"စက်လှေမှောက်ပြီး ခဏအတွင်း မှောင်အတိဖြစ်သွားတယ်"

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

"သင်္ဘောမှောက်တော့မယ်" လို့ အော်ဟစ်ပြောသံကြားလိုက်ရပြီး မျက်စိတစ်မှိတ်အချိန်အတွင်း အရာအားလုံး ပြောင်းလဲသွားတယ်လို့ မြန်မာရေလုပ်သား ကိုမောင်မောင်ဦး (နာမည်လွှဲ)က ပြောပါတယ်။

သူက ထိုင်းကမ်းလွန်မှာ ငါးဖမ်းလှေ နစ်မြုပ်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ရေလုပ်သား ၁၆ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။

သူအပါအ၀င် မြန်မာရေလုပ်သား ၂၀ ဦးနဲ့ ထိုင်း ၂ ဦး လိုက်လာတဲ့ သူတို့ ငါးဖမ်းစက်လှေ "စ.ကန်ချနာဝါရီ 888" ဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ စတ္တဟီးဘ်မြို့ကမ်းလွန် ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်ညက နစ်မြုပ်ခဲ့တာပါ။

မိုးသည်း လှိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲမှာ အမှောင်ထုကြား နာရီပေါင်းများစွာ ရုန်းကန် ကျော်ဖြတ်ခဲ့ရပြီးတဲ့နောက် ကယ်ဆယ်ခံရတဲ့ရေလုပ်သား ၁၆ ယောက်ထဲမှာ ကိုမောင်မောင်ဦးလည်း ပါ၀င်ပါတယ်။

သူတို့ စက်လှေက လုပ်ဖော်ကိုင်ဖက် ထိုင်း ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်ဆယ်ယူထားနိုင်ပေမဲ့ မြန်မာရေလုပ်သား ၅ ယောက်ကတော့ ၄ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေဆဲပါ။

ထိုင်းအာဏာပိုင်တွေ၊ ရေတပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပျောက်နေသူတွေကို ကမ်းကနေ စောင့်နေရတဲ့ မိသားစုတွေ အတွက်တော့ ပျောက်ရက်ကြာလေလေ စိုးရိမ်စိတ်ကြီးစိုးလေလေ ဖြစ်နေပါတယ်။

အသက်ဘေးကြုံခဲ့ရတဲ့ မြန်မာရေလုပ်သားတွေ

"စ.ကန်ချနာဝါရီ 888" ငါးဖမ်းစက်လှေဟာ ကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်းဖို့ စက်တင်ဘာ ၂၁ ရက် ည ၇ နာရီလောက်မှာ စမဲစန်မြို့နယ်ခွဲ သင်္ဘောဆိပ်ကမ်းကနေ ပုံမှန်အတိုင်း ထွက်ခွာခဲ့ပါတယ်။

အဲဒီစက်လှေပေါ်မှာ မြန်မာရေလုပ်သား အယောက် ၂၀ နဲ့ လှေဦးစီး ထိုင်းနိုင်ငံသားအပါအဝင် ၂ ယောက် အားလုံးပေါင်း ၂၂ ယောက် လိုက်ပါသွားကြပါတယ်။

ငါးဖမ်းရမယ့်နေရာကို မရောက်သေးတာကြောင့် အလုပ်နားချိန်အဖြစ် ကိုမောင်မောင်ဦး အပါအဝင် ရေလုပ်သားတွေက သုံးထပ်ရှိတဲ့သင်္ဘောထဲက အခန်းတွေမှာ ရှိနေကြတာဖြစ်ပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းတွေကြီးလာသလို မိုးတွေသည်းနေတာကြောင့် ရာသီဥတုမကောင်းတဲ့အတွက် ထိုင်း သင်္ဘောဦးစီးက စက်သတ်ပြီး အချိန်ခဏ စောင့်ဆိုင်းနေတာလို့ ကိုမောင်မောင်ဦး(နာမည်လွှဲ)က ပြောပါတယ်။

