ချင်းတွင်းမြစ်ကို ဆန်တက်တဲ့စစ်သင်္ဘောတွေ စစ်ကိုင်းနဲ့ကချင်ကို စိုးမိုးဖို့လား

မုံရွာမြို့အနီး ချင်းတွင်းမြစ်ထဲ ဇူလိုင်အစောပိုင်းတုန်းက မြင်တွေ့ရတဲ့စစ်သင်္ဘောတစ်စင်းကို မြင်တွေ့ရတာဖြစ်ပါတယ်။ စစ်သင်္ဘောတစ်စင်းနဲ့ အနောက်ဘက်ကမ်းမှာ ရပ်တော်မူ စေတီတဆူ၊ ထိုင်တော်မူ စေတီတစ်ဆူနဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်အချို့၊ တောင်တန်းအချို့နဲ့ အစိမ်းရောင် အပင်တွေကိုလည်းမြင်ရ၊ ချင်းတွင်းမြစ်ရေဟာ မိုးရာသီမှာမြင်တွေ့ရတဲ့ ဝါကျင့်ကျင့်အရောင်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

ဓာတ်ပုံ ပုံစာ, မုံရွာမြို့အနီး ချင်းတွင်းမြစ်ထဲ ဇူလိုင်လအစောပိုင်းတုန်းက မြင်တွေ့ရတဲ့စစ်သင်္ဘောတစ်စင်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

ကချင်ပြည်နယ်နဲ့ဆက်နေတဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကို အင်အားဖြည့်တင်းဖို့ မြန်မာစစ်တပ်က ချင်းတွင်းမြစ်ရေတက်ချိန်ကို အသုံးချနေပါတယ်။

တိုက်ခိုက်ရေးစစ်သင်္ဘောတွေ လုံခြုံရေးယူပြီး ရေတပ်ရေယာဉ်တွေနဲ့အားဖြည့်ထားတဲ့ စစ်တပ်ထောက်ပို့တွဲသင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ် ရေမိုင် ၄၅၀ နီးပါးကို ဆန်တက်ပြီး ဟုမ္မလင်းကို ရောက်နေပါတယ်။

ဝမ်းပြားနဲ့ တွဲသင်္ဘောတွေလည်း ပါဝင်တဲ့ ဒီထောက်ပို့ စစ်သင်္ဘောအုပ်စုဟာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စစ်ကိုင်းတိုင်းထဲ လက်နက်နဲ့ ရိက္ခာအင်အားတွေ ဖြန့်ချထားခဲ့တယ်လို့ သင်္ဘောအုပ်စုလမ်းကြောင်းကို စောင့်ကြည်တဲ့မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းကနေ ခရီးစတင်တဲ့ဒီသင်္ဘောအုပ်စုမှာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ဝန်ထမ်းတွေလိုက်ပါလာပြီး လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာထုတ်တွေလည်း သယ်ဆောင်လာတယ်လို့ သူတို့က ဆိုပါတယ်။

ဒီသင်္ဘောအုပ်စုဟာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ကနီနဲ့ မင်းကင်းမြို့နယ် ရေပိုင်နက်ကို ဖြတ်ချိန်မှာ ဒရုန်းတွေအပါအဝင် ပုံစံမျိုးစုံနဲ့တိုက်ခိုက်ခံရလို့ သင်္ဘော ၃ စင်းထက်မနည်း ပျက်စီးတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

ချင်းတွင်းမြစ် ရေတက်ချိန် ရေမိုင်ခရီးရာချီကို ဆန်တက်တဲ့စစ်တပ်က ရေလမ်းတစ်လျှောက်ကို ဘယ်လိုဖြတ်သန်းခဲ့လဲ။ ဒီရေကြောင်းခရီးကို ဘာကြောင့်အလေးထားသင့်လဲ။

