နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးကစားပွဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

နေပြည်တော်က အာရက္ခတပ်တော်-အေအေ ကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်စာတွေ ဆက်တိုက်ပို့နေပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ အေအေထိန်းချုပ်နယ်မြေတွေကိုတော့ အပြင်းအထန်ထိုးစစ်ဆင်နေပြီးစစ်တပ်ထောက်ခံသူတွေက စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်ကို အစွဲပြုပြီး ၄၉၂၆ စစ်ဆင်ရေးလို့တောင် အမည်တပ်နေကြပါတယ်။

"တစ်ဖက်ကိုငြိမ်းချမ်းရေးဖိတ်ခေါ်တာက တစ်ဖက်ကိုဖိတိုက်ဖို့"ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ယူဆချက်ကို ဒီဖြစ်စဥ်က ပိုခိုင်မာစေပါတယ်။

ဒီလနောက်ဆုံးပတ်ထဲ ကိုးကန့်တပ် MNDAA နေပြည်တော်လာဖို့ရှိတာကြောင့် တအာန်းတပ်၊ အာရက္ခတပ်တော်တို့နဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲခဲ့ကြတဲ့ မဟာမိတ်သုံးဖွဲ့ထဲမှာ တစ်ဖွဲ့ပဲ အတိုက်ခံနေရတဲ့အခြေအနေ ဖြစ်သွားပါတယ်။

မဟာမိတ်တွေကို ခွဲထုတ်ခြင်း

နေပြည်တော်က ကချင်လွတ်လပ်ရေးတပ် (KIA) ကို စက်တင်ဘာ ၄ ရက်က ဖိတ်စာပို့ခဲ့ပြီး အဲဒီရက်မှာပဲ အေအေကို အပြင်းအထန်တိုက်စစ်ဆင်ပါတယ်။

စက်တင်ဘာလကုန်ပိုင်းမှာလည်း ကိုးကန့်တပ်နဲ့ တွေ့ဖို့စီစဥ်ထားတာကြောင့် အေအေနဲ့ သူ့မဟာမိတ်တွေကို ခွဲထုတ်မှုအဖြစ် အကဲခတ်တွေက ရှုမြင်ကြပါတယ်။

အေအေကို ကေအိုင်အေနယ်မြေထဲမှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးမှာတော့ ကိုးကန့်တပ်နဲ့အတူ စစ်တပ်ကို တိုက်ခဲ့ကြတာပါ။

နေပြည်တော်က ၂၀၂၄ ခုနှစ်တုန်းကလည်း တရုတ်အကူအညီတောင်းပြီး "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့ မဟာမိတ် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကို ခွဲထုတ်ခဲ့ဖူးပါတယ်။

ဝတပ်ဟာ မဟာမိတ်တွေကို စစ်ရေးအရမကူညီနိုင်တော့ဘူးလို့ လူသိရှင်ကြားထုတ်ပြောခဲ့ရပြီး

နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေး တစ်ခန်းရပ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊

မိုင်းလားအဖွဲ့ (NDAA)၊ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ နေပြည်တော်မှာ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်က ရွေးကောက်ပွဲကျင်းပပေးပြီးတဲ့နောက် တရုတ်နယ်စပ်က လက်နက်ကိုင်တွေနဲ့ နေပြည်တော်ကြားမှာ ပိုပြီးနီးကပ်လာခဲ့ကြပြီး ပြီးခဲ့တဲ့ ဇူလိုင်တုန်းက တအာန်းအဖွဲ့ (TNLA) ပါ နေပြည်တော်ကို ရောက်လာခဲ့ပါတယ်။

"ဝ" တပ်ဖွဲ့ နဲ့ စစ်တပ်ကြားမှာလည်း ပိုပြီးနီးနီးကပ်ကပ် ဆက်ဆံလာခဲ့ပြီး တရားခံလွှဲပြောင်းမှုနဲ့ မှုခင်းတိုက်ဖျက်ရေးတွေတောင် ပေါင်းလုပ်နေကြတာ တွေ့ရပါတယ်။

ဒါကြောင့် တရုတ်နယ်စပ်က လက်နက်ကိုင်တွေနဲ့ဖွဲ့ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှာ နေပြည်တော်နဲ့ တိုက်နေတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးနေတဲ့အဖွဲ့တွေဆိုပြီး နှစ်ပိုင်းကွဲသွားမှာ ဖြစ်ပါတယ်။

FPNCC ကို "ဝ"တပ်ဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ တအာန်းတပ် (TNLA) တို့ နဲ့ ဖွဲ့စည်းထားပါတယ်။

