နာဇီစစ်သုံ့ပန်းစခန်းအမှုနဲ့ အသက် ၁၀၅ နှစ်အရွယ် အမျိုးသားကို ဂျာမနီ စုံစမ်း

    • ရေးသားသူ, ပေါလ်ကာဘီ
    • ရာထူးတာဝန်, ဥရောပ ဒစ်ဂျစ်တယ် အယ်ဒီတာ
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၃

ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်းတစ်ခုမှာ အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၁၀၅ နှစ်အရွယ် အမျိုးသားတဦးကို လူသတ်မှုအများအပြားမှာ ပါဝင်ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျာမန်အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးနေပါတယ်။

အဲဒီအမျိုးသားဟာ ဂျာမနီအနောက်မြောက်ပိုင်း ဇန်းနာဒေသက စတားလဂ် ၃၂၆ VI-K စစ်သုံ့ပန်းစခန်းမှာ အစောင့်အဖြစ် လုပ်ကိုင်ခဲ့သူလို့ စွပ်စွဲခံထားရတာပါ။

အဲဒီစခန်းမှာပဲ အစောင့်လုပ်ခဲ့တဲ့ နောက်ထပ်အမျိုးသားတဦးကိုလည်း အလားတူအမှုနဲ့ စုံစမ်းနေခဲ့ပေမယ့် သူကတော့ ၉၉ နှစ်အရွယ်မှာ အရင်လအနည်းငယ်အကြာက ကွယ်လွန်သွားခဲ့တယ်လို့ ဒေါ့မန်မြို့ အစိုးရရှေ့နေ ဆွန်ညာ ဖရုဒါမန်းက ပြောပါတယ်။

သံသယရှိသူ အမျိုးသားနှစ်ဦးရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်မထားသေးပါဘူး။

နာဇီခေတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ယနေ့ချိန်ထိ ဆက်ပြီး စုံစမ်းဖော်ထုတ်နေတဲ့ ဂျာမန်အာဏာပိုင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဒီအမှုတွေက ပြသနေပါတယ်။ စုံစမ်းရမယ့် သံသယရှိသူအများစုက အသက်အရွယ် အလွန်ကြီးရင့်နေကြသလို အများအပြားကလည်း ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်နီတော်က စစ်သား ၅.၃ သန်းကျော်ကို ဂျာမန်တပ်တွေ ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ထက်ဝက်လောက် သေဆုံးခဲ့တယ်လို့ ယူဆကြပါတယ်။ အသက်ရှင်ကျန်ခဲ့သူ အများစုနောက်ပိုင်း နေရပ်ပြန်ရောက်တဲ့အခါမှာလည်း နိုင်ငံအပေါ် သစ္စာဖောက်သူတွေအဖြစ် သတ်မှတ်ခံရပြီး ဆိုးဆိုးရွားရွား ဆက်ဆံခံရပါတယ်။

ဇန်းနာစခန်းကတော့ နာဇီဂျာမနီရဲ့ အကြီးဆုံး စစ်သုံ့ပန်းစခန်းတွေထဲက တခုဖြစ်ပါတယ်။

စခန်းအောက်မေ့ဖွယ်အဖွဲ့ရဲ့ အချက်အလက်တွေအရ ၁၉၄၁ ကနေ ၁၉၄၅ အတွင်း နာဇီဂျာမနီထဲ ရောက်လာတဲ့ ဆိုဗီယက်စစ်သုံ့ပန်း သုံးယောက်မှာ တယောက် ဇန်းနာစခန်းကို ဖြတ်သန်းခဲ့ရပြီး အများအပြားကိုလည်း အနီးဝန်းကျင်ဒေသတွေမှာ အဓမ္မလုပ်အားပေးစေခိုင်းခဲ့ပါတယ်။

စခန်းအတွင်း နေထိုင်ရတဲ့ အခြေအနေတွေ အလွန်ဆိုးရွားခဲ့ပြီး အစာရေစာပြတ်လပ်မှု၊ ရောဂါဘယနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကို စစ်သုံ့ပန်းတွေ ရင်ဆိုင်ခဲ့ရပါတယ်။