စစ်သင်္ဘောအုပ်စု ဘယ်နေရာတွေမှာ တစ်ထောက်နားခဲ့လဲ

၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းမြစ်ကြောင်း အထူးသဖြင့် အညာမြစ်ကြောင်းမှာသွားတဲ့ စစ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်တွေရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကိုယ်ထည်တွေမှာ ရာဘာကွင်းတွေ ချိတ်ဆွဲ ခုတ်မောင်းလာတာကို မြင်ရပါတယ်။ မိုးတွင်း ရေတက်ချိန်မှာ ပြည်တွင်း မြစ်ကြောင်းမှာ သွားလာနေတဲ့ စစ်သင်္ဘောတစ်စင်းကို ရာဘာကွင်းအနက်ရောင်တွေ ကိုယ်တည်မှာ ချိတ်ဆွဲထားပြီး ခုတ်မောင်းနေတာကို မြင်တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းမြစ်ကြောင်း အထူးသဖြင့် အညာမြစ်ကြောင်းမှာသွားတဲ့ စစ်သင်္ဘောတွေဟာ တော်လှန်ရေးတပ်တွေရဲ့ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် သင်္ဘောကိုယ်ထည်တွေမှာ ရာဘာကွင်းတွေ ချိတ်ဆွဲ ခုတ်မောင်းလာ

သင်္ဘောအမျိုးအစင်းရေ စုစုပေါင်း ၂၈ စင်းပါတဲ့ စစ်သင်္ဘောအုပ်စုဟာ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝစတဲ့မြို့နယ်တွေ ခရီးတစ်ထောက်နားခဲ့တယ်လို့ အဲဒီဒေသတွေမှာ နေထိုင်နေကြတဲ့မြေပြင်သတင်းရင်းမြစ် ၄ ဦး ထက်မနည်းက ပြောပါတယ်။

မုံရွာမြို့က လွဲရင် တစ်ထောက်နားတဲ့နေရာတိုင်းမှာ စစ်ရေးအတွက် လူအင်အားနဲ့ ရိက္ခာတွေ ချခဲ့တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီသင်္ဘောအုပ်စုမှာ အများစုက ဖလက်သံခွံလို့ ဒေသတွင်းမှာ ခေါ်ကြတဲ့ သံခွံအမျိုးအစား ဝမ်းပြားနဲ့ တွဲသင်္ဘောတွေ ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၂၆ စင်းက ဖလက်ခွန် ကုန်တင်သင်္ဘောဖြစ်ပြီး နောက်ထပ် ၂ စင်းကတော့ စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရေယာဉ်တွေဖြစ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

ဖလက်သံခွံဆိုတာဟာ အောက်ခံပြန့်ပြီး သံခွံပြားအမျိုးအစား ကုန်တင်သင်္ဘောဖြစ်ပါတယ်။ တွန်းသင်္ဘောအကူအညီနဲ့ မြစ်ကြောင်းအတိုင်း ဆန်တက်ရတာဖြစ်ပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ "ကလေးဝမှာတော့ လူအင်အားရော၊ ရိက္ခာရော အများဆုံးချတယ်" လို့ စစ်တပ်ရဲ့စစ်သင်္ဘောလမ်းကြောင်းကို စောင့်ကြည့်နေတဲ့ကလေးဝအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကလေးဝဒေသကို ကြည့်မယ်ဆိုရင် မြို့ရဲ့အနောက်ဘက်မှာ ကလေး-ခမ်းပတ်-တမူးကားလမ်းပိုင်းရှိပြီး ဒီလမ်းပိုင်းဟာ အိန္ဒိယနယ်စပ်နဲ့အနီးဆုံးဒေသဖြစ်ပါတယ်။

မုံရွာကနေ ရေကြောင်းအတက် ကနီ၊ မင်းကင်းနဲ့ ကလေးဝမြို့နယ်တွေဟာ ကုန်းတွင်းပိုင်းမှာ အိန္ဒိယ - မြန်မာကုန်သွယ်ရေးအတွက် အရေးပါတဲ့ မုံရွာ-ယာကြီး- ကလေးဝ လမ်းပိုင်း ဖြတ်သလို ရေကြောင်းမှာတော့ ချင်းတွင်းမြစ်က ဒီမြို့နယ်တွေကို ဖြတ်သန်းစီးဆင်းနေတာဖြစ်ပါတယ်။

ဒီလမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ မြန်မာစစ်တပ်က ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့လတွေအတွင်း သတင်းထုတ်ခဲ့သလို လမ်းပိုင်းတချို့နေရာတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ကလေးအခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အိန္ဒိယနယ်စပ်အထိ ပေါက်တဲ့ ဒီလမ်းပိုင်းရဲ့နောက်တစ်ပိုင်းဖြစ်တဲ့ မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းကိုတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာကနေ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လဆန်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။

အိန္ဒိယထောက်ပံ့ငွေ ဒေါ်လာသန်းဆယ်ချီနဲ့ အဆင့်မြှင့်တင်နေတဲ့ဒီလမ်းပိုင်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လတုန်းက အိန္ဒိယကို သွားတဲ့သူ့ခရီးစဉ်မှာ အိန္ဒိယနဲ့ထိစပ်နေတဲ့ မြန်မာဘက်ခြမ်းက နယ်မြေတွေမှာ မိုးရာသီကာလတွေအတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်မယ့်အကြောင်း ထုတ်ပြောခဲ့ပါတယ်။

အဲဒီနောက် သူ့ခရီးစဉ်အပြီး သီတင်းပတ်အနည်းငယ်အကြာမှာပဲ စစ်တပ်က မုံရွာ- ယာကြီး - ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီလို့ ကြေညာပါတယ်။

ဒီလမ်းပိုင်းဟာ မြန်မာနိုင်ငံအလယ်ပိုင်းကနေ ထိုင်းနိုင်ငံအထိ ဆက်သွယ်မယ့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာဘက်ခြမ်းမှာပဲ ကြန့်ကြာနေလို့ အိန္ဒိယဘက်က တွန်းတွန်းတိုက်တိုက်ပြောနေခဲ့တာဖြစ်ပါတယ်။

ဖောင်းရစ် အဝါရောင်နဲ့ တွဲသင်္ဘော ဝမ်းပြားရေယာဉ် တစ်စင်း မြစ်ရေပြင်ထဲ ခုတ်မောင်းနေတာကိုမြင်ရ၊ အစိမ်းရောင် အမိုးစကို အုပ်ထားပြီး ကြိုးတွေနဲ့သိုင်းယှက်ထားတာကိုလည်း မြင်တွေ့ရပါတယ်

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

ဓာတ်ပုံ ပုံစာ, စစ်သင်္ဘောအုပ်စုထဲက သင်္ဘောတစ်စင်း

ကနီ၊ မင်းကင်းနဲ့ ကလေးဝ စတဲ့ဒေသတွေဟာ ၂၀၂၆ နှစ်စပိုင်းကစပြီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရှိန်မြင့်တက်နေတဲ့ဒေသတွေဖြစ်ပြီး မုံရွာ- ရွာကြီး- ကလေးဝ လမ်းပိုင်းဖြတ်ပါတယ်။

တစ်ဖက်မှာလည်း ဒီလမ်းပိုင်းကတဆင့် ဆားလင်းကြီးမြို့နယ်ထဲက တရုတ်ရဲ့ ကြေးနီစီမံကိန်းတွေဆီ ဦးတည်တဲ့လမ်းပိုင်းရှိထားနေပြီးဖြစ်ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ကနီနဲ့ မင်းကင်းဒေသတွေမှာ အင်အားဖြန့်ကြက်တာဟာ နယ်မြေစိုးမိုးနိုင်ရေးအပြင် စီမံကိန်းရလာမယ့်အကျိုးရလဒ်တွေလည်း ရှိနေတာကြောင့် "တစ်ချက်ခုတ် နှစ်ချက်ပြတ်" အခြေအနေလို့ စစ်ကိုင်းနိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်ရဲ့သင်္ဘောအုပ်စုမှာ မြစ်မှာ မိုးရာသီကာလ ရေတက်နေချိန်မှာပဲ ဒီလို ရေကြောင်းအားပြုပြီး အင်အားတွေ ပို့လွှတ်နိုင်တာလို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

