ဗဟိုဘဏ်ဆီက သုံးနှစ်ဆက်တိုက်ငွေချေးရတာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နေပြည်တော်အစိုးရက ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလျံ ၂၁၀၀ ချေးမယ့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တဲ့အတွက် ချေးခွင့်ရသွားပါပြီ။
လက်ရှိဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းရဲ့ လိုငွေဖြည့်ဆည်းဖို့အတွက် ဗဟိုဘဏ်ဆီကချေးဖို့ စီစဥ်ရတာဖြစ်ပါတယ်။
လိုငွေက ကျပ်ဘီလျံ ၈၉၈၅ ကျော်အထိ ရှိနေတာပါ။
ဒါက ဗဟိုဘဏ်ဆီကနေ သုံးနှစ်ဆက်တိုက် ငွေချေးရတာ ဖြစ်ပြီး ဦးမင်းအောင်လှိုင်အစိုးရရဲ့ ငွေလိုနေမှုကို သိသာစေပါတယ်။
ဗဟိုဘဏ်ဆီက ဘယ်လောက်ချေးခဲ့ရလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တုန်းက ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလျံ ၆၅၀၀ အထိ ချေးဖို့လျာထားခဲ့ပြီး ၄၆၀၂ ဘီလျံ ကျော်ချေးယူခဲ့ရတယ် လို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က အောက်တိုဘာ ၁၄ ရက်က ပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်မှာ ပြန်ဖြေခဲ့ပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာတော့ ကျပ်ဘီလျံ ၇၇၀၀ အထိ ချေးဖို့လျာထားခဲ့ပြီး လက်တွေ့မှာ ၆၀၂ ဘီလျံကျော်သာ ချေးယူခဲ့ပါတယ်။
အဲဒီကာလက နယ်မြေတွေအများကြီးဆုံးရှုံးထားတဲ့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဘတ်ဂျက်မသုံးဖြစ်တာကြောင့် ချေးငွေလျှော့သွားတာဖြစ်နိုင်တယ် လို့ အစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးက သုံးသပ်ပါတယ်။
လက်ရှိ ဗဟိုဘဏ်ချေးငွေကို အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ချေးယူတာဖြစ်ပြီး အစိုးရငွေတိုက်စာချုပ်တွေ အာမခံပေးထားပြီး ဖြည့်ဆည်းမှာဖြစ်ပါတယ်။
"အစိုးရငွေတိုက်စာချုပ်တွေ အာမခံထားပြီးချေးတာမျိုးဆို ပုံမှန်အားဖြင့် ငွေစက္ကူရိုက်ထုတ်လေ့မရှိပါဘူး" လို့ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ အငြိမ်းစားအရာရှိကြီးတစ်ဦးကပြောပါတယ်။
ဗဟိုဘဏ်ဆီကနေ ကျပ်ဘီလျံ ၂၁၀၀ ချေးမယ့်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပြီးတဲ့နောက် ကျပ် ငါးသောင်းတန် ငွေစက္ကူသစ်ရိုက်နှိပ်မယ့်သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒါက သတင်းအမှားဖြစ်တယ်လို့ နေပြည်တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ အောက်တိုဘာ ၁၇ ရက်မှာ ရှင်းလင်းခဲ့ပါတယ်။
လက်ရှိဘဏ္ဍာနှစ်မှာတော့ လွှတ်တော်ပေါ်လာလို့ ချေးငွေအပေါ် အမတ်တချို့က ဆွေးနွေးခွင့်ရခဲ့ပြီး ငွေကြေးဖောင်းပွမှုနဲ့ ငွေတန်ဖိုးကျမှာကို သတိပေးခဲ့ကြပါတယ်။
ချေးငွေတွေကို မဖြစ်မနေ အကုန်သုံးပစ်လိုက်မှာ မဟုတ်ဘူးလို့ ဒုတိယဝန်ကြီး ဦးကျော်ထင်ကပြောပါတယ်။
သီးခြားစီမံကိန်းတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေချေးတာမဟုတ်ဘဲ အစိုးရလိုငွေ ဖြည့်ဖို့ ချေးယူတာ လို့ သူကဆက်ဖြေခဲ့ပါတယ်။
နေပြည်တော် ဘာကြောင့်ငွေလို

