ကမ္ဘာ့ဖလား အကောင်းဆုံးဝတ်စုံများနဲ့ အထင်ကရ အချက်များ

၁၉၉၀ အနောက်ဂျာမနီ၊ ၂၀၁၈ နိုင်ဂျီးရီးယားနဲ့ ၁၉၉၄ အမေရိကန်အသင်းတို့ရဲ့ ဂျာစီအင်္ကျီတွေကို ဖော်ပြထားတဲ့ ဂရပ်ဖစ်ပုံ
    • ရေးသားသူ, အဲလက်စ် ဘိုင်ဆောက်
    • ရာထူးတာဝန်, အကြီးတန်း အားကစားသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၁၀

လူတစ်ယောက်ရဲ့ဘဝကို ကမ္ဘာ့ဖလားပြိုင်ပွဲတွေနဲ့ တိုင်းတာလို့ရတယ်လို့ ပြောသူတွေ ရှိပါတယ်။

လေးနှစ်တစ်ကြိမ် အဖြစ်အပျက်တွေဟာ မျက်စိအဝိုင်းသားနဲ့ အရာရာကို အံသြနေရတဲ့ ကလေးဘဝကနေ အားကစားကို ရူးသွပ်လာတဲ့ ဆယ်ကျော်သက်ဘဝ၊ နောက် အသက်အရွယ်ရလာတွေအထိ အချိန်မှတ်တိုင်တွေလိုပါပဲ။

ကိုယ်ချစ်မြတ်နိုးခဲ့ရတဲ့ အသင်းတွေ၊ ကိုယ်အရူးအမူးအားကျခဲ့ရတဲ့ သူရဲကောင်းတွေနဲ့ သူတို့ဝတ်ခဲ့တဲ့ အမှတ်တရ ဘောလုံးအင်္ကျီတွေ စတဲ့ ဘောလုံးလောကရဲ့အမှတ်ရစရာ ပြကွက်တွေပါ။

ဒီမှာ ပြောမှာကတော့ ဘောလုံးအင်္ကျီတွေအကြောင်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေတဲ့ ဂျာစီအင်္ကျီတွေပါ။ အချိန်ကာလတွေ ဘယ်လိုပြောင်းပြောင်း ပြိုင်ဘက်ကင်း လက်ရာတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘောလုံးဝတ်စုံတစ်စုံရဲ့အစဉ်အလာကို ဒီလောက်အထိ ရေရှည်တည်တံ့စေတဲ့အရာက ဘာများဖြစ်မလဲ။

မက်သရူး ဝုဖ် ဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ လူကြိုက်အလွန်များခဲ့တဲ့ နိုင်ဂျီးရီးယား ဝတ်စုံတွေကို ဒီဇိုင်းဆွဲပေးခဲ့သလို ချန်ပီယံ ပြင်သစ်အသင်းရဲ့ဝတ်စုံတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့သူအဖြစ် အသိမှတ်ပြုအခံရဆုံးသူ ဖြစ်ပါတယ်။

ဒီအမေရိကန်သား လုပ်ဆောင်ခဲ့တာတွေထဲမှာ ပဲရစ် စိန့်ဂျာမိန်း(PSG)၊ မေဂျာလိဂ်ဘောလုံးအသင်းတွေနဲ့ အမျိုးသမီး အမေရိကန် အမှတ်ပေး ဘောလုံးလိဂ်အသင်းအများကြီး ပါဝင်ပြီး သူကိုယ်တိုင် ပူးတွဲတည်ထောင်ခဲ့တဲ့ ယူနိုက်တက်ဘောလုံးလိဂ်ကလပ် 'ဗားမောင့် ဂရင်း' တောင် ပါဝင်ပါတယ်။ ဒါကြောင့် သူဟာ ဘောလုံးဝတ်စုံ ဒီဇိုင်းနဲ့ပတ်သက်ရင် အကုန်အစင် သိသူ ဖြစ်ပါတယ်။

"ကျွန်တော် အကြိုက်ဆုံး ဘောလုံးဝတ်စုံ အများစုက ၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကျွန်တော့်ရဲ့ကလေးဘဝက ဝတ်စုံတွေပါ" လို့ ဝုဖ်က ရှင်းပြပါတယ်။

