"ဝန်ထမ်းလို့နာမည်တပ်ပေမဲ့ ကျွန်သာသာပဲ" – ကျားဖြန့်လုပ်ငန်းထဲပိတ်မိနေသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, နှင်းမို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၈
အသိပေးချက် - အခုဆောင်းပါးမှာ စိတ်အနှောက်အယှက်ဖြစ်စရာရုပ်ပုံတွေနဲ့ သရုပ်ဖော်ရေးသားချက်တွေ ပါ၀င်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
သတင်းထောက် - လုံခြုံရဲ့လား။ အခုလုပ်နေတာက ဝန်ထမ်းအနေနဲ့လား တာဝန်ခံလား။
မစ္စတာ အေ - ဒါက ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတစ်ခုပဲ၊ ဥရောပသားတွေကို ပစ်မှတ်ထားတာလေ။ ကျွန်တော်က သာမန်ဝန်ထမ်းပါပဲ။ လက်တွေ့ကတော့ လူကုန်ကူးခံထားရတဲ့သားကောင် ဒါမှမဟုတ် ကျွန်တစ်ယောက်ပါပဲဗျာ။
မြန်မာစံတော်ချိန် မနက် ၄ နာရီအချိန် ဝေလီဝေလင်းမှာ တယ်လီဂရန်ကနေ ဘီဘီစီသတင်းထောက်နဲ့ မစ္စတာ အေ တို့ကြား စာမက်ဆေ့ပို့ မေးမြန်းထားတဲ့အင်တာဗျူးထဲက အမေးအဖြေတွေပါ။
မစ္စတာ အေက နိုင်ငံခြားသားတစ်ဦးပါ။ လက်ရှိမှာ ကရင်နယ်ခြားစောင့်တပ်(BGF)လို့လည်း သိကြတဲ့ ကရင်အမျိုးသားတပ်မတော်(KNA)ရဲ့ထိန်းချုပ်နယ်မြေထဲက ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) တစ်ခုထဲမှာ သူရှိနေဆဲပါ။ သူ့ လုံခြုံရေးအရ ဘယ်သူ ဘယ်၀ါဖြစ်တယ်ဆိုတာ မဖော်ပြဘဲ "မစ္စတာ အေ" လို့သာ သုံးနှုန်းသွားပါမယ်။
ထိုင်းနိုင်ငံမှာ လစာကောင်းကောင်းနဲ့ လုပ်ရမယ်ဆိုတဲ့မက်လုံးကြောင့် မိခင်နိုင်ငံကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို သူ ရောက်လာပြီး အဲဒီကတဆင့် ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်ထဲက ကျားဖြန့်လုပ်ငန်းခွင်ကို ၂၀၂၅ ခုနှစ် ဧပြီလမှာ သူ ရောက်ပါတယ်။
အဲဒီနောက် ဥရောပနိုင်ငံသားတွေကို ပစ်မှတ်ထား ငွေလိမ်ရတဲ့အလုပ်ကို သူ စလုပ်ကိုင်ရပါတယ်။ ၂၀၂၅ ခုနှစ်ထဲမှာပဲ BGF နယ်မြေက ကျားဖြန့်တွေကို အကြီးအကျယ် နှိမ်နင်းတဲ့အခါ လွတ်မြောက်ဖို့ သူ ကြိုးစားခဲ့သေးတယ်လို့ ဘီဘီစီကို ပြောပါတယ်။
"KNA က ကျားဖြန့်စခန်းကို ဝင်စီးမယ်လို့ သတင်းကြားတော့ ကျွန်တော် ကုမ္ပဏီကနေ ထွက်ပြေးခဲ့တာ၊ ပြန်အဖမ်းခံခဲ့ရတယ်။ ပုန်းတဲ့နေရာကို KNA က ရှာတွေ့သွားတာ။ ပြန်လွှတ်ပေးဖို့ ပိုက်ဆံပေးရမယ်လို့ ပြောတယ်။ ကုမ္ပဏီအကြီးပိုင်းလူတွေက သူတို့အတွက်ပဲ ပိုက်ဆံပေးပြီး ထွက်သွားလို့ ကျွန်တော် ကျန်ခဲ့တာ" လို့ မစ္စတာ အေက ပြောပါတယ်။