အဲဒီအချိန်မှာပဲ လေပွေလှိုင်း တိုက်ခတ်လာပြီး လှိုင်းရိုက်တာကြောင့် သင်္ဘောယိမ်းထိုးနေချိန်မှာ ကိုမောင်မောင်ဦးက အခန်းအပြင်ဘက်ကို ထွက်ခဲ့ပြီး အပြင်အရောက်မှာ စက်လှေ တိမ်းမှောက်သွားတာလို့ သိရပါတယ်။

"ကျွန်တော်က အော်ဟစ်နှိုးပေမဲ့ ကျန်တဲ့သူတွေက အခန်းထဲမှာဆိုတော့ ပြေးချိန်မရခဲ့ကြဘူး။ တစ်မိနစ်လောက် အချိန်လေးမှာပဲ အားလုံး အမှောင်ကျသွားတယ်" လို့ သူက ပြောပါတယ်။

စက်လှေဟာ ည ၁၁ နာရီခွဲဝန်းကျင်မှာ မှောက်သွားခဲ့တာဖြစ်ပြီး ရေတွေဟာ စက်လှေအခန်းထဲ ဝင်လာချိန်မှာတော့ ဘယ်သူ့ကိုမှ ကူညီခေါ်ဖို့၊ ပစ္စည်းတစ်ခုခု ယူဖို့တောင် အချိန်မရတော့ဘဲ ကိုယ့်အသက်လွတ်ဖို့ကိုသာ စဉ်းစားနိုင်ခဲ့ကြတယ်လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။

"ဘယ်သူ့ကိုမှ မခေါ်နိုင်ဘူး။ ဘယ်ပစ္စည်းမှ မယူနိုင်ဘူး။ ဖုန်းတွေရော၊ လစာမှတ်တမ်းတွေ၊ စုဆောင်းမိထားတာလေးတွေ၊ အထောက်အထားတွေ ဘာမှ မရလိုက်ဘူး။ ကိုယ်မသေအောင် ထွက်ပေါက်တွေ့ရာကို ပြေးရတာပဲ" လို့ သူက ဆိုပါတယ်။

"စ.ကန်ချနာဝါရီ 888" စက်လှေရဲ့အပေါ်ပိုင်း အားလုံးက မိနစ်ပိုင်းအတွင်း ရေထဲကို ရောက်သွားခဲ့ပြီး စက်လှေအောက်ပိုင်း ဝမ်းဗိုက်သာ ပေါ်နေတယ်''လို့ ကိုမောင်မောင်ဦးက ကြုံတွေ့ခဲ့သမျှကို ပြန်ပြောပြပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေ စက်လှေဝမ်းဗိုက်ပေါ်မှာ စုနေကြချိန် ရေလုပ်သား လူငယ်တစ်ယောက်က ရေထဲကနေ "အဖေ... အဖေ... ကယ်ပါဦး" ဆိုပြီး အော်ဟစ်နေခဲ့တယ်လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။

သူက အဲဒီလူငယ်ဆီ ရေကူးသွားပြီး ရေပေါ် တစ်စိတ်တစ်ပိုင်း ပေါ်နေတဲ့ စက်လှေ၀မ်းဗိုက်ပေါ် ခေါ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလူငယ်ရဲ့ဖခင် ရေလုပ်သားဟာ ပျောက်ဆုံးနေသူ ၅ ဦးထဲက တစ်ဦးဖြစ်ပါတယ်။

စက်လှေ ဝမ်းဗိုက်ပေါ် ကုတ်ကတ်နေရတာ ၅ နာရီကြာ

"စ.ကန်ချနာဝါရီ 888" စက်လှေဟာ ည ၁၁ နာရီကျော်လောက်မှာ မှောက်သွားခဲ့ပေမဲ့ ကိုမောင်မောင်ဦးတို့အတွက် အဆိုးဆုံးအချိန်တွေက မပြီးသေးပါဘူး။

