စက်တင်ဘာ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NSPNC နဲ့ MNTJP/MNDAA တွေ့ဆုံမှုမှာ နယ်စပ်ကကုန်သွယ်ရေးဂိတ်နဲ့ တရုတ်စီမံကိန်းတွေကိစ္စ ဆွေးနွေးတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
စက်တင်ဘာ ၂၅ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
စစ်မှုထမ်းတာ ဂုဏ်ယူစရာဖြစ်ပြီး လူငယ်တွေ စစ်မှုထမ်းသင့်တယ်လို့ ဝါရင့်အနုပညာရှင်တချို့က ပြောပြီးနောက်မှာ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုပါ စစ်မှုထမ်းဆင့်ခေါ်ဖို့အစီအစဥ်ရှိမရှိဆိုတဲ့ မေးခွန်းတစ်ခု ပြည်သူ့လွှတ်တော်ထဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။
"စစ်မှုထမ်းကို ထောက်ခံပြီး ပြောနေတဲ့သူတွေက သူတို့ သားသမီးတွေကိုလည်း ချန်လှပ်ထားလို့ မရဘူးပေါ့ ။သူတို့လည်း မလွတ်တော့ဘူးဆိုတဲ့ အရိပ်အယောင်မျိုး ဖြစ်လာတယ်"လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အိမ်ဖြူတော်မှာကျင်းပတဲ့ နိုင်ငံတော်အဆင့် ညစာစားပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမျိုးသားသင်္ကေတဖြစ်တဲ့ ခေါင်းဖြူလင်းယုန် (bald eagle) ရုပ်တုတစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။
ဒီလက်ဆောင်က "အမေရိကန်ရဲ့ လွတ်လပ်မှုနဲ့ အမြင့်ပျံစိတ်ဓာတ်" ကို ကိုယ်စားပြုတယ် လို့ ထရမ့်က ပြောပါတယ်။
ဒီရုပ်တုကို ဖန်တီးတုန်းက ထရမ့်နဲ့ သမ္မတကတော်တို့ ကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာ တို့ဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သမ္မတကတော် ဖိန်လီယွန်တို့ကို အိမ်ဖြူတော်ညစာစားပွဲနဲ့ တည်ခင်းကြိုဆိုခဲ့ပါတယ်။
ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ တရုတ်နဲ့ အမေရိကန်တို့ဟာ တာဝန်ယူမှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာအင်အားကြီးနိုင်ငံတွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားရမယ်လို့ ရှီက ညစာစားပွဲမှာ မှတ်ချက်စကားပြောဆိုခဲ့ပါတယ်။
ထရမ့်ကလည်း သူတို့နှစ်ဦးကြားမှာ ဒီလောက်ဆက်ဆံရေးကောင်းတဲ့အချိန်မရှိတော့ဘူးလို့ မှတ်ချက်စကားပြောဆိုခဲ့ပါတယ်။
အိမ်ဖြူတော်ညစာစားပွဲကို Tesla က အီလွန်မတ်စ်၊ Apple က တင်ကွတ်၊ OpenAI က ဆန်အော့တ်မန်းနဲ့ Nvidia က ဂျန်ဆန်ဟောင်တို့ တက်ရောက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရုတ်ကုမ္ပဏီတွေကို မျှမျှတတဆက်ဆံလိမ့်မယ်လို့ မျှော်လင့်ကြောင်း ရှီက အစောပိုင်းက ပြောဖူးပါတယ်။
ရှီနဲ့ ထရမ့်တို့ မေလမှာ နောက်ဆုံးတွေ့ဆုံပြီးနောက် အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ဒေါ်လာ ၁၄ ဘီလျံဖိုး လက်နက်တွေ ရောင်းချမယ့်အစီအစဉ်ကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ အီရန်စစ်ပွဲအတွက် လက်နက်အလုံအလောက်ရှိအောင် လုပ်တာဖြစ်တယ်လို့ အမေရိကန်က ပြောခဲ့ပါတယ်။
