ရန်ကုန်က အဆင့်မြင့်ကွန်ဒိုစီမံကိန်း၊ စသုံးလုံးနဲ့ အခန်းသော့မရသေးတဲ့၀ယ်သူတွေ

၂၀၁၉ ခုနှစ်က The Central အရောင်းပြခန်း
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က The Central အရောင်းပြခန်း
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၉

ရန်ကုန်မြို့က အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Marga Landmark Development Co., Ltd. ရဲ့ အရောင်းပြခန်းမှာ စကားသံတွေ မြင့်တက်လာပါတယ်။

တိုက်ခန်းဝယ်ယူထားသူ အယောက် ၅၀ ဝန်းကျင်က အရောင်းကောင်တာရှေ့မှာ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းမှာ စုဝေးရောက်ရှိနေကြပြီး ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်တွေ့ခွင့်ရဖို့ တောင်းဆိုနေကြပါတယ်။

အကြောင်းအရင်းကတော့ ဝယ်ယူထားတဲ့တိုက်ခန်းတွေရဲ့ လက်လွှဲချိန်ဟာ နှစ်နဲ့ချီ ကျော်နေပေမဲ့ လက်ဝယ်မရရှိကြသေးတာကြောင့်ပါ။

"ရှင်းပေးမယ်"ဆိုတဲ့ ဝန်ထမ်းအမျိုးသားတစ်ယောက်ရဲ့ အော်သံနောက်မှာ အခန်းဝယ်ယူသူတွေကလည်း "မအော်နဲ့၊ အော်ပိုင်ခွင့်မရှိဘူး" ဆိုတဲ့အသံတွေကလည်း အရောင်းခန်းမအတွင်းမှာ ကြားရပါတယ်။

"ကျွန်မတို့ ပိုက်ဆံကို လက်ခံထားတဲ့သူနဲ့ပဲ စကားပြောမယ်" လို့ ဝယ်ယူသူတစ်ယောက်က ပြောတဲ့အခါ ဝန်ထမ်းတစ်ယောက်က "တစ်ယောက်ချင်းစီနဲ့ ကြိုတင်ချိန်းဆိုတာ" လုပ်ပေးလို့ရတဲ့အကြောင်း ပြန်ရှင်းပြနေပါတယ်။

ဒါပေမဲ့ ဝယ်ယူသူတွေကတော့ တစ်ယောက်ချင်းစီ မဟုတ်ဘဲ အားလုံးကို တစ်ပြိုင်နက်တည်း ရှင်းလင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

အရောင်းခန်းမအတွင်းမှာ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ဝယ်ယူသူတွေအကြား အခုလို အချေအတင် ဖြစ်နေသလို ကုမ္ပဏီရဲ့အဆောက်အဦတစ်ခုက အခန်းတစ်ခုမှာလည်း ကုမ္ပဏီတာဝန်ရှိသူနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားနေသူတစ်ယောက် ရှိနေပါတယ်။

သူကတော့ The Central မှာ တိုက်ခန်းဝယ်ယူထားတဲ့ အငြိမ်းစား ကထိက ဆရာမ ဒေါ်လဲ့လဲ့ဝင်းဖြစ်ပြီး တာဝန်ရှိသူနဲ့ နှစ်ပတ်ကြိုတင်ယူထားတဲ့ ရက်ချိန်းအတိုင်း တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့ပါတယ်။

ဒေါ်လဲ့လဲ့ဝင်းရော၊ အရောင်းပြခန်းကိုရောက်နေတဲ့ ဝယ်ယူသူတွေရော တူညီတဲ့မေးခွန်းတွေက စီမံကိန်း ဘယ်တော့ပြီးမလဲ၊ ဘယ်တော့ အခန်းအပ်မှာလဲ၊ မပြီးနိုင်တော့ဘူးဆိုရင် ဘယ်လိုတာဝန်ယူမှာလဲဆိုတာတွေပါပဲ။

အဲဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖို့ပဲ The Central နဲ့ The Park စီမံကိန်းတွေမှာ ဒေါ်လာသိန်းချီ ပေးချေပြီး တိုက်ခန်းဝယ်ယူထားသူတွေဟာ အဲဒီနေ့မှာ အရောင်းပြခန်းဆီ ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အငြိမ်းစားကတိကတစ်ယောက်ရဲ့ခုနစ်နှစ်စောင့်ဆိုင်းမှု

The Central က ကြေညာထားတဲ့ ကွန်ဒိုမြင်ကွင်း
ဓာတ်ပုံ ပုံစာ, The Central က ကြေညာထားတဲ့ ကွန်ဒိုမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

The Central စီမံကိန်းရဲ့ R3 Tower မှာ တိုက်ခန်းနှစ်ခန်း ဝယ်ယူထားတဲ့ အငြိမ်းစား ကထိကဆရာမ ဒေါ်လဲ့လဲ့ဝင်းက အခု အသက် ၆၂ နှစ် ရှိနေပါပြီ။