အေးဂျင့်တစ်ယောက်ကတဆင့် မစ္စတာ အေကို ထပ်မံရောင်းလိုက်လို့ အခု ကျားဖြန့်ကုမ္ပဏီကို ရောက်လာတာပါ။
ဒါဟာ ကျားဖြန့်လုပ်ငန်းတွေထဲမှာ လူသားတွေကို ပစ္စည်းတစ်ခုလို ရောင်းဝယ်လက်ဆင့်ကမ်းနေတဲ့ "ခေတ်သစ်ကျွန်စနစ်" လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Global Initiative against Transnational Organized Crime ရဲ့ အကြီးတန်းသုတေသီ ဂျေဆန် တာဝါက ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေရဲ့ သားကောင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်း - မြန်မာနယ်စပ်၊ ကရင်ပြည်နယ်မှာရှိတဲ့ KK Park၊ ရွှေကုက္ကိုတို့က ကျားဖြန့်လုပ်ငန်းတွေကို မြန်မာစစ်တပ်က နှိမ်နင်းပြီး ကျားဖြန့်လုပ်တဲ့အဆောက်အဦတွေကို ဖောက်ခွဲတာတွေ ၂၀၂၅ အောက်တိုဘာကစလို့ ခပ်စိပ်စိပ် တွေ့ခဲ့ရပါတယ်။
ဒီလိုနှိမ်နင်းတာနဲ့အတူ မြ၀တီမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသ ကျားဖြန့်လူပေါင်းထောင်နဲ့ချီလည်း လူမြင်ကွင်းရှေ့ကို ထွက်ပေါ်လာပါတယ်။ ဒီလူတွေထဲ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံသားတွေသာမက မြန်မာနဲ့ မိုင်ထောင်ချီဝေးတဲ့ အာဖရိက တိုက်သားတွေလည်း ပါဝင်ပါတယ်။
နေပြည်တော်ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်အထိ ထိန်းသိမ်းမိတယ်ဆိုတဲ့ နိုင်ငံခြားသား ၁၄,၇၆၇ ဦးရှိပါတယ်။ အဲဒီထဲက ၁၃,၈၆၀ ဦးကို ထိုင်းကနေတဆင့် နေရပ် ပြန်ပို့ထားပါပြီ။
"၂၀၂၅ ခုနှစ်နဲ့ယှဉ်ရင် အခုနှစ်မှာ ပြန်ပို့တဲ့အရေအတွက် သိသိသာသာလျော့သွားတယ်" လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကလည်း ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေထဲမှာ လူဦးရေထောင်နဲ့ချီ ဆက်ပိတ်မိနေဆဲလို့ ထိုင်းအရပ်ဘက်အဖွဲ့ဖြစ်တဲ့ the Civil Society Network for Human Trafficking Victim Assistance (CSNHTV) က သြဂုတ်လထဲမှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