"အဲဒီအချိန်က ကစားသမားတွေကို စူပါဟီးရိုးတွေလို တကယ်ခံစားရပြီး သူတို့ရဲ့ဝတ်စုံတွေကလည်း အင်မတန်ဆန်းကြယ် မှော်ဆန်သလို ခံစားရတဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။"

"၁၉၉၈ မက္ကဆီကို၊ ၁၉၉၄ အမေရိကန်၊ ၁၉၉၀ နဲ့ ၁၉၉၄ ဂျာမနီ၊ ၁၉၉၈ ဂျပန်၊ ၂၀၀၂ က နိုင်ကီ ရဲ့ ဝတ်စုံ၊ ၂၀၀၂ က ကင်မရွန်းရဲ့ လက်ပြတ်အင်္ကျီတွေအထိ ပါပါတယ်။ ဒါတွေက ကျွန်တော့်စိတ်ထဲမှာ ထူးခြားတဲ့ဝတ်စုံတွေပါ။ ဘာလို့လဲဆိုတော့ ကောင်လေးတစ်ယောက်အနေနဲ့ ကျွန်တော့်အတွက် ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလဲဆိုတဲ့ ခံစားချက်ကြောင့်ပါ။"

"အင်္ကျီတစ်ထည် ထင်ရှားကျော်ကြားလာတာဟာ အဲဒီအင်္ကျီကို တစ်ယောက်ယောက် ဝတ်ထားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တာတွေကြောင့်လည်း ပါပါတယ်။ အချိန်ကြာလာတော့လည်း ဘောလုံးအင်္ကျီတစ်စုံကို နားလည်ပုံနဲ့ တန်ဖိုးထားပုံတွေဟာ ပြောင်းသွားတတ်ပါတယ်။"

၁၉၉၈ ကမ္ဘာ့ဖလား ဂျပန်အသင်း (ဘယ် ) မက္ကဆီကိုအသင်း (ညာ )

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျပန်နဲ့ မက္ကဆီကိုအသင်း နှစ်သင်းစလုံးဟာ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မှတ်မှတ်ရရ ဖြစ်စေမယ့် ဝတ်စုံတွေကို ဝတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနေ့ခေတ်မှာ တကယ့် "အထင်ကရ" အဆင့်ကို ရောက်ဖို့ ပိုခက်ခဲလာတယ်လို့ ဝုဖ်က ယူဆပါတယ်။

"အခြေအနေက ပြောင်းသွားပြီ။ ကမ္ဘာ့ဈေးကွက်ကလည်း ပြည့်ကျပ်နေပါပြီ" လို့ ဝုဖ်က ပြောပါတယ်။

"အခုဆိုရင် ကလပ်အသင်းရော၊ နိုင်ငံအသင်းရော အသင်းတွေ အများကြီးရှိတယ်။ ဂျာစီအသစ်တွေ အများကြီးရှိနေလို့ ဂျာစီတစ်ထည်တည်းက ထိုးဖောက်ကျော်ကြားဖို့ တကယ် ခက်ပါတယ်။"

"ဝတ်စုံဒီဇိုင်းကတစ်ဆင့် နိုင်ငံတွေရဲ့ အလှအပနဲ့ ယဉ်ကျေးမှုကို မြင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမဲ့ ဒါက လူသုံးကုန် အလွန်အကျွံ သုံးစွဲမှုဝါဒအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။ ယဉ်ကျေးမှုစစ်စစ် ဆိုတာနဲ့ ကုန်ထုတ်လုပ်မှု သံသရာ ဘယ်လောက်အထိ ကွာခြားလဲဆိုတာရယ်၊ ဒီအဝတ်အထည်တွေကို ဘယ်လောက်မြန်မြန်ဆန်ဆန် အပြိုင်အဆိုင် ထုတ်နေကြလဲ ဆိုတာတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာစေပါတယ်။"

အထင်ကရ အကောင်းဆုံး ဝတ်စုံ ၁၀ စုံ အဆင့်သတ်မှတ်ချက်

ဘောလုံးအင်္ကျီတွေကို ပြန်သတိရတဲ့အခါတိုင်းမှာ အမြဲတမ်း သတိရလွမ်းဆွတ်စရာတွေ ပါနေတတ်ပါတယ်။ ဝိုးတဝါး ကလေးဘဝ အမှတ်တရတွေကိုလည်း ပြန်မြင်ယောင်လာသလို ခံစားရပါတယ်။