သူဟာ ၂၀၁၉ ခုနှစ်မှာ R3 Tower က တိုက်ခန်းနှစ်ခန်းကို ဝယ်ယူခဲ့တာဖြစ်ပြီး တစ်ခန်းကို အမေရိကန်ဒေါ်လာ ၂ သိန်းကျော် တန်ဖိုးရှိတယ်လို့ ပြောပါတယ်။

တိုက်ခန်းနှစ်ခန်းကို တခါတည်း ဝယ်ယူပြီး တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းကို ကြိုတင်ပေးချေမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း လျှော့ဈေးပေးမယ်လို့ အရောင်းဝန်ထမ်းတွေက ပြောခဲ့တာကြောင့် နှစ်ခန်း ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

"အသက်ကြီးရင် အေးအေးချမ်းချမ်း နေဖို့ရယ်၊ သားသမီးတွေအတွက်ရယ် စဉ်းစားပြီး ဝယ်ခဲ့တာ" လို့ သူက ပြောပါတယ်။

အဲဒီတိုက်ခန်းတွေအတွက် ပင်စင်စုငွေတွေ ထုတ်သုံးခဲ့ရသလို ရွှေတွေ ရောင်းခဲ့ရပြီး ဆွေမျိုးသားချင်းတွေဆီကလည်း ငွေချေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဝယ်ယူချိန်တုန်းကတော့ ကုမ္ပဏီဘက်က ၂၀၂၁ ခုနှစ် ဧပြီလဝန်းကျင်မှာ တိုက်ခန်းအပ်နှံနိုင်မယ်လို့ ပြောခဲ့တာကြောင့် ဒေါ်လဲ့လဲ့ဝင်းက အဲဒီအချိန်မှာ အိမ်သော့ရမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်။

Covid-19 ကပ်ရောဂါ ဖြစ်လာချိန်မှာတော့ စီမံကိန်းနှောင့်နှေးတာကို နားလည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကြောင့် နှောင့်နှေးရတယ်ဆိုတဲ့ ရှင်းလင်းချက်ကိုလည်း လက်ခံခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာလည်း စီမံကိန်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှု မတွေ့ရတော့ဘဲ ကုမ္ပဏီဘက်က သွင်းကုန်လိုင်စင် ပြဿနာ၊ ဆောက်လုပ်ရေးပစ္စည်း တင်သွင်းရေး အခက်အခဲ၊ ရန်ကုန်ဆိပ်ကမ်းမှာ ကုန်တင်သင်္ဘော ကြန့်ကြာမှုနဲ့ အလုပ်သမား ရှားပါးမှု စတဲ့ အကြောင်းပြချက်တွေကို ဆက်လက် ပြောဆိုခဲ့တယ်လို့ သူက ပြန်ပြောပါတယ်။

"အစပိုင်းမှာတော့ ယုံပြီး စောင့်ပေးခဲ့တာပဲ။ ဒါပေမဲ့ အကြောင်းပြချက်တွေက တစ်ခုပြီးတစ်ခု ပြောင်းလာတယ်" လို့ ဒေါ်လဲ့လဲ့ဝင်းက ပြောပါတယ်။

အဲလို စောင့်ဆိုင်းရင်း ၂၀၂၅ ခုနှစ်လောက် ရောက်လာချိန်မှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေကို ကိုယ်တိုင်မေးမြန်းဖို့ ကြိုးစားခဲ့ချိန်မှာလည်း လုံခြုံရေးက လက်မောင်းကဆွဲပြီး ဆွဲထုတ်တာအထိ ကြုံခဲ့ရပေမဲ့လည်း သူ ထပ်ကြိုးစားခဲ့ပါတယ်။

အဲဒီလိုနဲ့ အကြိမ်ကြိမ် ကြိုးစားခဲ့တာကြောင့် ၂၀၂၆ စက်တင်ဘာ ၃၀ မှာ တွေ့ဆုံခွင့် ရက်ချိန်းရခဲ့ပါတယ်။

အရောင်းပြခန်းရှေ့က ပေါက်ကွဲမှုနဲ့ အဖြေမရသေးတဲ့ မေးခွန်းတွေ

The Central အရောင်းပြခန်းမှာတာဝန်ရှိသူတွေကို တွေ့ခွင့်ရဖို့ စက်တင်ဘာ ၃၀ ရက်က အခန်းဝယ်ယူထားသူတွေ သွားရောက်ခဲ့ကြပါတယ်။
ဓာတ်ပုံ ပုံစာ, The Central အရောင်းပြခန်းမှာတာဝန်ရှိသူတွေကို တွေ့ခွင့်ရဖို့ စက်တင်ဘာ ၃၀ ရက်က အခန်းဝယ်ယူထားသူတွေ သွားရောက်ခဲ့ကြပါတယ်