BGF/ KNA နယ်မြေက ကျားဖြန့်စခန်းတွေကနေ အကူအညီတောင်းသူ ၈,၃၇၀ ကျော်ရှိပြီး ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နယ်မြေမှာ ၅,၃၀၀ ကျော်ရှိခဲ့တယ်လို့ CSNHTV ရဲ့ စာရင်းအရ သိရပါတယ်။
ပြန်လွှဲပြောင်းတာတွေ လုပ်နေပေမဲ့ BGF/ KNA နယ်မြေက ကျားဖြန့်စခန်း ၈ ခုနဲ့ ကျားဖြန့်စခန်း ၄ ခုမှာ ပိတ်မိနေတဲ့နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ အခက်ကြုံနေတယ်လို့ CSNHTV ဦးဆောင်သူ မစ္စ ခရစ်တီယာ ဂျေ က ပြောပါတယ်။
သတင်းထောက် - ကျားဖြန့်ကနေလွတ်မြောက်ဖို့ ကယ်ဆယ်ရေးအခြေအနေ ဘယ်လိုလဲ။ မိသားစုနဲ့ရော အဆက်အသွယ်ရပြီလား။
မစ္စတာ ဘီ - ကယ်ဆယ်ရေးအခြေအနေ ဟုတ်လား၊ ကျွန်တော် ဘာမှမသိဘူး။ လွတ်မြောက်အောင် ကူပေးပါလား။ နောက် ၂ ရက် - ၃ ရက်ဆို ဒီနေရာကနေ ပြောင်းရတော့မယ်။ သူတို့ ခရီးဆောင်အိတ်ကို စစ်ကြတော့မှာ၊ အခုသုံးနေတဲ့ဖုန်းကိုလည်း သူတို့တွေ့သွားမှာ သေချာတယ်။
သတင်းထောက် - အခုရှိနေတဲ့ကျားဖြန့်စခန်းနာမည်က ဘာလဲ။ စခန်းက BGF ဒါမှမဟုတ် DKBA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာလား။
မစ္စတာ ဘီ - BGF ရော DKBA ရော မသိပါဘူး။ သူတို့က ဒါဘယ်နေရာလဲ၊ နာမည်ဘယ်လိုခေါ်လဲဆိုတာ ပေးမသိဘူး။ ဘေးနားက တောင်ရဲ့နာမည်ကို ဘယ်လိုခေါ်လဲ မသိဘူး။
ကျားဖြန့်စခန်းတွေမှာ ပိတ်မိနေပြီး ငွေလိမ်လည်တာတွေ ဆက်လုပ်ကိုင်နေရတဲ့ မစ္စတာ အေ အပြင် နောက်ထပ်အမျိုးသားတစ်ဦးနဲ့လည်း ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။ သူ့ကို ''မစ္စတာ ဘီ'' လို့ သုံးနှုန်းထားပါတယ်။
သူတို့နှစ်ဦးရဲ့တူညီချက်က မြန်မာစစ်တပ်နှိမ်နင်းခဲ့တဲ့ကျားဖြန့်အခြေစိုက် နေရာတွေကနေ နောက်ထပ်တစ်နေရာကို ထပ်မံရောင်းချခံခဲ့ရတာဖြစ်ပါတယ်။
ထိုင်း - မြန်မာနယ်စပ်ကနေ သစ်ပင်တွေနဲ့ထူပိတ်နေတဲ့တောင်ကြောတနေရာတွေထဲ အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ရပေမဲ့ ငွေလိမ်လည်ရမယ့်ပစ်မှတ်တွေကို ဆက်ရှာဖွေနေရဆဲဖြစ်ပြီး သတ်မှတ်ချက်မပြည့်ရင် အပြစ်ပေးခံနေရဆဲလို့ မစ္စတာဘီက ပြောပြပါတယ်။
၄ နာရီထက်မနည်း ခုံပေါ်တက် မတ်တပ်ရပ် ရတာအပါအဝင် ပါးရိုက်တာ၊ ကန်ကြောက်တာ၊ အမှောင်ခန်းထဲ ပိတ်လှောင်ထားတာလို အပြစ်ပေးနည်းတွေ လုပ်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒီလိုအပြစ်ပေးနည်းတွေဟာ ကျားဖြန့်စခန်းတွေက ငွေလိမ်ကုမ္ပဏီတွေမှာ ဖိအားပေးခိုင်းစေခံရတဲ့ နိုင်ငံခြားသားအများစု ကြုံတွေ့ရတဲ့အခြေအနေဖြစ်ကြောင်း နေရပ်ပြန်ရောက်ပြီဖြစ်တဲ့သားကောင်တွေဆီက သိရပါတယ်။