၉၀ ပြည့်နှစ်တွေနဲ့ ၂၀၀၀ ပြည့်နှစ် အစောပိုင်းက ထင်ရှားတဲ့ ဒီဇိုင်းအဆန်းတွေ၊ ဂျာစီအင်္ကျီပွကြီးတွေ၊ နေ့စဉ်ဝတ် အဓိက အဝတ်အစားတွေအဖြစ် ပြန်ရေပန်းစားလာတဲ့ ၈၀ ပြည့်နှစ်နှောင်းပိုင်း ဒီဇိုင်းအစုံအလင်တွေက ရွေးချင်စရာ ကောင်းပါတယ်။

အဲဒါကြောင့် ပျော်ပွဲရွှင်ပွဲသွားမယ့် ဖက်ရှင်တွေ၊ ကျောင်းကြိုကျောင်းပို့လုပ်မယ့် ဖခင်တွေရဲ့ ဝတ်စုံတွေလို အလွန်အကျွံ ရောထွေးသွားတာကို ရှောင်ဖို့ သတ်မှတ်ချက်ကတော့ - ကမ္ဘာ့ဖလားတစ်ကြိမ်မှာ ဂျာစီတစ်ထည်တည်းသာ ရွေးမှာဖြစ်ပြီး၊ တစ်နိုင်ငံကိုလည်း တစ်ထည်တည်းသာ ဖြစ်ရပါမယ်။

ထုံးစံအတိုင်းပဲ၊ ကိုယ့်အကြိုက်ဆုံးတွေကိုလည်း ကွန်မန့်မှာ မျှဝေပေးစေချင်ပါတယ်။

၁၀။ ကင်မရွန်းအသင်း အိမ်ကွင်းဝတ်စုံ၊ ၂၀၀၂

၂၀၀၂ အာဖရိကဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်းက လက်ပြတ်အင်္ကျီနဲ့ အောင်ပွဲခံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီဝတ်စုံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ တကယ် မရောက်ခဲ့တာကြောင့် အနည်းငယ် အငြင်းပွားဖွယ် ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီအချက်ကပဲ ဒါကို မှတ်မှတ်ရရ ဖြစ်စေခဲ့တာပါ။

ကင်မရွန်းအသင်းဟာ အာဖရိကဖလားပြိုင်ပွဲအတွက် လက်ပြတ်အင်္ကျီကို ဝတ်ခဲ့ပေမဲ့ ၂၀၀၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဝတ်ခွင့်မရခဲ့ပါဘူး။

"အာဖရိကမှာရှိတဲ့ လူတိုင်းက အဲဒီအင်္ကျီကို ဝတ်ချင်ခဲ့ကြတာ" လို့ ကွင်းလယ်လူဟောင်း အဲရစ် ဂျမ်ဘာ-ဂျမ်ဘာ က ဘီဘီစီ အာဖရိက အားကစားကဏ္ဍကို ပြောပါတယ်။ ဆရီနာ ဝီလျံတောင်မှ အဲဒီနွေရာသီ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ပိတ်ပင်ခံထားရတဲ့ ဝတ်စုံကို နမူနာယူထားတဲ့ ဖက်ရှင်တစ်ခုကို ဝတ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ကံကောင်းစေတဲ့ နံပါတ် ၂၆ ကို ကျောနံပါတ် ထည့်သွင်းပေးဖို့ တောင်းဆိုချက်ကိုတော့ ပွဲစီစဉ်သူတွေက ငြင်းခဲ့ပါတယ်။

၂၀၀၂ ဂျပန်နဲ့တောင်ကိုရီးယား ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပူးမားကို အဲဒီ ဒီဇိုင်းမှာ အင်္ကျီလက်တွေ ထည့်ပေးခိုင်းခဲ့ပါတယ်။ အောက်က ပုံမှာ မြင်ရတဲ့အတိုင်း ဖြစ်ပါတယ်။

ဒါဟာ ကင်မရွန်းရဲ့ ဝတ်စုံဒီဇိုင်နာတွေ ဖီဖာအကြီးအကဲတွေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ နောက်ဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ နှစ်နှစ်အကြာမှာ အင်္ကျီနဲ့ ဘောင်းဘီကို တစ်ဆက်တည်း တွဲချုပ်ထားတဲ့ 'ဝမ်းဆက်' ဝတ်စုံကို ထုတ်လုပ်ခဲ့တာကြောင့် ဘောလုံးအဖွဲ့ချုပ်က ထပ်ပိတ်ခဲ့ပါသေးတယ်။