ဒေါ်လဲ့လဲ့ဝင်းရဲ့အဲဒီရက်ချိန်းအကြောင်းကို အခန်း၀ယ်ထားကြတဲ့တခြားသူတွေလည်း သိသွားကြပါတယ်။

ဒါ့ကြောင့် The Central နဲ့ The Park စီမံကိန်းတွေမှာ တိုက်ခန်းဝယ်ယူထားသူ ၅၀ ကျော်ကလည်း စီမံကိန်းအခြေအနေ သိချင်တာကြောင့် အရောင်းပြခန်းကို လာရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

သီးခြားအခန်းမှာ စောင့်ဆိုင်းနေရချိန် "ကုမ္ပဏီတာဝန်ရှိသူနဲ့ တွေ့ဆုံတဲ့အခါ အသံမှတ်တမ်းတင်ခွင့်ရမလား" ဆိုပြီး ဒေါ်လဲ့လဲ့ဝင်းက တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

အဲဒီမှာအခြေအနေ ပြောင်းလဲသွားပြီး အသံဖမ်းခွင့်လုံးဝမရတဲ့အပြင် နှစ်ဦးနှစ်ဖက် ပြောဆိုသမျှကို တခြားသူတွေကို မပြောပါဘူးဆိုတဲ့ကတိကဝတ်စာချုပ်မှာ လက်မှတ်ရေးထိုးမှသာ တွေ့ခွင့်ရမယ်လို့ ဖြစ်သွားပါတယ်။

အဲဒီတချိန်တည်းမှာပဲ The Central နဲ့ The Park စီမံကိန်း အရောင်းပြခန်းမှာ စောင့်နေတဲ့ ဝယ်ယူထားသူတွေ ရှိနေချိန်မှာပဲ အဆောက်အအုံအတွင်း မီးတွေ ပိတ်သွားတာကိုလည်း လူမှုကွန်ရက် ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။

"ကိုယ်တွေ တိုက်ခန်းဝယ်တုန်းက ည ၉ နာရီတောင် သူတို့က ရွှန်းရွှန်းဝေအောင် ပြောပြီးရောင်းကြတာ၊ အခုတော့ ညနေ ၆ နာရီမှာ လူတွေအထဲမှာစောင့်နေတုန်းကို မီးပိတ်ပစ်တာ"လို့ မရတနာအောင်က ပြောပါတယ်။

နောက်ဆုံးမှာတော့ ဒေါ်လဲ့လဲ့ဝင်းက စာချုပ်မှာ လက်မှတ်မထိုးခဲ့တာကြောင့် တာဝန်ရှိသူနဲ့ မတွေ့ခဲ့ရသလို အရောင်းပြခန်းကို ရောက်ရှိလာတဲ့ အခြားဝယ်ယူသူတွေကလည်း သူတို့ နှစ်ပေါင်းများစွာ သိချင်နေခဲ့တဲ့မေးခွန်းတွေအတွက် တိကျတဲ့ အဖြေမရဘဲ ပြန်ခဲ့ရတယ်လို့ ပြောကြပါတယ်။

The Central နဲ့ The Park စီမံကိန်းကနေ သတ်မှတ်ကာလ လက်လွှဲချိန်ကျော်လွန်လို့ ဖြေရှင်းချက်တောင်းဆိုနေတဲ့ ဝယ်ယူသူ အယောက် ၁၀၀ ကျော်ရှိနေတယ်လို့ ပြောကြပါတယ်။

Marga Landmark Development ကုမ္ပဏီကတော့ ဝယ်ယူသူတွေနဲ့ ဆွေးနွေးမှုတွေကို မှတ်တမ်းတင်ခြင်းနဲ့ ဖြန့်ဝေခြင်း မပြုဖို့ တောင်းဆိုထားတာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ လျှို့ဝှက်အချက်အလက်တွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ စက်တင်ဘာ နောက်ဆုံးပတ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆောက်လုပ်ရေးလက်ရှိအခြေအနေ၊ ရှေ့လုပ်မယ့် စီမံကိန်း၊ အချိန်ဇယား၊ Force Majeure ဖြစ်ရပ်တွေ၊ နှောင့်နှေးမှုတွေနဲ့ပတ်သက်လို့ အသိပေးမယ့်အပြင် စီးပွားရေးသဘောတူညီချက်တွေနဲ့ သတ်မှတ်ချက်တွေကို ကျေနပ်အောင် ပြန်သုံးသပ်မယ်လို့လည်း အောက်တိုဘာ ၃ ရက်မှာ ထပ် ထုတ်ပြန်ပါတယ်။

၂၀၁၉ ခုနှစ်က The Central အရောင်းပြခန်း
ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က The Central အရောင်းပြခန်း