ကိုးကန့်တပ် MNDAA နေပြည်တော်ကို လာပြီးရင်တော့ FPNCC မှာ ကေအိုင်အေနဲ့ အေအေ ပဲ နေပြည်တော်လာဖို့ ကျန်တော့မှာ ဖြစ်ပေမဲ့ ဒီနှစ်ဖွဲ့က လတ်တလောမှာကိုပဲ တပ်နဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်နေပါတယ်။

ရှမ်းပြည်မှာ အပစ်ရပ်သွားတဲ့အတွက် စစ်တပ်ဟာ ရခိုင်ပြည်နယ်ဝင်ပေါက်တွေကို တပ်တွေရွှေ့ပြီး အေအေကို ဖိတိုက်နေပါတယ်။

ကေအိုင်အေနဲ့လည်း ဗန်းမော်၊ ကသာနဲ့ ရွှေကူတို့မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

ကေအိုင်အေဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့

"စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ"မှာ လည်း ပါဝင်နေပါတယ်။

SCEF ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။

ကေအိုင်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌နော်ဘူကတော့ နေပြည်တော်ရဲ့ဖိတ်ခေါ် ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး သူသိရှိထားတာမရှိသေးဘူးလို့ ဘီဘီစီကို စက်တင်ဘာ ၉ ရက်က ပြောပါတယ်။

ယုံကြည်မှုပြဿနာ

နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို အဓိကအဆုံးအဖြတ်ပေးမယ့် ဦးမင်းအောင်လှိုင်က

မြန်မာစစ်တပ်ကို တပ်ချုပ်အဖြစ် ၁၅ နှစ်အထိ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

သူက သူ့ရန်သူတွေအကြောင်းကိုသိသလို သူ့ရန်သူတွေကလည်း သူ့အကြောင်းကို သိနေကြပါတယ်။

ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို ဖိတ်ခေါ်ခဲ့ပေမဲ့ မလာတဲ့အဖွဲ့တွေ ရှိနေပါသေးတယ်။

"ယုံကြည်မှုပြဿနာ" လို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ သတင်းရင်းမြစ် ဒါဇင်ဝက်ကျော်က

ဖြေကြပါတယ်။

ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေတိုင်းမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ မဟာဗျူဟာမြောက် အကျိုးအမြတ်တွေ ရှိစမြဲ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာစစ်တပ်လို စစ်မျက်နှာစုံ ဖွင့်တိုက်နေရတဲ့အခြေအနေမှာ ပိုအကျိုးရှိပါတယ်။

စစ်ရေးအရ အပစ်ရပ်ထားတဲ့နယ်မြေတွေကတပ်တွေကို တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေကို ပြန်ရွှေ့နိုင်ပါတယ်။

နိုင်ငံရေးအရဆိုရင်လည်း "စစ်တပ်က ငြိမ်းချမ်းရေးလိုလားပေမဲ့ လက်နက်ကိုင်တွေက ငြင်းပယ်လို့ စစ်ဆက်ဖြစ်ရတာ" ဆိုပြီး ပြည်တွင်းပြည်ပကို ဝါဒဖြန့်နိုင်ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)

အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အပစ်ရပ် NCA မထိုးရသေးတဲ့အဖွဲ့တွေရော ကင်းကွာနေတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ ပြန်ပါလာအောင် လုပ်မယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ကို စောင့်ကြည့်နေတဲ့ အကဲခတ်တချို့နဲ့ လက်နက်ကိုင်တချို့ကတော့ နေပြည်တော်ကို မယုံကြပါဘူး။

"မြန်မာစစ်တပ်ပြောတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆိုတာ EAO တွေကို သူတို့လွှမ်းမိုးထားတဲ့ ဆွေးနွေးရေးဖြစ်စဉ်ထဲထည့်ပြီး လုံးပါးပါးအောင်လုပ်တာပဲ" လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

စီးပွါးရေးအခွင့်အလမ်းတွေပေးပြီး နိုင်ငံရေးရပ်တည်ချက်ကျလာအောင် လုပ်တာမျိုးလို့ ဆိုပြီး

"နိုင်ငံရေးသင်းကွပ်တာပေါ့" လို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တလျှောက်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကစလို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို သယံဇာတနဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးပြီး အပစ်ရပ်ခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် NCA တစ်ခေတ်မှာလည်း လုပ်ငန်းပါမစ်တွေ ချပေးပြီး စည်းရုံးရေးဆင်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

