ပဋိပက္ခကြားမှာ စာသင်ခန်းတွေ မပျောက်သွားအောင် ရုန်းကန်နေရတဲ့ဆရာတွေ

ကယား(ကရင်နီ)ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ခန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယား(ကရင်နီ)ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ခန်း (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

လေကြောင်းရန်သတိပေးချက်သံကြားတာနဲ့ စာသင်ခန်းထဲက ကျောင်းသားတွေ တစ်ယောက်မကျန် ဘေးကင်းကင်းနဲ့ မြန်မြန်ဆန်ဆန် ထွက်ခွာနိုင်ရေးက ဆရာမ ဒေါ်သီသီအေးရဲ့နေ့စဉ်တာဝန်လို ဖြစ်နေပါပြီ။

"လေကြောင်းသတိပေးအသံ ကြားတာနဲ့ စာသင်တာ ရပ်ရတယ်။ ကလေးတွေကို လူစုခွဲရတယ်။လုံခြုံတဲ့နေရာပို့ရတယ်" လို့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က CDM မူလတန်းပြ၊ ကြားကာလကျောင်းဆရာမ ဒေါ်သီသီအေးက ပြောပါတယ်။

ဒေါ်သီသီအေးလိုပဲ တော်လှန်ရေးဒေသတွေထဲက ဆရာ၊ ဆရာမတွေဟာ စာသင်ကြားပေးရုံတင်မကဘဲ ကလေးတွေရဲ့ဘေးကင်းလုံခြုံရေးအတွက်ပါ တစ်ပြိုင်တည်း ဆုံးဖြတ်လုပ်ဆောင်ကြရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဒါမှမဟုတ် တိုက်ပွဲအန္တရာယ်ရှိလာချိန်မှာ ကလေးတွေ ဘေးကင်းအောင် ဘယ်လိုရွှေ့မလဲဆိုတာကို ဆုံးဖြတ်ရသလို "သင်ကြားရေးထက် လုံခြုံရေးကို အရင်စဉ်းစားရတယ်" လို့ ဒေါ်သီသီအေးက ပြောပါတယ်။

မြန်မာက ပဋိပက္ခဒေသတွေမှာ ကျောင်းသားတွေရဲ့ပညာသင်ကြားရေး ရပ်မသွားအောင် ကြိုးပမ်းနေကြတဲ့ ဆရာ၊ ဆရာမတွေအတွက်တော့ စာသင်ကြားပေးတာအပြင် ကလေးတွေရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းလုံခြုံမှုရှိစေဖို့ တာဝန်ပါ ရှိလာတယ်လို့ ဖွင့်ဟကြပါတယ်။

လေကြောင်းရန်ကြားက ဆရာ၊ဆရာမတွေ

ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသားတစ်ယောက်(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသားတစ်ယောက်(ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းဇာတိ အသက် ၄၀ ကျော်အရွယ် ဒေါ်သီသီအေးဟာ ၂၀၀၃ ခုနှစ်ကတည်းက ကျောင်းဆရာမဖြစ်ခဲ့သူပါ။ ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းတဲ့နောက် အကြမ်းမဖက်အာဏာဖီဆန်မှု(CDM) လှုပ်ရှားမှုထဲ ပါဝင်ခဲ့ပြီး home schooling (အိမ်အခြေပြု စာသင်ကြားရေးပုံစံ) နဲ့ ကလေးတွေကို သင်ကြားပေးခဲ့ပါတယ်။

အဲဒီနောက် တော်လှန်ရေးအင်အားစုတွေဦးဆောင်တဲ့ ကြားကာလပညာရေးကျောင်းမှာ စာသင်နေပါတယ်။ သူ့ဒေသထဲမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ ဆယ်နဲ့ချီ သေဆုံးခဲ့ရတဲ့ လက်ယက်ကုန်းရွာနဲ့ အိုးတိန်တွင်းရွာက ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေရှိပေမဲ့ ကြောက်စိတ်မရှိဘဲ ပညာဆက်သင်ပေးနေတယ်လို့ ဒေါ်သီသီအေးက ရင်ဖွင့်ပါတယ်။

လက်ယက်ကုန်းရွာက စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကျောင်းသားနဲ့ ဆရာ၊ ဆရာမ ၁၃ ဦး သေဆုံးခဲ့သလို အိုးတိန်တွင်းရွာက ကျောင်း တိုက်ခိုက်ခံရမှုမှာတော့ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

