ပြည်တွင်းငြိမ်းချမ်းရေးနဲ့ မသမာတဲ့စီးပွားရေး - ဘီဘီစီမြန်မာပိုင်း အထူးမေးမြန်းခန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ လတ်တလော ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာထဲမှာ၊ မြန်မာနိုင်ငံထဲက မသမာတဲ့ စီးပွားရေးတွေ အကြောင်းလည်း အသားပေးထားပါတယ်။
စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးတဲ့ ၅ နှစ်ကျော် ကာလမှာ လူတွေဟာ လက်နက်ကိုင် ပဋိပက္ခဒဏ်တွေကို ခံရတာတင်မက၊ အလျင်အမြန် ကြီးမား ကျယ်ပြန့်လာတဲ့ မသမာတဲ့ စီးပွားရေး၊ တရားမဝင် စီးပွားရေးတွေရဲ့ ရိုက်ခတ်မှုတွေကိုပါ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ဒီတော့ မသမာတဲ့ စီးပွားရေး၊ တရားမဝင် စီးပွားရေးတွေလို့ ပြောပြီဆို ... ဘာတွေကို ရည်ညွှန်းတာပါလဲ။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်နိုင်ဖို့ရာ ကမ္ဘာလုံး ဆိုင်ရာ ကြိုးစားအားထုတ်ကြတဲ့ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူမှု ရယူပြီး၊ ဂျနီဗာမြို့ အခြေစိုက် ဖွဲ့စည်းထားတဲ့ Global Initiative against Transnational Organized Crime - အတိုကောက် GI-TOC ဂျီအိုင် တော့ခ် အဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ ညှိနှိုင်းရေးမှုး၊ အလက်စတာ မက်ဘိသ်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။
မသမာတဲ့ စီးပွားရေးတွေဆိုတာ ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ အယ်လီရေ၊ ခင်ဗျားလည်း သိတဲ့အတိုင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ သိသိသာသာ ကြီးထွားလာတယ်လို့ ထောက်ပြထားပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ မေးချင်တာက... မြန်မာနိုင်ငံက မသမာတဲ့ စီးပွားရေးတွေလို့ ပြောတဲ့အခါ ဘယ်လို စီးပွားရေး လုပ်ငန်းတွေကို ဆိုလိုတာပါလဲ။
အလက်စတာ မက်ဘိသ်။ ။ ဟုတ်ပါတယ်၊ အရမ်းကောင်းတဲ့ မေးခွန်းပါ။ အတိုချုံးပြောရရင်ကို ကဏ္ဍတော်တော်များပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ မသမာတဲ့ စီးပွားရေးတွေရှိတဲ့ နေရာမှာ တော်တော်လေး ရှုပ်ထွေးတဲ့ နိုင်ငံတစ်နိုင်ငံပါ။
ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ Global Organized Crime Index မှာ ရာဇဝတ်မှုဆိုင်ရာ ဈေးကွက်တွေ အပါအဝင် အညွှန်းကိန်းအမျိုးမျိုးနဲ့ တိုင်းတာပါတယ်။ အဲဒီထဲမှာ ရာဇဝတ်မှုဆိုင်ရာ ဈေးကွက် ၁၅ မျိုး ပါဝင်ပါတယ်။
အဲဒီ ၁၅ မျိုးထဲက ၁၃ မျိုးမှာ မြန်မာနိုင်ငံက ကမ္ဘာ့ပျမ်းမျှထက် မြင့်တဲ့အဆင့်မှာ ရှိပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်နယ်ကနေ ထွက်လာတဲ့ မူးယစ်ဆေးဝါး စီးပွားရေးကတော့ လူသိများပြီးသားပါ။
ဒါ့အပြင် လူကုန်ကူးမှုနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေကြောင့် ပိုမိုကြီးထွားလာတဲ့ ဆိုက်ဘာ လိမ်လည်မှုတွေ၊ သစ်တောထွက်ပစ္စည်း ရောင်းဝယ်မှုတွေ၊ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုတွေ ရှိပါတယ်။ ဒါ့အပြင် လူသိပ်မပြောကြတဲ့၊ အကောက်ခွန်နဲ့ အခွန်ရှောင်မှု၊ အတုအပ ကုန်ပစ္စည်း ရောင်းဝယ်မှုတွေပါ ရှိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေက အတော်လေး ကျယ်ပြန့်ပါတယ်။
ဒါတွေဟာလည်း ... အခုမှ ပေါ်လာတာမဟုတ်ဘဲ အချိန်အတော်ကြာကတည်းက ရှိလာတာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုပြီး ထင်ရှားလာပါတယ်။ စစ်တပ်က တကျော့ပြန် အာဏာသိမ်းတဲ့အခါ မြန်မာနိုင်ငံအပေါ် အာရုံစိုက်တာတွေ ပိုများ လာတာ ရှိသလို၊ တစ်ဖက်မှာလည်း ဒီမသမာတဲ့ စီးပွားရေးတွေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေ အပေါ် ပိုပြီး နားလည်လာကြလို့ပါ။
ကျွန်တော်တို့ရဲ့ တိုင်းတာချက်တွေအရဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇဝတ်မှု ဖြစ်ပွားမှုအဆင့် အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ပြည်တွင်းပဋိပက္ခတွေနဲ့ ပြည်တွင်းက အုပ်ချုပ်ရေးပုံစံတွေကြောင့် မသမာတဲ့ စီးပွားရေးတွေကို တုံ့ပြန်ကိုင်တွယ်နိုင်စွမ်း အနည်းဆုံးနိုင်ငံလည်း ဖြစ်နေပါတယ်။
ပြည်တွင်းစစ်နဲ့ တရားမဝင်တဲ့ စီးပွားရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဘီဘီစီ။ ။ ဒါဆိုရင် အယ်လီရေ ... မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ဒီမသမာတဲ့ စီးပွားရေးတွေ ဘယ်လို ဆက်စပ်နေသလဲဆိုတာ အကျဉ်းချုံး ပြောပြပေးနိုင်မလား။
အလက်စတာ မက်ဘိသ်။ ။ ဟုတ်ကဲ့။ ကျွန်တော် အစောပိုင်းက ပြောခဲ့သလိုပဲ၊ ၂၀၂၁ ခုနှစ်ဟာ ဒီကိစ္စတွေရဲ့ အစမဟုတ်ဘူးဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ အခုဆို နှစ်ပေါင်း ၇၀ ကျော် ဖြစ်နေပါပြီ။ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ပြည်တွင်းစစ်လို့တောင် ကံမကောင်းစွာနဲ့ သတ်မှတ်ခံထားရပါတယ်။ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၀ ပြည့်လွန်နှစ်တွေကစပြီး...
