ဝါဒဖြန့်ပေးသူတွေကိုပါ စစ်တိုက်ခိုင်းမတဲ့လား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

စစ်မှုထမ်းတာ ဂုဏ်ယူစရာဖြစ်ပြီး လူငယ်တွေ စစ်မှုထမ်းသင့်တယ်လို့ ဝါရင့်အနုပညာရှင်တချို့က လူသိရှင်ကြား ပြောပြီးနောက်မှာ အနုပညာရှင်တွေရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်မလားဆိုတဲ့ မေးခွန်းတစ်ခု ပြည်သူ့လွှတ်တော်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။

စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဗိုလ်တထောင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က အနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ၎င်းတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့ အစီအစဉ်ရှိ၊ မရှိ ဆက်စပ်မေးခွန်းမေးခဲ့ပါတယ်။

အဲဒီအပေါ် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က ဥပဒေနဲ့ နည်းဥပဒေပါ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အမျိုးသားတိုင်း အလှည့်ကျ တာဝန်ထမ်းဆောင်ရမှာဖြစ်တာကြောင့် ကင်းလွတ်ခွင့်ရရှိသူတွေကလွဲလို့ ကျန်တဲ့သူအားလုံး စစ်မှုထမ်းရမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

စစ်ဗိုလ်ချုပ်ရဲ့ လွှတ်တော်အတွင်း ဒီလိုပြောကြားချက်ကြောင့် အနုပညာရှင်တွေရဲ့ မိသားစုဝင်တွေဆီပါ စစ်မှုထမ်းဥပဒေ အမှန်တကယ် သက်ရောက်လာမလားဆိုတဲ့ စိတ်ဝင်စားမှုတွေ မြင့်တက်လာစေခဲ့ပါတယ်။

စစ်မှုထမ်းတာ ဂုဏ်ယူစရာ ဆိုတဲ့ ဝါရင့်အနုပညာရှင်တွေ

လူငယ်တွေ စစ်မှုထမ်းတာကို ဂုဏ်ယူတတ်ဖို့အတွက် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" လိုမျိုး ဇာတ်လမ်းတိုတွေ ရိုက်ကူးထုတ်လွှင့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့် က ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပါတယ်။

အဲဒီစစ်မှုထမ်း ဝါဒဖြန့် ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဝါရင့်အနုပညာရှင်တွေအပါအဝင် စစ်မှုထမ်းဥပဒေကို ထောက်ခံတဲ့ အနုပညာရှင်တချို့က လူငယ်တွေ စစ်မှုထမ်းသင့်တဲ့အကြောင်း၊ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာလို့ ပြည်တွင်း အနုပညာသတင်းဌာနတွေမှာ ပြောခဲ့ကြတာပါ။

နိုင်ငံတကာမှာ နာမည်ကျော် သရုပ်ဆောင်တွေအပါအဝင် လူငယ်တွေ စစ်မှုထမ်းကြတယ်ဆိုပြီး စစ်မှုထမ်းတာဟာ နိုင်ငံအတွက် တာဝန်ကျေခြင်းဖြစ်တယ်လို့လည်း ဝါရင့်ဒါရိုက်တာပန်းချီစိုးမိုးက ဖြေတာကို မီဒီယာတွေက ထုတ်လွှင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူ့ရဲ့ မြေးဖြစ်သူကတော့ ပြည်ပနိုင်ငံတစ်ခုမှာ ပညာသင်ကြားနေတယ်လို့ ပြည်တွင်းအနုပညာသတင်းမီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ ဖော်ပြထားပြန်ပါတယ်။

စစ်တပ်ကို ထောက်ခံအားပေးတဲ့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီနေအောင်ကလည်း လူငယ်တွေ စစ်မှုထမ်းရမှာ စိုးရိမ်ပြီး ထွက်ပြေးနေကြပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် တာဝန်ယူစိတ် ရှိသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား၊ စစ်တပ် မှားတာမှန်တာ မသိဘူး၊ ယူနီဖောင်းမြင်ရင် ချစ်တယ်" လို့ သူက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးကို စစ်မှုထမ်းအရွယ် အနုပညာရှင်တွေနဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေ စစ်မှုထမ်းရမယ့် အခြေအနေရှိ၊ မရှိ ဘီဘီစီက မေးမြန်းခဲ့ပေမယ့် တစ်စုံတရာ မှတ်ချက်ပေးဖြေဆိုတာမရှိခဲ့ပါဘူး။

ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ သရုပ်ဆောင် နေအောင်ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

အနုပညာရှင်သားသမီးတွေအတွက် စစ်မှုထမ်း သတိပေးခေါင်းလောင်းသံ မြည်လာပြီလား

"စစ်မှုထမ်းတာ ဂုဏ်ယူစရာ" လို့ ပြောခဲ့ကြတဲ့ ဝါရင့်အနုပညာရှင်တချို့အတွက်တော့ အခု လွှတ်တော်မှာ ဆွေးနွေးတာတွေက သူတို့ရဲ့ သားသမီးတွေအထိ ဂယက်ရိုက်လာနိုင်တဲ့ အရိပ်အယောင်တစ်ခု ဖြစ်လာပါတယ်။