စီမံကိန်းတွေရဲ့ လက်ရှိအခြေအနေ

The Park စီမံကိန်းရဲ့ ၂၀၂၆ ခုနှစ်အတွင်း တွေ့ရတဲ့မြင်ကွင်း
ဓာတ်ပုံ ပုံစာ, The Park စီမံကိန်းရဲ့ ၂၀၂၆ ခုနှစ်အတွင်း တွေ့ရတဲ့မြင်ကွင်း

Marga Landmark Development က ဖော်ဆောင်နေတဲ့ The Central စီမံကိန်းရှိတဲ့နေရာဟာ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်မှာရှိပါတယ်။

အခန်းပေါင်း ၁,၁၀၀ ကျော်ပါတဲ့အဲဒီစီမံကိန်းဟာ ကမ္ဘာအေးဘုရားလမ်းနဲ့ ကန်ဘဲ့လမ်းထောင့်က အင်းယားကန်ကို စီးမိုးမြင်ရမယ့်နေရာမှာရှိနေပါတယ်။

Residential 1(R1), Residential 2(R2) , Residential3(R3) , Residential (R8) နဲ့ SoHo အပါအဝင်လူနေကွန်ဒို၊ ရုံးခန်းနဲ့ စီးပွားရေးဆိုင်ခန်းတွေ ပါဝင်တဲ့ ရောနှောအသုံးပြု အကြီးစားစီမံကိန်းတစ်ခုအဖြစ် ကြော်ငြာခဲ့တာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီ Engineering System Technologies (EST) က ထုတ်ပြန်ထားတဲ့ လုပ်ငန်းမှတ်တမ်းတွေအရ The Central စီမံကိန်းအတွင်းက Residential 1 (R1) နဲ့ Residential 2 (R2) အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ာတ်ပုံတွေ တွေ့ရပါတယ်။

အဲဒီ R1 နဲ့ R2 ရဲ့ ၂၅ ထပ် လူနေအဆောက်အအုံ နှစ်လုံးဆောက်လုပ်ပြီးစီးမှု ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

The Central ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အောက်တိုဘာ ၃ ရက်ထုတ်ပြန်ချက်အရ အခန်းပေါင်း ၅၀၀ နီးပါးကို ပြီးစီးအောင် ဆောင်ရွက်ထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဘယ်နှခန်းအထိ ၀ယ်ယူသူတွေလက်ထဲ ထည့်လိုက်ပြီဆိုတာ ဖော်ပြထားတာ မတွေ့ရပါဘူး။

R3၊ R8 နဲ့ SOHO Tower တို့မှာ အခန်း၀ယ်ယူထားသူအချို့ကတော့ အဲဒီအဆောက်အဦတွေအတွက် ဆောက်လုပ်နေတာ အောက်ခံ foundation အဆင့်တောင် မပြီးသေးဘူးလို့ ပြောကြပါတယ်။

"R3 ဆောက်မယ့်နေရာကို ကျွန်မတို့ အခုနေတဲ့ တိုက်ကနေ လှမ်းမြင်နေရတာ ဖောင်ဒေးရှင်းတောင် မပြီးသေးဘူးလေ"လို့ R3 က တိုက်ခန်းတစ်ခန်းကို ဝယ်ယူထားတဲ့ ရန်ကင်းမြို့နယ်က မရတနာအောင်က ပြောပါတယ်။

မရတနာအောင်က R 3 မှာ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ဝန်းကျင် တိုက်ခန်း ၁ ခန်း၊ The Park ကွန်ဒိုမှာ ဒေါ်လာ ၂ သိန်းဝန်းကျင် ၁ ခန်းကို ၂၀၂၃ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။

သူဝယ်တဲ့တိုက်ခန်းရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၄၇၀,၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ် ပြင်ပငွေလဲနှုန်းနဲ့ဆိုရင် မြန်မာကျပ်ငွေ ၁.၅ ဘီလျံကနေ ၁.၈ ဘီလျံနီးပါး ဝန်းကျင်ရှိနိုင်တဲ့ ပမာဏ ဖြစ်ပါတယ်။

The Park စီမံကိန်းကတော့ ရန်ကုန်မြို့ အလုံမြို့နယ် ဗဟိုလမ်းပေါ်မှာ တည်ရှိပါတယ်။ တရုတ်သံရုံးနဲ့ နီးတဲ့နေရာမှာ ရှိတဲ့နောက်ထပ် အဆင့်မြင့် ကွန်ဒိုစီမံကိန်းတစ်ခု ဖြစ်ပါတယ်။

The Park စီမံကိန်းမှာ အခန်းစုစုပေါင်း ဘယ်နှခန်းပါဝင်တယ်ဆိုတာကို အများပြည်သူ ကြည့်ရှုနိုင်တဲ့စီမံကိန်းအချက်အလက်တွေနဲ့ အရောင်းကြော်ငြာတွေကနေ ဘီဘီစီက ရှာဖွေခဲ့ပေမဲ့ မတွေ့ရသေးပါဘူး။