၂၀၀၂ ကမ္ဘာ့ဖလား ကင်မရွန်းအသင်း ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

၉။ အင်္ဂလန်အသင်း အဝေးကွင်းဝတ်စုံ၊ ၁၉၆၆

၁၉၆၆ ၊ ဘော်ဘီမိုး ကမ္ဘာ့ဖလားဖလား ကိုင်မြှောက်နေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ချက်ချင်း မှတ်မိနိုင်ပြီး အခုနွေရာသီ အင်္ဂလန်တစ်ဝန်းလုံး အသားကင်စားသောက်ပွဲတွေနဲ့ ဘီယာဥယျာဉ်မှာ သေချာပေါက် မြင်တွေ့ရမယ့် ဝတ်စုံ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းရဲ့ အနီရောင်ဂျာစီဟာ သူကိုယ်စားပြုတဲ့ အကြောင်းအရင်းကြောင့် အထင်ကရ ဖြစ်တာပါ။ နိုင်ငံရဲ့ တစ်ခုတည်းသော ကမ္ဘာ့ဖလားအောင်ပွဲ၊ ဝမ်ဘလေမြက်ခင်းပြင်ထက်က ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲ၊ ဂျက်ဖ် ဟတ်စ်ရဲ့ ဟက်ထရစ်သွင်းဂိုး၊ ဂိုးစည်းကို ကျော်သွားခဲ့တယ်လို့ (ယူဆရတဲ့) ဘောလုံးတို့ကြောင့် ဖြစ်ပါတယ်။

အဲဒီဝတ်စုံဟာ အသင်းဖော်တွေရဲ့ ပခုံးပေါ်မှာ ဘော်ဘီမိုးက ဂျူးလ်စ်ရီမေးဖလားကို မြှောက်ကိုင်ထားတဲ့ ပုံရိပ်တွေကို ချက်ချင်း ပြန်အမှတ်ရစေပါတယ်။

၁၉၈၂ နဲ့ ၁၉၉၀ ပြည့်နှစ် အင်္ကျီတွေကလည်း အပြိုင်အဆိုင် ဖြစ်ခဲ့ကြပါတယ်။ အောက်မှာ ပြထားပါတယ်။ ဒါပေမဲ့ စာရင်းထဲမှာ အင်္ဂလန်ဂျာစီတစ်ထည်တည်းပဲ ပါရမယ်ဆိုရင်တော့ အဲဒီအင်္ကျီအနီပဲ သေချာပေါက် ဖြစ်ရပါမယ်။

၁၉၈၆ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလား အင်္ဂလန်အသင်း အိမ်ကွင်းအင်္ကျီတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၆ နဲ့ ၁၉၉၀ ကမ္ဘာ့ဖလား အင်္ဂလန်အသင်း အိမ်ကွင်းအင်္ကျီတွေ

၈။ ပြင်သစ်အသင်း အိမ်ကွင်းဝတ်စုံ၊ ၁၉၈၂

ပြင်သစ်အသင်းက ယန်း တီဂါနာ နှင့် ဂျရတ် ဂျန်ဗီယန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

"အဲဒါ ကျွန်တော့်ရဲ့ အလှဆုံး ပွဲတစ်ပွဲပါပဲ။ ဘယ်ရုပ်ရှင်၊ ပြဇာတ်ကမှ အလှည့်အပြောင်းတွေ၊ စိတ်လှုပ်ရှားမှုတွေ ဒီလောက်များများ မပြနိုင်ပါဘူး။ အရာအားလုံး ပြည့်စုံပြီး အလွန်ကောင်းမွန်ခဲ့တဲ့ ပွဲတစ်ပွဲပါ" လို့ ၁၉၈၂ ခုနှစ်မှာ အနောက်ဂျာမနီကို ပြင်သစ်အသင်း ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကို ပြန်အမှတ်ရရင်း ပြင်သစ်အသင်းခေါင်းဆောင် မီရှဲ ပလာတီနီက ပြောပါတယ်။