"ရေများမှ ရေတက်နေချိန်မှ သင်္ဘောတွေနဲ့ စစ်ကူပို့နိုင်တာ၊ ရေနည်းနေရင် ရွေ့တာလည်းနည်းပြီး စုံချည်၊ ဆန်ချည်သွားရတာ မလွယ်ကူဘူး" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ စစ်ရေးပြင်းထန်နေတဲ့ဒေသတွေမှာ လမ်းပိုင်းနဲ့ လှုပ်ရှားသွားလာကြတဲ့လမ်းပိုင်းတွေမှာ အပြန်အလှန်ပိတ်ဆို့မှုတွေရှိနေတာကြောင့် စစ်တပ်အနေနဲ့ ရေကြောင်းလမ်းကို အားပြုရတာလို့ စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ပြောပါတယ်။

စစ်တပ်က ဒီရေကြောင်းကို မိုးရာသီကာလမှာ အားပြုပြီး လက်နက်၊ ရိက္ခာထောက်ပံ့မှုတွေလုပ်နေသလို တစ်ဖက်မှာလည်း ဒီအခြေအနေကို ဟန့်တားချင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက စောင့်ကြိုတိုက်ခိုက်တာတွေ လုပ်နေပါတယ်။

ချင်းတွင်းမြစ်ထဲ တော်လှန်ရေးတပ်တွေ တိုက်ခိုက်လို့ သင်္ဘောအုပ်စုထဲက ၆ စီးထက်မနည်းပျက်စီး

ဖောင်းပြင်ရေပိုင်နက်မှာ မြုပ်သွားတဲ့ သင်္ဘောတစ်စင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဖောင်းပြင်ရေပိုင်နက်မှာ မြုပ်သွားတဲ့ သင်္ဘောတစ်စင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းတက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ကနီနဲ့ မင်းကင်းမြို့နယ်ကြားမှာ တော်လှန်ရေးတပ်ရင်း ၅ ရင်းထက်မနည်းက FPV ဒရုန်းနဲ့ လက်နက်ငယ်တွေ သုံးပြီး ၃ ကြိမ် ကြားဖြတ် ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်၊ အမှတ် ၈ တပ်ရင်းက ပြောပါတယ်။

ဇူလိုင် ၇ ရက်က လုပ်ခဲ့တဲ့အဲဒီတိုက်ခိုက်မှုအတွင်း စစ်သင်္ဘောပေါ်မှာ ပါလာတဲ့ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးတယ်လို့လည်း ကလေးခရိုင်အခြေစိုက် အမှတ် ၂ မင်းကင်း တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။ သေဆုံးမှုအခြေအနေကိုတော့ ဘီဘီစီက သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ဒီတိုက်ခိုက်မှုကို ကလေးခရိုင် တပ်ရင်း ၄ ရင်းနဲ့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့သင်္ဘောတစ်စင်းပျက်စီးခဲ့ပြီး အဲဒီသင်္ဘောကတော့ ကနီနယ်ဘက်ကို ပြန်ဆုတ် မောင်းသွားတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

"ကျန်တဲ့သင်္ဘောတွေကတော့ ကလေးဝ ဘက်ကို ဆက်တက်တာပေါ့" လို့ ဆိုပါတယ်။

ကလေးဝမြို့ကို ဆက်တက်ခဲ့ပြီး ကလေးဝမှာလည်း သင်္ဘောအုပ်စုက စစ်အင်အားနဲ့ လက်နက် ရိက္ခာတွေ ထပ်ချခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ကလေးဝကနေ ဆန်တက်လာပြီးတဲ့နောက် မော်လိုက် ရေပိုင်နက်အရောက်မှာ စက်ချွတ်ယွင်းမှုကြောင့် သင်္ဘောတစ်စင်းပျက်ခဲ့ပြီး မော်လိုက်မှာပဲ ကျန်နေရစ်ခဲ့တယ်လို့ အဲဒီဒေသက မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

ဇူလိုင် ၁၆ ရက်မှာတော့ ဖောင်းပြင်ဆိပ်ကမ်းအထိ သင်္ဘောအုပ်စု ဆန်တက်ခဲ့ပြီး အဲဒီအုပ်စုမှာ သင်္ဘော ၂၁ စင်းပဲ ပါလာတော့တယ်လို့ ဖောင်းပြင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ဖောင်းပြင်နယ်အတွင်း တော်လှန်ရေးတပ်တချို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဘော ၃ စင်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

