အိန္ဒိယက တရုတ်နဲ့အပြိုင် နေပြည်တော်ကိုဘာကြောင့် လက်မလွှတ်တာလဲ

ဓာတ်ပုံ ရင်းမြစ်, PM MODI FACEBOOK
တရုတ်ရဲ့ နိုင်ငံရေးထောက်ခံမှု ရရှိထားတယ်လို့ ရှုမြင်ခံရတဲ့ နေပြည်တော် သမ္မတဦးမင်းအောင်လှိုင်ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ဟာ တရုတ်မဟုတ်ဘဲ အိန္ဒိယဖြစ်လာပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အနောက်နိုင်ငံတွေက သံတမန်ရေးဖိအားပေးမှုနဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာ့အိမ်နီးချင်း အိန္ဒိယကတော့ နေပြည်တော်နဲ့ စစ်ဘက်၊ သံတမန်ရေးနဲ့ စီးပွားရေးဆက်ဆံမှုတွေကို ဆက်ထိန်းထားခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာပြည်တွင်းစစ်က ပိုပြင်းထန်လာပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေထိန်းချုပ်မှုတွေ ရရှိလာချိန်မှာတော့ အိန္ဒိယဟာ နေပြည်တော်တစ်ခုတည်းကိုပဲ ဆက်ပြီး အခြေပြုနိုင်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်လာပါတယ်။
အိန္ဒိယအရှေ့မြောက်ဒေသမှာထင်ရှားတဲ့ သတင်းစာဆရာ ရာဂျစ် ဘတ္တာချာရီယာကတော့ အိန္ဒိယမှာ မြန်မာနဲ့ပတ်သက်ရင် စဉ်းစားတဲ့အချက် ၃ ချက်ရှိတယ်လို့ပြောပါတယ်။
- အိန္ဒိယရဲ့ ကုန်းတွင်းပိတ်အရှေ့မြောက်ဒေသတွေ မြန်မာကတဆင့်အရှေ့တောင်အာရှနဲ့လမ်းပွင့်ဖို့
- မြန်မာဘက်ခြမ်းမှာ မှီတင်းနေတဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းက ခွဲထွက်ရေးစစ်သွေးကြွတွေအရေးကိစ္စ
- နယူးဒေလီအထူးစိုးရိမ်တဲ့ မြန်မာမှာတရုတ်ရဲ့ သြဇာလွှမ်းမိုးလာမှု တို့ပဲ ဖြစ်ပါတယ်။
တရုတ်နဲ့ အိန္ဒိယ အင်အားပြိုင်မှုကြားက မြန်မာ

ဓာတ်ပုံ ရင်းမြစ်, MOFA
အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို အာရှရဲ့ ဒီမိုကရေစီသက်တမ်းရင့် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယက ဘာကြောင့်ဆက်ဆံနေတာလဲ ဆိုတာက အခုခရီးစဉ်နဲ့အတူ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။
မြန်မာဟာ အိန္ဒိယအတွက် အိမ်နီးချင်းနိုင်ငံသာမက တရုတ်နဲ့ ဒေသတွင်း အင်အားပြိုင်မှုမှာ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံဖြစ်တယ်လို့ အိန္ဒိယ-မြန်မာဆက်ဆံရေးကို လေ့လာတဲ့ အိန္ဒိယသတင်းစာဆရာ ရာဂျစ် ဘတ္တာချာရီယာက ဘီဘီစီကို ပြောပါတယ်။
တရုတ်က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေ၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင်ပိုက်လိုင်းတွေ၊ ဆိပ်ကမ်းနဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကတဆင့် သြဇာတိုးချဲ့လာချိန်မှာ အိန္ဒိယကလည်း မြန်မာကို သူ့ရဲ့ "Act East Policy" အရှေ့မျှော်ဝါဒအတွက် အဓိက ချိတ်ဆက်လမ်းကြောင်းတစ်ခုအဖြစ် မြင်ထားပါတယ်။
အထူးသဖြင့် အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေဟာ ကျန်တဲ့ အိန္ဒိယဒေသတွေနဲ့ ကုန်းလမ်းဆက်သွယ်ရေး အခက်အခဲရှိပါတယ်။ ဒါကြောင့် မြန်မာကို ဖြတ်သန်းတဲ့ ကုန်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဟာ နယူးဒေလီအတွက် အရေးပါတဲ့ မဟာဗျူဟာစီမံကိန်းတွေ ဖြစ်နေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီအတွက်ပဲ အိန္ဒိယဟာ ရခိုင်ပြည်နယ်ကို ဖြတ်သန်းတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကနေ ထိုင်းနိုင်ငံအထိ ဆက်သွယ်မယ့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ နှစ်ပေါင်းများစွာ ကြိုးပမ်းနေတာပါ။
ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း အဲဒီစီမံကိန်းလမ်းကြောင်းအပိုင်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက နယ်မြေထိန်းချုပ်မှု ပိုရရှိလာပါတယ်။ ဒါကြောင့် အိန္ဒိယရဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ရေးမှာ မသေချာမရေရာမှုတွေ ပိုများလာတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း တရုတ်က သူ့ရဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း - Belt and Road Initiative (BRI) အောက်မှာ ယူနန်ပြည်နယ်ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းအထိ ဆက်သွယ်မယ့် ကျောက်ဖြူ–ကူမင်း ရထားလမ်းစီမံကိန်းကို ၂၀၂၆ ခုနှစ်အတွင်း ပြန်အသက်သွင်းဖို့ ကြိုးပမ်းနေပါတယ်။
ဒါတင်မက ဘင်္ဂလားပင်လယ်အော်ဒေသအတွင်း တရုတ်ရဲ့ စီးပွားရေးနဲ့ စစ်ရေးသြဇာ ပိုတိုးချဲ့လာနိုင်မယ့် အလားအလာကို အိန္ဒိယဘက်က စိုးရိမ်နေတယ်လို့ အိန္ဒိယ- မြန်မာအရေး လေ့လာသူတချို့က သုံးသပ်ပါတယ်။
"နေပြည်တော်နဲ့ ဆက်ဆံရေးကို ဖြတ်လိုက်ရင် ဖြစ်လာမယ့် နိုင်ငံရေးလေဟာနယ်ကို တရုတ်က ဖြည့်သွားနိုင်တယ်ဆိုတာ အိန္ဒိယက သိထားတယ်" လို့ အိန္ဒိယ- မြန်မာအရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း ကြည့်ရင်လည်း အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်တွေဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး အဲဒီဒေသတွေမှာ နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် နယူးဒေလီအတွက် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနဲ့ နယ်စပ်လုံခြုံရေးဟာ အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတစ်ခု ဖြစ်နေပါတယ်။
ဒီအခြေအနေဟာ အိန္ဒိယရဲ့ "အရှေ့မျှော်ဝါဒ - Act East Policy" တစ်ခုတည်းကြောင့်မဟုတ်ဘဲ ပိုကျယ်ပြန့်တဲ့ မဟာဗျူဟာဆိုင်ရာ တွက်ချက်မှုတွေ ရှိနေတယ်လို့ မှတ်ချက်ပြုပါတယ်။
အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် ဒေလီ–ဒါကာ ဆက်ဆံရေး အေးစက်လာတဲ့အချိန်မှာ တရုတ်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံလုံးအပေါ် သြဇာပိုကြီးလာရင် အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်းဒေသဟာ ပထဝီနိုင်ငံရေးအရ ဖိအားပိုများလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အိန္ဒိယနဲ့ နေပြည်တော် ဆက်ဆံရေး

ဓာတ်ပုံ ရင်းမြစ်, PM MODI FACEBOOK
ဦးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ချိန်က အိန္ဒိယနဲ့ မြန်မာစစ်တပ်ကြားမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အိန္ဒိယကို ၄ ကြိမ်ထက်မနည်း သွားခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း နှစ်နိုင်ငံဆက်ဆံရေးမှာ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အဆင်မြင့်တွေ့ဆုံမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ အဲဒီအချိန်ကစစ်ခေါင်းဆောင်ရာထူးယူထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ နှစ်ကြိမ် တွေ့ဆုံထားပါတယ်။ ဒါပေမယ့် အဲဒီတွေ့ဆုံမှုတွေဟာ နေပြည်တော်နဲ့ နယူးဒေလီမှာ မဟုတ်ဘဲ ဒေသတွင်းအစည်းအဝေးတွေရဲ့ ပြင်ပမှာ ဖြစ်ခဲ့တာပါ။