"စီးပွားရေးအားကောင်းလာတော့ စစ်ဘုရင်ပုံစံတွေဖြစ်လာတယ်၊ နိုင်ငံရေးအားကျလာတယ်၊ သူ့ပြည်သူနဲ့ ဝေးလာတယ်၊ အဲဒီလိုနဲ့ မူလပုံသဏ္ဍာန်ပျက်ပြီး လုံးပါးပါးလာကြတယ်" လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

နေပြည်တော် ဘယ်လိုခွဲကစားလဲ

မြန်မာပြည်မှာ လက်နက်ကိုင်အစုအဖွဲ့တွေ ရာဂဏန်းအထိရှိပေမဲ့ နေပြည်တော်ဘက်ကတော့ အမျိုးအစားသုံးမျိုးပဲ ခွဲခြားထားပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားတဲ့အဖွဲ့တွေ၊ NCA မထိုးထားတဲ့အဖွဲ့တွေနဲ့ NCAနဲ့ ကင်းကွာနေတဲ့ အဖွဲ့တွေ ဆိုပြီးတော့ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့က NCA စာချုပ်ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၈ မှာတော့ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့က ဆက်ပြီး လက်မှတ်ထိုးကြပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိမှာတော့ ၆ ဖွဲ့ပဲကျန်တော့ပြီး သူတို့ကတော့ နေပြည်တော်နဲ့ တောက်လျှောက်အဆက်အသွယ်ရှိပါတယ်။

အဲဒီအဖွဲ့တွေက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ KNU/KNLA (ငြိမ်းချမ်းရေးကောင်စီ)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး တို့ဖြစ်ပါတယ်။

NCA မထိုးထားတဲ့ အဖွဲ့တွေထဲမှာ အင်အားကောင်းတဲ့အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA တို့ ပါဝင်ပါတယ်။

NCA ကင်းကွာအဖွဲ့တွေထဲမှာတော့ KNU က နာမည်အကြီးဆုံးဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီလို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောခဲ့ပါတယ်။

NCA လက်မှတ်ထိုးမှုမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ABSDF က ဦးမျိုးဝင်းတို့ကို သူတို့ရဲ့ မိခင်အဖွဲ့အစည်းတွေကနေ တာဝန်ကရပ်စဲခံရမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။

နေပြည်တော်အနေနဲ့ ၂၀၂၁ မတိုင်ခင်က ပေါ်ပေါက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ၂၀၂၁ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဆိုပြီး ခွဲခြားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF ကိုတောင် ခွဲခြားထားပြီး PDF ကိုပဲ လက်နက်စွန့် ခိုင်းပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ကြမယ်ဆိုပြီး ပြောကြတဲ့ အထဲမှာ NUG အကြောင်း ဆွေးနွေးတာ မကြားမိဘူးလို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ စောင့်ကြည့်ခဲ့တဲ့ သတင်းအရင်းအမြစ်တစ်ဦးကတော့ "တပ်လိုချင်တဲ့ ငြိမ်းချမ်းရေးက တိုင်းပြည် တကယ်ငြိမ်းချမ်းမယ့် ငြိမ်းချမ်းရေးမှမဟုတ်တာ။ သူတို့အုပ်စီးမှုအောက်က တည်ငြိမ်ရေးကို လိုချင်တာ" လို့ ပြောပါတယ်။

နေပြည်တော်က ဇာတ်ကောင်တွေ

နေပြည်တော်မှာ ငြိမ်းချမ်းရေးဖြစ်စဥ်နဲ့ပတ်သက်လို့ အဓိကအဆုံးအဖြတ်ပေးနိုင်တာက သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲတွေကို ဦးဆောင် စစ်တိုက်နေတဲ့ တပ်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းနေတဲ့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ကလည်း အရေးပါပါတယ်။

နောက်ဆုံးဝင်လာတဲ့ ဇာတ်ကောင်ကတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာပါဝင်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်းဦးအောင်မင်း ဖြစ်ပါတယ်။

သူက ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC) နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ (NSPNC)

ကိုပါ အကြံပေးရမှာဖြစ်ပါတယ်။

NSPNC နဲ့ နီးစပ်သူတစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ ကော်မတီက ညှိနှိုင်းရေးကို တက်တက်ကြွကြွလုပ်နေပေမဲ့ သမ္မတရုံးရဲ့ ဗဟိုချုပ်ကိုင်မှုများနေတာကို ထောက်ပြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သဘောထားပျော့ပြောင်းပေမဲ့ သူ့လုပ်ပိုင်ခွင့်က သမ္မတဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးတာဝန်ခံဝန်ကြီးဖြစ်တဲ့ ဦးအောင်မင်းလို လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်မရဘူးလို့ သူက ပြောပါတယ်။