"လက်ယက်ကုန်းဖြစ်စဥ်က ကျွန်မ သူငယ်ချင်းဆရာမတစ်ယောက်ဆို လေကြောင်းဗုံးကြဲလို့ မသေပေမဲ့ စိတ်ထိခိုက်ပြီး လုံးဝစကား မပြောတော့ဘူး။ သူ့အတွက် အားပေးစရာ စကားလည်းမရှိခဲ့ဘူး" လို့ ဒေါ်သီသီအေးက ပြန်ပြောပါတယ်။

ဒါပေမဲ့ အဲဒီလိုကြုံခဲ့ရတာတောင် အဲဒီဆရာမဟာ ၂၀၂၆ ခုနှစ်မှာတော့ စာသင်ခန်းထဲ ပြန်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ခန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကယား(ကရင်နီ)ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ခန်း (ပုံဟောင်း)
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"ဒီလောက်အထိ တွေ့ကြုံခဲ့တာတောင် အဲဒီဆရာမက ဒီနှစ်ပိုင်းမှာ သင်ကြားရေးကို ပြန်လုပ်နေပြီ၊ ဒါ ကျွန်မတို့ရဲ့ ကလေးတွေပညာရေး ခါးဆက်မပြတ်အောင် ကြိုးစားနေတဲ့ စိတ်ဓာတ်ပဲ" လို့ သူက ပြောပါတယ်။

လေကြောင်းသတိပေးချက်ရှိရင် လူစုခွဲပြီး လုံခြုံတဲ့ဗုံးခိုကျင်းတွေထဲဝင်ကြရပေမဲ့ မိုးရာသီရောက်ရင်တော့ အဲဒီနည်းလမ်းက အခက်အခဲရှိနေပါတယ်။

''မိုးတွင်းဆို ဗုံးခိုကျင်းတွေထဲ ရေဝင်တော့ လုံခြုံမယ့်နေရာအသစ်တွေကိုပါ ကြိုတင်ရှာဖွေထားရတယ်'' လို့ ဒေါ်သီသီအေးက ပြောပါတယ်။

စစ်ကြောင်းထိုးလာတာ၊ လေကြောင်းဗုံးကြဲတာတွေကြောင့် တစ်နှစ်အတွင်းမှာပဲ အနည်းဆုံး ၂ ကြိမ်လောက် ကျောင်းရဲ့တည်နေရာကို ပြောင်းကြရတယ်လို့ ဒေါ်သီသီအေးအပြင် နောက်ထပ် ကြားကာလ ကျောင်းဆရာတချို့ကလည်း ပြောကြပါတယ်။

ကယား(ကရင်နီ) ဒီးမော့ဆိုမြို့နယ်က စေတနာ့ဝန်ထမ်း အထက်တန်းပြဆရာ ကိုသူရိန်ကလည်း ဒေါ် သီသီအေးလို အတွေ့အကြုံတွေနဲ့ ကျော်ဖြတ်နေတဲ့ကျောင်းဆရာတစ်ဦးပါ။

"ဗုံးလာကြဲလို့ ကျွန်တော်ရော ကလေးတွေရော စာသင်ခန်းနားက ကျောက်နံရံတွေကို ပြေးကပ်ခဲ့ရတယ်။ စစ်ကြောင်းဝင်လာလို့ တောလမ်းကနေ ရှောင်ပြေးကြရတယ်"လို့ ပြန်ပြောပြပါတယ်။

စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုတွေဟာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်အထိ အကြိမ်ပေါင်း ၁၀,၄၅၅ ရှိပြီး အဲဒီထဲမှာ စာသင်ကျောင်းပေါင်း ၅၄၀ နီးပါး တိုက်ခိုက်ခံရမှုလည်း ပါ၀င်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေ ၆ ထောင်ကျော်ထဲမှာ အသက် ၁၈ နှစ်အောက်ကလေး ၈၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁ သောင်းကျော်မှာ ကလေး ၁,၂၀၀ နီးပါး ရှိတာကို ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ပဋိပက္ခနယ်မြေအတွင်းက ပညာရေးစိန်ခေါ်မှုတွေ

