အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ - ထရမ့်က အရွယ်ရောက်သူတိုင်းကို ဒေါ်လာ ၅,၀၀၀ တကယ်ပေးနိုင်လား

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, အဲလက်စ် ဘွိုက်ဒ်
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၅
ရီပတ်ဘလီကန်ပါတီက နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် အမေရိကန်နိုင်ငံသား အရွယ်ရောက်သူတိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒါပေမဲ့ ဒီအစီအစဉ်အတွက် ငွေဘယ်ကနေရမလဲဆိုတာနဲ့ အဲဒီလို ကမ်းလှမ်းချက်က ဥပဒေနဲ့ညီရဲ့လားဆိုတာ မရှင်းလင်းသေးပါဘူး။
ထရမ့်ရဲ့ အဲဒီပြောဆိုချက်ကို ဗုဒ္ဓဟူးနေ့ညက တက္ကဆပ်မှာလုပ်ခဲ့တဲ့ ပါတီညီလာခံမှာ ထောက်ခံသူတွေက အော်ဟစ်လက်ခုပ်တီးပြီး ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တွေကတော့ "ဗလာကတိ"လို့ ဝေဖန်ခဲ့ကြပြီး တချို့ကလည်း ဒီအစီအစဉ်ဟာ ဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့ကြပါတယ်။
ထရမ့်ကတော့ ဒီငွေကို ဘယ်လို ရှာဖွေသုံးစွဲမလဲဆိုတာ အသေးစိတ် မပြောသေးပါဘူး။
ဒါပေမဲ့ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် ကတော့ အခွန်ကောက်ရာကနေ ရတဲ့ ဝင်ငွေနဲ့ ပေးနိုင်တယ်လို့ ပြောခဲ့ပြီး၊ အဲဒီငွေတွေကို ချမ်းသာကြွယ်ဝသူတွေတော့ ရရှိမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ထရမ့်ရဲ့ ဒေါ်လာ ၅,၀၀၀ ကမ်းလှမ်းချက်က ဥပဒေနဲ့ ညီလား
အမေရိကန် ဖက်ဒရယ်ဥပဒေအရ မဲပေးတဲ့ပုံစံကို သြဇာလွှမ်းမိုးဖို့ ရည်ရွယ်ပြီး ငွေပေးတာဟာ တရားမဝင်ပါဘူး။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က ထရမ့်ပြောခဲ့တဲ့ အစီအစဉ်ကို အခွန်လျှော့ပေးမယ့် ကတိတစ်ခုအနေနဲ့ သတ်မှတ်နိုင်တာကြောင့် တရားဝင်နိုင်တယ်လို့ ဥပဒေပညာရှင်တချို့က ပြောပါတယ်။
ဆောက်သမ်တန်တက္ကသိုလ်က ဥပဒေဘာသာရပ်ကထိက ဒေါက်တာ ဂျုံး မဟိုနီက ဒီအစီအစဉ်ဟာ မဲဆွယ်ကာလကတိတစ်ခုနဲ့ ဆင်တူတဲ့အတွက် တရားဝင်နိုင်တယ်လို့ ယူဆနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေက ပုံမှန်အားဖြင့် "ဒီလောက်ထိ တိုက်ရိုက်ပြောလေ့မရှိဘူး" လို့လည်း ဆိုပါတယ်။
"တစ်ဖက်ကကြည့်ရင် ရီပတ်ဘလီကန်တွေကို မဲပေးရင် ငွေရမယ်'' ဆိုသလို ဖြစ်နေတာကြောင့် လာဘ်ပေးလာဘ်ယူနဲ့ ဆင်တူပြီး အဲဒါမျိုးဆိုရင်တော့ လုံးဝ ဥပဒေနဲ့မညီဘူးလို့ သူကပြောပါတယ်။
