ဘုရင့်နောင် မရှိတဲ့နောက် နှစ်ပိုင်းအတွင်း မိသားစုပဋိပက္ခတွေကနေ စတင်ပြီး သူ့ လက်နက်နိုင်ငံကြီး ပြိုကွဲပြီး သူ့မြို့တော်ကြီး မီးတိုက်ခံရလို့ ပြာကျသွားခဲ့တာလည်း မြန်မာပြည်မှာ ကနေ့ခေတ်ထိ ရှိနေဆဲ အစကောင်းပြီး အနှောင်းမသေချာတဲ့ နိုင်ငံရေးယဉ်ကျေးမှုရဲ့ လက္ခဏာလို ဖြစ်နေပါတယ်။

ဘုရင့်နောင်ခေတ် ထိုင်းက သယ်လာတယ်ဆိုတဲ့ ကြေးရုပ်ကြီးတွေ မန္တလေးရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်နောင်ခေတ် ထိုင်းက သယ်လာတယ်ဆိုတဲ့ ကြေးရုပ်ကြီးတွေ မန္တလေးရောက်

ဘုရင့်နောင်ရဲ့ ကြွယ်ဝချမ်းသာမှုအရိပ်အယောင်တွေကို ပဲခူးမှာ ထင်ထင်ရှားရှား မတွေ့ရတော့ပေမယ့် သူ တည်ထားခဲ့တဲ့ မဟာစေတီကြီးနဲ့ မွန်မင်းအဆက်ဆက် ကုသိုလ်တော် ရွှေမော်ဓောစေတီကြီးကို ဘုရင့်နောင်နဲ့ မြန်မာမင်းအဆက်ဆက်လက်ထက်ကနေ လွတ်လပ်ရေး ရပြီးခေတ်ထိ ဆက်လက်ပြုပြင်ခဲ့တဲ့ လက်ရာတွေကိုလည်း ကနေ့ထိ မြင်တွေ့နိုင်ပါတယ်။ ထိုင်းထီးနန်းနဲ့လည်း နွှယ်ခဲ့တဲ့ ဘုရင့်နောင်ကြောင့် ပဲခူးနန်းတော်ကို လာတဲ့ ထိုင်းခရီးသွားတွေ များပြားလာသလို ဘုရင့်နောင်အလွန်မှာ နန္ဒဘုရင် အသတ်ခံရတယ် ဆိုတဲ့ ထိုင်းမိဘုရားငယ် ဆုပန်ကလျာရဲ့ ကြေကွဲစရာဘဝဇာတ်သိမ်းကို စိတ်ဝင်စားသူတွေလည်း များလှပါတယ်။ ဘုရင့်နောင်ခေတ် ထိုင်းကနေ သယ်ဆောင်လာတယ်ဆိုတဲ့ ကြေးရုပ်ကြီးတွေလည်း ဘုရင့်နောင်အလွန် ဟံသာဝတီပျက်ချိန်မှာ ရခိုင်ရောက်ပြီး ဘိုးတော်ဘုရားခေတ် ရခိုင်သိမ်းပြီးမှ အမရပူရ-မန္တလေးကို ပြန်ရောက်ခဲ့ပါတယ်။

သမိန်ထောရာမကို အောင်နိုင်ရင် စေတီတည်မယ်ဆိုပြီး မော်စောကနုမှာ အဓိဋ္ဌာန်ထားခဲ့တဲ့ ဘုရင့်နောင် တည်တဲ့ မဟာဝိဇယစေတီ ခေါ် ပဲခူးဘုရားကြီးနာမည်ကို လမ်းစဉ်ပါတီခေတ် သမ္မတ ဦးနေဝင်းက ယူပြီး ရန်ကုန် ရွှေတိဂုံဘုရားနားမှာ စေတီတည်ခဲ့ကြောင်းလည်း နိုင်ထိုက်က ထောက်ပြပါတယ်။ ဘုရင့်နောင်လို အရပ်ဆယ်မျက်နှာကို အောင်နိုင်တဲ့ စစ်ဘုရင်ကြီးဘဝကို မြန်မာဘုရင်အဆက်ဆက်နဲ့ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေခေတ်ထိ လိုချင်တပ်မက်ကြတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့်လည်း အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရား စစ်ဘုရင်ကြီး သုံးပါးကြေးရုပ်ကို ပြင်ဦးလွင် ခေါ် မေမြို့က စစ်တက္ကသိုလ်ရှေ့နဲ့ နေပြည်တော် စစ်ရေးပြကွင်းတွေမှာ တွေ့ရသလို ဘုရင့်နောင်ခေတ်ကလိုပဲ စစ်တိုက်၊ လူသတ်၊ ဖျက်ဆီးမီးရှို့တာတွေ လုပ်ခဲ့ပြီးတိုင်း ဘုရားတည် ကျောင်းဆောက် ကုသိုလ်တွေနဲ့ ချေဖျက်ဖို့ ကြိုးစားတာတွေကိုလည်း ကနေ့ခေတ်ထိ တွေ့နေရပါတယ်။