ဆိုရှယ်လစ်ခေတ်၊ အာဏာရှင်အစိုးရအဆက်ဆက်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကာလအထိ မြန်မာနိုင်ငံမှာ မသမာတဲ့ စီးပွားရေးတွေ ရှိလာခဲ့ပါတယ်။ ဒီအချိန်တစ်လျှောက်မှာ ဒီစီးပွားရေးတွေဟာ တဖြည်းဖြည်း ကြီးထွားလာပြီး ပုံစံတွေကိုလည်း ပြောင်းလဲလာပါတယ်။
ဒါတွေဟာ... တရားဝင် စီးပွားရေးတွေ မဖွံ့ဖြိုးနိုင်တဲ့ နေရာတွေမှ အစားထိုး ဝင်လာသလို၊ တရားဝင် အခွန်ကောက်ခံတဲ့ စနစ်တွေ မရှိသလောက် ဖြစ်နေတဲ့ အဖွဲ့အစည်းတွေအတွက်လည်း ဝင်ငွေရစေတဲ့ လမ်းကြောင်းတစ်ခု ဖြစ်လာပါတယ်။ နယ်စပ်ဂိတ်တွေ၊ စစ်ဆေးရေးဂိတ်တွေကလွဲရင် သူတို့မှာ တရားဝင် အခွန်ကောက်ခံတဲ့စနစ် မရှိသလောက်ပါပဲ။ ၏
ဒါကြောင့် ကျွန်တော်တို့ တွေ့နေရတာကတော့ မသမာတဲ့ စီးပွားရေးတွေဟာ အချိန်အတော်ကြာ သမိုင်းတစ်လျှောက်... ပုံစံပြောင်းလဲပြီး ပိုပြီး အမြစ်တွယ်လာတာပါ။ အခုဆိုရင် နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်လာပါပြီ။ ဒါကြောင့် ချမ်းသာကြွယ်ဝဖို့၊ ငွေရှာဖို့ ဒီလမ်းကြောင်းတွေကို အသုံးပြုလာကြပါတယ်။
ဒီအချက်ကို အထင်ရှားဆုံး မြင်ရတာက... ဝဒေသအနီး မြောက်ပိုင်း ရှမ်းပြည်မှာပါ။ အဲဒီမှာ မူးယစ်ဆေးဝါး ဈေးကွက်က အစပိုင်းမှာ ဒေသတွင်း ဘိန်းစိုက်ပျိုး ထုတ်လုပ်တာလောက်ကနေ စခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘိန်းဖြူထုတ်တာ အထိ ဖြစ်လာပြီး တရားမဝင်ဈေးကွက်တွေထဲ ဝင်သွားပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက စပြီးတော့ စိတ်ကြွဆေးပြား၊ မက်သဖက်တမင်း ထုတ်လုပ်မှုဘက်ကို ပြောင်းသွားပါတယ်။ အခုဆိုရင် အဲဒီဒေသဟာ ကမ္ဘာပေါ်မှာ မက်သဖက်တမင်း အဓိက ထုတ်လုပ်ရာနေရာကြီး သုံးခုထဲက တစ်ခု ဖြစ်လာပါပြီ။
ဆိုတော့ .... ဒီမသမာတဲ့ စီးပွားရေးတွေဟာ အစပိုင်းမှာ သေးသေးလေးကနေ စခဲ့ပေမဲ့ ဆယ်စုနှစ်တွေအတွင်း ပုံစံပြောင်း၊ ကြီးထွားလာပြီး အခုဆို မြန်မာနိုင်ငံအတွင်းသာမက... အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ တဖြည်းဖြည်းနဲ့ ကမ္ဘာတစ်ဝန်း ရာဇဝတ်မှုဆိုင်ရာ စီးပွားရေးတွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာပါတယ်။
လက်နက်ကိုင် အဖွဲ့ အသီးသီးနဲ့ ဘယ်လို ဆက်စပ်နေလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဘီဘီစီ။ ။ ဒီမသမာတဲ့ စီးပွားရေးတွေနဲ့ မြန်မာ စစ်တပ် အပါအဝင်ပေါ့လေ ... မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ ဘက်အသီးသီးက လက်နက်ကိုင်အဖွဲ့တွေနဲ့ကြား ဆက်နွယ်မှုတွေ ရှိတာ တွေ့ရလား။ ဘယ်လောက် အတိုင်းအတာအထိ ရှိနေပါသလဲ။
အလက်စတာ မက်ဘိသ်။ ။ ဟုတ်ပါတယ်။ ဒါဟာ အရမ်းအရေးကြီးတဲ့ အချက်ပါ။ ပထမဆုံး ပြောချင်တာကတော့ ဒီအဖွဲ့အစည်းတွေရဲ့ ဆက်နွယ်မှုတွေကို ခွဲခြမ်းကြည့်ဖို့က တော်တော်ခက်ပါတယ်။
မြန်မာနိုင်ငံအပြင်ဘက်ကနေ မြန်မာနိုင်ငံအကြောင်း လေ့လာကြတဲ့သူတွေကြားမှာ ရိုးရိုးရှင်းရှင်း ယူဆလေ့ရှိတာကတော့... မသမာတဲ့ စီးပွားရေးတစ်ခုမှာ ပါဝင်တဲ့သူဆိုရင် တရားမဝင်ပစ္စည်း ထုတ်လုပ်သူဖြစ်မယ်၊ ဒါမှမဟုတ် သယံဇာတကို တူးဖော် ထုတ်ယူတဲ့သူ ဖြစ်မယ်လို့ ယူဆကြပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အထူးသဖြင့် အုပ်ချုပ်ရေးအာဏာကို ကိုင်ထားတဲ့ အဖွဲ့တွေဖြစ်တဲ့ မြန်မာစစ်တပ်၊ တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်တွေကို ကြည့်မယ်ဆိုရင် ပိုပြီး တွေ့ရတာက "မြေပိုင်ရှင်ပုံစံ" လို့ ခေါ်လို့ရတဲ့ မော်ဒယ်မျိုးပါ။
ဆိုလိုတာက သူတို့ဟာ... ထုတ်လုပ်တာ ဒါမှမဟုတ် တူးဖော်တာတွေမှာ ကိုယ်တိုင် တိုက်ရိုက် ပါဝင်နေတာ မဟုတ်ပါဘူး။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ၊ ဒါမှမဟုတ် ပုဂ္ဂလိကကုမ္ပဏီတွေက အဲဒီလုပ်ငန်းတွေကို လုပ်ကြတာပါ။
အဲဒီ လက်တွေ့ လှုပ်ရှားကြတဲ့အဖွဲ့တွေ၊ လုပ်ငန်း ကုမ္ပဏီတွေက လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့အတွက် အခွန် ဒါမှမဟုတ် ငှားရမ်းခလိုမျိုး ငွေကြေးတွေကို သက်ဆိုင်ရာအဖွဲ့တွေဆီ ပေးကြပါတယ်။ အဲဒီကနေတစ်ဆင့် နယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက... ဘဏ္ဍာရေး အကျိုးအမြတ်ကို ရရှိတာမျိုး ဖြစ်ပါ။ ဒီကိစ္စက တော်တော်ရှုပ်ထွေးပါတယ်။ ၂၀၀၈ နဲ့ ၂၀၁၀ ခုနှစ်တွေမှာ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေ ရှိခဲ့ပြီး နယ်ခြားစောင့်တပ်တွေဆိုတာ ပေါ်လာခဲ့ပါတယ်။