အသက်လွတ်အောင် ထွက်နိုင်ခဲ့သူတွေဟာ ရေထဲမှာ ပေါ်နေတဲ့စက်လှေရဲ့ဝမ်းဗိုက်ပေါ်ကို တက်နေခဲ့ကြရပြီး အဲဒီနေရာမှာပဲ အချင်းချင်း အားပေးရင်း မနက်လင်းတဲ့အထိ စောင့်ဆိုင်းခဲ့ရပါတယ်။

"အိပ်နေတဲ့နေရာကနေ အသက်လွတ်ပြေးကြရတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ။ တချို့ဆို ဘောင်းဘီပဲ ပါလာတယ်" လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။

ညဉ့်သန်းခေါင် ပင်လယ်ပြင်ဟာ မှောင်မည်းနေပြီး လှိုင်းတွေလည်း ဆက်တိုက်ရိုက်ခတ်နေတဲ့အပြင် မိုးသည်းတာတွေကြောင့် အင်္ကျီမပါလာတဲ့သူတွေကို အဝတ်ပါတဲ့သူတွေက အုပ်မိုးဖက်ထားခဲ့ရတယ်လို့ ပြောပါတယ်။

စက်လှေမှောက်ပြီးနောက် ပြန့်ကျဲလာတဲ့ ငါးဖမ်းပိုက်တွေနဲ့ ပစ္စည်းအပျက်အစီးတွေကြောင့် အောက်ကို ဆင်းလို့လည်း မရ၊ ဘေးဘက်ကို ရွှေ့လို့လည်း မရဘဲ စက်လှေ၀မ်းဗိုက်ပေါ်မှာပဲ တွယ်ကပ်နေခဲ့ကြရတယ်လို့ သူက ဆိုပါတယ်။

"လှိုင်းတက်လာတိုင်း လူတွေ ပါသွားမလား စိုးရတယ်။ ကိုင်စရာလည်း သိပ်မရှိတော့ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရတာပေါ့။ လှေလိုက်တာ အတွေ့အကြုံနည်းတဲ့တချို့ကတော့ ငိုတောင် ငိုကြတယ်။ မငိုနဲ့ ငါတို့ကို လာကယ်မှာပါဆိုပြီး အချင်းချင်းအားပေးခဲ့ရတယ်" လို့ သူက ပြောပါတယ်။

အဲဒီလို အသက်ဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့ ရေလုပ်သားတွေဟာ အသက် ၂၀ ကျော်ကနေ ၅၀ ဝန်းကျင်အထိ ရှိပြီး လုပ်သက်က တစ်နှစ် ကနေ နှစ် ၂၀ အထိ ရှိတဲ့သူတွေ ပါတယ်လို့လည်း ကိုမောင်မောင်ဦးက ပြောပါတယ်။

အဲဒီအချိန်မှာပဲ မှောက်သွားတဲ့ သူတို့ စက်လှေမှာသုံးတဲ့ အချက်ပြမီးသီးတစ်လုံး ရေထဲ ပေါ်လာတာကို ကိုမောင်ဦးတို့ တွေ့ခဲ့ပါတယ်။

အဲဒီမီးသီးကြောင့်ပဲ စက်တင်ဘာ ၂၂ ရက်၊ မနက် ၄ ခွဲလောက်မှာ တခြားငါးဖမ်းစက်လှေတစ်စင်းက မီးရောင်ကိုမြင်ပြီး အနီးနား ခုတ်မောင်းလာရာကနေ သူတို့ ကယ်ဆယ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီစက်လှေက ကြိုးတွေ ချပေးပြီး မှောက်သွားတဲ့စက်လှေ ၀မ်းပေါ်က ကိုမောင်မောင်ဦးတို့ တစ်ယောက်ချင်းစီကို ဆွဲတင်ခဲ့ကြပါတယ်။

ပင်လယ်ပြင်ထဲမှာ လှိုင်းကြီးတွေကြား ငါးနာရီကျော်အချိန်ဟာ ကိုမောင်မောင်ဦးတို့အတွက် အသက်ရှင်သန်ခြင်းနဲ့ သေခြင်းကြား စောင့်ဆိုင်းနေရတဲ့အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။