စာသင်ကျောင်း အဆောက်အဦတွေကို ရှောင်ပြီးစာသင်နေရတဲ့ ကြားကာလစာသင်ခန်း

ဓာတ်ပုံ ရင်းမြစ်, ဆရာဒီ

ဓာတ်ပုံ ပုံစာ, စာသင်ကျောင်း အဆောက်အဦတွေကို ရှောင်ပြီးစာသင်နေရတဲ့ ကြားကာလစာသင်ခန်း

အသက် ၂၉ နှစ်အရွယ် ကိုသူရိန်ဟာ ဒီးမော့ဆိုမြို့နယ်ထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ တစ်ရွာပြီးတစ်ရွာ လှည့်သင်ပေးနေပြီး သူ့မှာ ပုံမှန်လစာရယ်လို့ မရှိဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေဆီကနေရတဲ့ ကျောင်းလခနဲ့ အဖွဲ့အစည်းတချို့ဆီက ထောက်ပံ့ငွေတွေထဲကနေ သင်ထောက်ကူပစ္စည်းတွေ ဝယ်ရပြီး ကျန်တဲ့ငွေထဲကမှ ထောက်ပံ့ကြေး သဘောရတယ်လို့ သူက ပြောပါတယ်။

"တစ်ခါတလေ လယ်အလုပ် သွားကူတယ်၊ သဲတူးတယ်၊ ထင်းခုတ်တယ်။ စာသင်လို့ရတဲ့ ထောက်ပံ့ကြေးက စားဖို့ဆိုရင် တခြားအလုပ်ကနေရတဲ့ငွေက သွားတိုက်ဆေးလို လိုအပ်တဲ့ ပစ္စည်းတွေဝယ်ဖို့ပေါ့" လို့ ကိုသူရိန်က ပြောပါတယ်။

တော်လှန်ရေးဒေသတွေက စာသင်ခန်းတွေဖြစ်လို့ ကျောင်းသားတွေအတွက် သင်ထောက်ကူပြု ပစ္စည်းတွေကလည်း မရှိသလောက်ပဲလို့ ဆိုပါတယ်။ အထူးသဖြင့် အထက်တန်း သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ကြားရေးအတွက် လိုအပ်တဲ့သင်ထောက်ကူပစ္စည်းတွေအတွက် သူကိုယ်တိုင်ဖန်တီးပြီး သင်ကြားပေးရတယ်လို့ ရှင်းပြပါတယ်။

''သင်္ချာဘာသာရပ်အတွက် သုံးဘက်မြင် (3 Dimension) အကြောင်းသင်ပြဖို့ ကတ်ထူ စက္ကူချပ်တွေနဲ့ ဖန်တီးပြီး ပြရတယ်။ ရူပဗေဒဆိုရင်လည်း ဖိအား (Pressure) အကြောင်းသင်ဖို့ ဆေးထိုးအပ်အဟောင်းတွေကို သုံးပြီး ပိုက်ပြွန်နေရာကျဉ်းထဲကို ရေစုပ်ပြ၊ ဖိအားသုံးပြီး ရေထုတ်တာကို သရုပ်ဖော်ပြရတယ်'' လို့ သူ ပြောပါတယ်။

သစ်ပင်အရိပ်အောက်က စာသင်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, ဆရာဒီ

ဓာတ်ပုံ ပုံစာ, သစ်ပင်အောက်က စာသင်ကျောင်း

လက်ရှိမှာ ဖြစ်တဲ့နည်းနဲ့ ပညာဆက်သင်နေကြပေမဲ့ အနာဂတ်ပညာရေးအတွက် စိုးရိမ်မကင်းဖြစ်နေရတဲ့ သူ့ ကျောင်းသားတွေနဲ့ မိဘတွေရဲ့အပူကလည်း သူ့ကို ရိုက်ခတ်စေတယ်လို့ ပြောပါတယ်။

''ကျွန်တော့် ကလေးတွေဆီက အများဆုံး ကြားရတဲ့မေးခွန်းတွေက ၁၂ တန်းပြီးရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ၊ တက္ကသိုလ်တက်လို့ ရဦးမလား၊ နိုင်ငံခြားထွက်ရင် ပိုကောင်းမလား ဆိုတာတွေပါပဲ''လို့ ကိုသူရိန်က ပြောပါတယ်။