"တစ်စင်းကတော့ မြုပ်သွားတယ်" လို့ သူက ဆက်ပြောပါတယ်။

သင်္ဘောအုပ်စုဟာ ဖောင်းပြင်ကနေ ဟုမ္မလင်းမြို့နယ်အထိ ထပ်မံဆန်တက်ခဲ့ပြီး လမ်းခုလတ်က ‌NUG ထိန်းချုပ်ထားတဲ့ ရွှေပြည်အေးနယ်အတွင်းမှာပဲ တော်လှန်ရေးတပ်တွေနဲ့ သင်္ဘောအုပ်စုတို့ကြား ပစ်ခတ်မှုတွေ ထပ်ဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ရွှေပြည်အေးအခြေစိုက် လှုပ်ရှားတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ "ဒီဘက်ကပစ်တာ သင်္ဘော ၃ စင်းလောက် ထိတယ်။ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်တယ်" လို့ သူက ထုတ်ပြောပါတယ်။

စစ်သင်္ဘောအုပ်စုကို စောင့်ကြိုတိုက်ခိုက်တာတွေ လုပ်ခဲ့ပေမဲ့ သင်္ဘောတွေရဲ့ဦးတည်ရာမပျက်ဘဲ ဆက်ထွက်ခွာသွားနိုင်တာကြောင့် ရေလမ်းကြောင်းသုံးပြီး ထောက်ပံ့မှုကို ဟန့်တားရာမှာ မအောင်မြင်တဲ့သဘောပဲလို့ ဖောင်းပြင်အခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။

"စစ်သင်္ဘောအုပ်စုကို အထိနာအောင် တိုက်ခဲ့ပေမဲ့ သင်္ဘောတွေ လုံးဝမြုပ်သွားအောင် စက်သေသွားအောင် ဖျက်ဆီးနိုင်တဲ့နည်းပညာနဲ့ လက်နက် မရှိသေးဘူး" လို့ သူက ဖွင့်ပြောပါတယ်။

စစ်သင်္ဘောတွေရဲ့ လမ်းကြောင်း

ဇူလိုင်လအတွင်း ဖောင်းပြင်နဲ့ မော်လိုက်ဒေသကြား စစ်ရေးလှုပ်ရှားနေတဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ် တပ်ဖွဲ့ဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, တယ်လီဂရန်

ဓာတ်ပုံ ပုံစာ, ဇူလိုင်လအတွင်း ဖောင်းပြင်နဲ့ မော်လိုက်ဒေသကြား စစ်ရေးလှုပ်ရှားနေတဲ့ မြန်မာစစ်တပ်ရဲ့ ကြည်းတပ် တပ်ဖွဲ့ဝင်တချို့

စစ်တပ်ရဲ့ သင်္ဘောအုပ်စုဟာ မုံရွာ-ကနီ-မော်လိုက်ကနေ ဖောင်းပြင်-ဟုမ္မလင်းမြို့အထိ ဆက်ခုတ်မောင်းပြီးတဲ့နောက် မြစ်အထက်ဘက် ခန္တီးမြို့အထိ ဆက်သွားမှာဖြစ်တယ်လို့ ဒီလမ်းကြောင်းအခြေအနေကိုသိထားတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"အရင်နှစ်တွေကလည်း ဒီလမ်းကြောင်းကို စစ်တပ်က သုံးတယ်။ ဒါပေမဲ့ ရိက္ခာပို့ ဖို့လောက်ပဲ" လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းကလည်း ဒီမြစ်ကြောင်းအတိုင်း သင်္ဘောအုပ်စုလိုက် ဆန်တက်လာတာတွေ ရှိခဲ့ပေမဲ့ သင်္ဘောအရေအတွက် အခုလောက် မများသလို စားနပ်ရိက္ခာထုတ်တွေကိုသာ လမ်းကြော တလျှောက်ဖြန့်ချခဲ့တာလို့ သူက ဖြည့်ပြောပါတယ်။