အဲဒီ နယ်ခြားစောင့်တပ်တွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပြီး၊ မြန်မာစစ်တပ်နဲ့ တိုက်ခိုက်တာ ရပ်ပေးမယ်ဆိုရင် နယ်ခြားစောင့်တပ်အဖြစ် ဆက်ရှိခွင့်ပေးမယ်ဆိုတဲ့ သဘောပါ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံထဲမှာ ငြိမ်းချမ်းရေးအနည်းငယ် ရရှိအောင် စစ်တပ်ဘက်က ကြိုးစားခဲ့တာပါ။
နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ သဘောတူလာတဲ့ အဖွဲ့တွေကိုလည်း အပြန်အလှန် အနေနဲ့ ... သူတို့ လိုသလောက် ကုန်သွယ်ခွင့်၊ သူတို့ လိုသလောက် သယံဇာတတွေ ထုတ်ယူခွင့် ပေးခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ဒီအဖွဲ့တွေဟာ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်ဖို့ အခွင့်အရေးရလာတာပါ။
မူးယစ်ဆေးဝါး၊ သစ်လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး တွေ အပြင်၊ အွန်လိုင်း လောင်းကစား လုပ်ငန်းတွေ၊ ကာစီနိုတွေ စ ဖြစ် လာတာလည်း ဒီ အခြေအနေ ကနေ တဆင့်ပါပဲ။ အခုဆိုရင် ပိုပြီး ဆိုးရွားမှု နောက်တဆင့်ကို မြင့်သွားတဲ့ ဆိုက်ဘာ လိမ်လည်မှုလုပ်ငန်းတွေ ခြေကုပ်ယူနိုင်တဲ့ ရေခံမြေခံမျိုးတွေ ဖြစ်လာခဲ့တာပါ။
ကိုးကန့် BGF ထိန်းချုပ်တဲ့ နေရာမှာ အကြီးအကျယ် လည်ပတ်ခဲ့တာကနေ၊ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ အဲဒီ ဆိုက်ဘာ လိမ်လည်မှု၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေဟာ အဓိကအားဖြင့် ထိုင်းနယ်စပ်ဘက်မှာ အခြေစိုက်လာပါတယ်။ ကရင် BGF တွေ နဲ့ KNA လို အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ဆိုက်ဘာ လိမ်လည်မှုလုပ်ငန်းတွေ ဆက်ပြီး ပျံ့နှံ့နေတာကို တွေ့နေရပါတယ်။
ဒီနယ်ခြားစောင့်တပ်တွေဟာ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ခွင့်ပြုချက် ရထား ကြပါတယ်။ အဲဒီအတွက် စစ်တပ်ကိုလည်း ငွေကြေး ပေးဆောင် နေကြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာစစ်တပ်က KK Park ကို ဖျက်ဆီးတာ အပါအဝင် တခြား ဆိုက်ဘာ လိမ်လည်မှုစင်တာတွေကို တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စမှာလည်း ထဲထဲဝင်ဝင် ကြည့်သင့်တဲ့ အရှုပ်အထွေးတွေ ရှိပါတယ်။ ဒီလိုမျိုး အွန်လိုင်း အလိမ်အညာ ဂိုဏ်းတွေ အခြေစိုက်ထားတဲ့ စင်တာတွေမှာ ငွေ ကြေး ဘယ်လောက်အများကြီး အကျိုးအမြတ် ရှိနေတယ် ၊ ဒီ မသမာတဲ့ စီးပွားရေးကြီးထဲ ငွေပမာဏ ဘယ်လောက် အတိုင်းအတာနဲ့ကို လည်ပတ်စီးဆင်းနေတယ် ဆိုတာကို မြန်မာစစ်တပ်က သဘောပေါက်လာခဲ့ပါတယ်။
တစ်ဘက်မှာ အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရှိလာတဲ့ အခါ မြန်မာ စစ်တပ်ဟာ သူတို့ရနေတဲ့ ဆက်ကြေး ပုံစံမျိုး၊ ငွေကြေးပမာဏကို တိုးမြှင့် တောင်းဆိုလာတာမှာ၊ Scam centre ပိုင်ရှင်တချို့က ငြင်းခဲ့တာကြောင့် စစ်တပ်ဘက်က အဲဒီလို တုံ့ပြန်ခဲ့တာလို့ လေ့လာသုံးသပ်သူတချို့က ယူဆကြပါတယ်။ ဒါဟာ သူတို့နယ်မြေထဲမှာ လုပ်ကိုင်နေတဲ့ တခြား ရာဇဝတ်ဂိုဏ်းတွေကို သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်တပ်အနေနဲ့လည်း ဒီအဖွဲ့တွေကို အရေးယူနေပါတယ်လို့ ပြောနိုင်တဲ့ အခွင့်အရေး ရသွားပါတယ်။
ဒါကြောင့် ကျွန်တော်တို့ တွေ့နေရတာကတော့ မြန်မာထဲက မသမာတဲ့ စီးပွားရေး ဆိုတာဟာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ပတ်သက်နေတဲ့ တော်တော်ရှုပ်ထွေးတဲ့... ဆက်နွယ်မှုတွေနဲ့ ကွန်ရက်တွေပေါ်မှာ အခြေခံထားတာမျိုး ဖြစ်ပါတယ်။ ဒီမသမာတဲ့ စီးပွားရေးတွေမှာ ပါဝင်ပတ်သက်နေတာက မြန်မာစစ်တပ် ဆိုတဲ့ ဘက်တစ်ခုတည်း တော့ မဟုတ်ပါဘူး။ အခြားဘက်မှာရှိတဲ့ အဖွဲ့တွေကလည်း ဒီစီးပွားရေးတွေကနေ အကျိုးအမြတ် ရရှိနေကြပါတယ်။
