စစ်တိုင်းအပြောင်းအလဲတွေကပြတဲ့ မြန်မာပြည်တွင်းစစ်

မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတာကို မြေပုံ၊ စစ်သားနဲ့ စစ်တိုင်းအမှတ်တံဆိပ်တွေကို ပေါင်းစပ်သရုပ်ဖော်ထားတာပါ။
ဓာတ်ပုံ ပုံစာ, မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိ
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

တိုင်းစစ်ဌာနချုပ်တွေဆိုတာ စစ်ရုံးနဲ့ မြေပြင်တိုက်ခိုက်ရေးတပ်တွေကို အဓိက ချိတ်ဆက်ပေးရတဲ့ အရေးကြီးတဲ့ စစ်စခန်းကြီးတွေပါ။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို စစ်ရုံးချုပ်တစ်ခုတည်းကနေ တိုက်ရိုက်စီမံဖို့ မဖြစ်နိုင်တာကြောင့် တိုင်းစစ်ဌာနချုပ်အလိုက် တာဝန်ယူရပြီး မြန်မာတစ်နိုင်ငံလုံးမှာ ၁၄ ခု ရှိပါတယ်။

ပုံမှန်ဆိုရင်တော့ စစ်တိုင်းတွေရဲ့ တည်နေရာကို ပြည်ပရန်ကာကွယ်ရေးအတွက်ပဲ အဓိကစဥ်းစားပေမဲ့ မြန်မာမှာတော့ ပြည်တွင်းစစ်အခြေအနေကိုပါ မဖြစ်မနေ ထည့်စဥ်းစားကြတာပါ။

ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ အာရက္ခတပ်တော် AA မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးက မြန်မာစစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်သုံးခုကို အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။

ခိုလမ်မှ လွိုင်ကော်သို့

ရှမ်းပြည်မှာရှိတဲ့ စစ်တိုင်း ၄ ခုကို ရှမ်းပြည်နယ်မြေပုံပေါ်မှာ တပ်ဌာနချုပ်တံဆိပ်တွေနဲ့အတူ ပြထားပါတယ်။
ဓာတ်ပုံ ပုံစာ, ရှမ်းပြည်မှာရှိခဲ့တဲ့ စစ်တိုင်း ၄ ခု

တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)ကို ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်ကနေ ကယားပြည်နယ်၊ လွိုင်ကော်ကိုရွှေ့ဖို့ စီစဥ်နေပါတယ်။

ဖွင့်ထားတာ ၁၅ နှစ်ကျော်ပဲရှိသေးတဲ့ စစ်တိုင်းတစ်ခုကို ပြည်နယ်တစ်ခုကနေ နောက်ထပ်ပြည်နယ်တစ်ခုကို ရွှေ့ဖို့လုပ်နေတာပါ။

မြန်မာပြည်ကစစ်တိုင်းတွေထဲမှာ ရလခ ကို နောက်ဆုံးမှ ဖွင့်ခဲ့တာဖြစ်ပြီး ၂၀၁၀ ဒီဇင်ဘာမှာ ဖွင့်ခဲ့တာပါ။ ပထမဆုံးတိုင်းမှူးက ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ထိုင်း-မြန်မာ နယ်စပ်ကို ပိုစိုးမိုးနိုင်ဖို့ပါ။

ရှမ်းပြည်နယ်ထဲမှာ စစ်တိုင်း ၄ ခုအထိရှိပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံ အခြေစိုက်တြိဂံတိုင်းစစ်ဌာနချုပ်နဲ့ ခိုလမ်မှာရှိတဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ဖြစ်ပါတယ်။

ခိုလမ်က ကျန်တဲ့စစ်တိုင်း ၃ ခုရဲ့အလယ်မှာ တည်ရှိပါတယ်။

ရလခ ကို ဖွဲ့တဲ့ရည်ရွယ်ချက်ထဲမှာ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ ရှမ်းပြည်တပ်မတော် SSPP နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကို ထိန်းချုပ်ထားဖို့လည်း ပါပါတယ်။ နှစ်ဖွဲ့လုံးရဲ့ ဌာနချုပ်တွေက ရလခ နယ်မြေထဲမှာဖြစ်ပါတယ်။