ကျားဖြန့်က လွတ်မြောက်ခဲ့တဲ့အီသီယိုးပီးယားနိုင်ငံသားနဲ့လည်း ဘီဘီစီက စကားပြောခွင့်ရခဲ့ပြီး ဒီနေ့အချိန်အထိ ဖိနှိပ်ခံခဲ့ရတဲ့ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ်တွေကို ဆက်ရင်ဆိုင်နေရဆဲပါ။
"သွားနှစ်ချောင်းမရှိလို့ စကားမပီတော့ဘူး" - အီသီယိုးပီးယားနိုင်ငံသား

ဓာတ်ပုံ ရင်းမြစ်, CSBHTV/ ဟာ့ဂ်တမူ
ကရင်ပြည်နယ်က ကျားဖြန့်တွေကို စစ်တပ်က စတင်နှိမ်နင်းတယ်ဆိုတဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းတုန်းက ပျောက်ဆုံးနေတဲ့ညီဖြစ်သူကို ရှာဖွေနေသူ အီသီယိုးပီးယားနိုင်ငံမှာနေထိုင်တဲ့ မွန်ဂွ မယ်လတ်စ် ဆမက်ဟက်ဂိမ်နဲ့ ဘီဘီစီတို့ အွန်လိုင်းကတဆင့် စကားပြောခွင့်ရခဲ့ပါတယ်။
မြဝတီခရိုင်၊ ဝေါလေ DKBA နယ်မြေက Deko Park ကျားဖြန့်စခန်းကနေ ညီဖြစ်သူ ဟာ့ဂ်တမူ မယ်လတ်စ် ဆမက်ဟက်ဂိမ် ကို အရပ်ဘက်အဖွဲ့ CSNHTV ရဲ့အကူအညီနဲ့ ကယ်ထုတ်ခဲ့ကြပါတယ်။
၈ လအကြာ ၂၀၂၆ ခုနှစ်၊ သြဂုတ်မှာ ဘီဘီစီနဲ့ပြန်ဆက်သွယ်ချိန်မှာတော့ ဟာ့ဂ်တမူ သူ့ရဲ့နေရပ် အီသီးယိုးပီးယားက အမ်ဟာရာ (Amhara) ဒေသကို ပြန်ရောက်နေပါပြီ။ အမ်ဟာရာက စစ်ဖြစ်နေတဲ့ဒေသဖြစ်တာကြောင့် အွန်လိုင်းအသုံးပြုဖို့ခက်ခဲပြီး စာတိုမက်ဆေ့နဲ့သာ ဆက်သွယ်နိုင်ခဲ့ပါတယ်။
"မိန်းကလေး ဟန်ဆောင်ပြီးတော့ ချမ်းသာတဲ့ အမေရိကန်နဲ့ အီသီယိုးပီးယားနိုင်ငံသားတွေကို ဆွဲဆောင်ရတယ်။ တစ်လကို ဒေါ်လာ ၃၀,၀၀၀ ရှာပေးရတယ်၊ မရရင် နှိပ်စက်တယ်" လို့ ကျားဖြန့်မှာ နှစ်နှစ်ကျော်ကြာ ခိုင်းစေခံခဲ့ရတဲ့ ဟာ့ဂ်တမူက သူ့ကိုယ်တွေ့ကို ပြန်ပြောပြပါတယ်။
စစချင်းမှာ BGF/ KNA ထိန်းချုပ်နယ်မြေမှာရှိတဲ့ကျားဖြန့်စခန်းကို သူရောက်ရှိပါတယ်။ အဲဒီနောက် DKBA နယ်မြေက Deko Park ကို အရောင်းခံခဲ့ရပြီး ကယ်ဆယ်ရေးနဲ့ လွတ်မြောက်လာသူပါ။
"စခန်း ၃ ခုကို အရောင်းခံခဲ့ရတယ်။ နှိပ်စက်ခံရလို့ သွား ၂ ချောင်းလည်း ဆုံးရှုံးခဲ့ရတယ်။ အခုချိန်အထိ ပြန်မစိုက်နိုင်သေးဘူး" လို့ သူ့ရဲ့ဓာတ်ပုံကိုလည်း ပို့ပေးပြီး ပြောပြပါတယ်။
