ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားခရီးစဉ်စတင်

ဓာတ်ပုံ ရင်းမြစ်, PPIB
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့နောက်ထပ် ဒေသတွင်းခရီးစဉ်တစ်ခုအဖြစ် ကမ္ဘောဒီးယားကို ဒီနေ့ သွားရောက်မှာဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ဗီယက်နမ်ခရီးစဉ်အပြီး နောက်ထပ်တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားကို သွားရောက်တာဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်အနေနဲ့ အသွင်ပြောင်းအစိုးရဖြစ်လာပြီးနောက်ပိုင်း အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘီလာရုစ်အပြင် အာဆီယံထဲက လာအို၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေကို သွားရောက်ခဲ့ပြီးဖြစ်လို့ အခုခရီးစဉ်က ၈ နိုင်ငံမြောက် ဖြစ်ပါတယ်။
နှစ်ရက်ကြာမယ့် ခရီးစဉ်မှာ ကမ္ဘောဒီးယားနိုင်ငံ ယာယီနိုင်ငံခေါင်းဆောင်၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့တွေ့ဆုံမှာဖြစ်သလို ဝန်ကြီးချုပ် ဟွန်မာနက်လည်းနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ် နိုင်ငံအကြား ရင်းနှီးတဲ့ဆက်ဆံရေး ပိုအားကောင်းလာဖို့၊ အပြန်အလှန်အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့၊ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာရော ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင်အာရှက အွန်လိုင်းလိမ်လည်မှုလုပ်ငန်း(ကျားဖြန့်)လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် ရှိနေတဲ့ နိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားခရီးစဉ်စတင်တဲ့ စက်တင်ဘာ ၁၁ ရက်ထုတ် သတင်းစာတွေမှာတော့ ကရင်ပြည်နယ်ထဲက KK Park၊ ရွှေကုက္ကိုလ်နဲ့ ကျောက်ခက်ဒေသတွေရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းခဲ့ကြောင်းနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ နိုင်ငံအတွင်း ပြန်လည်အခြေမချနိုင်အောင် ဆက်လက်နှိမ်နင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ဦးမင်းအောင်လှိုင်ကို တရားဝင် နိုင်ငံတော်အဆင့် ကြိုဆိုတာတွေ မလုပ်သင့်ဘဲ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ တာဝန်တွေလိုက်နာဖို့လိုတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က ခရီးစဉ်မတိုင်ခင် တောင်းဆိုထားပါတယ်။