စခန်းမှာ မှတ်ပုံတင်ထားတဲ့ ဆိုဗီယက်စစ်သုံ့ပန်း အရေအတွက်က တသိန်းရှစ်သောင်းကနေ နှစ်သိန်း ကြား ရှိခဲ့ပြီး အဲဒီထဲက အများအပြား သေဆုံးခဲ့ပါတယ်။ သောင်းနဲ့ချီတဲ့ သေဆုံးသူတွေကိုလည်း အဲဒီဒေသမှာ မြှုပ်နှံထားပါတယ်။

ဇန်းနာစခန်းမှာ ပြင်သစ်၊ ပိုလန်၊ ဆားဘီးယားနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံက စစ်သုံ့ပန်းတွေကိုလည်း ထိန်းသိမ်းထားခဲ့ပါတယ်။

အစိုးရရှေ့နေတွေကတော့ ၁၀၅ နှစ်အရွယ် အမျိုးသားနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ စတားလဂ် ၃၂၆ စစ်သုံ့ပန်းစခန်းမှာ အစောင့်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလနဲ့ ဆက်စပ်ပြီး လူသတ်မှုအများအပြားမှာ ပါဝင်ကူညီခဲ့တယ်ဆိုပြီး သူ့ကို စွပ်စွဲထားပါတယ်။

ဂျာမနီမှာ လူသတ်မှုနဲ့ လူသတ်မှုမှာ ပါဝင်ကူညီမှုဆိုင်ရာ ပြစ်မှုတွေကို ၁၉၇၉ ကတည်းက တရားစွဲဆိုခွင့် သက်တမ်းကန့်သတ်ချက် မထားတော့ပါဘူး။ ဒါကြောင့် နာဇီခေတ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ခုချိန်ထိ ဆက်လက်အရေးယူနိုင်နေတာ ဖြစ်ပါတယ်။

ဟေးမာမြို့က စတားလဂ် VI A စစ်သုံ့ပန်းစခန်းမှာ အစောင့်လုပ်ခဲ့ဖူးတဲ့ အသက် ၁၀၀ ကျော် အမျိုးသားတဦးကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့တာ နှစ် ၈၀ ကျော်လာပြီဖြစ်လို့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဖို့ ပိုပြီး ခက်ခဲလာပါတယ်။

၂၀၂၂ တုန်းကတော့ ဇက်ဆွန်ဟားဆန်းအကျဉ်းစခန်းက လူသတ်မှုတွေမှာ ပါဝင်ကူညီခဲ့တယ်ဆိုပြီး ၁၀၁ နှစ်အရွယ် အကျဉ်းစခန်းအစောင့် ယိုးဆက်ဖ် ရှုဇ်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ပါတယ်။ သူဟာ နာဇီခေတ် ရာဇဝတ်မှုအတွက် တရားရင်ဆိုင်ရတဲ့ အသက်အကြီးဆုံးသူ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့ သူ့ပြစ်ဒဏ်ကို အယူခံဝင်နေချိန် ၂၀၂၃ မှာ ကွယ်လွန်သွားခဲ့လို့ အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံရတာတော့ မရှိခဲ့ပါဘူး။

နာဇီအကျဉ်းစခန်းတခုမှာ အတွင်းရေးမှူး လုပ်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးကိုလည်း လူသတ်မှုမှာ ကူညီပံ့ပိုးခဲ့မှုနဲ့ ပြစ်မှုထင်ရှားကြောင်း ၂၀၂၂ က ဆုံးဖြတ်ပြီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။ သူကတော့ ၉၉ နှစ်အရွယ်မှာ မနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။

နာဇီခေတ် ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အမှုတွေကို ဒေါ့မန်မြို့ အစိုးရရှေ့နေတွေက ကိုင်တွယ်ပေမယ့် အမှုတွေကို ဂျာမနီအနောက်တောင်ပိုင်း လုဒ်ဘစ်ဘာ့ဂ်မြို့က နာဇီရာဇဝတ်မှု စုံစမ်းရေးဗဟိုရုံးက အရင်စတင် စုံစမ်းတာ ဖြစ်ပါတယ်။