သွားနှစ်ချောင်း မရှိတော့လို့ စကားမပီသတော့တာကြောင့် ရုပ်သံအင်တာဗျူးဖြေကြားဖို့အတွက်ပါ စိတ်ပိုင်းဆိုင်ရာမလုံခြုံတဲ့အထိ ကျားဖြန့်စခန်းအလွန် စိတ်ဒဏ်ရာတွေကို သူ ခံစားနေရပါတယ်။
မိမိစိတ်ဆန္ဒအရ အလုပ်သွားလုပ်မယ်ဆိုပြီး သွားခဲ့တာဖြစ်လို့ နေရပ်ဖြစ်တဲ့ အီသီယိုးပီးယားရဲ့ ဥပဒေအကာအကွယ်လည်း မရနေဘူးလို့ ဟာ့ဂ်တမူက သူ့ရဲ့လက်ရှိအခြေအနေကို ပြောပါတယ်။
BGF/KNA နဲ့ DKBA နယ်မြေက ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူ၊ ပိတ်မိနေဆဲသူတွေနဲ့ စကားပြောကြည့်တဲ့အခါ အဲဒီအလုပ်တွေကို တရုတ်နိုင်ငံသားတွေက ဦးဆောင်ပြီး လုံခြုံရေးကို လက်နက်ကိုင်တပ်တွေက တာဝန်ယူထားပါတယ်။
ကျားဖြန့်စခန်းတစ်ခုမှာ ငွေလိမ်တဲ့ကုမ္ပဏီတစ်ခုလုပ် ကိုင်သလို တချို့နေရာတွေမှာ ကုမ္ပဏီ နှစ်ခု၊ သုံးခု စုပေါင်း လုပ်ကိုင်ကြပါတယ်။ အဲဒီလုပ်ငန်းတွေမှာ Boss လို့ခေါ်တဲ့ ဦးဆောင်သူတွေက တရုတ်နိုင်ငံသားတွေ အများစုလို့ သိရပါတယ်။
သူတို့တွေက ဟာ့ဂ်တမူ၊ မစ္စတာ အေ နဲ့ မစ္စတာ ဘီ တို့လို သားကောင်တွေကို ကျားဖြန့်စခန်းတစ်ခုကနေ တစ်ခုကို ရောင်းချပါတယ်။ အဲဒီလိုရောင်းချဖို့ သယ်ယူပို့ဆောင်ရေးကိုတော့ လက်နက်ကိုင်တပ်တွေက တာဝန်ယူတာပါ။

ဓာတ်ပုံ ရင်းမြစ်, CSNHTV
၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ အီသီယိုးပီးယားနိုင်ငံသား ဟာ့ဂ်တမူတို့ကို ကယ်ထုတ်ခဲ့ရသလို အခြေအနေတွေက မလွယ်ကူတော့ဘူးလို့ CSNHTV ကို ဦးဆောင်သူ မစ္စ ခရစ်တီယာ ဂျေ က ပြောပါတယ်။
ကျားဖြန့်သားကောင်ဖြစ်ရသူတွေကို CSNHTV က ကယ်ထုတ်ပုံကတော့
- ကျားဖြန့်စခန်းမှာ ပိတ်မိနေတဲ့သူတွေက နီးစပ်ရာတွေကို အဆင့်ဆင့်ဆက်သွယ်ရင် အရပ်ဘက်အဖွဲ့တွေ၊ သံရုံးတွေနဲ့ ပူးပေါင်းပြီး ပိတ်မိနေတဲ့လူစာရင်းတွေကို မြန်မာစစ်တပ်၊ BGF နဲ့ DKBA တာဝန်ရှိသူတွေဆီကို ပေးရပါတယ်။
- အဲဒီအဖွဲ့တွေကတဆင့် နိုင်ငံခြားသားတွေကို ကျားဖြန့်စခန်းကနေ ထုတ်လာပြီးမြန်မာဘက်ကနေ ထိုင်းဘက်ကို နိုင်ငံချင်း G to G အဆင့်နဲ့ လွှဲပြောင်းပါတယ်။
- ထိုင်းဘက်ကနေ လက်ခံထားတဲ့ နိုင်ငံခြားသားတွေကို လူကုန်ကူးမှု မြောက် မမြောက် စိစစ်တဲ့ အမျိုးသားအဆင့်ပြန်လွှဲပြောင်းရေး(NRM) စနစ်နဲ့ အကျုံးဝင် မဝင်ကို စိစစ်ပါတယ်။