ဒေါ်လာ ၁၄ ဘီလျံ လက်နက်ရောင်းချမှုသဘောတူညီချက်ဟာ ထရမ့်ရဲ့ အတည်ပြုချက်ရဖို့ လပေါင်းများစွာစောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီရောင်းချမယ့်လက်နက်တွေထဲမှာ Lockheed Martin ရဲ့ PAC-3 လို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေနဲ့ မြေပြင်က ဝေဟင်ပစ်လက်နက်စနစ်တွေပါဝင်တယ်လို့ ရိုက်တာသတင်းဌာနက မတ်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ထိုင်ဝမ်ကို လက်နက်ရောင်းချမှုစာချုပ်သစ်ကို အတည်ပြုခဲ့မယ်ဆိုရင် သမ္မတနှစ်ဦးတွေ့ဆုံပွဲကို ဖျက်သိမ်းမယ်လို့ တရုတ်က အခုလအစောပိုင်းမှာ သတိပေးခဲ့တဲ့အကြောင်း ကျိုဒိုသတင်းဌာနက သတင်းအရင်းအမြစ်များစွာရဲ့ပြောဆိုမှုကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။
တရုတ်နဲ့အမေရိကန်ပြည်ထောင်စုတို့ဟာ နှစ်ဖက်စလုံးမှာ တစ်ဖက်မှမရှုံးမယ့် အေအိုင်နယ်ပယ်မှာ ယှဉ်ပြိုင်မှုရှိသင့်တယ်လို့ ရှီက ကြာသပတေးနေ့က အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။
နည်းပညာနဲ့ပတ်သက်ရင် အမေရိကန်ပြည်ထောင်စုဟာ ဆယ်စုနှစ်များစွာ အသာစီးရခဲ့ပေမယ့် မကြာသေးမီနှစ်တွေမှာ တရုတ်ကလည်း အကြီးအကျယ်တိုးတက်မှုတွေရှိခဲ့ပါတယ်။ တရုတ်ဟာ နိုင်ငံရဲ့နည်းပညာရည်မှန်းချက်တွေမှာ အေအိုင်ကို အုတ်မြစ်အဖြစ် သတ်မှတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။
အမေရိကန်ကုမ္ပဏီတွေဟာ အဆင့်အမြင့်ဆုံး အေအိုင်မော်ဒယ်တွေ ထုတ်လုပ်နိုင်ရေးကို ဦးစားပေးနေချိန်မှာ တရုတ်ကုမ္ပဏီတွေကတော့ အေအိုင်ကို စီးပွားရေးနယ်ပယ်မှာ အသုံးချနိုင်ဖို့ နည်းလမ်းတွေကို ဦးစားပေးရှာဖွေခဲ့ပါတယ်။
ချင်းပြည်နယ်ထဲမှာ ပြန်လည်ဖွင့်လှစ်နေတဲ့ စစ်တပ်လက်အောက်ခံကျောင်းတွေ၊ ရုံးတွေနဲ့ ချိတ်ဆက်ရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်ဖွဲ့စည်းတဲ့ ချင်းပြည်အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်တာပါ။
ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအဓိကထိန်းချုပ်နယ်မြေဖြစ်တဲ့ ချင်းမြောက်ပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီး စာသင်ကျောင်းအပါအဝင် အစိုးရအုပ်ချုပ်ရေးရုံးတွေပြန်လည် လည်ပတ်ဖို့ ကြိုးစားနေတာပါ။
စစ်တပ်လက်အောက်ခံကျောင်းတွေနဲ့ ချိတ်ဆက်ဖို့ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ကျောင်းတွေကို စည်းရုံးတာရော ခြိမ်းခြောက်တာပါရှိတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလိုအခြေအနေကြားမှာ လူထုက စစ်တပ်ပြန်ဖွင့်တဲ့ ကျောင်း၊ ရုံးတွေနဲ့ ချိတ်ဆက်တာမလုပ်ဖို့၊ ချိတ်ဆက်နေရင် အမြန်ရပ်ဖို့ CNF က တားမြစ်လာတာပါ။
စစ်တပ်ထိန်းချုပ်နယ်မြေက ကျောင်းတွေမှာ မတက်ဖို့ တော်လှန်ရေးနယ်မြေက အုပ်ချုပ်ရေးအဖွဲ့တွေက တားမြစ်တာ၊ ဒဏ်ခတ်တာတွေ ဒီနှစ်ထဲမှာဖြစ်ခဲ့ဖူးပါတယ်။