"ဒါပေမဲ့ တစ်ဖက်မှာတော့ ဘယ်လိုပဲ မဲပေးခဲ့ပေးခဲ့ လူတိုင်းကို ပေးမယ့်ငွေဖြစ်တဲ့အတွက် အဲဒီအဓိပ္ပာယ်နဲ့ဆို လာဘ်ပေးတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ ပါတီနိုင်ရင် အခွန်လျှော့ပေးမယ်ဆိုတဲ့ မဲဆွယ်ကတိပေးသလိုမျိုးပဲ ဖြစ်တာကြောင့် ဒါမျိုးကတော့ တရားဝင်မယ်လို့ ထင်ပါတယ်၊ ပါတီတိုင်းကလည်း ဒါမျိုးပြောကြတာပါပဲ"လို့ ဒေါက်တာ မလိုနီက ပြောပါတယ်။
ဒါပေမဲ့ လန်ဒန်အခြေစိုက် ပညာရှင်အဖွဲ့ Chatham House ရဲ့ အမေရိကန်နဲ့ မြောက်အမေရိကအစီအစဉ် ဒါရိုက်တာ လော်ရယ်ရက်ပ် ကတော့ ထရမ့်ရဲ့ ကတိဟာ ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးသမားတွေ ပုံမှန်ပေးလေ့ရှိတဲ့ ကတိမျိုးမဟုတ်ဘဲ "ဒါလုပ်ပေးရင် ဒါရမယ်ဆိုတဲ့ အပေးအယူသဘော ပိုသက်ရောက်တဲ့ ကတိတစ်ခု"လို ဖြစ်နေတယ်လို့ ဘီဘီစီ ကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Justin Sullivan/Getty Images
တစ်ယောက် ဒေါ်လာ ၅,၀၀၀ ပေးရင် ဘယ်လောက်ကျမလဲ၊ပေးဖို့ အမေရိကန်တတ်နိုင်ပါ့မလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဥပဒေနဲ့ ကိုက်ညီမကိုက်ညီဆိုတဲ့ မေးခွန်းအပြင်၊ အီရန်စစ်ကြောင့် အမေရိကန်ရဲ့ ကြွေးမြီတွေ တိုးလာနေတဲ့အခြေအနေမှာ ထရမ့်ရဲ့ ဒေါ်လာ ၅,၀၀၀ စီ ပေးမယ့် အစီအစဉ်ကို ဘဏ္ဍာရေးအရ တကယ်အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကိုလည်း မေးခွန်းထုတ်နေကြပါတယ်။
အမေရိကန်မှာ အရွယ်ရောက်သူ သန်း ၂၇၀ နီးပါး ရှိတာကြောင့် လူတစ်ဦးကို ဒေါ်လာ ၅,၀၀၀ စီပေးမယ်ဆိုရင် အမေရိကန်အစိုးရအနေနဲ့ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံလောက်ကုန်ကျနိုင်ပါတယ်။
ထရမ့်က မိန့်ခွန်းပြောတဲ့အချိန်မှာ အဲဒီငွေကို ဘယ်လို ရန်ပုံငွေရှာပြီး ပေးမလဲဆိုတာ အသေးစိတ် မပြောခဲ့ပါဘူး။
အမေရိကန်မှာ အစိုးရအသုံးစရိတ်တွေကို ခွင့်ပြုပေးတဲ့အာဏာက ကွန်ဂရက်မှာ ရှိပါတယ်။
ဒါပေမဲ့ ထရမ့်က အဲဒီငွေပေးဖို့ ကွန်ဂရက်ရဲ့ ခွင့်ပြုချက် တောင်းမလားဆိုတာ မပြောခဲ့ပါဘူး။ ဒီလောက်ကြီးမားတဲ့ ငွေပမာဏကို သမ္မတရဲ့ အမိန့်တစ်ခုတည်းနဲ့ ခွင့်ပြုပေးနိုင်ဖို့လည်း ဖြစ်နိုင်ခြေက အတော်နည်းပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Tax Foundation ရဲ့ အကြီးတန်းစီးပွားရေးပညာရှင် အဲရစ်ကာ ယော့ခ်က ကွန်ဂရက်က ဒီလိုအစီအစဉ်ကို အတည်ပြုမယ်ဆိုရင် ''သိပ်ကို အံ့အားသင့်မိမှာပဲ''လို့ ဘီဘီစီကို ပြောပါတယ်။
"ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံကို သုံးဖို့ အဆိုးဆုံးနည်းလမ်းတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်"လို့ သူက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ ဘတ်ဂျက်လိုငွေက ဆက်ပြီး တိုးလာဖို့ ခန့်မှန်းထားတာကြောင့် လက်ရှိဘဏ္ဍာရေးအခြေအနေက ရေရှည်တည်တံ့နိုင်တဲ့ အခြေအနေ မဟုတ်ဘူးလို့လည်း ယော့ခ်က ပြောပါတယ်။
ထရမ့်ရဲ့ မိန့်ခွန်းအပြီး Fox News နဲ့ တွေ့ဆုံရာမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်ကတော့ အဲဒီငွေတွေကို ထရမ့်အစိုးရက အကောက်ခွန်ကနေ ရရှိတဲ့ ဝင်ငွေနဲ့ ပေးချေနိုင်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအထိ အကောက်ခွန်က ရရှိထားတဲ့ ဝင်ငွေဟာ ထရမ့်ပြောတဲ့ ဒေါ်လာ ၅,၀၀၀ စီပေးဖို့ လိုအပ်မယ့် ငွေပမာဏနဲ့ နှိုင်းယှဉ်ရင်အများကြီး နည်းနေပါသေးတယ်။
ထရမ့်ကလည်း ဒီငွေကို အမေရိကန်နိုင်ငံအတွင်းမှာပဲ သုံးစွဲရမယ်လို့ ရီပတ်ဘလီကန်ပါတီ ညီလာခံမှာ ပြောခဲ့ပေမယ့် အဲဒီလို သုံးစွဲတာကို ဘယ်လိုစောင့်ကြည့်စစ်ဆေးမလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။
Bipartisan Policy Center ရဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အစကနေ အမေရိကန်အစိုးရဟာ အကောက်ခွန်နဲ့ ကုန်စည်အပေါ်က အခွန်တွေကနေ ဒေါ်လာ ၄၇၅ ဘီလျံဝန်းကျင် ရရှိထားပါတယ်။
ဒါပေမဲ့ အခုနှစ်အစောပိုင်းမှာ အမေရိကန် တရားရုံးချုပ်က အကောက်ခွန်တွေ တော်တော်များများကို ပယ်ဖျက်ခဲ့ပြီးနောက် ဒေါ်လာ ၁၀၀ ဘီလီယံကျော်ကို ပြန်အမ်းပေးခဲ့ရပါတယ်။
ဒီငွေပေးချေမှုကို ဘယ်လိုလုပ်မှာလဲဆိုတဲ့ ဘီဘီစီရဲ့ အမေးကို အိမ်ဖြူတော်က "ထရမ့်သမ္မတကို အမြဲတမ်း သံသယဝင်ပြီး ဝေဖန်နေသူတွေဟာ အရင်ကတည်းက သူ့အစီအစဉ်တွေကို မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်" လို့ ထုတ်ပြန်ချက်နဲ့ ဖြေပါတယ်။
အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်အင်ဂယ် ကလည်း ''အမေရိကန်ပြည်သူတွေရဲ့ ဆက်လက်ထောက်ခံမှုနဲ့ ထရမ့်ဟာ လက်တွေ့ရလဒ်တွေကို ဆက်ပြီး ဖော်ဆောင်သွားမယ်'' လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kevin Dietsch / Getty Images
ထရမ့်က ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ ဘာကြောင့် ကမ်းလှမ်း