ပျောက်ဆုံးနေသူ ၅ ယောက်နဲ့ မပြီးဆုံးသေးတဲ့ရှာဖွေရေး

ပင်လယ်ပြင်ကနေ အသက်ရှင်လွတ်မြောက်လာသူတွေကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ချွန်ဘူရီခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

သင်္ဘောနစ်မြုပ်ပြီးနောက် စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ ထိုင်းတော်ဝင်ရေတပ် ရေတပ်ဒေသ ၁ လက်အောက်ရှိ Navy SEAL အဖွဲ့ဝင်တွေ၊ Savang Rojanathammasathan Foundation ရဲ့ရေပြင်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တခြားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စက်လှေမြုပ်တဲ့နေရာကို သွားခဲ့ကြပါတယ်။

သူတို့ဟာ ပျောက်ဆုံးနေသူတွေကို ပင်လယ်မျက်နှာပြင်ပေါ်မှာ ဆက်လက်ရှာဖွေတဲ့အပြင် ရေအောက်မှာ နစ်မြုပ်နေတဲ့စက်လှေ အတွင်းပိုင်းကိုပါ ဝင်ရောက်စစ်ဆေးဖို့ စီစဉ်မယ်လို့ သိရပါတယ်။

ရေနစ်မြုပ်နေတဲ့ စက်လှေခန်းထဲမှာ ရေလုပ်သား ၂ ယောက်ရဲ့ အလောင်းပိတ်မိနေတာကို တွေ့ရပေမဲ့ ရာသီဥတုနဲ့ ရေအောက် အခြေအနေတွေကြောင့် ထုတ်ယူဖို့ ခက်ခဲနေပြီး သူတို့က ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ထိုင်းအာဏာပိုင်တွေ ထုတ်ပြန်ထားတဲ့ပျောက်ဆုံးစာရင်းမှာ မြန်မာနိုင်ငံသား ရေလုပ်သားတွေဖြစ်တဲ့ ကိုစိုးလတ်(၃၈ နှစ်)၊ ကိုစန်းထိုက်(၄၇ နှစ်)၊ ကိုနိုင်ဦး (၄၅ နှစ်)၊ ကိုထွန်းလွင်(၂၂ နှစ်) နဲ့ ကိုခင်မောင်အေး (၄၇ နှစ်) တို့ ပါဝင်ပါတယ်။

"ဖြစ်တဲ့နေရာက ကမ်းနဲ့ မိုင် ၄၀ လောက်ဝေးတော့ သူတို့ ဘယ်လိုရှာနေလဲဆိုတာ မျက်မြင်မတွေ့ရဘူး။ ဒီတော့ ဘာသတင်းများ ထပ်ကြားရမလဲ မျှော်ရတာ" လို့ ပျောက်ဆုံးနေတဲ့ ရေလုပ်သားတစ်ယောက်ရဲ့မိသားစုဝင်က ပြောပါတယ်။

သင်္ဘောပျက်အတွင်း ရှာဖွေရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့နောက်မှာတော့ နစ်မြုပ်နေတဲ့ "စ.ကန်ချနာဝါရီ 888" စက်လှေကို ကမ်းဘက်ကို ပြန်လည်ဆယ်ယူဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်ထားပါတယ်။

အဲဒီနောက် သင်္ဘောရဲ့အခြေအနေကို စစ်ဆေးပြီး ဘာကြောင့် နစ်မြုပ်ခဲ့ရသလဲဆိုတာကို စုံစမ်းဖော်ထုတ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အသက်ရှင်လွတ်မြောက်လာသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးသွားခဲ့ပေမဲ့ ပျောက်ဆုံးနေသူ ၅ ယောက်ရဲ့မိသားစုဝင်တွေအတွက်တော့ ရှာဖွေရေးဟာ မပြီးဆုံးသေးပါဘူး။ ပင်လယ်ရဲ့တစ်နေရာရာကနေ ကမ်းဆီပြန်ရောက်လာမယ့်သတင်း တစ်ခုခုကို သူတို့ မျှော်နေကြပါတယ်။