စစ်ရေးပြပွဲတစ်ခုမှာတွေ့ရတဲ့ ဝ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ
ဓာတ်ပုံ ပုံစာ, စစ်ရေးပြပွဲတစ်ခုမှာတွေ့ရတဲ့ ဝ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သံလွင်အရှေ့ခြမ်းမှာရှိတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAကို သံလွင်အနောက်ခြမ်း မိုင်းရှူး၊ ကျေးသီး ဒေသထဲကို ဝင်မလာနိုင်အောင်လည်း ဒီ စစ်ဌာနချုပ်ကို အထိုင်ချထားခဲ့တာပါ။

ဒါပေမဲ့ ၁၅ နှစ်အတွင်းမှာ စစ်ရေးနဲ့ နိုင်ငံရေးမျက်နှာစာအပြောင်းအလဲတွေလည်း များခဲ့ပါတယ်။ ရလခက ခိုလမ်ကနေ ထိန်းချုပ်ဖို့ရည်ရွယ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ နေပြည်တော်နဲ့စကားပြောနေပါပြီ။ ဒါ့အပြင် ထိုင်းနဲ့မြန်မာစစ်တပ်ကြားမှာလည်း အခုအချိန်မှာ အဆင်ပြေနေပါတယ်။

ဒါပေမဲ့ အရင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်အဆင့်ပဲရှိတဲ့ လွိုင်ကော်က စစ်တိုင်းတစ်ခုဖြစ်လာတော့မှာဖြစ်လို့ ကယား(ကရင်နီပြည်)ထဲက စစ်ရေးအခြေအနေကတော့ ပြောင်းသွားမှာပါ။

လွိုင်ကော်ကို စစ်တိုင်းရွှေ့တဲ့ သိသာတဲ့ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။

ကရင်နီပြည်ထဲက ဆုံးရှုံးနယ်မြေတွေပြန်တိုက်ယူဖို့နဲ့ နယ်မြေချင်းထိဆက်နေတဲ့ နေပြည်တော်ကို ကာကွယ်ဖို့ လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

လွိုင်ကော်ကို စစ်တိုင်းရွှေ့ဖို့ စီစဥ်နေတုန်းမှာပဲ လစ်လပ်နေတာ ၆ လကျော်ကြာပြီဖြစ်တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကို ပြန်ခန့်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်က သိရတဲ့သတင်းအရ ဗိုလ်မှူးချုပ်ကျော်နိုင်ဦး ဖြစ်လာပါတယ်။

တရုတ်ဝင်ညှိပေးလို့ ပြန်ရခဲ့တဲ့ စစ်တိုင်း

ဦးမင်းအောင်လှိုင်ရဲ့ဇွန်လ တရုတ်ခရီးစဥ်
ဓာတ်ပုံ ပုံစာ, ဦးမင်းအောင်လှိုင်ရဲ့ဇွန်လ တရုတ်ခရီးစဥ်

လွတ်လပ်ရေးစရတုန်းက မြန်မာစစ်တပ်မှာ စစ်တိုင်း နှစ်ခုထဲသာရှိခဲ့တာပါ။ နေပြည်တော်ပေါ်လာတဲ့အထိ တိုးချဲ့ရာကနေ ၁၄ ခုအထိရှိလာခဲ့ပါတယ်။

စစ်တိုင်းတွေရဲ့ အပြောင်းအရွှေ့တွေကနေ ပြည်တွင်းစစ်ရဲ့ အခြေအနေနဲ့ လားရာကို ဆန်းစစ်ကြည့်နိုင်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်ဆင်ဖို့ ဖွဲ့ခဲ့တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဆိုရင် စစ်တပ်သမိုင်းမှာတော့အထင်ကရစစ်တိုင်းတစ်ခုပါ။