"အခုလို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ စစ်အင်အား ရာချီတင်ဆောင်လာတာမျိုး မဟုတ်ဘူး"လို့ သူက ဆိုပါတယ်။

မော်လိုက်နဲ့ ဟုမ္မလင်းမြို့တို့အထိ စစ်တပ်ရဲ့သင်္ဘောအုပ်စု ခရီးဆန်တက်နိုင်ခဲ့တာကြောင့် အဲဒီဒေသတွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြန်ပြီးပြင်းထန်လာနိုင်တယ်လို့ ဖောင်းပြင်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက သုံးသပ်ပါတယ်။

"ဒရုန်းတွေ၊ လက်နက်ရိက္ခာတောင့်တင်းရင် စစ်ကို ကောင်းကောင်းတိုက်နိုင်တဲ့ အခြေအနေရှိတာပေါ့ " လို့ သူကပြောပါတယ်။

မော်လိုက်၊ ဖောင်းပြင်နဲ့ ဟုမ္မလင်းမြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး မြို့နယ်ထဲက ကျေးရွာတချို့မှာတော့ တော်လှန်ရေးတပ်တွေက ခြေကုပ်ယူ တပ်စွဲထားတာလို့ သူက ရှင်းပြပါတယ်။

ဟုမ္မလင်းဒေသမှာတော့ စစ်တပ်အပြင် သူ့ရဲ့ မဟာမိတ် ရှမ်းနီတပ်(SNA) တို့ကပါ မြို့နယ်ထဲမှာ အပိုင်းလိုက် ထိန်းချုပ်ထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

"ဟုမ္မလင်းက စစ်တပ်ထိန်းချုပ်တဲ့နယ်မြေဧရိယာနဲ့ အင်အားက ပိုများတယ်" လို့ သူက ဖြည့်ပြောပါတယ်။

အလားတူ ချင်းတွင်းမြစ်ကြောင်းကနေသာ စစ်တပ်က အင်အားဖြည့်တင်းတဲ့ အကြိမ်ရေများများလုပ်လာရင် ဟုမ္မလင်းမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ "ရွှေပြည်အေးမြို့လည်း စစ်တပ်လက်ထဲ ပြန်ပေးလိုက်ရ နိုင်တယ်"လို့ သူက ပြောပါတယ်။

ရွှေပြည်အေးမြို့ဟာ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့မြို့ဖြစ်ပြီး ဟုမ္မလင်းကနေ မြစ်ကြောင်းအတိုင်းစုန်ဆင်းမယ်ဆိုရင် ၂၅ မိုင်ဝန်းကျင်ပဲ ဝေးပါတယ်။

ရွှေပြည်အေးမြို့ကို NUG လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းနိုင်ငံရေးလေ့လာသူတစ်ဦးကတော့ စစ်တပ်ရဲ့ချင်းတွင်းမြစ်ကြောင်း အားပြုသုံးလာတာဟာ ဟုမ္မလင်းရဲ့အရှေ့တောင်ခြမ်းကျတဲ့ ကသုံးလုံးဒေသအတွက်လည်း စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တယ်လို့ ဟုမ္မလင်းအခြေစိုက် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ကသုံးလုံးအပါအဝင် စစ်ကိုင်းအထက်ပိုင်းတစ်ခုလုံး စစ်တပ်လက်အောက် ပြန်ရောက်သွားနိုင်တယ်လို့ သူက ထုတ်ပြောပါတယ်။

ချင်းတွင်းမြစ်၊ စစ်ကိုင်း-ချင်းနဲ့ ကသုံးလုံး

ဇူလိုင် ပထမအပတ်က ချင်းတွင်းရေပြင် မုံရွာရေပိုင်နက်ထဲမှာတွေ့ရတဲ့ စစ်‌ရေယာဉ်တစ်စီး

ဓာတ်ပုံ ရင်းမြစ်, အညာပစ်တိုင်းထောင်လေးများ

ဓာတ်ပုံ ပုံစာ, ဇူလိုင် ပထမအပတ်က ချင်းတွင်းရေပြင် မုံရွာရေပိုင်နက်ထဲမှာ တွေ့ရတဲ့ စစ်‌ရေယာဉ်တစ်စီး