ပထမအကြိမ်က ၂၀၂၅ ခုနှစ် ဧပြီလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကျင်းပချိန် တွေ့ဆုံမှုဖြစ်ပါတယ်။ ဒုတိယအကြိမ်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ Shanghai Cooperation Organisation (SCO) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးမှာ တွေ့ဆုံခဲ့တာပါ။
BIMSTEC ထိပ်သီးအစည်းအဝေးပြင်ပ တွေ့ဆုံမှုမှာ နာရန်ဒြာမိုဒီက အိန္ဒိယရဲ့ လူသားချင်းစာနာမှုအကူအညီ၊ နှစ်နိုင်ငံဆက်ဆံရေး၊ ချိတ်ဆက်ရေးစီမံကိန်းတွေ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့စွမ်းအားနဲ့ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး မိုဒီက "မြန်မာအတွက် အိန္ဒိယက တတ်နိုင်သမျှ ကူညီနေတယ်" လို့ သူ့ရဲ့ X (Twitter) မှာ ရေးသားခဲ့ပြီး ဒေသတွင်း ချိတ်ဆက်ရေးကဏ္ဍနဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယသတင်းမီဒီယာတချို့ကတော့ မိုဒီဘက်က ''မြန်မာမှာ ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲက တဆင့် ဒီမိုကရေစီလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ဖို့ လိုတယ်''ဆိုတာကို ပြောခဲ့တယ်လို့ ဖော်ပြကြပါတယ်။
တီယန်ကျင်း SCO အစည်းအဝေးပြင်ပ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိန္ဒိယမီဒီယာတွေရဲ့ ဖော်ပြချက်အရ နယ်စပ်အရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် မြန်မာမှာတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မိုဒီဘက်က တိုက်တွန်းခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါတင်မက မြန်မာကမြေရှားသတ္တုတူးဖော်ရေးမှာ ပူးပေါင်းမှုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့တယ်ဆိုတဲ့အချက်ကလည်း သတိထားမိစရာဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယဟာ မြေရှားရင်းမြစ်အတွက် နေပြည်တော်မဟုတ်တဲ့ မြေရှားထိန်းချုပ်ရေးအဖွဲ့တွေနဲ့ စကားပြောဆိုတာတွေရှိနေတယ်လို့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
၂၀၂၆ မေလအစောပိုင်းမှာတော့ အိန္ဒိယရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒီနေရှ် ကေ တရီပါသီနဲ့ မြန်မာတပ်ချုပ်သစ်တို့ နေပြည်တော်မှာ တွေ့ဆုံပြီး ရေတပ်ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နှစ်ဖက်ထုတ်ပြန်ချက်တွေကိုကြည့်တဲ့အခါ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်း ချိတ်ဆက်ရေးစီမံကိန်းတွေကိစ္စကို အဓိကထား ဆွေးနွေးတာကိုမြင်ရပါတယ်။
အိန္ဒိယစိုးရိမ်တဲ့ နယ်စပ်လုံခြုံရေးမှာ အိန္ဒိယဘက်ခြမ်းပြည်နယ်တွေကို မြန်မာကစစ်အာဏာသိမ်းမှုနောက် လူဦးရေထောင်ချီဝင်ရောက်မှုလည်း တစ်ချက်ပါဝင်ပါတယ်။
''နယူးဒေလီက ဒါကို အတော်လေးစိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေအပါအဝင် ထောင်နဲ့ချီတဲ့ဒုက္ခသည်တွေက အိန္ဒိယဘက်ခြမ်းက နာဂလန်း၊ မဏိပူရနဲ့ မီဇိုရမ်ပြည်နယ်ဘက်ခြမ်းဆီ ခိုလှုံလာကြတယ်။ အများစုကတော့ မီဇိုရမ်ကို ဝင်လာတာပါ'' လို့ အိန္ဒိယသတင်းစာဆရာ ရာဂျစ် ဘတ္တာချာရီယာက ပြောပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar (JFM) ကတော့ မြန်မာမှာစစ်အာဏာသိမ်းပြီးနောက်မှာ အိန္ဒိယနဲ့ မြန်မာစစ်အုပ်စုကြား ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာနေတယ်လို့ ဝေဖန်ထားပါတယ်။
JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အိန္ဒိယအစိုးရပိုင် စီးပွားရေးလုပ်ငန်းတချို့ဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
JFM ကတော့ အိန္ဒိယအစိုးရပိုင် GAIL နဲ့ ONGC တို့ဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အိန္ဒိယဟာ မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းနဲ့ နည်းပညာတွေ ရောင်းချပေးနေတယ်လို့လည်း JFM က ထုတ်ဖော်ထားပါတယ်။ အာဏာသိမ်းမှုဆန့်ကျင်တဲ့ CDM စစ်ဘက်အရာရှိတချို့ကလည်း မြန်မာစစ်တပ်ဟာ လေကြောင်းရန်ကာကွယ်ရေးအတွက် အိန္ဒိယထုတ် ရေဒါစနစ်တွေ ဝယ်ယူဖို့ စီစဉ်နေတယ်လို့ ဘီဘီစီကို ပြောထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း အွန်လိုင်းပေါ် ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတစ်ခုမှာတော့ Astra Microwave Products ကုမ္ပဏီဟာ Drishti-MR radar စနစ်နဲ့ ပတ်သက်တဲ့ နည်းပညာရှင်းလင်းပွဲအတွက် ကိုယ်စားလှယ်တွေကို နေပြည်တော်ကို စေလွှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အိန္ဒိယ–မြန်မာအရေး လေ့လာသူတချို့ကတော့ အိန္ဒိယအနေနဲ့ နေပြည်တော်ကို တရုတ်ဘက်တစ်ဖက်တည်း လုံးဝယိမ်းမသွားစေဖို့ စစ်ရေးနဲ့ သံတမန်ဆက်ဆံရေးကို မျှခြေထိန်းထားဖို့ ကြိုးပမ်းနေတာလို့ သုံးသပ်ကြပါတယ်။
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီး ရက်ပေါင်း ၆၀ ကျော်မှာအကြာမှာဖြစ်လာတဲ့အိန္ဒိယခရီးစဉ်ကို ဝေဖန်မှုတွေရှိပါတယ်။ မြန်မာ့တော်လှန်ရေးလှုပ်ရှားမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယရဲ့ မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းနေမှုတွေအပေါ် စိုးရိမ်ကြောင်း မေ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ နေပြည်တော်အာဏာပိုင်တွေကို "နိုင်ငံရေးအရ တရားဝင်မှုပေးသလို ဖြစ်စေမယ့်" ထိတွေ့ဆက်ဆံမှုတွေ မလုပ်သင့်ဘူးလို့ တိုက်တွန်းထားပါတယ်။
ဒါအပြင်မြန်မာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေတဲ့ ပဋိပက္ခ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ပြပြီး အိန္ဒိယအနေနဲ့ ဒီမိုကရေစီတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ မူဝါဒကို ကျင့်သုံးသင့်တယ်လို့ NUG က ပြောပါတယ်။
ဒေလီအစိုးရဟာ ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၄ ခုနှစ်ကတော့ မြန်မာက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို "ဒီမိုကရေစီအသွင်ကူးပြောင်းရေး" နဲ့ "ဥပဒေစိုးမိုးရေး" ကို ထိန်းသိမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောဆိုမှုက ရှားရှားပါးပါးဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် မြန်မာက ဒီမိုကရေစီအရေးတော်ပုံကာလတုန်းကတော့ အဲဒီအချိန်က ဒေလီအစိုးရဟာ မြန်မာအတိုက်အခံတွေ၊ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့အတူ ရပ်တည်ခဲ့ပါတယ်။
''ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ နယူး ဒေလီဘက်က ချဥ်းကပ်မှု မတူဘူး။ ဒီတော့ အိန္ဒိယဟာ ၈၈ တုန်းကလို ရပ်တည်လိုက်တာမျိုးဆိုရင် မြန်မာအစိုးရအတွက် အတော်လေးခက်ခဲသွားနိုင်တယ်။ ဒါကြောင့် ဦးမင်းအောင်လှိုင် နယူးဒေလီကို လာတယ်ဆိုတာက ဟန်ချက်ညီအောင် ထိန်းတဲ့ခရီးလို့ပြောနိုင်ပါတယ်" လို့ ရာဂျစ် ဘတ္တာချာရီယာက သုံးသပ်ပါတယ်။
၂၀၂၆ ခုနှစ် မေလ ၃၀ရက်မှာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ ဖိတ်ကြားချက်နဲ့ အိန္ဒိယကို သွားရောက်မယ့် ဦးမင်းအောင်လှိုင်ဟာ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာကဏ္ဍတွေအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်အဆင့် တွေ့ဆုံမှုအထိ တိုးမြှင့်လာတာ ဖြစ်ပါတယ်။ အိန္ဒိယဘက်ကတော့ ဒီခရီးစဉ်ဟာ သူတို့ရဲ့ "အိမ်နီးချင်းပထမ" မူဝါဒ၊ "အရှေ့မျှော်ဝါ" နဲ့ "မဟာဆာဂါ" မူဝါဒတွေအရ မြန်မာနဲ့ ထိတွေ့ဆက်ဆံတာဖြစ်တယ်လို့ ပြောထားပြီး နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ ပိုတိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
အိန္ဒိယက ဦးမင်းအောင်လှိုင်ခရီးကို အိန္ဒိယရောက်မြန်မာတွေက ဆန္ဒပြပွဲတွေလုပ်ကြဖို့အထိ အိန္ဒိယအာဏာပိုင်တွေကို တရားဝင်ခွင့်ပြုချက်တောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ မေ ၂၉ ရက်အထိ ခွင့်ပြုမိန့်မရဘူးလို့ ဆန္ဒပြပွဲဦးဆောင်သူတချို့ကပြောပါတယ်။
စီမံကိန်းလမ်းကြောင်းတွေနဲ့ မြန်မာကလက်နက်ကိုင်တပ်တွေ

ဓာတ်ပုံ ရင်းမြစ်, CNF
အိန္ဒိယအနေနဲ့ တရားဝင်အားဖြင့် နေပြည်တော်ကို ဗဟိုအဖြစ် ဆက်ဆံနေပေမယ့် မြေပြင်မှာတော့ နယ်စပ်ဒေသတချို့ကိုထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့လည်း စကားပြောနေတယ်လို့ နားလည်ရပါတယ်။
မြန်မာဘက်ခြမ်းက ချင်းပြည်နယ်နဲ့ အိန္ဒိယဘက်က မီဇိုရမ်နဲ့ မဏိပူရ ပြည်နယ်နှစ်ခုကအဓိက ဆက်နေသလို ပြည်နယ်အစိုးရတွေနဲ့ မြန်မာဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက စကားပြောနေကြတာလည်း ရှိပါတယ်။
အထူးသဖြင့် ကုလားတန်စီမံကိန်းနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကြောင့် အိန္ဒိယဘက်က လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတစ်ခုကို ပိုရွေးချယ်လာပုံရတယ်လို့ ချင်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး(CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း အာဏာသိမ်းကာလအတွင်း အိန္ဒိယအာဏာပိုင်တွေနဲ့ မူးယစ်ဆေးဝါးတားဆီးရေး၊ နယ်စပ်လုံခြုံရေးနဲ့ ဒေသတည်ငြိမ်ရေးကိစ္စတွေမှာ ဆက်သွယ်ညှိနှိုင်းမှုတွေ ရှိတယ်လို့ ဘီဘီစီကို မေလ ၂၈ ရက်မှာ ပြောပါတယ်။
"ဒီနေ့အထိ အိန္ဒိယနဲ့ ပုံမှန်ဆက်ဆံရေးရှိပါတယ်" လို့ သူကဆိုပါတယ်။
ဒီလိုချိတ်ဆက်မှုတွေ ထွက်ပေါ်လာတာဟာ အိန္ဒိယရဲ့ အကျိုးစီးပွားကြီးမားတဲ့ ကုလားတန် ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်း(India-Myanmar-Thailand Trilateral Highway) တွေကြောင့်လည်း ဖြစ်ပါတယ်။
အိန္ဒိယရဲ့ "Act East Policy" အရှေ့မျှော်ဝါဒအတွက် အရေးပါတဲ့ ကုလားတန်စီမံကိန်းဟာ ကာလကတ္တားဆိပ်ကမ်းကနေ စစ်တွေဆိပ်ကမ်း၊ အဲဒီကတဆင့် ကုလားတန်မြစ်ကြောင်းနဲ့ ကုန်းလမ်းတွေကို အသုံးပြုပြီး အိန္ဒိယအရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ဖို့ ရည်ရွယ်ထားတာပါ။