ဒါပေမဲ့ NSPNC အနေနဲ့ ငြိမ်းချမ်းရေးရက်တစ်ရာစီမံချက်အတွင်းမှာ အလွတ်သဘောရော တရားဝင်တွေ့ဆုံမှုတွေကိုပါ ဆက်တိုက်လုပ်ခဲ့တာတွေ့ရပါတယ်။

နေပြည်တော်အနေနဲ့ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နဲ့ တွေ့ဆုံပြီးသွားပြီလို့ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ မိန့်ခွန်းမှာ ဖော်ပြခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဝ ပြည်တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းအထိသွားခဲ့သလို သူ့ရဲ့ကော်မတီဝင်တချို့ကလည်း အိန္ဒိယ၊ ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ပတ္တရားမြို့တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ အလွတ်သဘောတွေ့ဆုံမှုတွေလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့ သူ့ကော်မတီက ညှိနှိုင်းရေးကော်မတီသာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဓိကအဆုံးအဖြတ်ပေးနိုင်တာက သမ္မတနဲ့ တပ်ချုပ်ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး - လွယ်သလား ခက်သလား

နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဇာတ်ကောင်တွေများသလို အဖွဲ့တွေလည်းများပါတယ်။

ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC) က အမြင့်ဆုံးဖြစ်ပါတယ်။

ပြီးရင် ဒုသမ္မတဦးညိုစောဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (NSPWC) နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ (NSPNC)

အဖွဲ့တွေရှိပါတယ်။

ဒါပေမဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းငါးနှစ်ကာလမှာ NSPCC နဲ့ NSPWC အစည်းအဝေးတွေကို တစ်ကြိမ်စီပဲခေါ်တာ တွေ့ခဲ့ရတယ် လို့ ငြိမ်းချမ်းရေးဖြစ်စဥ်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

"အခု အစိုးရသစ်တက်တာ ၆ လပြည့်တော့မယ်။ NSPCC ရော NSPWC ပါ တစ်ခါမှ မခေါ်သေးဘူး" လို့ သူကပြောပါတယ်။

နေပြည်တော်ရဲ့ လက်ရှိငြိမ်းချမ်းရေးမူဝါဒက အပစ်ရပ်စာချုပ် NCA ကို ပဲ ဆက်လက်အခြေခံထားပါတယ်။

တပ်ကတော့ 'ဒို့တာဝန်အရေးသုံးပါးကိုပဲ ဦးထိပ်ထားတယ်' လို့ တပ်အရာရှိကြီးတစ်ဦးကပြောပြီး အဲဒါက ဆယ်စုနှစ်များစွာ တပ်ကစွဲကိုင်လာတဲ့ခံယူချက်ဖြစ်ပါတယ်။

စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကတော့ တပ်အနေနဲ့ နိုင်ငံတော်ဆိုတဲ့ နေရာကို ယူပြီး နိုင်ငံတော်ကတစ်ဖက်-လက်နက်ကိုင်အဖွဲ့အစည်းများကတစ်ဖက်ဆိုတဲ့ narrative ကို တောက်လျှောက်ပုံဖော်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတော့ စစ်တပ်ကသာ နိုင်ငံတော်ကို ထိန်းနိုင်တယ်ဆိုတဲ့အမြင်ကပဲ နှစ်ရှည်လများ ပိုအားကောင်းခဲ့ပေမဲ့ တကယ်အလုပ်ဖြစ်လားဆိုတာမေးစရာရှိတယ်လို့ သူကပြောပါတယ်။

"အဲဒီလိုလုပ်ရင်းနဲ့ပဲ တိုင်းပြည်က လုံးဝ ပုံပျက်ပန်းပျက်ဖြစ်သွားတာပဲလေ။

တိုင်းပြည်က တိုင်းပြည်တစ်ပြည်ရဲ့ ရုပ်မထွက်တော့ဘူး" လို့ သူကပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဝေဖန်ဖို့လွယ်ပေမဲ့ တည်ဆောက်သူတွေအနေနဲ့ ခက်ခက်ခဲခဲတည်ဆောက်နေရတယ် လို့ NSPNC နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဥ်က အဝေးကြီးလိုသေးတာ သိပါတယ်။ ဒါပေမဲ့ အပစ်ရပ်ထားနိုင်ရင်ကို လူ့အသက်တွေမဆုံးရှုံးရတော့ဘူးပေါ့ " လို့ သူကပြောပါတယ်။