လက်ရှိ တွေ့ရတဲ့အချက်အလက်တွေထဲမှာတော့ တိုက်ခန်းတချို့ ရောင်းချနေတာကိုသာ တွေ့ရပါတယ်။

ဒါပေမဲ့ ဓာတ်ပုံတချို့အရ ၂၀၂၆ ခုနှစ် စက်တင်ဘာအထိ The Park စီမံကိန်းရဲ့အောက်ခြေဖောင်ဒေးရှင်းကို ဆောက်လုပ်နေတုန်းသာ ရှိတာကို တွေ့ရပါတယ်။

နိုင်ငံခြား developer ဆိုတဲ့ ယုံကြည်မှုနဲ့ နှစ်နှစ်အတွင်း အခန်းအပ်မယ်ဆိုတဲ့ ကတိ

၂၀၂၆ ခုနှစ် စက်တင်ဘာက တွေ့ရတဲ့The Park စီမံကိန်းရဲ့ ဖောင်ဒေးရှင်းဆောက်လုပ်ရေး
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် စက်တင်ဘာက တွေ့ရတဲ့The Park စီမံကိန်းရဲ့ ဖောင်ဒေးရှင်းဆောက်လုပ်ရေး

ဒီစီမံကိန်းတွေမှာ တိုက်ခန်းဝယ်ယူခဲ့သူ အများစုအတွက် ဆွဲဆောင်မှုဖြစ်ခဲ့တာက အချက်အချာကျတဲ့ တည်နေရာနဲ့ အဆင့်မြင့်ကွန်ဒိုစီမံကိန်းပုံရိပ်တွေတင် မဟုတ်ဘဲ စီမံကိန်းကို ဖော်ဆောင်နေတဲ့ Marga Landmark ဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု နောက်ခံရှိတာကြောင့်လည်း ပါပါတယ်။

မြန်မာနိုင်ငံမှာ Marga Landmark ရဲ့ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှုမှတ်တမ်းတွေကို ၂၀၁၄ ခုနှစ်ကတည်းက တွေ့ရပါတယ်။

ကုမ္ပဏီရဲ့လက်ရှိထုတ်ပြန်ချက်တွေအရ အစုရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာအဖွဲ့မှာ ဟောင်ကောင်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက လုပ်ငန်းရှင်နဲ့ ပညာရှင်တွေ ပါဝင်တဲ့ နိုင်ငံတကာနောက်ခံရှိတဲ့လုပ်ငန်းတစ်ခုအဖြစ် ဖော်ပြခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ရွှေတိဂုံဘုရားအနီး Dagon City 1 စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းအဖြစ် ကြေညာခဲ့ပါတယ်။

Dagon City 1 စီမံကိန်းဟာ ရွှေတိဂုံဘုရားအပေါ် ထိခိုက်နိုင်တယ်ဆိုတဲ့ကန့်ကွက်မှုတွေကြား အစိုးရရဲ့ဆုံးဖြတ်ချက်နဲ့အတူ ၂၀၁၅ ခုနှစ်မှာ စီမံကိန်းကို ရပ်ဆိုင်းခဲ့ရပါတယ်။

အဲဒီလို ရပ်ဆိုင်းခဲ့ရပေမဲ့ ရန်ကင်းမြို့နယ်က The Central နဲ့ အလုံမြို့နယ်က The Park အပါအဝင် အခြားအိမ်ရာနဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေကို ဆက်လက် ဖော်ဆောင်လာခဲ့ပါတယ်။

အဲဒီလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုနောက်ခံနဲ့ အဆင့်မြင့်စီမံကိန်းပုံရိပ်တွေကြောင့် The Central နဲ့ The Park စီမံကိန်းတွေ အရောင်းဖွင့်ချိန်မှာ နိုင်ငံခြားကုမ္ပဏီဖြစ်လို့ ပိုစနစ်ကျမယ်၊ ပိုစိတ်ချရမယ်လို့ ဒေါ်လဲ့လဲ့ဝင်းနဲ့ မရတနာအောင်အပါအဝင် ဝယ်ယူသူတွေက ယုံကြည်ခဲ့ကြပါတယ်။

အဲဒီယုံကြည်မှုနဲ့ပဲ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ဝန်းကျင်ကစပြီး The Central ကို ဝယ်ယူကြသူတွေ ရှိသလို The Park ကိုတော့ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ စာချုပ်ချုပ်ဆိုပြီး တိုက်ခန်းတွေ ဝယ်ယူခဲ့ကြတယ်လို့ သိပါတယ်။

အခန်းအကျယ်အဝန်းနဲ့ တည်နေရာ၊ မြင်ကွင်းအလိုက် အမေရိကန်ဒေါ်လာ နှစ်သိန်းကနေ ခြောက်သိန်းနီးပါးအထိရှိတဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းအထိ ဝယ်ယူသူတချို့က ကြိုတင်ပေးချေခဲ့ကြပါတယ်။