ဒါပေမဲ့ သူတို့ဟာ ကိုယ်တိုင် ပြုမူတယ် ... ထုတ်လုပ်တယ် ဆိုတဲ့ အဆင့်မှာတော့ အဲဒီလောက် ပါဝင်နေတာ မတွေ့ရပါဘူး။ ဥပမာ မူးယစ်ဆေးဝါးကို ကြည့်မယ်ဆိုရင် အဲဒီအဖွဲ့တွေက မူးယစ်ဆေးဝါးကို အကြီးအကျယ် ထုတ်လုပ်နေတယ်ဆိုတာမျိုး မတွေ့ရပါဘူး။ အဲဒီအစား သူတို့က... သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေကို ဖြတ်သန်းသွားလာတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကနေ အခွန်ကောက်တာမျိုး လုပ်ကြပါတယ်။
ဆိုတော့ ... ထုတ်လုပ်မှုမှာ အဓိက ပါဝင်တာထက် ဒုတိယဝင်ငွေလမ်းကြောင်း အနေနဲ့ ပိုပြီး အကျိုးအမြတ် ရရှိနေကြတာပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး မသမာတဲ့ စီးပွားရေးတွေကနေ အကျိုးအမြတ် ရရှိနေကြတယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။
အာဏာသိမ်းနောက်ပိုင်းကာလ ဘာလို့ ပိုကြီးထွား လာရသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒါဆို အယ်လီရေ၊ ခင်ဗျား အစောပိုင်းက ပြောခဲ့သလိုပဲ၊ မသမာတဲ့ စီးပွားရေးတွေ ဆိုတာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အစမဟုတ်ဘူးလို့ ဆိုပေမဲ့၊ ကုလသမဂ္ဂရဲ့... လတ်တလော အစီရင်ခံစာမှာတော့ ဒီမသမာတဲ့ စီးပွားရေးတွေဟာ... အထူးသဖြင့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရှိန်အဟုန်နဲ့ ကြီးထွားလာတယ်လို့ ထောက်ပြထားပါတယ်။ ဘာကြောင့်ပါလဲ။ အထူးသဖြင့် ပြီးခဲ့တဲ့ ငါးနှစ်၊ ခြောက်နှစ်အတွင်းမှာ ဘာကြောင့် ဒီလောက်အထိ ကြီးထွားလာတာလဲဆိုတာ ရှင်းပြပေးနိုင်မလား။
အလက်စတာ မက်ဘိသ်။ ။ ဟုတ်ကဲ့။ ဒီနေရာမှာ တစ်ပြိုင်နက်တည်း ဖြစ်နေတဲ့ အကြောင်းရင်း နှစ်ခုလောက် ရှိပါတယ်။ ပထမတစ်ခုက အာဏာမသိမ်းခင်ကတည်းက တဖြည်းဖြည်း တိုးတက်လာနေတဲ့ လမ်းကြောင်းတွေ ဆက်ပြီး ရှိနေပါတယ်။
အထူးသဖြင့် မူးယစ်ဆေးဝါး စီးပွားရေးပါ။ အဲဒါက ၂၀၀၈၊ ၂၀၁၀ လောက်ကတည်းက စပြီး တိုးလာတာပါ။ အဲဒီကတည်းက ဝဘက်က ထွက်လာတဲ့ မက်သဖက်တမင်း ထုတ်လုပ်မှုဟာ တဖြည်းဖြည်း တိုးလာပြီး ၂၀၂၁ နောက်ပိုင်းမှာလည်း ဆက်ပြီး တိုးလာပါတယ်။ ဒါ့အပြင် အဲဒီနောက်ပိုင်းမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့ လမ်းကြောင်းတွေကလည်း ပိုပြီး မျိုးစုံလာပါတယ်။
တစ်ဖက်မှာလည်း အရမ်းပြင်းထန်တဲ့ လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့သမျှ ပြည်တွင်း ပဋိပက္ခတွေထဲ အပြင်းအထန်ဆုံး လို့တောင် ပြောလို့ရပါတယ်။ အရင်ကလို တိုင်းရင်းသားဒေသတွေဖြစ်တဲ့ ကရင်၊ ကယား၊ ချင်းဒေသတွေမှာပဲ ကန့်သတ်မနေတော့ပါဘူး။ အရင်က ပဋိပက္ခနဲ့ သိပ်မဆိုင်ခဲ့တဲ့ မြန်မာပြည်မဒေသတွေထဲကိုပါ တိုက်ပွဲတွေ ရောက်လာပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ ပိုများလာပြီး အဲဒီတိုက်ပွဲတွေကို ဆက်လက်လုပ်ဆောင်ဖို့ အများကြီး... ငွေကြေးလိုအပ်လာပါတယ်။
အဲဒီငွေတွေက နေရာအမျိုးမျိုးကနေ ရလာတာပါ။ မသမာတဲ့ စီးပွားရေးကနေပဲ အားလုံးရတာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့သော သယံဇာတတွေကို ပိုပြီး အားထားလာကြပါတယ်။ အဲဒီထဲမှာ သတ္တုတူးဖော်ရေးက မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ ငွေကြေးရင်းမြစ်ကြီးတစ်ခု ဖြစ်လာတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မကြာသေးခင်က သတင်းတွေမှာ အများကြီး ဖော်ပြခံနေရတဲ့ မြေရှားသတ္တုတွေတင် မဟုတ်ပါဘူး။ ရွှေကိုလည်း တော်တော်များများ တူးဖော်နေကြပါတယ်။ သံဖြူ၊ ခနောက်စိမ်းနဲ့ တခြားသတ္တုတွေကိုလည်း နိုင်ငံတစ်ဝန်းမှာ သိုက်တွေရှိတဲ့အတွက် တူးဖော်နေကြပါတယ်။ ခွင့်ပြုချက်မရှိဘဲ တူးဖော်တာတွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ ငွေရှာဖို့ လုပ်နေကြတာပါ။ အလားတူ အခြေအနေမျိုးကို သစ်လုပ်ငန်းမှာလည်း တွေ့ရပေမဲ့ အဲဒီလောက်တော့ မများပါဘူး။
ဆိုတော့ ... ပဋိပက္ခအတွက် ငွေကြေးလိုအပ်ချက်က... မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး အခြေအနေ ပျက်စီးယိုယွင်းလာတာနဲ့ တစ်ပြိုင်နက် ဖြစ်ပေါ်လာတာပါ။ ငွေကြေးဖောင်းပွမှုတွေ တက်လာတယ်၊ ကျပ်ငွေတန်ဖိုး ကျဆင်းသွားတယ်၊ အရင်က တရားဝင် လည်ပတ်နေတဲ့ စီးပွားရေးစနစ်ရဲ့ အစိတ်အပိုင်းအများအပြားလည်း ပျက်စီးသွားပါတယ်။ ဒါဟာ ပဋိပက္ခကြောင့်တင် မဟုတ်ဘဲ စစ်ကောင်စီဘက်က ချမှတ်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဥပမာ ဘဏ်လုပ်ငန်းတွေကို ကန့်သတ်တာမျိုးပါ။ ဒါတွေကြောင့် မြန်မာပြည်သူတွေအနေနဲ့ တရားဝင် စီးပွားရေးထဲမှာ ပါဝင်ဖို့ ပိုပိုပြီး ခက်ခဲလာပါတယ်။