မဟာဗျူဟာအရကြည့်ရင်လည်း ရမခဟာ တရုတ်နဲ့စစ်ဖြစ်နိုင်ခြေကိုပါ စဥ်းစားတွက်ချက်ပြီး တည်ဆောက်ခဲ့တဲ့ စစ်တိုင်းဖြစ်ပါတယ်။

ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ ကိုးကန့် MNDAA လက်ထဲ ဆုံးရှုံးခဲ့ရပြီး အရှက်ရစရာမှတ်တမ်းဆိုးဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကအဖမ်းခံရတဲ့ ရမခတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်ဆိုရင် အခုထိပြန်မလွတ်သေးပါဘူး။

ရမခ ကို ကိုးကန့်တွေ သိမ်းစဥ်က
ဓာတ်ပုံ ပုံစာ, ၂၀၂၄ မှာ ရမခ ကို ကိုးကန့်တွေ သိမ်းစဥ်က

အဲဒီကာလက လားရှိုးအနီးက မိုင်းရယ်မြို့မှာ စစ်တိုင်းကို ခဏပြောင်းဖွင့်ခဲ့ရပါတယ်။

တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ ခုနှစ်မှာတော့ မြန်မာစစ်တပ်က လားရှိုးကို ပြန်ဝင်နိုင်ခဲ့ပေမဲ့ အရင်ကစိုးမိုးခဲ့ဖူးတဲ့နယ်မြေတွေကိုတော့ ဆုံးရှုံးထားဆဲဖြစ်ပါတယ်။

ဒီစစ်တိုင်းက မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပြီး မဟာဗျူဟာမြောက်အရေးပါပါတယ်။

ဒါပေမဲ့ လားရှိုးအပြင်ကိုထွက်လိုက်တာနဲ့ တရုတ်နယ်စပ်အထိကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ဝိုင်းရံထားပါတယ်။

ကိုးကန့်တပ် MNDAA၊ တအောင်းတပ် TNLAနဲ့ ကချင်လွတ်လပ်ရေးတပ် KIA တို့က လားရှိုးမူဆယ်ကုန်သွယ်ရေးလမ်းပေါ်မှာရှိနေတာပါ။

ဒါ့အပြင် ရှမ်းမြောက်မှာ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ရှမ်းလက်နက်ကိုင်တပ်နှစ်ခု ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ လှုပ်ရှားတဲ့ နယ်မြေတွေလည်း ရှိနေပါသေးတယ်။

ဒါကြောင့် ရမခ ဟာ အချိန်မရွေး တိုက်ပွဲတွေပြန်ဖြစ်နိုင်တဲ့ စစ်တိုင်းလို့ဆိုရမှာပါ။

အမ်း -ပြန်မရသေးတဲ့ တိုင်းစစ်ဌာနချုပ်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အေအေ
ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အေအေ

စစ်တိုင်းတစ်ခုလုံးဆုံးရှုံးပြီးပြန်မရသေးတာကတော့ ရခိုင်မှာဖြစ်ပါတယ်။

အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (အေအေ)က ၂၀၂၄ ခုနှစ်တုန်းက သိမ်းပိုက်ခဲ့ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင်က ပြည်နယ်မြို့တော် စစ်တွေမှာ အခြေစိုက်ခဲ့ပါတယ်။

တကယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သာ စစ်ဖြစ်ခဲ့ရင် စစ်တွေကို တိုက်လေယာဉ်တွေ အချိန်တိုအတွင်းဝင်လာနိုင်တယ် ဆိုတဲ့ စစ်ရေးအမြင်နဲ့ အမ်း ကိုရွှေ့ခဲ့တာလို့ တပ်မှတ်တမ်းတွေ အရ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ၁၉၉၅ ခုနှစ် ရခိုင်ခရီးစဉ်မှာ ဒီအကြံအစည်ကို ရခဲ့ပြီး အမ်းမြို့သစ် စီမံကိန်းကို အကောင်အထည် စဖော်ခဲ့တာဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တွေကနေ အမ်းကို ပြောင်းရွှေ့အခြေစိုက်ခဲ့ပါတယ်။