လက်ရှိမြန်မာငွေဈေးနဲ့ဆိုရင်တော့ ငွေကျပ် သန်းရာချီကနေ ဘီလျံနဲ့ချီတဲ့ ပမာဏဖြစ်ပါတယ်။

စုဆောင်းငွေတွေ အပါအဝင် ပင်စင်စုငွေတွေ ထုတ်သုံးသူတွေ၊ ရွှေတွေ ရောင်းချခဲ့သူတွေ၊ ဆွေမျိုးသားချင်းတွေဆီက ငွေချေးပြီး ဝယ်ယူခဲ့သူတွေလည်း ရှိနေပါတယ်။

၂၀၂၆ ခုနှစ် စက်တင်ဘာက တွေ့ရတဲ့The Park စီမံကိန်းရဲ့ ဖောင်ဒေးရှင်းဆောက်လုပ်ရေး
ဓာတ်ပုံ ပုံစာ, ၂၀၂၆ ခုနှစ် စက်တင်ဘာက တွေ့ရတဲ့The Park စီမံကိန်းရဲ့ ဖောင်ဒေးရှင်းဆောက်လုပ်ရေး

ဒေါ်လဲ့လဲ့ဝင်းနဲ့ မရတနာအောင် အပါအဝင် R3 နဲ့ The Park က နောက်ထပ်ဝယ်ယူသူနှစ်ယောက် ပြောပြချက်အရ အခန်းဝယ်ယူချိန်မှာ အရောင်းပိုင်းတာဝန်ရှိသူတွေက ငွေပေးချေမှုပြီးစီးပြီးနောက် နှစ်နှစ်ခန့်အတွင်း တိုက်ခန်းအပ်နှံမယ်လို့ အရောင်းဝန်ထမ်းတွေက ရှင်းပြခဲ့ကြသလို စာချုပ်မှာလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီလို ရှင်းပြချက်တွေကြောင့် စာချုပ်ချုပ်ပြီးလို့ ၂ နှစ်စောင့်လိုက်ရင် အခန်းသော့ရမယ်လို့ မျှော်လင့်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်အထိ မရကြသေးပါဘူး။

Marga Landmark Development Co., Ltd. က စီမံကိန်းနှောင့်နှေးမှုကို Covid-19 ကပ်ရောဂါ၊ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲမှုတွေကြောင့်လို့ ရှင်းလင်းထားပြီး ဝယ်ယူသူတွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း စက်တင်ဘာ နောက်ဆုံးပတ်မှာ ထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီဘက်ကတော့ အဲဒီအခြေအနေတွေဟာ သူတို့ ထိန်းချုပ်နိုင်တဲ့ အခြေအနေ မဟုတ်တဲ့ ဖြစ်စဉ်တွေလို့လည်း အောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ရှင်းလင်းထားပါတယ်။

ဒါ့အပြင် ဝယ်ယူသူတွေရဲ့တောင်းဆိုချက်တွေကို စိစစ်ဖြေရှင်းပေးဖို့နဲ့ စီမံကိန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေသလို ဝယ်ယူသူတွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ကတိပြုထားပါတယ်။

ဒီလိုကတိတွေက အကြိမ်ကြိမ် ကြားခဲ့ရတာဖြစ်ပြီး လက်တွေ့ ဖြစ်မလာသေးတဲ့အပေါ် ယုံကြည်မှု လျော့ပါးသွားပြီလို့လည်း The Park မှာ အခန်းဝယ်ယူထားတဲ့ နောက်ထပ်အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

စီမံကိန်းပြီးစီးမယ့်အချိန်ဇယားနဲ့ ဝယ်ယူသူတွေရဲ့ တောင်းဆိုချက်တွေအပေါ် သဘောထားကို သိရှိနိုင်ဖို့ Marga Landmark Development Co., Ltd. ကို ဘီဘီစီက အီးမေးလ်ကနေ တဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

လက်ရှိမှာတော့ အခန်းဝယ်ယူထားသူ တချို့က ရှေ့နေတွေနဲ့တိုင်ပင်ပြီး ဥပဒေလမ်းကြောင်းအရ တရားစွဲဖို့ ပြင်ဆင်နေကြတယ်လို့ မေးမြန်းခွင့်ရသူ ၄ ယောက်က ပြောပါတယ်။

စာချုပ်ပါ အားနည်းချက်နဲ့ ဝယ်ယူသူတွေရဲ့ကုစားခွင့်

The Central အရောင်းပြခန်း (ပုံဟောင်း)
ဓာတ်ပုံ ပုံစာ, The Central အရောင်းပြခန်း (ပုံဟောင်း)