ဂိုးသမား ဟာရိုး ရှူးမက်ခါက ပက်ထရစ် ဘက်တစ်စတွန်ကို ထိတ်လန့်စရာကောင်းလောက်အောင် ဖျက်ထုတ်ပုံ၊ အချိန်ပိုအပြီး ၃-၃ ဂိုးနဲ့ စိတ်လှုပ်ရှားဖွယ် သရေကျခဲ့တာ၊ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးအကြိမ် ပင်နယ်တီအဆုံးအဖြတ် ခံယူရတာတွေ ဖြစ်ခဲ့ပါတယ်။

ဆဗီးလ်မြို့ရဲ့ ပူပြင်းတောက်လောင်တဲ့ အပူဒဏ်အောက်မှာ ပြင်သစ်အသင်းက တစ်ပွဲလုံး စတိုင်ကျလှပနေခဲ့ပါတယ်။ အဲဒီ အိမ်ကွင်းဝတ်စုံကလည်း သမိုင်းတစ်လျှောက် အထူးထင်ရှားတဲ့ အကောင်းဆုံး တစ်ခု ဖြစ်ခဲ့ပါတယ်။

၇။ နယ်သာလန်အသင်း အိမ်ကွင်းဝတ်စုံ၊ ၁၉၇၄

ဂျိုဟန် ခရိုက်ဖ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပုန်ကန်တတ်သူ၊ ခေါင်းမာသူ၊ စမတ်ကျလွန်းသူ ဂျိုဟန် ခရိုက်ဖ်ဟာ နယ်သာလန်အသင်း 'Total Football' တစ်ခေတ်ပြောင်းခြင်းရဲ့ မျက်နှာစာတစ်ခု ဖြစ်ခဲ့ပါတယ်။

ခရိုက်ဖ်ဟာ သူရဲ့ အကျော်ကြားဆုံး အခိုက်အတန့် ဖြစ်လာမယ့် ၁၉၇၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို မရောက်မီ အေဂျက်စ်အသင်းနဲ့အတူ ဥရောပဖလား သုံးကြိမ်ရထားပြီး ဖြစ်ပါတယ်။ ဘလွန်းဒေါ ဆုကိုလည်း နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားပြီး ဖြစ်ပါတယ်။

နယ်သာလန်အသင်း ဒေါ့မွန်ရဲ့ ဝက်စ်ဖာလန်ကွင်းမှာ ဆွီဒင်နဲ့ ရင်ဆိုင်ရချိန်မှာ 'ခရိုက်ဖ် ဘောလုံးခေါက်နည်း' စပေါ်ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆံပင်ရှည်ရှည်နဲ့ ကစားကွက်ဖန်တီးသူဟာ သူ့အသင်းဖော်တွေက လက်မောင်းမှာ အဒီးဒတ်စ် ရဲ့ အစင်းသုံးစင်းပါတဲ့ ဝတ်စုံကို ဝတ်ခဲ့ပေမဲ့ သူက မတူတဲ့ ဝတ်စုံကို ဝတ်ခဲ့ပါတယ်။

ခရိုက်ဖ်ဟာ ပူးမားနဲ့ စာချုပ်ချုပ်ထားပြီး အဒီးဒတ်စ် ဖိနပ်တွေကို စီးဖို့ ငြင်းဆန်ထားပြီးဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်တွေ၊ ကစားသမားတွေနဲ့ ဒတ်ချ်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲတွေကြား တင်းမာခဲ့ ပြီးနောက်၊ သူ့ရဲ့ဝတ်စုံကနေ အစင်းကြောင်းတစ်ခု ဖယ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

"ဒတ်ချ်ဘောလုံးအဖွဲ့ချုပ် (KNVB) က ကစားသမားတွေကို မပြောဘဲ အဒီးဒတ်စ်နဲ့ စာချုပ်ချုပ်ခဲ့တယ်" လို့ ခရိုက်ဖ်က သူ့ရဲ့ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ရေးခဲ့ပါတယ်။

"ဂျာစီအင်္ကျီက သူတို့ပိုင်တာမို့လို့ ပြောဖို့မလိုဘူးလို့ သူတို့ထင်ခဲ့ကြတာ။ 'ဒါပေမဲ့ အဲဒီအင်္ကျီပေါ်ကနေ ထွက်နေတဲ့ ခေါင်းကတော့ ကျွန်တော့်ခေါင်းဗျ' လို့ ကျွန်တော် သူတို့ကို ပြောခဲ့တယ်။"