ဒါကြောင့် သူတို့... တခြား ဝင်ငွေရလမ်းတွေကို တဖြည်းဖြည်း ရှာလာကြပါတယ်။ ဒီလိုနဲ့... မသမာတဲ့ စီးပွားရေးထဲမှာ ပါဝင်လာတာတွေ ရှိလာပါတယ်။ အဲဒါကလည်း အဆင့်အနိမ့်မှာဆိုရင် သတ္တုတူးဖော်တာမျိုး ဖြစ်နိုင်သလို၊ ပိုမြင့်တဲ့အဆင့်မှာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ နောက်ထပ် ကံမကောင်းတဲ့ အချက်တစ်ခုကတော့ ပဋိပက္ခနဲ့ လူမှုစီးပွားရေး ပျက်စီးမှုနှစ်ခုကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးနေတာပါ။
စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်ပိုင်းမှာ... စစ်မှုထမ်းရမယ့် အသက်အရွယ်ရှိ အမျိုးသားတွေ ရှိတဲ့ မိသားစုတွေဟာ ဒေသခံအာဏာပိုင်တွေကို... လာဘ်ငွေပေးပြီး ရှောင်လွှဲဖို့ ကြိုးစားလာကြပါတယ်။ ငွေညှစ် တောင်းခံရတာမျိုးတွေ ဖြစ်လာပြီး ၊ အဲဒါကိုယ်တိုင်ကလည်း မသမာတဲ့ စီးပွားရေးတစ်ခု ဖြစ်နေပါတယ်။
လာဘ်ပေးရတဲ့ငွေက တစ်လစာ လစာထက် အများကြီး ပိုများတာကြောင့် မိသားစုတွေက အဲဒီငွေကို ရဖို့ ဝင်ငွေရှာကြရပါတယ်။ အဲဒီထဲက အတော်များများဟာ ဆန္ဒအလျောက် ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေထဲ ဝင်လုပ်နေကြတယ်လို့ သတင်းရရှိပါတယ်။ အရင်ကတော့ အဓမ္မအလုပ်ခိုင်းစေမှုနဲ့ပဲ ကန့်သတ်ထားတဲ့... ဒီဖြစ်စဉ်ဟာ အခုဆို ဝင်ငွေရှာဖို့ နည်းလမ်းတစ်ခုအဖြစ် လူအများအပြား ဝင်ရောက်လာတဲ့အထိ ကျယ်ပြန့်လာပါတယ်။
ဒါကြောင့် အခုဆို မသမာတဲ့ စီးပွားရေးလုပ်ငန်း အမျိုးမျိုးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ရောထွေးလာတာကို တွေ့နေရပါတယ်။ ပုံစံကလည်း တော်တော်ရှုပ်ထွေးလာပါတယ်။ တချို့က အမြတ်အစွန်းအများကြီး ရဖို့ ကြိုးစားနေကြတယ်၊ အထူးသဖြင့် ရာဇဝတ်ဂိုဏ်းတွေပါ။ တချို့ကတော့ သူတို့ရဲ့ ပဋိပက္ခတွေကို ငွေကြေးထောက်ပံ့ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ အများစုကတော့ အရမ်းဆိုးရွားတဲ့ အခြေအနေထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြတဲ့ ဒေသခံလူထုနဲ့ သာမန်ပြည်သူတွေပါ။
နိုင်ငံတကာ ကြိုးစားမှုတွေ အလုပ်ဖြစ်လား

ဓာတ်ပုံ ရင်းမြစ်, FBI
ဘီဘီစီ။ ။ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို နိုင်ငံတကာက ဘယ်လို ကိုင်တွယ် ဖြေရှင်းနေပါသလဲ။ ဒီကြိုးပမ်းမှုတွေက ထိရောက်မှု ရှိပါသလား။ လုံလောက်မှု ရှိပါသလား။
အလက်စတာ မက်ဘိသ်။ ။ ဒါက အရမ်းကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ မေးခွန်းပါ။ ဘယ်ရှုထောင့်ကနေ ကြည့်မလဲဆိုတာပေါ် မူတည်ပါတယ်။ အတိုဆုံး ဖြေရမယ်ဆိုရင်တော့ မထိရောက်သေးပါဘူး။ အဓိက အကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အခြေအနေက အရမ်းရှုပ်ထွေးနေလို့ပါ
ဥပမာအနေနဲ့ ဆိုက်ဘာလိမ်လည်တဲ့ ဂိုဏ်းတွေကို ထိန်းချုပ်နိုင်ရေး ကဏ္ဍကို ကြည့်ရအောင်ပါ။ အမေရိကန်၊ ဗြိတိန် အပါအဝင် နိုင်ငံတချို့က ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ပါတယ်။ အဲဒါကြောင့် လိမ်လည်မှုစင်တာတွေကို လည်ပတ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကြားမှာ စိုးရိမ်မှုတွေ အများကြီး ဖြစ်လာပါတယ်။ သူတို့ယုံကြည်ထားတဲ့ နိုင်ငံရေးအကာအကွယ်တွေ မရှိတော့ဘူးဆိုတာ သိလာကြလို့ သူတို့ရဲ့ စီးပွားရေးလုပ်ပုံလုပ်နည်းကို ပြောင်းလဲလာကြပါတယ်။
အရင်ကလို တစ်ခုတည်းသော စနစ်အဖြစ် ကောင်းကောင်း ပေါင်းစည်းပြီး ထိန်းချုပ်ထားတဲ့ လုပ်ငန်းကြီးတစ်ခုကနေ .... အခုတော့ အစိတ်စိတ်အမွှာမွှာ ဖြစ်လာတာကို စတွေ့နေရပါတယ်။ ဒါကြောင့် လိမ်လည်မှုစင်တာကြီးတွေ အနေနဲ့ နေရာတစ်ခုတည်းမှာ စုစည်းပြီး ရှိနေတာမျိုး တချို့ နေရာတွေမှာ ဆက်ရှိနေပေမဲ့၊ သူတို့ဟာ အရင်ကလောက် လုံခြုံတယ်လို့ မယူဆ ကြတော့ပါဘူး။