စစ်ကိုင်းနဲ့ ကချင်ကို ဆက်သွယ်ထားတဲ့ ချင်းတွင်းမြစ်ကြောင်းကိုသုံးပြီး စစ်ရေးထောက်ပံ့မှုတွေလုပ်နေတာဟာ ''က'' သုံးလုံးဒေသက တိုက်ပွဲတွေအတွက် နောက်ကျောလုံရေးအတွက်ဖြစ်တယ်လို့ အကဲခတ်တွေက ရှုမြင်ကြပါတယ်။

''က'' သုံးလုံးဒေသဆိုတာဟာ စစ်ကိုင်းအထက်ပိုင်းက ကောလင်း၊ ကသာ၊ ကန့်ဘလူခရိုင်ထဲမှာရှိတဲ့ မြို့နယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့ကို စစ်တပ်က အင်အားထပ်ပြီး ဖြည့်တင်းဖို့ ရည်ရွယ်တာဟာ အဲဒီမြို့ကနေ ''က'' သုံးလုံးဒေသထဲက ပင်လည်ဘူးနဲ့ ဗန်းမောက်စတဲ့ဒေသတွေမှာ ခြေလှမ်းအသာစီးရပြီး အင်အားအထိုင်ချအောင် လုပ်ဖို့ ရည်ရွယ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမှာ စစ်တပ်က ခြေကုပ်ယူထားပြီးသားဖြစ်လို့ "ဗန်းမောက်ကို ဆင်းလာမယ်။ အဲဒီကနေ အင်းတော်နဲ့ ကသာဘက်ကလည်း လမ်းပေါက်ပြီးသားပဲ" လို့ သူက ပြောပါတယ်။

ကသာခရိုင်ထဲက ဗန်းမောက်မြို့ကိုတော့ စစ်တပ်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ပြန်သိမ်းခဲ့တာဖြစ်ပါတယ်။

ကောလင်းခရိုင်ထဲမှာရှိတဲ့ ပင်လည်ဘူးမြို့ကိုတော့ NUG လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းက နေရာအတော်များများကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်တဲ့နောက် ပင်လည်ဘူးမြို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ဒေသတို့အတွက် အရေးပါတဲ့ ဆုံချက်နေရာတစ်ခုလို ဖြစ်လာပါတယ်။

"ရှမ်းမြောက်နဲ့ ကချင်က ကုန်စည်တွေ အိမ်သုံးပစ္စည်းကစလို့ လူအသုံးအဆောင်တွေ ဒီပင်လည်ဘူးကနေပဲ စစ်ကိုင်းအလယ်ပိုင်းကို ဆက်ဆင်းတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အလားတူ စစ်ကိုင်းအထက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ပင်လည်ဘူးဒေသဟာ ''က'' သုံးလုံးဒေသနဲ့ စစ်ကိုင်းထဲကို စစ်ရေးလှုပ်ရှားမှုတွေလုပ်ရာမှာ ဖြတ်သန်းရတဲ့နယ်မြေတစ်ခုဖြစ်နေတယ်လို့ ပင်လည်ဘူးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

"ဖောင်းပြင်-ပင်လည်ဘူး၊ ဖောင်းပြင်-ဗန်းမောက်-အင်းတော် လမ်းပိုင်းတွေကို စစ်တပ်က ထိန်းချုပ်နိုင်ရေးကြိုးစားနေတာ"လို့ သူက ဆိုပါတယ်။

ချင်းတွင်းမြစ်ကြောင်းစိုးမိုးနိုင်ရေးနဲ့ ဒီမြစ်ကြောင်းအားပြုထားတဲ့ စစ်ရေးထောက်ပံ့မှုတွေ ပိုလုပ်နိုင်လာရင် ကသုံးလုံးနဲ့ စစ်ကိုင်းအထက်ပိုင်းတစ်ခုလုံး စစ်တပ်လက်အောက် ပြန်ရောက်သွားနိုင်တယ်"