ရေလုပ်သား နစ်နာကြေးနဲ့ ရပိုင်ခွင့်တွေ

ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေသေးတဲ့အတွက် ကမ်းက မိသားစုဝင်တွေအတွက် အရေးအကြီးဆုံးက ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့သူတို့ရဲ့အိမ်သား ရေလုပ်သားတွေရဲ့သတင်းကို သိရဖို့ အဓိကဖြစ်နေပါတယ်။

ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အလုပ်သမားရပိုင်ခွင့်နဲ့ နစ်နာကြေးဆိုင်ရာ ကိစ္စတွေကိုလည်း ဖြေရှင်းရဖို့ဖြစ်နေတယ်လို့ ရေလုပ်သားအခွင့်အရေးကွန်ရက် (FRN)က ဥက္ကဋ္ဌ ဦးရဲသူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ငါးဖမ်းလုပ်ငန်းဟာ အန္တရာယ်များတဲ့လုပ်ငန်းခွင်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ရေလုပ်သားတွေမှာ ပုဂ္ဂလိကအာမခံ မရှိတာတွေ ရှိပေမဲ့ လုပ်ငန်းခွင်မတော်တဆမှု ဖြစ်ပွားတဲ့အခါ ထိခိုက်နစ်နာကြေးနဲ့ အသက်လျော်ကြေး ရန်ပုံငွေစနစ် ရှိပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေက လျှောက်ထားလို့ရတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အလောင်း မတွေ့သေးတဲ့ဖြစ်စဉ်မျိုးမှာတော့ သေဆုံးကြောင်း တရားဝင် အတည်ပြုနိုင်ဖို့ လေးလအထိ စောင့်ရနိုင်တယ်လို့ ဦးရဲသူက ဆိုပါတယ်။

သေဆုံးကြောင်း အတည်ပြုပြီးမှ သေမှုသေခင်းဖွင့်ကာ နစ်နာကြေးပေးတဲ့ လုပ်ငန်းစဉ်ကို ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

"သေပြီ မသေဘူး အတည်မပြုနိုင်သေးလို့ စောင့်ရတာ၊ အလောင်းတွေ့ရင်တော့ သေမှုသေခင်း ရဲစခန်းမှာအမှုဖွင့်ပြီး လျော်ကြေးအတွက် စလုပ်လို့ရတာပေါ့" လို့ ဦးရဲသူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နစ်နာကြေးထက် ပိုပြီးအရေးကြီးတာက ပျောက်ဆုံးနေသူတွေ အသက်ရှင်နေသေးရဲ့လား၊ မရှိတော့ဘူးလား ဆိုတဲ့အဖြေတစ်ခုကို မိသားစုဝင်တွေက စောင့်မျှော်နေကြတာ ဖြစ်ပါတယ်။

"မမြင်ရသေးရင် မယုံသေးဘူး"

"စ.ကန်ချနာဝါရီ 888" ငါးဖမ်းသင်္ဘောပေါ်မှာ လိုက်ပါသွားတဲ့ မြန်မာအများစုဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ကနေ ချွန်ဘူရီဘက်ကို လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာ ရေလုပ်သားတွေ ဖြစ်ပါတယ်။

သူတို့ ချွန်ဘူရီကို ရောက်တာ နှစ်လကျော်သာ ရှိသေးပြီး သုံးလပြည့်ရင် ရနောင်းကို ပြန်ဖို့ မျှော်လင့်ထားကြသူတွေလည်း ပါဝင်ပါတယ်။

တချို့မိသားစုတွေဟာ ရနောင်းကနေ လိုက်လာပြီး အိမ်ထောင်ဖက်နဲ့ အတူတူနေကြသူတွေရှိသလို အခုလိုသတင်းတွေကြောင့် ဒီရက်ပိုင်းမှ လိုက်လာကြတဲ့ မိသားစုဝင်တွေလည်း ရှိပါတယ်။