အခုဆိုရင် မြန်မာပြည်အတွင်း ပိုနက်တဲ့နေရာတွေကို ရွှေ့လာတဲ့ စင်တာတွေလည်း ရှိလာပြီး .... အဖွဲ့ငယ်တွေက လည်ပတ်တဲ့ စင်တာသေးသေးလေးတွေလည်း ပေါ်လာပါတယ်။ ဒါဟာ ဒီစီးပွားရေးစနစ် အစိတ်စိတ်အမွှာမွှာ ဖြစ်လာတဲ့ ဥပမာတစ်ခုပါ။ ဒါက ကောင်းတဲ့အရာလား၊ မကောင်းတဲ့အရာလားဆိုတာကတော့ ဘယ်လို ရှုမြင်မလဲဆိုတာပေါ် မူတည်ပါတယ်။
ပိုပြီး ပျံ့သွားလို့ ထိန်းချုပ်ရ ခက်သွားပြီလား ... ဒါမှမဟုတ် ရာဇဝတ်ဂိုဏ်းတွေကြားမှာ ပဋိပက္ခတွေ ပိုဖြစ်လာအောင် လုပ်လိုက်တာက ပိုကောင်းလား ဆိုတာပါ။ ဘာကြောင့်လဲ ဆိုတော့ ဒီလုပ်ငန်းတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီး လည်ပတ်ပုံမှာ ပဋိပက္ခတွေ ပိုများလာရင်၊ လူတွေအပေါ် ထိခိုက်နစ်နာမှုလည်း နည်းလာနိုင်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေ အနေနဲ့ ရရှိမဲ့ အကျိုးအမြတ် ငွေကြေးလည်း နည်းလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုလို ရာဇဝတ်မှုမျိုးတွေနဲ့ မြေရှား အပါအဝင် သတ္တုအမျိုးမျိုး တူးဖော်တာကြောင့် ထိုင်းနိုင်ငံက မြစ်တွေ ညစ်ညမ်းလာတဲ့ကိစ္စမျိုးတွေကို ကြည့်မယ်ဆိုရင်... ဒီဆိုးကျိုးတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ တော်တော်လေး ခက်ခဲနေပါတယ်။
ကံမကောင်းစွာနဲ့ အဲဒီမသမာတဲ့ စီးပွားရေးတွေ တည်ရှိနေတဲ့နေရာတွေဟာ... အနောက်နိုင်ငံတွေရဲ့ သြဇာသက်ရောက်နိုင်မှုထက် ကျော်လွန်တဲ့နေရာတွေမှာ ရှိနေပါတယ်။ အဲဒီနေရာတွေက တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ရှိပြီး ပေကျင်းအစိုးရရဲ့ သြဇာအောက်မှာ အများကြီး ရှိနေပါတယ်။
အခု ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတစ်ခုက ဝဒေသမှာ ဖြစ်နေတဲ့ ရေထုညစ်ညမ်းမှုကို ဖြေရှင်းချင်တဲ့အခါ နေပြည်တော်က အာဏာပိုင်တွေနဲ့ သွားပြီး ဆွေးနွေးလို့ မရတာပါ။ ဘာကြောင့်လဲဆိုတော့ နေပြည်တော် အနေနဲ့ အဲဒီဒေသအပေါ် တကယ်တမ်းမှာ သြဇာ မရှိပါဘူး။ အဲဒီနေရာမှာ သြဇာရှိတာက ပေကျင်းအစိုးရပါ။
ဒီလို ကွဲပြားတဲ့ ပထဝီနိုင်ငံရေး အနေအထားတွေကြောင့် ဒီကိစ္စကို ကိုင်တွယ်ဖို့ အရမ်းခက်ခဲနေတာပါ။ မြေရှားသတ္တု ရယူနိုင်ရေးဟာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အရေးကြီးတဲ့ ဦးစားပေးကိစ္စ ဖြစ်နေပါတယ်။ ဒါကြောင့် အဲဒီသတ္တုတွေ စီးဆင်းမှုကို ကန့်သတ်ဖို့ ကြိုးစားတာက... တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်သွားနိုင်ပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာလည်း အလားတူပါပဲ။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုသမိုင်းက အရမ်းရှည်ပါတယ်။ အထူးသဖြင့် ဝဒေသကနေ ထွက်လာတာပါ။ ထိုင်းဘက်မှာတော့ ဆယ်စုနှစ်ပေါင်းများစွာ မူးယစ်ဆေးဝါး တားဆီးရေး ကြိုးပမ်းမှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ အခုဆို အိန္ဒိယအရှေ့မြောက်ပိုင်းမှာလည်း ဒီမူးယစ်ဆေးဝါး လမ်းကြောင်းတွေ ပိုပြီး တွေ့လာရပါတယ်။ ချင်းနဲ့ စစ်ကိုင်းကနေ မီဇိုရမ်နဲ့ မဏိပူရ်ဘက်ကို ဝင်တဲ့ လမ်းကြောင်းတွေ ရှိသလို ၊ ရခိုင်ပြည်နယ်ကနေ ရေကြောင်းနဲ့ အိန္ဒိယအရှေ့ဘက်... ကုန်းမကြီးဘက်ကို ဝင်တဲ့ လမ်းကြောင်းတွေလည်း ရှိပါတယ်။
အဲဒီလမ်းကြောင်းတွေကို ပိတ်ဆို့တားဆီးဖို့ ကြိုးပမ်းမှုတွေက အဓိကအားဖြင့် ဥပဒေစိုးမိုးရေးနဲ့ ဖမ်းဆီးအရေးယူရေးဘက်မှာပဲ ရှိနေပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေကို အစားထိုးနိုင်မယ့် တရားဝင် စီးပွားရေးလုပ်ငန်းတွေ ဖန်တီးပေးဖို့၊ ဒါမှမဟုတ် အောင်အောင်မြင်မြင် အစားထိုးပေးနိုင်ဖို့ ကြိုးပမ်းမှုတွေကတော့... များများစားစား မတွေ့ရသေးပါဘူး။ အဲဒါက လုပ်ရတာလည်း အရမ်းခက်ပါတယ်။
ဒါကြောင့် နိုင်ငံတကာဘက်က ကြိုးပမ်းမှု မရှိလို့ ဒီလိုဖြစ်နေတာလို့တော့ ကျွန်တော် အပြည့်အဝ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အထူးသဖြင့် ဆိုက်ဘာလိမ်လည်မှုလို အွန်လိုင်းပေါ်မှာ ဖြစ်နေတဲ့ ကိစ္စနဲ့ မတူဘဲ နိုင်ငံတစ်နိုင်ငံအတွင်းမှာ သယံဇာတကို ကိုယ်တိုင် ထုတ်လုပ်တူးဖော်နေရတဲ့ ကိစ္စမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့က အရမ်းခက်ပါတယ်။
