တိုက်ရိုက်ထုတ်လွှင့်မှု, ဆားတောင်နယ်မြေထဲက PDF ၃၂ ဦးနဲ့ မိသားစု၀င်တွေ ဘက်ပြောင်းလာတယ်လို့ နေပြည်တော်‌ပြော

ဆားတောင်နယ်မြေထဲက PDF ၃၂ ဦးနဲ့ မိသားစု၀င်တွေ ဘက်ပြောင်းလာတယ်လို့ နေပြည်တော်‌ပြောတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၄ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

စစ်ကိုင်း၊ ဆားတောင်နယ်မြေထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၂ ဦးနဲ့ မိသာစုဝင်တွေ စစ်တပ်ထံ ဘက်ပြောင်းခိုလှုံ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဆားတောင်နယ်မြေထဲက PDF ၃၂ ဦးနဲ့ မိသားစု၀င်တွေ ဘက်ပြောင်းလာတယ်လို့ နေပြည်တော်‌ပြော

    ဘက်ပြောင်းလာတဲ့ PDF တပ်ဖွဲ့ဝင်တွေလို့ နေပြည်တော်ထုတ်ပြန်လာတဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဘက်ပြောင်းလာတဲ့ PDF တပ်ဖွဲ့ဝင်တွေလို့ နေပြည်တော်ထုတ်ပြန်လာတဲ့ပုံ

    မန္တလေး-‌ရွှေဘိုလမ်းပိုင်းပေါ် စစ်ကိုင်းမြို့ကနေ မိုင် ၃၀ ကျော်ကွာတဲ့ ဆားတောင်နယ်မြေထဲမှာ စစ်ရေးလှုပ်ရှားနေကြတဲ့ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၈ ဦး စစ်တပ်ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။

    Local PDF အဖွဲ့က အမျိုးသား ၂၃ ဦးနဲ့ မိသားစုဝင်အမျိုးသမီး ၃ ဦး၊ ဆားတောင်မိုးကြိုးအဖွဲ့က တပ်ဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ မိသားစုဝင် အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၈ ဦးတို့ ဘက်ပြောင်းလာခဲ့ကြတာလို့ ဒီနေ့ သတင်းထုတ်တာဖြစ်ပါတယ်။

    သူတို့ဟာ စက်တင်ဘာ ၂၂ ရက်မှာ စစ်တပ်ရဲ့ ဆားတောင်နယ်မြေထဲက နီးစပ်ရာ နယ်မြေခံတပ်ရင်းကို ဆက်သွယ်ပြီး လက်နက်မျိုးစုံ ၁၃ လက်နဲ့ ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ လက်နက်ချခဲ့ကြတာလို့ နေပြည်တော်က ဆိုပါတယ်။

    တစ်ဖက်မှာတော့ PDF တပ်ဖွဲ့ဝင် ၃၈ ဦးဟာ ဆားတောင်ရဲစခန်းနဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းသွားတယ်လို့ သိထားတဲ့အကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ဘက်ပြောင်းသွားတဲ့ တပ်ဖွဲ့ဝင်ထဲက တချို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝက်လက်မြို့နယ် ရွာသာကြီးတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) နဲ့လည်း စစ်ရေးအချိတ်အဆက်တွေရှိတယ်လို့ ဝက်လက်အခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

    ဆားတောင်နယ်မြေထဲက တပ်ဖွဲ့ဝင်တချို့ကတော့ ဘက်မပြောင်းခင် ရက်ပိုင်းတွေအတွင်း ဆားတောင်ရဲစခန်းနဲ့ ဆက်စပ်သူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီသူကတဆင့် ငွေကြေးနဲ့ ကျည်အတောင့်တစ်ရာပေးဖို့ ဖိအားပေးတောင်းတာတွေ ရှိခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီအခြေအနေကနေ ဆားတောင်ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အချိတ်အဆက် ဆက်ရပြီး ဘက်ပြောင်းသွားတာဖြစ်နိုင်တယ်လို့ ယူဆတဲ့အကြောင်း သူကဆိုပါတယ်။

    တစ်ဖက်မှာလည်း ဘက်ပြောင်းသွားတဲ့ PDF တွေဟာ ဒေသတွင်းအခြေစိုက်တပ်တွေဖြစ်ပြီး စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့တွေနဲ့ အချိတ်အဆက်ရှိနေတာကြောင့် NUG ရဲ့တပ်တွေကလည်း စောင့်ကြည့်နေချိန်မှာ အခုလိုလက်နက်ချသွားတာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ထုတ်ပြောပါတယ်။

    NUG ရဲ့ ဆား‌တောင်မြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးကတော့ “ခွင့်ပြုချက်မရှိဘဲ အခွန်ဂိတ်ဖွင့်တာ၊ ငွေကြေးကောက်ခံတာတွေလုပ်နေလို့ NUG က သတိပေးခဲ့တာတွေရှိတယ်။ သတိပေးတာတွေ လျစ်လျူရှုနေလို့ အရေးယူဖို့လုပ်နေတုန်းဝင်သွားတာ” လို့ ဘီဘီစီကိုပြောပါတယ်။

    နေပြည်တော်ကြေညာထားတဲ့ ဘက်ပြောင်းလာတဲ့အဖွဲ့ဝင်တွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ မိခင်တပ်ရင်းတပ်ဖွဲ့ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

  2. မင်္ဂလာပါ။ စက်တင်ဘာ ၂၄ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။