စက်လှေနစ်မြုပ်သွားတဲ့သတင်းကို စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာ စက်လှေတာဝန်ရှိသူက လာရောက်အကြောင်းကြားရာကနေ စတင်သိခဲ့ရတယ်လို့ ပျောက်ဆုံးနေသူ ရေလုပ်သားရဲ့ အမျိုးသမီး မသွယ်သွယ်အေး (နာမည်လွှဲ)က ပြောပါတယ်။

"ကျွန်မယောက်ျားပါသွားတဲ့ ၈၈၈ စက်လှေ မှောက်တယ်ဆိုတော့ ဘာမှစဉ်းစားလို့ မရတော့ဘူး။ ဘာလုပ်လို့ ဘာကိုင်ရမယ်လည်း မသိဘူး။ ကိုယ့်ဟာနဲ့ကိုယ် ရူးမတတ် ခံစားရတာပေါ့" လို့ သူက ဆိုပါတယ်။

တချို့ဆိုရင် တစ်မိသားစုတည်းက လှေလုပ်သား ၂ ယောက်အထိ ပျောက်ဆုံးနေတာလည်း ရှိပါတယ်။ သင်္ဘောမှောက်ပြီး ရက်ပိုင်းကြာတဲ့အထိ ပြန်မတွေ့သေးပေမဲ့ အလောင်းကို မြင်ရမှ လက်ခံမယ်လို့လည်း မိသားစုဝင်တွေက ပြောကြပါတယ်။

"အသက်ရှင်နေရင် အသက်ရှင်လျက် ပြန်တွေ့ချင်တယ်။ သေသွားရင်လည်း အလောင်းကို တွေ့ချင်တယ်" လို့ ပျောက်ဆုံးရေလုပ်သားတစ်ဦးရဲ့ မိသားစု၀င်တစ်ဦးက ပြောပါတယ်။

စမဲစန်ဆိပ်ကမ်းမှာတော့ ပျောက်ဆုံးနေသူတွေရဲ့မိသားစုဝင်တွေဟာ နေ့ရက်အတော်ကြာ စောင့်ဆိုင်းနေကြရပါတယ်။

ပင်လယ်ထဲမှာ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေတုန်းဖြစ်ပေမဲ့ ဆိပ်ကမ်းတစ်ဖက်မှာတော့ မိသားစုဝင်တွေဟာ မျှော်လင့်ချက်နဲ့ စိုးရိမ်မှုကြားက သတင်းတစ်စုံတစ်ရာကို စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

မိုး၊ လှိုင်းနဲ့ အမှောင်ထုကြား ပင်လယ်ပြင်ထဲက သင်္ဘောဝမ်းဗိုက်ပေါ်မှာ ငါးနာရီကျော် ဖက်တွယ်ခဲ့ရတဲ့ ကိုမောင်မောင်ဦးအတွက်တော့ အဲဒီညဟာ "တစ်မိနစ်လောက်အချိန်လေးမှာ ကျွန်တော်တို့တွေ အမှောင်ကျသွားတယ်" ဆိုတဲ့စကားနဲ့တင် ဒုက္ခကို ဖော်ပြဖို့ လုံလောက်တဲ့အခြေအနေ ဖြစ်ပါတယ်။

ဒါပေမဲ့ ပျောက်ဆုံးနေတဲ့ ရေလုပ်သား ၅ ယောက်ရဲ့မိသားစုတွေအတွက်တော့ စိုးရိမ်ပူပန်မှု အမှောင်ထုက မပြီးဆုံးသေးပါဘူး။

ပင်လယ်ထဲကနေ သတင်းတစ်စုံတစ်ရာ ပြန်ရောက်လာမလားဆိုတဲ့မျှော်လင့်ချက်ကို သူတို့ ဆက်ပြီး ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။