ဝယ်ယူသူတွေ လက်မှတ်ရေးထိုးခဲ့ရတဲ့ စာချုပ်တွေဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး စာမျက်နှာ ၂၀ ကနေ ၃၀ ဝန်းကျင်အထိ ရှိတာကြောင့် အချက်အလက်အားလုံးကို သေချာနားမလည်ဘဲ လက်မှတ်ထိုးခဲ့မိသူတွေလည်း ရှိတယ်လို့ ဝယ်ယူထားသူတချို့ရဲ့ ပြောပြချက်အရ ဆိုပါတယ်။

"မြန်မာနိုင်ငံမှာ ချုပ်ဆိုတဲ့စာချုပ်ဖြစ်လို့ မဖြစ်မနေ မြန်မာလိုရေးရမှာပါ။ တခြားဘာသာနဲ့ရေးထားရင်လည်း နိုတြီဘာသာပြန်ရမှာဖြစ်ပါတယ်"လို့ ဥပဒေကျွမ်းကျင်သူတစ်ယောက်က မှတ်ချက်ပေးပါတယ်။

R3 တိုက်ခန်းဝယ်ယူထားတဲ့ ဒေါ်လဲ့လဲ့ဝင်း ကတော့ နိုင်ငံခြား developer တစ်ခုဖြစ်တာ၊ အရောင်းပြခန်းကြီးကြီးမားမား ဖွင့်ထားတာနဲ့ အရောင်းဝန်ထမ်းတွေရဲ့ ရှင်းလင်းပြောဆိုချက်တွေကို ယုံကြည်ပြီး စာချုပ်ထိုးခဲ့မိတယ်လို့ ပြောပါတယ်။

"Show Room ကလည်း အကြီးကြီးပဲ၊ ခမ်းခမ်းနားနားနဲ့ဆိုတော့ ကတိတည်မှာပဲပေါ့၊ စာချုပ်ကလည်း အင်္ဂလိပ်လိုဆိုတော့ သေချာမဖတ်ဘဲ ထိုးလိုက်မိတယ်" လို့ ပြောပါတယ်။

R3 နဲ့ The Park မှာ တိုက်ခန်း ၁ ခန်းစီ ဝယ်ယူထားတဲ့ မရတနာအောင် ကတော့ စရံငွေ ပေးပြီး တစ်လကျော်ကြာမှ စာချုပ်ကိုရရှိခဲ့ပြီး စာချုပ်ပါ အချက်အလက်တွေကို အသေးစိတ် ပြန်ဖတ်ခွင့်ရခဲ့တာလို့ ဆိုပါတယ်။

‌ဝယ်ယူသူ ၃ ယောက်ရဲ့ ပြောပြချက်အရ စာချုပ်ထဲမှာ ဝယ်ယူသူဘက်က ငွေပေးချေမှု နောက်ကျရင် ဒဏ်ကြေးပေးဆောင်ရမယ့် အချက်တွေ၊ သတ်မှတ်ထားတဲ့ အရစ်ကျငွေတွေကို ဆက်မသွင်းနိုင်ရင် ကုမ္ပဏီဘက်က အခန်းကို ပြန်ရောင်းမယ်ဆိုတဲ့ အချက်တွေကို ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ ကုမ္ပဏီဘက်က အခန်းအပ်နှံဖို့ ပျက်ကွက်ခဲ့ရင် ဘယ်လိုတာဝန်ယူမယ်၊ ဘယ်လိုနစ်နာကြေးပေးမယ်၊ ဘယ်အချိန်မှာ ပေးမယ်ဆိုတဲ့ အချက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မတွေ့ရဘူးလို့ သူတို့က ပြောပါတယ်။

"မသွင်းရင် အခန်းကို ပြန်ရောင်းနိုင်တယ်။ သွင်းတာ နောက်ကျရင် အတိုးထည့်မယ်။ ဒါပေမဲ့ သူတို့ဘက်က နောက်ကျရင် လျော်ကြေးကို ဘယ်နေ့ ပေးမယ်ဆိုတာ သေချာမပါဘူး" လို့ မရတနာအောင် က ပြောပါတယ်။

သတ်မှတ်ရက်အတွင်း ကုမ္ပဏီက အခန်းမအပ်နိုင်ရင် ဝယ်ယူသူ ပေးသွင်းထားတဲ့ ငွေပမာဏအပေါ် တစ်လလျှင် ၁ ရာခိုင်နှုန်းနှုန်း နစ်နာကြေးပေးမယ်လို့ အရောင်းဝန်ထမ်းတွေက ပြောခဲ့တယ်လို့ ပြောကြပါတယ်။