၆။ ခရိုအေးရှားအသင်း အိမ်ကွင်းဝတ်စုံ၊ ၁၉၉၈

၁၉၉၈ ကမ္ဘာ့ဖလား ခရိုအေးရှားအသင်း ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒေဗာဆူကာ၊ ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား၊ သူ့ရဲ့ပခုံးပေါ်မှာ ဖြူနီကွက်တွေ ဖြန့်ကြက်ထားပုံတွေက ခန့်ညားလှပါတယ်။ ဒီဒီဇိုင်းပုံစံဟာ ခရိုအေးရှားရဲ့ အမျိုးသားအမှတ်တံဆိပ်ဖြစ်လာပြီး ဘောလုံးကွင်းထဲမှာ သူတို့ကို ချက်ချင်း ခွဲခြားသိမြင်စေခဲ့ပါတယ်။

ခရိုအေးရှားအသင်းဟာ ယူရို ၉၆ မှာ အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။ အဲဒီမှာလည်း အလွန်ကောင်းမွန်တဲ့ ဝတ်စုံကို ဝတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုက ပြီးခဲ့တဲ့ ခုနစ်နှစ်က လွတ်လပ်ရေးကြေညာပြီးနောက် သူတို့ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲ ဝင်ပြိုင်တာဖြစ်လို့ နိုင်ငံအတွက် ပြင်းပြင်းပြပြခံစားရတဲ့ အားကစားဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဆူကာဟာ ရောဘတ် ယာနီ၊ ဇဗွန်နီမီယာ ဘိုဘန်၊ ရောဘတ် ပရိုဆနက်ကီးနဲ့ အသင်းဖော်တွေနဲ့အတူ ဆီမီးဖိုင်နယ်အထိ အသင်းကို ပို့ဆောင်ပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဆူကာ က ၁-၀ ဂိုးနဲ့ အိမ်ရှင်အသင်းကို ဦးဆောင်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လီလီယန် သူရမ်က ဦးဆောင်ပြီး ပြင်သစ်အသင်းက ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

အလားတူ အထင်ကရဖြစ်တဲ့ အပြာရောင်အဝေးကွင်းဝတ်စုံကို ဝတ်ထားတဲ့ ခရိုအေးရှားအသင်းဟာ တတိယနေရာလုပွဲမှာ နယ်သာလန်ကို အနိုင်ယူပြီး တတိယ ရခဲ့ပါတယ်။

ဒေဗာ ဆူကာ အောင်ပွဲခံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

၅။ နိုင်ဂျီးရီးယားအသင်း အိမ်ကွင်းဝတ်စုံ၊ ၂၀၁၈

အာမက် မူဆာ နိုင်ဂျီးရီးယားအသင်းအတွက် အောင်ပွဲခံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ဂျီးရီးယားအသင်းရဲ့ ၂၀၁၈ ဝတ်စုံဟာ အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကွင်းထဲမှာ ဘယ်သူဝတ်ခဲ့လဲဆိုတာကြောင့် မဟုတ်ဘဲ ယဉ်ကျေးမှုနဲ့ ဖက်ရှင်လောကမှာ ဘယ်လောက်အထိ လွှမ်းမိုးသွားခဲ့လဲ ဆိုတာကြောင့်ပါ။ ချက်ချင်း အထင်ကရဖြစ်လာခဲ့တဲ့ ဂျာစီအင်္ကျီရဲ့ ရှားရှားပါးပါး ဥပမာတစ်ခု ဖြစ်ပါတယ်။

လူပေါင်း သုံးသန်းလောက်က အဲဒီဂျာစီအင်္ကျီကို ကြိုတင်အမှာနဲ့ဝယ်ခဲ့ကြပြီး ထုတ်ရောင်းတဲ့အခါမှာ လန်ဒန်မြို့က နိုင်ကီရဲ့ အဓိကအရောင်းဆိုင်ကြီး အပြင်ဘက်မှာ ဝယ်သူတွေ တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။