ဓာတ်ပုံ ရင်းမြစ်, ပြည်ထောင်စုလွှတ်တော်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်လို့ ဘတ်ဂျက်လိုငွေနဲ့ ဆောင်ရွက်နေရတယ်လို့ ဘဏ္ဍာအခွန် ဒုဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။
နိုင်ငံရဲ့အခြေခံအဆောက်အအုံတွေအတွက် သုံးရမယ့်အသုံးစရိတ်တွေ၊ မန္တလေးငလျင်ကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ နယ်မြေပြန်အေးချမ်းလာတဲ့ဒေသတွေအတွက် ထူထောင်ရေးအသုံးစရိတ်တွေအပြင် ကျန်းမာရေး၊ ပညာရေး စတဲ့အသုံးစရိတ်တွေ လျာထားတဲ့အကြောင်း သူကပြောပါတယ်။
ဒါပေမဲ့ အစိုးရရဲ့ အဓိကပြဿနာက ရငွေတွေထက် သုံးငွေများနေတာဖြစ်ပါတယ်။
အာဏာသိမ်းကာလဖြစ်တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာနှစ်ပတ်လည် အစီရင်ခံစာမှာ ဒီအချက်ကိုမြင်ရပါတယ်။
ရငွေက ကျပ် ၄၆ ထရီလျံ ကျော်ရှိပြီး သုံးငွေက ၅၅ ထရီလျံ ကျော်သုံးခဲ့လို့ပါ။ (သန်းတစ်ထောင်က တစ်ဘီလျံဖြစ်ပြီး ဘီလျံတစ်ထောင်က တစ်ထရီလျံဖြစ်ပါတယ်။)
လက်ရှိဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၈၉၈၅ ကျော်အထိလိုငွေပြနေသလို မနှစ်ကလည်း ၇၃၁၁ ဘီလျံကျော်အထိ လိုငွေပြခဲ့တာပါ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာဆိုရင်လည်း လိုငွေက ကျပ် ၄၃၀၈ ဘီလျံ ရှိခဲ့ပါတယ်။
အဲဒါကိုကြည့်ရင် တစ်နှစ်ထက်တစ်နှစ် လိုငွေ ပိုပိုပြလာတာတွေ့ရပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ဘက်ဂျက်နှစ်တိုင်းမှာ ကာကွယ်ရေးအသုံးစရိတ်က အများဆုံးဖြစ်ပြီး ဒီနှစ်ပိုင်းတွေအတွင်း ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် အသေးစိတ်ဖော်ပြချက်တွေမတွေ့ရတော့ပါဘူး။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဘတ်ဂျက်အတွက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်မှာ ဝန်ကြီးဌာနတွေက ကျပ်ဘီလျံ ၆၁၀၀ ကျော် ပိုသုံးခဲ့ကြပြီး နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေက ကျပ်ဘီလျံ ၂၁၆၇ ကျော် ပိုသုံးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဒီကော်မတီကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပြန်စိစစ်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ ကော်မတီက သဘောထားပေးပါတယ်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဆိုတာ စက်မှုဝန်ကြီးဌာနလက်အောက်က စက်ရုံတွေ၊ မြန်မာ့မီးရထားနဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်းတွေသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါဝင်သလို လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေအထိပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်လွှတ်တော်မှာလည်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဆယ်ခုကနေ ကျပ်ဘီလျံ ရှစ်ရာကျော် အရှုံးပေါ်နေကြောင်း ဆွေးနွေးခဲ့ကြဖူးပါတယ်။
ဘာကြောင့်ငွေမရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က သာမန်ရငွေအပိုင်းမှာ လျာထားချက်နီးပါးရခဲ့ပေမဲ့ ငွေလုံးငွေရင်းရငွေနဲ့ ကြွေးမြီရငွေအပိုင်းမှာ လျာထားချက်ကို ပြည့်မီဖို့ လိုအပ်ခဲ့တယ် လို့ ဒုတိယဝန်ကြီး ဦးကျော်ထင်က ပြောပါတယ်။