- အကျုံးဝင်ရင်တော့ နစ်နာသူအနေနဲ့ NRM စနစ်ရဲ့ အကာအကွယ်အောက်ကနေ နေရပ်ပြန်ပို့ပါတယ်။
- NRM စနစ်မှာ အကျုံးမဝင်ရင်တော့ ထိုင်းတရားရုံးမှာဆက်စစ်ဆေးရပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ တရားမဝင် နိုင်ငံတွင်းဝင်လာမှုနဲ့ အရေးယူခံရပြီးမှ နေရပ်ပြန်ပို့တာပါ။
ဒီလိုနေရပ်ပြန်ပို့ရေးအတွက် အဆောက်အဦနဲ့ ထောက်ပံ့ကူညီရေး အကန့်အသတ်တွေရှိတာကြောင့် ထိုင်းနိုင်ငံဘက်ကို နိုင်ငံခြားသားတွေ ပြန်ရောက်လာတာနဲ့ သက်ဆိုင်ရာနိုင်ငံတွေ ဘက်က ကိုယ့်နိုင်ငံသားတွေကို ချက်ချင်းပြန်ခေါ်ပေးဖို့ တောင်းဆိုထားရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကနေ သိရပါတယ်။
အခုတော့ ဒီလိုအဆင့်ဆင့်ကယ်ထုတ်ဖို့အတွက်တောင် မြန်မာဘက်က အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရခက်လာတဲ့အခြေအနေပါ။
"အထူးသဖြင့် BGF/ KNA နဲ့ ဆက်သွယ်ရ ခက်ခဲတယ်။ အကြောင်းမပြန်ကြဘူး။ DKBA ထဲက တော်တော်များများ ကယ်ထုတ်ထားနိုင်တယ်" လို့ CSNHTV ကို ဦးဆောင်သူ မစ္စ ဂျေ ပြောပါတယ်။
KK Park ရွှေကုက္ကိုတို့မှာ ကျားဖြန့်နှိမ်နင်းချိန်က နိုင်ငံခြားသားတွေကို ထိုင်းဘက်လွှဲရာမှာ ပါဝင်ခဲ့သူ BGF/ KNA တာဝန်ရှိသူကတော့ "အကယ်လို့ ပိတ်မိနေတယ်လို့ ယူဆရင် နေရာအတိအကျပို့ပေးရင် ကယ်ပေးလို့ရတယ်။ ဖြေရှင်းခဲ့ပေါင်းလည်း များပြီ။ စိတ်လည်းကုန်နေပြီ။ အဲဒီကိစ္စတွေ ကျွန်တော် မသိတော့ဘူး" လို့ တုံ့ပြန်ပါတယ်။
တကယ်လို့ အဖွဲ့အစည်းတွေ၊ သံရုံးတွေက ကယ်တာ မခံရဘူးဆိုရင် ဒီသားကောင်တွေ ကိုယ့်ဘာသာ လွတ်မြောက်နိုင်ဖို့ရာ လုပ်ငန်းရှင် Boss တွေကို အကြွေးဆပ်ဖို့ လိုတယ်လို့ ဘီဘီစီစကားပြောခွင့်ရသူတွေက ပြောကြပါတယ်။
အကြွေးနွံထဲက သားကောင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျားဖြန့်လုပ်ငန်းမှာ ပိတ်မိနေတဲ့သားကောင်တွေဟာ အဲဒီစခန်းမှာ နေရတဲ့နေစရိတ်၊ စားစရိတ်၊ လျှပ်စစ်သုံးတာကအစ ကုမ္ပဏီရဲ့အကြွေးစနစ်နဲ့ နေရပါတယ်။ ဒါအပြင် ကျားဖြန့်စခန်းလုံခြုံရေးစောင့်တဲ့လက်နက်ကိုင်တပ်တွေကို Army Protection Fees ဆိုတဲ့ အကာအကွယ်ပေးတဲ့အတွက် ပေးရတဲ့ငွေကို လစဉ်ပေးရပါတယ်။