ဒါပေမယ့် စီမံကိန်းဖြတ်သန်းရာ ရခိုင်နဲ့ ချင်းဒေသတချို့ကို လက်ရှိမှာ အာရက္ခတပ်တော်(AA) နဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။ စစ်တွေဆိပ်ကမ်းနဲ့ အနီးဝန်းကျင်ကလွဲရင် ကုလားတန်စီမံကိန်းလမ်းကြောင်းထဲက မြို့အများစုဟာ မြန်မာစစ်တပ်လက်အောက်မှာ မရှိတော့ပါဘူး။
ဒါကြောင့် အိန္ဒိယအနေနဲ့ မြေပြင်မှာ တကယ်ထိန်းချုပ်နိုင်တဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ လိုအပ်လာတာဖြစ်တယ်လို့ ရခိုင်နဲ့ ချင်းစစ်ရေး အကဲခတ်တချို့က သုံးသပ်ကြပါတယ်။
အိန္ဒိယအစိုးရရဲ့ ဆိပ်ကမ်း၊ သင်္ဘောနဲ့ ရေကြောင်းဝန်ကြီးဌာနကတော့ ဒေါ်လာ သန်း ၅၈၀ ကျော် ကုန်ကျတဲ့ ကုလားတန်စီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ ပြန်လည်စတင်လည်ပတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောထားပါတယ်။
တစ်ဖက်မှာလည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမစီမံကိန်းဟာ အိန္ဒိယနဲ့ အာဆီယံဒေသကို ကုန်းလမ်းနဲ့ ချိတ်ဆက်ပေးမယ့် အရေးကြီးဆုံးစီမံကိန်းတစ်ခုဖြစ်ပါတယ်။
၁,၃၆၀ ကီလိုမီတာ (မိုင်ပေါင်း ၈၅၄ မိုင်ခန့်)ရှည်တဲ့ ဒီလမ်းမကြီးဟာ မြန်မာနိုင်ငံထဲမှာ ဖြတ်သန်းမယ့် လမ်းကြောင်းက အရှည်ဆုံးဖြစ်ပြီး ၈၅၀ ကီလိုမီတာဝန်းကျင်အထိ ရှိပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကနေ စတင်ပြီး မြန်မာထဲက စစ်ကိုင်း-မန္တလေး-မိတ္ထီလာ-နေပြည်တော်-ပဲခူး-မွန်-ကရင် စတဲ့ တိုင်းဒေသပြည်နယ်တွေကိုဖြတ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ စစ်တပ်ကိုခုခံတဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စီမံကိန်းလမ်းပိုင်းတချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်တန့်နေဆဲဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းထဲက ကလေးဝ-ယာကြီးလမ်းပိုင်းနဲ့ ကရင်ပြည်နယ်ထဲက ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတချို့ဟာ လက်ရှိအချိန်ထိ တိုက်ပွဲတွေနဲ့မတည်ငြိမ်တဲ့ ဒေသတွေဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်တွေက နယ်မြေအများစုကိုထိန်းချုပ်ထားပါတယ်။
ထိုင်းနိုင်ငံနဲ့ကပ်နေတဲ့ မြန်မာတောင်ပိုင်းကရင်ပြည်နယ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ PDF - ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက နယ်မြေအများစုကို ထိန်းချုပ်ထားတာပါ။
အိန္ဒိယအစိုးရရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံထဲက လမ်းပိုင်းတွေကတော့ ရာခိုင်နှုန်းအများစုပြီးစီးနေပြီလို့ အိန္ဒိယနဲ့ ထိုင်းအာဏာပိုင်တွေဘက်က ထုတ်ပြောထားကြပါတယ်။
ဒါကြောင့် အိန္ဒိယအတွက် မြန်မာနဲ့ ဆက်ဆံရေးဟာ ဒီမိုကရေစီ ဒါမှမဟုတ် သံတမန်ရေးရာတစ်ခုတည်းမဟုတ်တော့ဘဲ နယ်စပ်လုံခြုံရေး၊ တရုတ်နဲ့ အင်အားပြိုင်မှုနဲ့ သူ့ရဲ့ ဒေသတွင်း ချိတ်ဆက်ရေးစီမံကိန်းတွေ မရပ်တန့်သွားရေးတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာကို ဒီစီမံကိန်းတွေက မီးမောင်းထိုးပြနေပါတယ်။
'' ပြည်တွင်းစစ်ဖြစ်နေတယ်။ အဲဒီစီမံကိန်းကြီးတွေဟာ မကြာခင်ပြီးလိမ့်မယ်လို့တော့ ကျွန်တော် မမြင်ဘူး။ လက်တွေ့ကျကျ ပြောကြရရင် စစ်ပွဲရပ်မှဖြစ်မယ်။ စစ်ပွဲဆက်ဖြစ်နေသရွေ့တော့ ဒီစီမံကိန်း မြန်မြန်နဲ့အဆုံးသတ်မယ်လို့ ကျွန်တော် မထင်ဘူး။'' လို့ ရာဂျစ်ဘတ္တာချာရီယာက ကောက်ချက်ချသုံးသပ်ပါတယ်။