အပစ်ရပ်စီးပွားရေးကို ဘာလို မလိုလားအပ်သလဲ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ဘီဘီစီ။ ။ ကျေးဇူးတင်ပါတယ်။ မသမာတဲ့ စီးပွားရေးတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အလုံးစုံ ဆက်စပ်နေတယ်ဆိုတာ ခင်ဗျား ရှင်းပြပြီးပါပြီ။ အရင်ကလည်း ငြိမ်းချမ်းရေး ရဖို့ လုပ်တယ် ဆိုတဲ့ နေရာမှာ ceasefire capitalism လို့ ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် အခြေခံတဲ့ စီးပွားရေးစနစ်မျိုးကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ အဲဒီကနေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုလည်း အတိုင်းအတာတစ်ခုအထိ ဒီမသမာတဲ့ စီးပွားရေးတွေ လုပ်ကိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒီတော့ ... အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တကယ်ရချင်တယ်ဆိုရင်... အခုလိုမျိုး မသမာတဲ့ စီးပွားရေးတွေကို ကိုင်တွယ်ဖျက်သိမ်းဖို့ ဘာကြောင့် ဒီလောက် အရေးကြီးလိုအပ်ရတာလဲ ဆိုတာကို နိဂုံးချုပ် အနေနဲ့ ရှင်းပြပေးပါလား။
အလက်စတာ မက်ဘိသ်။ ။ ဟုတ်ပါတယ်။ အရမ်းကောင်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းပါ။ ခင်ဗျား ပြောတဲ့ "ceasefire capitalism" ဆိုတာနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် ၂၀၀၈၊ ၂၀၁၀ ခုနှစ်တွေက အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကနေ ပေါ်လာတဲ့ အဓိက ပြဿနာတစ်ခုက ဒါပါပဲ။ အဲဒီအချိန်က နယ်ခြားစောင့်တပ်တွေကို ဖွဲ့စည်းပေးခဲ့ပြီး မသမာတဲ့ စီးပွားရေးတွေကို ငြိမ်းချမ်းရေးရဖို့အတွက် အပေးအယူလုပ်ရာမှာ အသုံးချခဲ့ပါတယ်။
ငြိမ်းချမ်းရေးရအောင် လုပ်တဲ့ နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခဲ့တာပါ။ မြန်မာစစ်တပ်ဘက်က "ကျွန်တော်တို့နဲ့ တိုက်ခိုက်တာ ရပ်မယ်ဆိုရင် ဒီသယံဇာတတွေ၊ ဒီကုန်ပစ္စည်းတွေကို ခင်ဗျားတို့ ထိန်းချုပ်ခွင့် ပေးမယ်" လို့ ပြောခဲ့ပါတယ်။
အဲဒီကနေတစ်ဆင့် သူတို့ကိုယ်တိုင် ချမ်းသာကြွယ်ဝအောင် လုပ်နိုင်တဲ့ အခွင့်အရေး ပေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီကနေ ဖြစ်လာမယ့် ဆိုးကျိုးတွေကိုတော့ သိပ်ပြီး ထည့်သွင်းစဉ်းစားခဲ့တာ မရှိပါဘူး။ အခု ကျွန်တော်တို့ တွေ့နေရတာကတော့ နည်းနည်း စိုးရိမ်စရာကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့... မကြာသေးခင်က မြောက်ပိုင်းဒေသမှာ တရုတ်နိုင်ငံက ကြားဝင်စီစဉ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး နှစ်ခု ရှိပါတယ်။ MNDAA နဲ့ TNLA ကြားမှာပါ။
ကျွန်တော် သိထားသလောက်တော့ အဲဒီသဘောတူညီချက်တွေကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ ဘာတွေ သဘောတူထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို... ဒီအပစ်အခတ်ရပ်စဲရေးထဲမှာ မသမာတဲ့ စီးပွားရေးတွေကို အပေးအယူလုပ်စရာ တစ်ခုအဖြစ် ထည့်သွင်းထားသလားဆိုတာလည်း မသိရသေးပါဘူး။
ဒါပေမဲ့ မသမာတဲ့ စီးပွားရေးတွေကို အပေးအယူလုပ်စရာအဖြစ် ထည့်သွင်းလိုက်ရင် အဓိကပြဿနာက "အပျက်သဘောဆောင်တဲ့ ငြိမ်းချမ်းရေး" "negative peace" ပဲ ရလာမှာပါ။ ဆိုလိုတာက အပေါ်ယံမှာ ငြိမ်းချမ်းနေသလို ဖြစ်သွားပေမဲ့ အရင်းခံပြဿနာတွေကိုတော့ ဖြေရှင်းလိုက်တာ မဟုတ်ပါဘူး။ "ကျွန်တော်တို့နဲ့ တိုက်ခိုက်တာ ရပ်လိုက်ရင် ခင်ဗျားတို့ ချမ်းသာအောင် လုပ်လို့ရတယ်" ဆိုတဲ့ သဘောမျိုးပါ။
ဒါပေမဲ့ ပဋိပက္ခကို ဖြစ်စေတဲ့ အရင်းခံ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းတာ မရှိပါဘူး။ လူမှုရေးနဲ့ စီးပွားရေးစနစ်တွေကိုလည်း... ပဋိပက္ခဘက်ကနေ ငြိမ်းချမ်းရေးဘက်ကို ရွှေ့သွားအောင် တည်ဆောက်ပေးတာ မရှိပါဘူး။ ဥပမာ ပညာရေး၊ ကျန်းမာရေး၊ တရားဝင် စီးပွားရေးကဏ္ဍမှာ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးတာမျိုးတွေပါ။ အဲဒီအစား ရေတို အကျိုးအမြတ်ရဖို့အတွက် ... ရေတို ဖြေရှင်းချက်တစ်ခုအနေနဲ့ပဲ အသုံးချနေပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post