"ဒါက ကုမ္ပဏီပေါ် မူတည်တယ်။ တချို့ကုမ္ပဏီက အဲဒီစရိတ်ကို အပြည့်အဝကျခံပေမဲ့ တချို့ကတော့ ဝန်ထမ်းတွေနဲ့ တစ်ယောက်တစ်ဝက်ဆိုပြီး မျှခံရတယ်။ ကျွန်တော်အခုရောက်နေတဲ့ ကုမ္ပဏီမှာက ၅၀ - ၅၀ အချိုးကျ ပေးရတယ်" လို့ မစ္စတာ အေက ပြောပြပါတယ်။
မစ္စတာ ဘီနဲ့ ဟာ့ဂ်တမူတို့ကတော့ Army Protection Fees ပေးခဲ့ရကြောင်းမသိရသလို လစာလည်း မရဘူးလို့ ဖြေကြပါတယ်။ ဒါပေမဲ့ မစ္စတာ အေ ကတော့ ဘတ် ၂၀,၀၀၀ လစာ ရပါတယ်။
"ဘတ်နှစ်သောင်းပေးပေမဲ့ လတိုင်းနေစရိတ်၊ စားစရိတ်၊ တပ်လုံခြုံရေးစရိတ်၊ လိမ်ဖို့သုံးရတဲ့ ဆော့စ်ဝဲလ် ကုန်ကျစရိတ်ကအစ ကျွန်တော်ပေးရတာဆိုတော့ တစ်လကို ကုန်ကျစရိတ်က ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ဘတ်အထိရှိတယ်" လို့ မစ္စတာ အေက ရှင်းပြပါတယ်။
သူ့ကို အေးဂျင့်ဆီကနေ ကုမ္ပဏီက ဝယ်ယူခဲ့တာဖြစ်လို့ သားကောင်ဝယ်ယူစရိတ်ကိုလည်း မစ္စတာ အေ ကပဲ ပေးရမှာဖြစ်လို့ Boss ဆီမှာ အမေရိကန်ဒေါ်လာ ၁၄,၀၀၀ အကြွေးရှိနေတယ်လို့ တယ်လီဂရန်ကနေ စာနဲ့ ဖြေကြားပါတယ်။
DKBA သတင်းရင်းမြစ်တစ်ဦးကလည်း လက်နက်ကိုင်တပ်တွေကို လုံခြုံရေးစရိတ်ပေးရတာမှန်ကန်ပြီး ပျှမ်းမျှ အနည်းဆုံးဘတ် ၅,၀၀၀ ကနေ သောင်းဂဏန်းအထိ ပေါက်ဈေးရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အကြွေးမဆပ်နိုင်သရွေ့ ကျားဖြန့်စခန်းနေရာတွေရွှေ့တိုင်း Boss တွေနဲ့အတူ လိုက်ပါနေရတဲ့ အခြေအနေလို့ နားလည်ရပါတယ်။
၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ DKBA ထိန်းချုပ်နယ်မြေ ကျောက်ခက်ဒေသက ကျားဖြန့်တွေကို မြန်မာစစ်တပ်က နှိမ်နင်းမယ့်ခြေလှမ်းပြင်လာပါတယ်။ DKBA ဘက်ကတော့ ဒီအဆောက်အဦတွေကို ဖြိုချဖျက်ဆီးမယ့်အစား ငွေကြေးမတတ်နိုင်သူတွေကို ပြန်နေရာချပေးဖို့ စစ်တပ်နဲ့ ညှိနှိုင်းနေတာလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ဒီလိုချေမှုန်းမှုတွေ လုပ်မယ့်အခါတိုင်း ကျားဖြန့်လုပ်တဲ့ကုမ္ပဏီတွေက ကြိုရှောင်နိုင်နေတာကြောင့် မြန်မာစစ်တပ်ရဲ့ဖြိုခွင်းမှုတွေက အပေါ်ယံသာဖြစ်တယ်လို့ Global Initiative against Transnational Organized Crime ရဲ့ အကြီးတန်းသုတေသီ ဂျေဆန် တာဝါက ပြောပါတယ်။
"ဒီကျားဖြန့်တွေက တစ်နေရာနဲ့ တစ်နေရာအလွယ်တကူ ရွှေ့ပြောင်းနေကြတယ်။ အဆောက်အဦတွေကို လနဲ့ချီအခိုင်အမာဆောက်ကြတာဖြစ်လို့ ဒါက မြင်သာပါတယ်။ အဆောက်အဦတွေ ဖြိုခွင်းပြတာက သက်ရောက်မှုမရှိဘူး" လို့ သူက ထောက်ပြပါတယ်။