"တက္ကသိုလ်ကျောင်းဝင်းကြီးမှာ ကျောင်းတက်ရမယ့် ဘဝကို သူတို့လည်း စိတ်ကူးယဉ်တာပေါ့။ တကယ်ဆို သူတို့အရွယ်နဲ့ ဒီလောက် စိုးရိမ်စရာတွေ မရှိသင့်ဘူး" လို့ ကိုသူရိန်က ပြောပါတယ်။

ကရင်နီဒေသထဲကလိုပဲ တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်၊ ကလေးမြို့နယ်ထဲက ကြားကာလကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ဆရာ ''ဒီ'' ကလည်း သူကြုံနေရတဲ့ အလားတူအခြေအနေကို ရင်ဖွင့်ပြောပြပါတယ်။

မိဘတချို့နဲ့ ကျောင်းသားတချို့ဟာ စားဝတ်နေရေးနဲ့ လုံခြုံရေးကို ပြန်တွက်လာကြတယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင်ဝင်သွားတဲ့ ကျောင်းသားတချို့က ကျောင်းဆက်မတက်နိုင်ကြတော့သလို တချို့ကတော့ မြို့တွင်းကျောင်းတွေဘက် ပြောင်းရွှေ့သွားကြတယ်လို့ ပြောကြပါတယ်။

"သူတို့ပူပန်တာက ဒီတော်လှန်ရေး ရေချိန်ကိုပဲ။ နောက်နှစ်မှာ အပြီးသတ်အနိုင်ရမယ်ဆိုရင်တော့ တောင့်ခံကြမှာပေါ့။ ဒါပေမဲ့ အခု ငါးနှစ်ကျော်ကြာလာတော့ တခြားတစ်ခုကို စဉ်းစားလာကြတာပေါ့" လို့ ကလေးမြို့နယ်က ကြားကာလကျောင်းတစ်ခုရဲ့ကျောင်းအုပ်ဆရာ ဒီက ပြောပါတယ်။

တော်လှန်ရေးဒေသထဲက သင်ကြားရေးဆရာတချို့ရဲ့အဆိုအရ ၁၀ တန်းမှာ ရှိခဲ့တဲ့ ကျောင်းသားအရေအတွက်ဟာ ၁၂ တန်းရောက်ချိန်မှာ သုံးပုံတစ်ပုံခန့်သာ ကျန်တော့တာမျိုးကို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလို မြင်ကွင်းတွေကို နှစ်စဉ် ကြုံနေရပေမဲ့ ဆရာ၊ ဆရာမတွေကတော့ စာသင်ခန်းထဲမှာ ဆက်ရှိနေကြဖို့ ကြိုးစားနေဦးမယ်လို့ပြောကြပါတယ်။

ဆရာတွေရဲ့တူညီတဲ့ရည်ရွယ်ချက်

လေကြောင်းဗုံးကြဲမှုကြောင့် မြေအောက်စာသင်ခန်းတွေမှာ သင်ကြရ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေကြောင်းဗုံးကြဲမှုကြောင့် မြေအောက်စာသင်ခန်းတွေမှာ သင်ကြရ(ပုံဟောင်း)

စေတနာ့ဝန်ထမ်း အထက်တန်းပြဆရာ ကိုသူရိန်ကတော့ "နောက်မျိုးဆက်က ကျွန်တော်တို့ထက် ညံ့သွားမှာကို ကြောက်တယ်" လို့ ပြောပါတယ်။

ပဋိပက္ခဒေသတွေထဲမှာကြုံနေရတဲ့ စစ်တပ်ရဲ့အကြမ်းဖက်မှု ဖိအားတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် မှာလည်းသက်ရောက်မှုတွေ ရှိနေတယ်လို့ ဆရာ၊ဆရာမတွေက ပြောကြပါတယ်။

စိတ်ပင်ပန်းရတဲ့အချိန်တွေရှိပေမဲ့ ကျောင်းသားတွေဆီက ပြန်ရတဲ့ သိတတ်မှုနဲ့ချစ်ခင်မှုက သူတို့အတွက် အားဖြစ်နေတယ်လို့ ကိုသူရိန်ကပြောပါတယ်။