ဘုရင့်နောင်နဲ့ မြန်မာဘုရင်အဆက်ဆက် ချီတက်သိမ်းပိုက်ခဲ့မှုကြောင့် မြန်မာနယ်မြေ ပိုမိုကျယ်ဝန်းလာခဲ့တယ်ဆိုပေမယ့် ရာစုအဆက်ဆက် မြန်မာလယ်သမားတွေရဲ့ဘဝက ဝမ်းဝရုံသာသာကနေ ထူးခြားမလာလှဘဲ ကိုလိုနီခေတ်ကျမှ ကမ္ဘာ့ဆန်တင်ပို့မှုမှာ မြန်မာ့ဆန်အိုးကြီးအဖြစ် ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။ စက်မှုနိုင်ငံပြောင်းလဲရေးကိုလည်း လွတ်လပ်ရေးရပြီးမှ အားထုတ်ရပြီး အနှစ် ၈၀ နီးပါးတိုင်အောင် မအောင်မြင်သေးတာကို တွေ့ရပါတယ်။

စစ်ဘုရင်ကြီး သုံးပါးကြေးရုပ်ကို နေပြည်တော် စစ်ရေးပြကွင်းမှာ တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်ဘုရင်ကြီး သုံးပါးကြေးရုပ်ကို နေပြည်တော် စစ်ရေးပြကွင်းမှာ တွေ့ရ

ဘုရင့်နောင်သိမ်းပိုက် ပိုင်စိုးခဲ့တဲ့ နိုင်ငံတွေကို လက်ဝါးပြကာ အောင်မြင်တော်မူသည် ဆိုပြီး ရာဇဝင်အစောင်စောင်မှာ ချီးပကြပေမယ့် ဒီအောင်မြင်မှုတွေကို သူ့ခေတ်အလွန်မှာ မထိန်းနိုင်ဘဲ ပျောက်ကွယ်သွားတာကလည်း လက်ရှိ မြန်မာနိုင်ငံက တဆက်ခံ အောင်မြင်မှုတွေနဲ့ ပုံစံတူပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ မြန်မာ ခေါင်းဆောင် ခြောက်ယောက် လက်ထက် ရခဲ့တဲ့ အောင်မြင်မှု ထိန်းချုပ်နိုင်မှု ဆိုတာတွေဟာ သူတို့အလွန်မှာ တိမ်ကောပပျောက်ကြတာကလည်း မြန်မာ့သမိုင်းရဲ့ မရိုးနိုင်တဲ့ပုံစံခွက်လို ဖြစ်နေပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံကတိကဝတ်၊ ဦးနုခေတ် မြန်မာ့စီးပွားရေးအောင်မြင်မှုနဲ့ ဘာသာရေး ကိုင်းရှိုင်းမှု၊ ဘန်ဒေါင်းစိတ်ဓာတ်၊ ဗိုလ်ချုပ်ကြီးနေဝင်းခေတ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်က အပစ်ရပ်စာချုပ်တွေနဲ့ လူမျိုးစု သူပုန်တွေနဲ့ ယူခဲ့တဲ့ စစ်ရပ်စဲရေး၊ ဦးသိန်းစိန်ခေတ် နိုင်ငံရေး လွတ်လပ်မှုနဲ့ စီးပွားရေးတိုးတက်မှု၊ ဒေါ်အောင်ဆန်းစုကြည်ခေတ် လူလတ်တန်းစားအိပ်မက်နဲ့ လူငယ်နိုးထမှုတွေဟာ နောက်ခေတ်တွေအထိ လိုက်ပါမလာနိုင်ဘဲ လျှောကျပျောက်ကွယ်ကုန်တာ၊ ဖျက်ဆီးရိုက်ချိုးခံရတာတွေကလည်း ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ ပဒေသရာဇ် မြန်မာဘုရင်တွေရဲ့ နိုင်ငံရေး ယဉ်ကျေးမှုက ခုခေတ်ထိ အမြစ်တွယ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

ပုဂံခေတ်၊ ဘုရင့်နောင်ခေတ်ကနေ အလောင်းဘုရားခေတ်ကို ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်ထိ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ မြန်မာပြည် ပတ်ပတ်လည်က လူမျိုးစုနယ်မြေတွေနဲ့ ပေါင်းစည်းရေးကို လက်နက်အင်အား၊ နိုင်ငံရေးစွမ်းပကားတွေနဲ့ အားထုတ်မှုတွေကလည်း အနှစ်တထောင်နီးပါးထိ မအောင်မမြင်ဖြစ်နေတာကို တွေ့ရပြီး နိုင်ငံမှာလည်း ဗြိတိသျှအောက်က လွတ်ကတည်းက ပြည်တွင်းစစ်မီးက ဆယ်စုနှစ်တွေနဲ့ချီပြီး ဝိုင်းနေတာကို တွေ့ရပါတယ်။