ဒါပေမဲ့ ရေရှည်မှာတော့ မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက် ကျွန်တော်တို့ တွေ့ခဲ့ရသလိုပဲ နိုင်ငံရေးအခြေအနေ ပြောင်းသွားတဲ့အခါတိုင်း ပဋိပက္ခတွေ ပြန်ပြန်ဖြစ်လာပါတယ်။ မသမာတဲ့ စီးပွားရေးတွေကတော့ ဆက်ရှိနေပြီး မြန်မာနိုင်ငံထဲက အဖွဲ့တွေကိုသာမက ပြည်ပက ရာဇဝတ်ဂိုဏ်းတွေကိုပါ ချမ်းသာကြွယ်ဝအောင် လုပ်ပေးနေပါတယ်။
ဥပမာ တရုတ်ရာဇဝတ်ဂိုဏ်းတွေ အများကြီးဟာ မြန်မာနိုင်ငံထဲမှာ လာပြီး လှုပ်ရှားနေကြပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံထဲမှာ ဒီလိုလုပ်ငန်းတွေ လုပ်လို့မရတဲ့အတွက် နယ်စပ်ဖြတ်ပြီး မြန်မာနိုင်ငံထဲ ဝင်လာကြတာက နားလည်လို့ရပါတယ်။ ဒါပေမဲ့ ဒီအခြေအနေက တင်းမာမှုတွေနဲ့ ပဋိပက္ခတွေကိုလည်း ဖြစ်စေပါတယ်။
ကံမကောင်းစွာနဲ့ ဒီပြဿနာကို လွယ်လွယ်ကူကူ ဖြေရှင်းလို့တော့ မရပါဘူး။ ဘယ်နိုင်ငံမှာမဆို မသမာတဲ့ စီးပွားရေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ အရမ်းရှုပ်ထွေးပြီး ခက်ခဲပါတယ်။ လက်တင်အမေရိကရဲ့ သမိုင်းကိုကြည့်ရင် ဒီကိစ္စတွေကို ဖြေရှင်းဖို့ ဘယ်လောက်ကြာတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အဲဒီလို လုပ်ဆောင်မှုတွေကနေ မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီမသမာတဲ့ စီးပွားရေးတွေကို မဖြစ်မနေတော့ ကိုင်တွယ်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းတွေဟာ နိုင်ငံရဲ့ တည်ဆောက်ပုံ structure ထဲမှာကို အရမ်းနက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ ဖြစ်လို့ပါ။ ဒါကြောင့် ဒီကိစ္စကို ကိုင်တွယ်ရေးဟာ.. နိုင်ငံရေးအရကို အလွန်အရေးကြီးတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ကံမကောင်းတဲ့အချက်ကတော့... ဒီကိစ္စ ကိုင်တွယ်ရေးမှာ ဆုံးဖြတ်ချက်တွေကို တစ်ဖွဲ့တည်းကနေ လုပ်နိုင်တဲ့ နိုင်ငံရေးယူနစ်တစ်ခု မရှိတာပါ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ ညှိနှိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေထဲမှာတောင် မသမာတဲ့ စီးပွားရေးတွေအပေါ် သဘောထားတွေက မတူကြပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း နောက်ထပ် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ အဲဒီဖွဲ့စည်းပုံက မြန်မာနိုင်ငံမှာ စစ်တပ်ကို ဗဟိုအာဏာပိုင်အဖြစ် ခိုင်မာအောင် တည်ဆောက်ပေးထားပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ဆိုရင် နိုင်ငံရေးအရ ဖြတ်ကျော်ရမယ့် အဆင့်တွေ အများကြီး ရှိနေပါတယ်။ ဖွဲ့စည်းပုံ ပြဿနာဆိုတာဟာ top-down approach လို့ ခေါ်တဲ့ အပေါ်ကနေ အောက်ကို စဥ်းစားပုံမျိုးမှာ။ ပိုပြီး ထိရောက်မှာက လက်တွေ့ မြေပြင်မှာ အပြောင်းအလဲတွေ ဖန်တီးရယူတဲ့ bottom-up change မျိုးပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ နောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေဟာ သူတို့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးစနစ်တွေ တည်ဆောက်ဖို့ ကြိုးစားနေတာကို တွေ့နေရပါတယ်။ ချင်းအဖွဲ့တချို့၊ ကရင်၊ ကရင်နီအဖွဲ့တွေမှာ တွေ့ရသလို... မြောက်ပိုင်းက ကချင်ဒေသတချို့မှာလည်း တွေ့ရပါတယ်။
အုပ်ချုပ်ရေးစနစ်တွေ တည်ဆောက်ဖို့၊ ဥပဒေစိုးမိုးရေး ယန္တရားတွေ ထားရှိဖို့၊ ဒေသခံလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြပါတယ်။ တစ်ချိန်တည်းမှာပဲ ပြည်သူတွေ မလိုလားတဲ့ မသမာတဲ့ စီးပွားရေးတွေကို လျှော့ချပြီး တရားဝင်၊ တရားမျှတတဲ့ စီးပွားရေးကဏ္ဍတွေဘက်ကို ဦးတည်ဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့... ပဋိပက္ခတွေ ဆက်ဖြစ်နေတဲ့အတွက် အဲဒီလို ကြိုးပမ်းမှုတွေဟာ အရင်က ရှိနေခဲ့တဲ့နေရာတွေမှာ တန့်သွားတာ၊ ဒါမှမဟုတ် နှေးကွေးသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်သာ ဒီကိစ္စကို... ဘယ်လိုလုပ်နိုင်မလဲဆိုတာ ပြောရမယ်ဆိုရင် အောက်ခြေကနေ စတင်လာတဲ့ ပြောင်းလဲမှု၊ တိုင်းရင်းသားဒေသတွေကနေ အောက်ခြေကနေ အပေါ်ကို တက်လာတဲ့ ပြောင်းလဲမှု ဖြစ်ရမယ်လို့ ထင်ပါတယ်။ အပေါ်ကနေ အောက်ကို ချမှတ်တဲ့ နည်းလမ်းမျိုးကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကိုကြည့်ရင် ထိရောက်မယ်လို့ မထင်ပါဘူး။

