"ငွေလုံးငွေရင်းရငွေအပိုင်းမှာ ပြည်ပအကူအညီရငွေနဲ့ လုပ်ငန်းစီမံကိန်းဆောင်ရွက်နိုင်မှုမရှိခဲ့တဲ့အတွက် အဲဒီအသုံးစရိတ်တွေနဲ့ ဆက်နွှယ်တဲ့ ပြည်ပအကူအညီရငွေတွေ လျော့နည်းခဲ့ရတယ်" လို့ သူကပြောပါတယ်။
ဝန်ကြီးဌာနတစ်ခုချင်းစီအလိုက် လျာထားချက်အတိုင်း ရငွေမရခဲ့တဲ့အကြောင်းရင်းတွေကိုလည်း လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
ဝန်ကြီးဌာန ၁၀ ခုရဲ့ လျာထားချက်မပြည့်မီတဲ့အကြောင်းမှာ ပြည်ပချေးငွေနဲ့ အကူအညီတွေမရတာ၊ လျော့နည်းတာတွေနဲ့ သက်ဆိုင်ခဲ့တာတွေ့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေမှာဖြစ်ပါတယ်။
ရငွေတွေလျာထားချက်အတိုင်း မဝင်သလို ချထားပေးတဲ့သုံးငွေတွေကို မသုံးနိုင်တဲ့အခြေအနေလည်း ရှိနေပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရှိတဲ့နေရာတွေမှာ နယ်မြေအခြေအနေကြောင့် မသုံးဖြစ်ခဲ့တာလို့ ဝန်ကြီးဌာနတွေက အကြောင်းပြပါတယ်။
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ ဘဏ္ဍာရေးနှစ်အတွင်း ရရှိသုံးစွဲနိုင်မယ့်ရငွေနဲ့ အသုံးစရိတ်ကိုပဲ လျာထားရေးဆွဲကြဖို့နဲ့ အမှန်တကယ် ပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မယ့် ကိစ္စတွေအတွက်ကိုပဲ ထည့်သွင်းလျာထားဖို့ လိုအပ်တယ်လို့ ဒုတိယဝန်ကြီး ဦးကျော်ထင်က သုံးသပ်အကြံပြုခဲ့ပါတယ်။
အခွန် ဘယ်လောက်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာကိုပါ ဖတ်ကြားခဲ့ပါတယ်။
အဲဒီတွေ့ရှိချက်အရတော့ အခွန်တွေပိုမိုကောက်ခံရရှိနေတာ တွေ့ရပါတယ်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အခွန်ရငွေ ၁၁,၉၆၅ ဘီလျံကျော် ရခဲ့ပြီး ၂၀၂၅-၂၀၂၆ မှာတော့ ၁၅,၁၇၃ ဘီလျံ ရရှိခဲ့ပါတယ်။
ပြည်တွင်းထွက်ကုန်နှင့် ပြည်သူများသုံးစွဲမှုအပေါ် အခွန်အကောက်၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ် ကောက်တဲ့ အခွန်အကောက်၊ အကောက်ခွန်နဲ့ နိုင်ငံပိုင်သယံဇာတတွေ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံတဲ့ အခွန်အကောက်ဆိုပြီး ခေါင်းစဥ်လေးမျိုး တပ်ထားပါတယ်။
ပြည်တွင်းထွက်ကုန်နှင့် ပြည်သူများသုံးစွဲမှုအပေါ် အခွန်အကောက်၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ် ကောက်တဲ့ အခွန်အကောက်ကနေပဲ အခွန်တွေအဓိကရနေတာ ဖြစ်ပါတယ်။
အခွန်ကောက်တဲ့အထဲ ပြည်ပရောက်မြန်မာအလုပ်သမားတွေဆီကနေ မိသားစုဆီလွှဲပို့ငွေလည်းပါဝင်ပါတယ်။
၂၀၂၅ ခုနှစ်က ပြည်ပရောက်မြန်မာအလုပ်သမားတွေဆီကနေ မိသားစုဆီလွှဲပို့ငွေ အမေရိကန်ဒေါ် လာ ၅ ဒသမ ၆ ဘီလျံကျော်ရခဲ့တဲ့အတိုင်း ၂၀၂၆ နှစ်မှာလည်း အဲဒီပမာဏ ရရှိအောင်ဆောင်ရွက်မယ်လို့ နေပြည်တော်အလုပ်သမားဝန်ကြီးဦးမောင်မြင့်ကပြောပါတယ်။
အောက်တိုဘာ ၁၅ ရက်မှာပြုလုပ်တဲ့ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ပြောသွားပါတယ်။
အခွန်မူဝါဒတွေကို ပြန်သုံးသပ်ဖို့ ကော်မတီကအကြံပြုထားပေမဲ့ အခွန်တိုးမြှင့်ကောက်ဖို့ကိုတော့ အကြံမပြုထားတာတွေ့ရပါတယ်။
