တော်လှန်ရေးရုပ်ရှင်တွေ ရိုက်ကူးနေတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ လက်ရှိအချိန်အထိ အနုပညာအသိုင်းအဝိုင်းထဲမှာ စစ်မှုထမ်းရတဲ့သူ မတွေ့ရသေးပေမယ့် ဒီအခြေအနေဟာ အမြဲတမ်း ဆက်ရှိနေမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။

"စစ်မှုထမ်းကို ထောက်ခံပြီး ပြောနေတဲ့သူတွေက သူတို့ သားသမီးတွေကိုလည်း ချန်လှပ်ထားလို့ မရဘူးပေါ့။ သူတို့လည်း မလွတ်တော့ဘူးဆိုတဲ့ အရိပ်အယောင်မျိုး ဖြစ်လာတယ်။ အဲဒါက သတိပေး ခေါင်းလောင်းသံတစ်ခုလိုပဲ"လို့ သည်ခေတ်နေက ပြောပါတယ်။

ကိုယ့်ဆန္ဒမပါဘဲ စစ်မှုထမ်းခေါ်ခံရသူတွေကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ ဒေါ်စုစုနွေးကတော့ လက်ရှိ စစ်မှုထမ်းသွားရတဲ့သူ အများစုဟာ သာမန်မိသားစုတွေက လူငယ်တွေ ဖြစ်နေပြီး အုပ်ချုပ်ရေးမှူးတွေရဲ့ သားသမီးတွေ၊ လုပ်ငန်းရှင်တွေရဲ့ သားသမီးတွေ၊ အနုပညာ အသိုင်းအဝိုင်းက လူငယ်တွေကတော့ ကင်းလွတ်နေတယ်လို့ ပြောပါတယ်။

သူ့အမြင်အရ အခု လွှတ်တော်ထဲမှာ ထွက်ပေါ်လာတဲ့ မေးခွန်းဟာ အဲဒီလို လူထုမကျေနပ်မှုတွေ စုလာရာက ပေါ်လာတဲ့ မေးခွန်းဖြစ်ပြီး အနုပညာရှင်တွေရဲ့ သားသမီးတွေကို ခေါ်မလား မခေါ်ဘူးလားဆိုတာထက် စစ်မှုထမ်းဥပဒေကို ဘယ်လောက် တန်းတူညီမျှ အကောင်အထည်ဖော်မလဲဆိုတာက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို ထောက်ခံပြောဆိုခဲ့တဲ့ အနုပညာရှင်တချို့ကို ဆက်သွယ်မေးမြန်းဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားချက် မရရှိခဲ့ပါဘူး။

စစ်မှုထမ်း အကျုံးဝင်သူ ၆.၂ သန်း

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ၂၀၂၄ ခုနှစ်မှာ အဲဒီတုန်းက စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မှုထမ်းဥပဒေအောက်မှာ အကျုံးဝင်နိုင်တဲ့ အမျိုးသား ၆.၃ သန်း၊ အမျိုးသမီး ၇.၇ သန်း၊ စုစုပေါင်း ၁၃ သန်းနီးပါး ရှိတယ်လို့ ပြောထားဖူးပါတယ်။

အခု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေအောက်မှာ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားဦးရေ ၆.၂ သန်းဝန်းကျင် ရှိတယ်လို့ ပြောထားပါတယ်။

စစ်မှုထမ်းနဲ့ပတ်သက်ပြီး မီဒီယာပလက်ဖောင်းအစုံမှာ ထုတ်ပြန်ချက်၊ သတင်းနဲ့ ရုပ်သံအပါအဝင် အရေအတွက် ၁၃၃၇၃ ခု အထိ လွှင့်တင်ခဲ့တယ် လို့ ဒုဝန်ကြီးက ပြောပါတယ်။

မေးခွန်းမေးတဲ့ ဦးဉာဏ်ဝင်းထိုက်က "စစ်မှုထမ်းရမှာစိုးရိမ်လို့ လူငယ်တချို့က တခြားမြို့ရွာတွေကိုပြောင်းသွားတာအပြင် နိုင်ငံခြားအထိတိမ်းရှောင်တာတွေရှိနေတယ်" လို့ လွှတ်တော်မှာပြောခဲ့ပါတယ်။

စစ်မှုထမ်းအကျုံးဝင်သူ ၆.၂ သန်းရှိနေတဲ့အတွက် စစ်မှုထမ်းစုဆောင်းဖို့ အရေအတွက်အများကြီးကျန်သေးတယ်လို့ တပ်ထောက်ခံသူတချို့ကပြောလာကြပါတယ်။

မြေပြင်အခြေအနေမှာတော့ စစ်မှုထမ်းသက်နဲ့အကျုံးမဝင်တဲ့သူတွေကိုတောင် အတင်းအဓမ္မပေါ်တာဆွဲတာတွေ ရှိနေတဲ့အတွက် စစ်မှုထမ်းကောက်ယူမှု ပိုအရှိန်မြှင့်လာမှာကို စိုးရိမ်နေကြပါတယ်။