ရီပတ်ဘလီကန်ပါတီ ဗျူဟာမှူးဟောင်းနဲ့ မဲဆန္ဒရှင်စစ်တမ်းကောက်ယူသူတစ်ဦးက ထရမ့်ရဲ့ နောက်ဆုံးကမ်းလှမ်းချက်ကို အခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ နှစ်လတောင် မလိုတော့တဲ့ အခြေအနေမှာ ပြောဆိုလိုက်တာနဲ့ တွဲပြီး မြင်ရမယ်လို့ ပြောပါတယ်။
"ဒါက ထူးထူးခြားခြား ကတိတစ်ခုပါ။ အဲဒီငွေ ဘယ်ကနေ ရလာမလဲဆိုတာတော့ မသေချာဘူး။ ဒါပေမဲ့ အခုက မဲဆွယ်စည်းရုံးရေးကာလပဲ" လို့ ရောဘတ် မိုရန်က ဘီဘီစီ ကို ပြောပါတယ်။
Chatham House က လော်ရယ် ရက်ပ်ကတော့ ထရမ့်ဟာ သူ့သမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်နှစ်ကာလထဲ ဝင်လာချိန်မှာ ကွန်ဂရက်ကို ရီပတ်ဘလီကန်တွေ ဆက်ထိန်းချုပ်ထားနိုင်ဖို့ ရေတိုအကျိုးကိုပဲ အာရုံစိုက်နေတယ်လို့ ပြောပါတယ်။
"ရီပတ်ဘလီကန်တွေအတွက် မဲစစ်တမ်းရလဒ်တွေက မကောင်းသလို၊ ထရမ့်အတွက်လည်း မဲစစ်တမ်းရလဒ်တွေက မကောင်းနေတာကြောင့် အခု ငွေကြေးကို အသုံးချဖို့ ကြိုးစားလာတာပါ" လို့ သူက ဆက်ပြောပါတယ်။
အရင်က ဒီလိုကမ်းလှမ်းမှုမျိုး ရှိခဲ့ဖူးလား
ထရမ့်အနေနဲ့ ဒီလို ငွေပေးမယ်လို့ ကတိပြုတာ အခုတစ်ကြိမ်တည်း မဟုတ်ပါဘူး။ အရင်ကလည်း အကောက်ခွန်ကနေ ရတဲ့ ဝင်ငွေနဲ့ အမေရိကန်ပြည်သူတွေကို ဒေါ်လာ ၂,၀၀၀ စီ ပေးမယ်လို့ အဆိုပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီငွေပေးမှုကတော့ တကယ်တန်းတော့ ဖြစ်မလာခဲ့ပါဘူး။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ ဂျော်ဂျီယာပြည်နယ်က ဒီမိုကရက်တစ်ပါတီ အမတ်လောင်းနှစ်ဦး အထက်လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရရင် အမေရိကန်ပြည်သူတွေကို ကိုဗစ်အရေးပေါ် အကူအညီငွေ ဒေါ်လာ ၂,၀၀၀ စီ ပေးမယ်လို့ ကတိပြုခဲ့တာကြောင့် မဲဝယ်ဖို့ ကြိုးစားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲမတိုင်ခင်မှာလည်း ထရမ့်ကို ထောက်ခံတဲ့ ဘီလျံနာ အီလွန် မတ်စ်က မဲပေးသူတွေကို ငွေပေးမယ့်အစီအစဉ်ကြောင့် ဥပဒေနဲ့ ကိုက်ညီမကိုက်ညီဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ မတ်စ်က အပြိုင်အဆိုင် ပြင်းထန်တဲ့ ပြည်နယ် ၇ ခုမှာ မဲပေးဖို့ မှတ်ပုံတင်ထားသူတွေကို သတ်မှတ်ထားတဲ့ တင်ပြစာမှာ လက်မှတ်ထိုးရင် ငွေပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။
အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက် Bernd Debusmann Jr က ဖြည့်စွက်ရေးသားထားပါတယ်။
