မေလထဲမှာ ပုလဲမြို့နယ် ပအဖက ဒီလိုကြေညာချက်ထုတ်ပြီး မလိုက်နာရင် အရေးယူမယ်လို့ပြောခဲ့တာပါ။
တနင်္သာရီတိုင်း၊ လောင်းလုံမှာလည်း ဇွန်လတုန်းက မြို့ပေါ်စာသင်ကျောင်းအပ်မယ့် ကျောင်းသားနဲ့ မိဘတွေ မြို့ပေါ်ကိုပြောင်းနေဖို့ လောင်းလုံးဒေသလက်နက်ကိုင်နဲ့ ပညာရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့တဲ့အပေါ် လူထုဝေဖန်မှုတွေ များခဲ့ပါတယ်။
လွတ်လပ်စွာပညာသင်ယူခွင့်နဲ့ အခြေခံလူ့အခွင့်အရေးကို ကန့်သတ်ရာရောက်တယ်လို့ မြို့နယ်တွင်းက ပညာရေးတက်ကြွလှုပ်ရှားသူတွေဘက်က ဝေဖန်ခဲ့ကြပါတယ်။
စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်တဲ့ဒေသတွေကို ဒေသခံတွေပြန်လည်ဝင်ရောက်ဖို့ ကျောင်းတွေ ပြန်ဖွင့်ဖို့ လုပ်ဆောင်နေပေမဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေက စာသင်ကျောင်းတွေကို လေကြောင်းဗုံးကြဲတာတွေ ဒီနှစ်ထဲအထိ ပြုလုပ်နေဆဲဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေကစပြီး ဘန်ကောက်မြို့ မြန်မာသံရုံးမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ့်သူတွေအတွက် ရက်ချိန်းထုတ်ပေးတာကို ခေတ္တရပ်နားမယ်လို့ ကြေညာထားတယ်လို့ သံရုံးနဲ့ နီးစပ်သူတချို့ဆီကသိရပါတယ်။
အလုပ်အကိုင်နိုင်ငံကူးလက်မှတ် PJ သက်တမ်းတိုးသူတွေကို နေ့ချင်းပြီး လုပ်ဆောင်ပေးတဲ့ စနစ်ကနေ ပြီးခဲ့တဲ့သြဂုတ်လကုန်ပိုင်းလောက်ကစပြီး အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ရက်ချိန်း လာယူရတဲ့ တန်းစီစနစ်နဲ့ ပြောင်းလဲထုတ်ပေးနေတာ ဖြစ်ပါတယ်။
“အရင်လို walk in စနစ်နဲ့ ပြန်ထုတ်ပေးဖို့ ရှိတာတော့ မဟုတ်ပါဘူး။ ရှေ့မှာ ရက်ချိန်းယူထားတဲ့သူ တွေကို ပြီးအောင်ထုတ်ပေးရမှာဖြစ်လို့ အသစ်ထုတ်ပေးတာ ခဏရပ်တဲ့သဘောပါပဲ” လို့ သံရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
ဘန်ကောက်မြန်မာသံရုံးအပါအဝင် နိုင်ငံပြင်ပက သံရုံးတွေမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား တစ်ခုကနေ နောက်တစ်မျိုးကို ပြောင်းလဲသက်တမ်းတိုးရင် နေပြည်တော်ကို တင်ရမယ့်စနစ် ကိုလည်း သြဂုတ်လထဲမှာ ပြောင်းလဲထားပါတယ်။
အရင်လို မြန်မာသံရုံးမှာပဲ နေ့ချင်းပြီးသက်တမ်းတိုးလို့မရတော့ဘဲ အနည်းဆုံးနှစ်လခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
ကျောင်းသားတွေကိုင်ဆောင်တဲ့ PE နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတွေအတွက်လည်း တစ်ရ က်ကို အယောက် ၅၀ သာ ရက်ချိန်းထုတ်ပေးနေတယ်လို့ ဘန်ကောက်သံရုံးမှာသက်တမ်းတိုးဖို့ သွားခဲ့တဲ့ ကျောင်းသားတချို့ဆီကနေ သိရပါတယ်။
ချစ်ကြည်ရေးခရီးအနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)ကိုယ်စားလှယ်အဖွဲ့ဟာ စစ်ရေယာဥ်တွေနဲ့ ရန်ကုန်မြို့ကိုရောက်ရှိနေပါတယ်။
တရုတ်ရေတပ်ရဲ့ ဖျက်သင်္ဘော၊ ဖရီဂိတ်စစ်ရေယာဥ်၊ ထောက်ပံ့ရေးစစ်ရေယာဥ်တွေနဲ့ သီလဝါဆိပ်ကမ်းကို မနေ့က ရောက်လာကြတာပါ။