"ကျွန်တော်က သရက်သီး ယူလာတယ်။ ကလေးတွေက ဆားနဲ့ ငရုပ်သီးယူလာပြီး သုပ်စားကြတယ်။ ဆရာတပည့်တွေ ဝိုင်းထိုင်ပြီး စကားပြောကြတာပေါ့။ မုန့်ကတော့ ပုံမှန်ဝယ်မစားနိုင်ကြပါဘူး" လို့ သူက ဆိုပါတယ်။

သစ်ပင်အရိပ်အောက်က စာသင်ကျောင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, ဆရာဒီ

ဓာတ်ပုံ ပုံစာ, ပြေးရ လွှားရလွယ်ကူဖို့ သစ်ပင်အောက်မှာ ခုံချသင်နေတဲ့ အဖြစ် စာသင်ကျောင်း

အာဏာမသိမ်းခင် ဝန်ထမ်းဘဝတုန်းကလို နောင်နှစ်ဆိုရင် ဘာတွေလုပ်မယ်၊ ဘယ်နှနှစ်မှာ အိမ်ဆောက်မယ်ဆိုတဲ့ကြိုတင်စီစဉ်တာတွေလည်း မရှိတော့ဘူးလို့ ကလေးမြို့နယ်က ကြားကာလကျောင်းအုပ် ဆရာ''ဒီ''က ပြောပါတယ်။

"မိုးလင်းရင် ငါ အသက်ရှင်လျက် နိုးထ နိုင်တယ်၊ ညအိပ်ချိန်ကျရင်လည်း တစ်နေ့တာအတွက် အသက်ရှင်လျက် ရှိခဲ့တယ်လို့ပဲ တစ်နေ့စာပဲ တွေးထားတော့တယ်" လို့ ဆရာ''ဒီ''က ဆိုပါတယ်။

ဆရာ''ဒီ''အုပ်ချုပ်နေတဲ့ ကလေးမြို့နယ်ထဲက ကြားကာလကျောင်းနဲ့ ဒီပဲယင်း၊ ကရင်နီက စာသင်ခန်းတွေအပါအဝင် ပဋိပက္ခတွေကြားမှာ ပညာရေးကို ဘယ်လို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းမလဲဆိုတဲ့မေးခွန်းက မြန်မာအတွက်တင်မက ကမ္ဘာတဝန်းက စစ်ဘေးသင့်နိုင်ငံတွေမှာ ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်လာပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေကလည်း ကျောင်းတွေကို တိုက်ခိုက်တာတွေ မြင့်တက်လာနေတယ်လို့ ပြောထားကြပါတယ်။

စက်တင်ဘာ ၉ ရက်ဟာ ပညာရေးကို တိုက်ခိုက်မှုများမှ ကာကွယ်ရေး နိုင်ငံတကာနေ့(International Day to Protect Education from Attack) အတွက် ၂၀၂၆ ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်ကို "Can Education Survive Attack? The Resilience of Human Communities" - "တိုက်ခိုက်မှုတွေကြားမှာ ပညာရေး ဆက်လက်ရှင်သန်နိုင်မလား။ လူမှုအသိုင်းအဝိုင်းတွေရဲ့ခံနိုင်ရည်"လို့ သတ်မှတ်ထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၅ ခုနှစ် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာအရ ကလေးသူငယ် ၂၄,၁၀၀ ကျော်အပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုပေါင်း ၃၈,၅၀၀ ကျော်ကို အတည်ပြုထားပြီး ဒါဟာ မှတ်တမ်းတင်ခဲ့တဲ့ကာလအတွင်း အမြင့်ဆုံးအရေအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ မြန်မာနိုင်ငံကလည်း အများဆုံးဖြစ်ပွားတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

"တိုက်ခိုက်မှုတွေကြားမှာ ပညာရေးဆက်ရှင်သန်နိုင်မလား" ဆိုတဲ့ ဒီနှစ် နိုင်ငံတကာ ဆောင်ပုဒ်အတွက် ဒေါ်သီသီအေးမှာ အဖြေရှိနေပါတယ်။

"ဘယ်လို အန္တရာယ်နဲ့ အခက်အခဲတွေပဲရှိရှိ၊ စာသင်ခန်းက ကလေးတွေရဲ့ မျက်နှာကိုကြည့်ပြီး သူတို့အနာဂတ်အတွက် ကျွန်မတို့ ဆက်ပြီး စာသင်နေကြဦးမှာပဲ"လို့ ဒေါ်သီသီအေးက ပြောပါတယ်။