"ဒါပေမဲ့ သတ်မှတ်ကာလကျော်တာ ၅ နှစ်လောက်ရှိပြီ အခုထိ ဘာနစ်နာကြေးမှ မရသေးဘူး" လို့ ဒေါ်လဲ့လဲ့ဝင်း က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စာချုပ်စာတမ်းအကြောင်း နားလည်မှုအားနည်းတဲ့ ဝယ်ယူသူတွေကို အားသာချက်ယူနိုင်တဲ့ မမျှတတဲ့ စီးပွားရေးအလေ့အထတွေ ရှိနေတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က လူမှုကွန်ရက်မှာ ရေးသားထောက်ပြပါတယ်။

စာချုပ်ဟာ တစ်ဖက်စောင်းနင်းဖြစ်ပြီး ဝယ်ယူသူကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေတွေ ဝင်ရောက်စိစစ်သင့်တယ်လို့လည်း အိမ်ခြံမြေ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း ဒီပြဿနာကို ကုမ္ပဏီတစ်ဖက်တည်းရဲ့ တာဝန်မဟုတ်ဘဲ မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ ကြုံနေရတဲ့ ငွေကြေးအခက်အခဲ၊ ဆောက်လုပ်ရေးပစ္စည်း တင်သွင်းခွင့် အခက်အခဲနဲ့ မူဝါဒအပြောင်းအလဲတွေရဲ့ နောက်ဆက်တွဲ ရလဒ်အဖြစ်လည်း သုံးသပ်သူတွေ ရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးကတော့ လက်ရှိအငြင်းပွားမှုဟာ ကွန်ဒိုဥပဒေထက် ဝယ်ယူသူနဲ့ ကုမ္ပဏီကြား ချုပ်ဆိုထားတဲ့ စာချုပ်အပေါ် ပိုမိုမူတည်နေတယ်လို့ ပြောပါတယ်။

"နစ်နာကြေး တောင်းဆိုတာပဲဖြစ်ဖြစ်၊ တရားစွဲတာပဲဖြစ်ဖြစ် စာချုပ်က အဓိကဖြစ်ပါတယ်။ ကုမ္ပဏီဘက်က ပျက်ကွက်ရင် ဘာတာဝန်ယူမယ်ဆိုတဲ့ အချက်ကို အရင်ကြည့်ရမှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

အခုတော့ အခန်း၀ယ်ထားသူတွေနဲ့ စီမံကိန်းဆောက်လုပ်သူကြားက အခြေအနေကို အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး)က ၀င်ရောက် ကိုင်တွယ််နေပြီလို့ အခန်း၀ယ်ထားသူတွေ အသိုင်းအ၀ိုင်းကနေ သိရှိရပါတယ်။

"လက်ရှိ Central ရုံးက ပစ္စည်းအားလုံးကို စ သုံးလုံးက သိမ်းဆည်းထားပါတယ်။ ဝယ်သူတွေကတော့ ဝယ်တဲ့အချက်အလက်တွေ ပြောပြရတာပေါ့။ သူတို့ (ကုမ္ပဏီ) ဘက်ကို စစ်တာနဲ့ ဟိုဘက်ခန်း၊ ဒီဘက်ခန်း စစ်နေကြတာ" လို့ အခန်းဝယ်ယူထားသူတစ်ဦးက သူသိရှိထားတာကို ပြောပါတယ်။

The Central ဖြစ်စဉ်ကို သိရှိနေတဲ့ရှေ့နေ တစ်ဦးကတော့ "အခန်းဝယ်တဲ့သူတွေနဲ့ချုပ်တဲ့အင်္ဂလိပ်လိုရေးထားတဲ့ စာချုပ်ထဲမှာပါတာက တရားရင်ဆိုင်ရတဲ့အခြေအနေဖြစ်လာရင် စင်ကာပူနိုင်ငံရဲ့ အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေနဲ့ ဆောင်ရွက်မယ်ဆိုတာ ပါတယ်။ အခန်းပိုင်ရှင်တွေဘက်က သူတို့ကို ယုံတော့ ဝယ်တဲ့အချိန်မှာ ရှေ့နေတွေနဲ့စာချုပ်ကို မဆွေးနွေးထားကြဘူး။ အခုတရားမမှုနဲ့ ရှင်းမယ်ဆိုရင် သူတို့ဘက်က ဒီအချက်ကို ကိုင်ပြောတော့ စင်ကာပူအထိ သွားရှင်းရမလိုဖြစ်နေတယ်" လို့ ပြောပါတယ်။

ဒေါ်လဲ့လဲ့ဝင်းကတော့ အခန်းသော့ရမယ့်ကာလကျော်လွန်တဲ့အထိ မရလို့ ထုတ်ဖော်ပြောဆိုရတာဟာ ကိုယ်တိုင် အခန်းရဖို့ တစ်ခုတည်း မဟုတ်တော့ဘူးလို့ ပြောပါတယ်။

"ကျွန်မတို့ အခုလို ထုတ်ပြောလာတာက ကိုယ်တိုင် အခန်းမရသေးတာထက် နောက်ထပ်လူတွေ ထပ် မနစ်နာစေချင်လို့ပါ"