ရန်ကုန်ကို လာရောက်လည်ပတ်တဲ့အဖွဲ့ထဲမှာ တရုတ်ရေတပ်ရဲ့ အရာရှိနဲ့ စစ်သည်တွေကို Senior Captain Xu Fang က ဦးစီးလာတယ်လို့ မြန်မာစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်လာရောက်တဲ့တပ်ဖွဲ့ဟာ တရုတ်ရေတပ်ရဲ့ 48th escort task group ဖြစ်ပါတယ်။
ဒီအဖွဲ့ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက Aden ပင်လယ်ကွေ့နဲ့ ဆိုမာလီယာကမ်းလွန်ရေပြင်တို့မှာ လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးဖို့ ခရီးစတင်ထွက်ခွာခဲ့ ကြတာဖြစ်ပါတယ်။
Aden ပင်လယ်ကွေ့မှာ တာဝန်ထမ်းဆောင်ပြီးစီးကာ တရုတ်နိုင်ငံကို ပြန်လာချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်လည်ပတ်ခဲ့ပါသေးတယ်။
အဲ့ဒီနောက် မြန်မာနိုင်ငံကို ဆက်လက်လာရောက်လည်ပတ်တာဖြစ်ပါတယ်။
ခရီးစဥ်က ၅ ရက်ကြာမြင့်မှာဖြစ်ပါတယ်။
ဒီခရီးစဥ်မှာ ရန်ကုန်က အထင်ကရနေရာတွေကို သွားရောက်လည်ပတ်ဖို့ရှိနေပြီး ချစ်ကြည်ရေး အားကစားပြိုင်ပွဲတွေလည်း လုပ်ဖို့ရှိတယ်လို့ဆိုပါတယ်။
"သင်္ဘောမှောက်တော့မယ်" လို့ အော်ဟစ်ပြောသံကြားလိုက်ရပြီး မျက်စိတစ်မှိတ်အချိန်အတွင်း အရာအားလုံး ပြောင်းလဲသွားတယ်လို့ မြန်မာရေလုပ်သား ကိုမောင်မောင်ဦး (နာမည်လွှဲ)က ပြောပါတယ်။
သူက ထိုင်းကမ်းလွန်မှာ ငါးဖမ်းလှေ နစ်မြုပ်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ရေလုပ်သား ၁၆ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။
သူအပါအ၀င် မြန်မာရေလုပ်သား ၂၀ ဦးနဲ့ ထိုင်း ၂ ဦး လိုက်လာတဲ့ သူတို့ ငါးဖမ်းစက်လှေ "စ.ကန်ချနာဝါရီ 888" ဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန် ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်ညက နစ်မြုပ်ခဲ့တာပါ။
မိုးသည်း လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲမှာ အမှောင်ထုကြား နာရီပေါင်းများစွာ ရုန်းကန် ကျော်ဖြတ်ခဲ့ရပြီးတဲ့နောက် ကယ်ဆယ်ခံရတဲ့ရေလုပ်သား ၁၆ ယောက်ထဲမှာ ကိုမောင်မောင်ဦးလည်း ပါ၀င်ပါတယ်။
သူတို့ စက်လှေက လုပ်ဖော်ကိုင်ဖက် ထိုင်း ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်ဆယ်ယူထားနိုင်ပေမဲ့ မြန်မာရေလုပ်သား ၅ ယောက်ကတော့ ၄ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေဆဲပါ။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ပြည်တော်သာရပ်ကွက်နဲ့ မြို့ပတ်ဝန်းကျင်က ပိုက်သည်ရွာနဲ့ နိဒင်ရွာတွေကို ဒီမနက် ၂ နာရီမှာ စစ်တပ်က လေကြောင်းဗုံးကြဲတယ်လို့ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA)ရဲ့ တာ၀န်ရှိသူက ဘီဘီစီကိုပြောပါတယ်။
“အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ Y-12 နဲ့ လာပတ်ကြဲသွားတာပါ” လို့ သူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူ ၇ ဦးထဲမှာ ပြည်တော်သာ ၉ လမ်းက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရအပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ထိခိုက်သူတွေမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Spring Aero Scout ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်ထဲက ကျောက်တော်အပြင် တိုက်ပွဲရှိနေတဲ့ တောင်ကုတ်-ပန်းတောင်းအစပ်၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းတို့မှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
အဲဒီဒေသက လေကြောင်းတိုက်ခိုက်မှုအခြေအနေကိုတော့ ဒေသခံတွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
မနေ့က နေပြည်တော်မှာ ဒုဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ မြန်မာနိုင်ငံအမှန်တရားနဲ့တရား မျှတ သော အမျိုးသားပါတီတို့ MNTJP/MNDAA တွေ့ဆုံမှုမှာ နယ်စပ်ကကုန်သွယ်ရေးဂိတ်နဲ့ တရုတ်စီမံကိန်းတွေကိစ္စ ဆွေးနွေးတယ်လို့ နိုင်ငံပိုင်သတင်းစာက ဒီနေ့ဖော်ပြပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးအတွက် အဓိကအရေးပါတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အပါအဝင် ဒီလမ်းတကြောမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေက စစ်ဆေးရေးဂိတ်တွေချထားတာဖြစ်ပါတယ်။ တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ကုန်သွယ်ရေး၊ အခွန်နဲ့ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ ကျော်ရှိပြီး မန္တလေး-လားရှိုး-မူဆယ်လမ်းပေါ်အများဆုံးဖြစ်ကာ ဂိတ်အလိုက်ထိန်းချုပ်မှုကိုကြည့်ရင် MNDAA နဲ့ စစ်တပ်က အများဆုံးဖြစ်တယ်လို့ ISP Myanmar ရဲ့ အချက်အလက်အရသိရပါတယ်။
မြောက်ပိုင်းမဟာမိတ်တွေကို အခွန်ပေးသယ်ဆောင်လာတဲ့ ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ တင်ဆောင်လာတဲ့ ကုန်ပစ္စည်း တွေကို တရားမဝင်ကုန်စည်ဆိုပြီး သြဂုတ်လအတွင်းမှာ စစ်တပ်က ပိုပြီးတင်းကျပ်စစ်ဆေးကာ ဖမ်းဆီးနေတယ်လို့ ကုန်သည်တချို့က ပြောထားပါတယ်။ နယ်စပ်ကုန်သွယ်ရေးပြန်စတာနဲ့ တရုတ်ရဲ့ စီးပွားရေးစင်္ကြံစီမံကိန်းတွေနဲ့ ဆက်စပ်စီမံကိန်းတွေကို လည်းအကောင်အထည်ဖော်ဖို့ တရုတ်ဘက်ကတွန်းအားပေးလာနိုင်ခြေရှိနေတယ်လို့ ISP ကဆိုပါတယ်။
တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူကနေ ရှမ်းမြောက်ကိုဖြတ်ပြီး သွယ်တန်းထားသလို ကျောက်ဖြူကနေ မူဆယ်အထိ ရထားလမ်းပိုင်း ဖော်ဆောင်ဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။ မနေ့ကတွေ့ဆုံမှုမှာနယ်စပ်ဂိတ်နဲ့ စီမံကိန်းကိစ္စတွေအပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကတဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ဆိုတဲ့ အချက်အပါအဝင် အချက် ၅ ချက်ကိုဆွေးနွေးခဲ့ပါတယ်။
မင်္ဂလာပါ။ စက်တင်ဘာ ၂၅ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။