"ကျွန်တော်တို့ဟာ နိုင်ဂျီးရီးယားရဲ့ ကိုယ်ပိုင်ဝတ်စုံသမိုင်းကနေ တိုက်ရိုက် ယူခဲ့တာပါ" လို့ ဒီဇိုင်နာ ဝုဖ်က ရှင်းပြပါတယ်။

"၂၀၀၂ ဝတ်စုံကနေ မှီငြမ်းချက်တစ်ခုပါ။ အဲဒီတောက်ပတဲ့ အစိမ်းရောင်အရိပ်ကို ကျွန်တော် ပြန်ပြချင်ခဲ့တာ။ ပြီးတော့ ၁၉၉၄-၉၅ ဝတ်စုံကနေလည်း မှီငြမ်းခဲ့ပါတယ်။"

"ရည်ရွယ်ချက်ကတော့ မရှိတာကနေ အသစ်အဆန်း ထွင်ဖို့မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဘောလုံးလောက အမှတ်လက္ခဏာတွေကို ပြန်ဖော်ထုတ်ဖို့ပါ။

"အဘက်ဘက်က အချိန်ကိုက်ဖြစ်သွားတာ။ နိုင်ဂျီးရီးယားဟာ ဖက်ရှင်၊ ဂီတ၊ ကဗျာ၊ အနုပညာ၊ ရုပ်ရှင် စသဖြင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု ရေစီးကြောင်းတစ်ခုကို ရရှိနေချိန် ဖြစ်ပါတယ်။ ဝတ်စုံဟာ အဲဒီလှိုင်းရဲ့ အလယ်တည့်တည့်ကို ရောက်သွားတာ။ အရှိန်မြင့်တက်နေတာကြောင့် ပိုလွှမ်းမိုးသွားခဲ့တယ်လို့ ထင်ပါတယ်။

"ဒါကို စုစည်းပေးခဲ့တဲ့ နိုင်ကီ (Nike) က တစ်ဖွဲ့လုံးကို ချီးကျူးရမှာပါ။ ဝတ်စုံတစ်ခုဟာ ဒီဇိုင်နာတစ်ယောက်တည်းကြောင့် ဒီလို အံ့အားသင့်စရာ ဖြစ်မလာပါဘူး။ လူအများအပြားက စဉ်းစဉ်းစားစားနဲ့ သေချာဂရုတစိုက် လုပ်ခဲ့ကြလို့သာ ဒီလို ဖြစ်လာရတာပါ။"

၄။ ဘရာဇီးအသင်း အိမ်ကွင်းဝတ်စုံ၊ ၁၉၇၀

၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘရာဇီးအသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာ့ဘောလုံးလောကမှာ ဘရာဇီးအသင်းလောက် အရောင်တစ်ရောင်တည်းနဲ့ ပိုတွဲသိတဲ့ တခြားနိုင်ငံ မရှိသလောက် ဖြစ်ပါတယ်။

ခပ်ဝါးဝါး ဗီဒီယိုဟောင်းတွေကို ကြည့်ရင်တောင် သူတို့ရဲ့ ၁၉၇၀ ပြည့်နှစ် အဝါရောင်ဂျာစီတွေဟာ တောက်ပပြီး ထင်ရှားနေဆဲပါ။ မက္ကဆီကိုရဲ့ နေရောင်အောက်မှာ အဲဒီဝတ်စုံကို ဝတ်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ လိုက်ဖက်လှပါတယ်။

ပီလီ၊ ကားလို့စ် အယ်လ်ဘာတို၊ ရီဗယ်လီနို၊ ဂျာဇင်ညိုတို့ပါ။ ကမ္ဘာ့ဖလားတိုင်းမှာ ပြလေ့ရှိတဲ့ မှတ်တမ်းတင်ဗီဒီယိုအတိုတွေက ကိုယ့်ကို အက်ဇ်တီကာကွင်းကြီးထဲမှာ ရောက်သွားသလို ဖြစ်စေပါတယ်။ ထူးချွန်လှတဲ့ ဘရာဇီးအသင်းက အီတလီကို အနိုင်ယူသွားတာကို ကြည့်နေရသလို ခံစားရစေပါတယ်။ သူတို့ရဲ့ လှပရိုးရှင်းတဲ့ အဝါရောင်ဂျာစီတွေဟာ ဘောလုံးသမိုင်းရဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။

