ရခိုင်-မကွေးအစပ် မင်းတုန်းနယ်ထဲ တိုက်ပွဲဆက်ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းက စစ်တပ်ပွိုင့်ကုန်းတစ်ခုနဲ့ ဆက်စပ်ကျေးရွာမှာ စစ်တပ်နဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
မင်းတုန်းအနောက်ခြမ်း ကန်ကျောကျေးရွာအနီးက စစ်တပ်ရဲ့အမှတ် ၉၄၈ ပွိုင့်ကုန်းနဲ့ သဖန်ရောင်ရွာဘက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့ အထိ နှစ်ဖက်စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“စစ်တပ်ရဲ့ စစ်ကြောင်းကို အေအေက ဖြတ်တိုက်ပြီးတဲ့နောက်မှာ တိုက်ပွဲဆက်ဖြစ်နေတာ” လို့ သူကဆိုပါတယ်။
အေအေကတော့ စက်တင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေမှာ စစ်တပ်ရဲ့ ၉၄၈ ပွိုင့်ကုန်းအနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကနေ စစ်တပ် တပ်ဖွဲ့ဝင် အလောင်းတွေအပြင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံတွေနဲ့အတူ မနေ့က သတင်းထုတ်ပြန်လာပါတယ်။
မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ရွာတွေမှာ ဩဂုတ်လကုန်ပိုင်းကတည်းက စစ်တပ်ရဲ့ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေ ရောက်ရှိနေပြီး ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာလို့ မြေပြင်အခြေအနေသိသူတချို့က အစောပိုင်းကတည်းက ပြောထားပါတယ်။
စက်တင်ဘာ ၁၃ ရက်တုန်းကလည်း မင်းတုန်းနယ်ထဲက ဇွန်းကျကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ၆ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်း မင်းတုန်းနယ်က စစ်တပ် စစ်ကြောင်း ဖြတ်တိုက်ခံရပြီးနောက် ဒီနေ့ မနက်အစောပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ကင်းထောက် စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ စစ်တပ်ရဲ့လေကြောင်းကို စောင့်ကြည့်နေတဲ့ အဖွဲ့တချို့ဆီကနေ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
တစ်ဖက်မှာလည်း စစ်တပ်ရဲ့စစ်ကြောင်းတွေနဲ့ စစ်ရေးပြင်းထန်နေတဲ့အခြေအနေတွေကြောင့် မင်းတုန်းအနောက်ခြမ်းမှာနေထိုင်တဲ့ဒေသခံတေကို လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို ဂရုပြုကြဖို့ သရက်ခရိုင်အခြေစိုက်တပ်တွေက သတိပေးထားပါတယ်။
မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းဟာ ရခိုင်ပြည်နယ်နဲ့ ရိုးမသာခြားပြီး အေအေ ထိန်းချုပ်ထားတဲ့ ရခိုင်တောင်ပိုင်းက အမ်းနဲ့ တောင်ကုတ်မြို့တို့ရဲ့နယ်နိမိတ်တွေ ထိစပ်နေတာဖြစ်ပါတယ်။ မကွေးကနေ ရခိုင်ထဲ ဝင်ပေါက်ဖြစ်တဲ့ ရိုးမတောင်ကျော်လမ်းတွေနဲ့ တောလမ်းစတဲ့ စစ်ရေးလှုပ်ရှားနိုင်တဲ့ လမ်းတွေကလည်း မင်းတုန်းနယ်အနောက်ဘက်ခြမ်းမှာ ရှိနေတာကြောင့် ဒီနေရာကိုစိုးမိုးရေး စစ်တပ်က ကြိုးပမ်းနေတာလို့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။
အေအေကလည်း သူထိန်းချုပ်ထားတဲ့ ရခိုင်ဒေသတွေထဲ စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေ ထိုးမဖောက်နိုင်ရေး စစ်ကြောင်းတွေကို ဖြတ်တိုက်ခုခံနေသလို စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ဟန့်တားတာတွေ ဆက်လုပ်နေတယ်လို့ သူက ထပ်ပြောပါတယ်။ မြန်မာစစ်တပ်ကတော့ မင်းတုန်းနယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