ကျားဖြန့်တွေကို အမြစ်ဖြတ်ချေမှုန်းနိုင်မလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ့်အကြောင်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ ဘန်ကောက်မှာ တွေ့ချိန်လည်း ထပ်ပြောထားပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက တရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ကွယ်က ခေါင်းဆောင်တွေကို အဓိက ဖော်ထုတ်မယ်ဆိုတဲ့အမေရိကန်ရဲ့ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့(Scam Center Strike Force) ကလည်း ထိုင်းနဲ့ လက်တွဲလုပ်နေပါတယ်။
မြန်မာမှာ လက်တွေ့ကျကျဖြေရှင်းနိုင်ဖို့ဆိုရင်တော့ နိုင်ငံရေးသြဇာရှိသူတွေနဲ့ လက်တွဲ ဆောင်ရွက်သင့်တယ်လို့ အကြီးတန်းသုတေသီ ဂျေဆန် တာဝါက အချက် ၂ ချက်နဲ့ သုံးသပ်ပြောပါတယ်။
- စစ်တပ်နဲ့သာမက နှိမ်နင်းနိုင်မယ့်မြန်မာက အဖွဲ့အစည်းတွေ အားလုံးကို ပါဝင်ဆောင်ရွက်ခွင့်ပြုဖို့နဲ့
- နှိမ်နင်းရေးအတွက် နိုင်ငံတကာအသိုက်အဝန်းတည်ဆောက်ပြီး ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ဖို့ဆိုတဲ့အချက်တွေပါ။
ကရင်ပြည်နယ်က မတူညီတဲ့ကျားဖြန့်စခန်းတွေမှာ ရှိနေသေးတဲ့ မစ္စတာ အေ နဲ့ ဘီ တို့ကို ဘီဘီစီက စကားပြောနေချိန်မှာပဲ သူတို့နေရာတွေ ရွှေ့ပြောင်းဖို့ လုပ်နေကြပြီဖြစ်ကြောင်း ပြောပြကြပါတယ်။
"ဒီနေ့လား မနက်ဖြန်လား သန်ဘက်ခါလား သေချာမသိပေမဲ့ သူတို့ နေရာရွှေ့တော့မယ်၊ မြန်မာပြည်ထဲပဲ။ ရွှေ့ရင် အထုပ်တွေကို စစ်ဆေးမှာ ကျွန်တော်နဲ့ အဆက်အသွယ်ပြတ်သွားလိမ့်မယ်" လို့ မစ္စတာ ဘီက ပြောပါတယ်။
ဒါကြောင့် ကျားဖြန့်ဖြိုခွင်းမှုတွေ ထပ်လုပ်ရင် ပိတ်မိနေတဲ့ သားကောင်တွေ အမှန်တကယ်လွတ်လာမလား ဒါမှမဟုတ် ကျားဖြန့် Boss တွေနဲ့အတူ နောက်ထပ်နေရာတွေ ရွှေ့ပြောင်းကြရမလားဆိုတာကို သားကောင်တွေကိုယ်တိုင်ရော အရပ်ဘက်အဖွဲ့တွေပါ စောင့်ကြည့်နေကြပါတယ်။
"ဒီနေရာကနေ အသက်ရှင်ရက် မထွက်နိုင်ခဲ့ဘူး ဆိုရင်တောင် နောက်ဆုံးအထိ လက်မလျှော့ဘဲ တိုက်ပွဲဝင်ခဲ့တယ်ဆိုတာ ကမ္ဘာကြီးကို သိစေချင်တယ်" လို့ မစ္စတာ အေ ပြောပြီးနောက် အွန်လိုင်းပေါ်ကနေ ပျောက်သွားခဲ့ပါတယ်။
