ဒါပေမဲ့ နပခ တိုင်းမှူးအဆက်ဆက်ဟာ တောတောင်ထူထပ်တဲ့အမ်းမှာအနေနည်းပြီး စစ်တွေမှာပဲ နေကြတာများပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးတို့က နပခ တိုင်းမှူးတွေဖြစ်ခဲ့ဖူးပါတယ်။

အခုတော့ နပခကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်စစ်တွေမှာပဲ တွဲထားပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၆ စက်တင်ဘာ ၄ ရက်ကစတင်ပြီး ရခိုင်ပြည်နယ်ကို အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

ဗုံးကြဲမှုတွေက လနဲ့ချီရှိလာပြီး စက်တင်ဘာလကုန်မှာ ဖြစ်ခဲ့တဲ့ ကျောက်တော်လေကြောင်းဗုံးကြဲမှုဆို လူအယောက် ၅၀ အထိသေဆုံးခဲ့လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ကြပါတယ်။

စစ်တိုင်း ၁၂ တိုင်း စစ်မျက်နှာဖွင့်ထားရ

တိုင်းစစ်ဌာနချုပ်တွေကို ပြသထား

နေပြည်တော်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလွဲရင် ကျန်တဲ့စစ်တိုင်းတွေအားလုံးစစ်မျက်နှာဖွင့်ထားရတဲ့အခြေအနေဖြစ်ပါတယ်။

ရှမ်း၊ ကယားနဲ့ ရခိုင်က စစ်တိုင်းတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ဆိုင်ထားရတဲ့စစ်တိုင်းတွေ ဖြစ်ပါတယ်။

မြောက်ဘက်ကနေစကြည့်ရင် ကချင်ပြည်နယ်မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကချင်လွပ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ဆိုင်ထားတဲ့ စစ်တိုင်းဖြစ်ပါတယ်။

မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ဆိုရင်လည်း ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်ကို တာဝန်ယူထားရတာ ဖြစ်ပါတယ်။

နမခ တတိုင်းထဲနဲ့ ထိန်းရတဲ့နယ်မြေတွေကများနေတဲ့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ နယ်မြေခွဲတာ ဒါမှမဟုတ် စစ်တိုင်းတိုးချဲ့ဖို့ စဥ်းစားလာနိုင်တယ် လို့ စစ်ရုံးက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။

မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ဆိုရင်လည်း စစ်ကိုင်း၊မန္တလေးနဲ့ မကွေး စစ်ဆင်ရေးနယ်မြေတွေကို တာဝန်ယူရပါတယ်။

ရှမ်းပြည်နဲ့ထိစပ်နေတဲ့ တပ်မြို့ပြင်ဦးလွင်နဲ့ မိတ္ထီလာ အထိ တာဝန်ယူထားပါတယ်။

တိုင်းစစ်ဌာနချုပ်တွေကို ပြသထားပါတယ်။

တောင်ငူက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မော်လမြိုင်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွေကတော့ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေနဲ့ အဓိကစစ်ဆိုင်ထားပြီး မွန်တပ်တွေနဲ့ PDF တွေလည်းရှိနေပါတယ်။

ဒါ့အပြင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးနယ်မြေတွေထဲမှာလည်း KNU တပ်မဟာ နယ်မြေတွေနဲ့ PDF နယ်မြေတချို့ရှိနေပါတယ်။

တိုက်ပွဲတွေနှစ်ပေါင်းများစွာမရှိခဲ့တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တောင်မှ ရခိုင်ပြည်နယ်ကမြို့နယ်တွေကို အာရက္ခတပ်တော် အေအေက သိမ်းပိုက်ထားတာကြောင့် စစ်ရေးအသင့်ပြင်ထားရတဲ့ စစ်တိုင်းဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်က ဆက်လက်တောက်လောင်နေတဲ့ စစ်တိုင်းတွေရဲ့အခန်းကဏ္ဍကလည်း ပြည်ပရန်ထက် ပြည်တွင်းစစ်အတွက်ပဲ အပြည့်အဝအာရုံစိုက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။