၃။ အမေရိကန်အသင်း အဝေးကွင်းဝတ်စုံ၊ ၁၉၉၄

၁၉၉၄ ခုနှစ် အမေရိကန်အသင်း အဝေးကွင်းဂျာစီအင်္ကျီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

"ဘောလုံး မထွန်းကားတဲ့ ဒီနိုင်ငံက ဒါကို ဘယ်လို ဝတ်မှာလဲ' လို့ ခေါင်းကုတ်ပြီး ပြောကြတဲ့၊ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်အများစုရဲ့ သံသယတွေ အများကြီးရှိခဲ့တယ်" လို့ အမေရိကန်က ၁၉၉၄ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း အလန် ရိုသန်ဘာ့ဂ်က ပြန်ပြောပြပါတယ်။

ပရော်ဖက်ရှင်နယ်ကလပ်တွေကို ကိုယ်စားပြုတာထက် အမေရိကန်နိုင်ငံအသင်းနဲ့ စာချုပ်ချုပ်ဆိုထားကြတဲ့ ကစားသမားအများစုက လှောင်ပြောင်စရာ အဖြစ်မခံချင်ကြပါဘူး။

ဒါပေမဲ့ အဒီးဒတ်စ်က ပြိုင်ပွဲ ဝတ်စုံတွေကို ထုတ်ပြလိုက်ချိန်မှာတော့ ရဲတင်းတဲ့ ဗဟိုခံစစ်မှူး အဲလက်ဆီ လာလက်စ် နဲ့ သူ့ရဲ့အသင်းဖော်တွေက သူတို့ကို စနောက်နေတယ်လို့ ထင်ခဲ့ကြတာပါ။

ဂျင်းသားပေါ်မှာ ကြယ်ကြီးတွေကို ဖြန့်ကြက်ထားတာက အမေရိကန်ပုံစံ စစ်စစ်ဖြစ်နိုင်ပေမဲ့၊ ဘောလုံးလောက အမြင်အရတော့ ရဲတင်းလွန်းပြီး ထူးဆန်းနေတာကြောင့် အသင်းသားတွေက သူတို့ လှောင်ပြောင်ခံရမှာကို စိုးရိမ်ခဲ့ကြပါတယ်။ အနည်းဆုံးတော့ အဆိုပြုထားတဲ့ တိုင်းဒိုင်း ဆေးရေး ပုံစံအင်္ကျီကတော့ အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒီဝတ်စုံက အထင်ကရ ဖြစ်ခဲ့ပါတယ်။ ဝတ်စုံကို ဝတ်တဲ့ ကစားသမားတွေနဲ့ သူတို့ကို ချစ်ကြတဲ့ ပရိသတ်တွေက သဘောကျခဲ့ပါတယ်။ ဒီအောင်မြင်မှုမှာ ချန်ပီယံဖြစ်သွားတဲ့ ဘရာဇီးအသင်းကို ၁၆ သင်းအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ အမေရိကန်အသင်းရဲ့ ပြိုင်ပွဲတစ်လျှောက်စွမ်းဆောင်ရည်ကလည်း သေချာပေါက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။

အခုနွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အမေရိကန်ကို ပြန်ရောက်လာတာက ဒီဝတ်စုံကို ထိပ်ဆုံးသုံးခုစာရင်းထဲ ပါဖို့ လွှမ်းမိုးကောင်း လွမ်းမိုးနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားပွဲဟာလည်း မှတ်မှတ်ရရ ဖြစ်စေမယ့် ဝတ်စုံတွေရဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

၂။ အာဂျင်တီးနားအသင်း အဝေးကွင်းဝတ်စုံ၊ ၁၉၈၆

 အင်္ဂလန်အသင်းကို အနိုင်ရပြီး ဒီယေဂို မာရာဒိုနာ အောင်ပွဲခံနေပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားက အင်္ဂလန်ကို အနိုင်ရခဲ့တဲ့ပွဲဟာ သမိုင်းမှာ အကျော်ကြားဆုံး သွင်းဂိုးနှစ်ဂိုးကို တွေ့မြင်ခဲ့ရပါတယ်။ ဒီယေဂို မာရာဒိုနာရဲ့ 'ဘုရားသခင်ရဲ့ လက်' သွင်းဂိုးနဲ့ အာဂျင်တီးနားဘက်ခြမ်းကနေ အင်္ဂလန်ဘက်ဂိုးဘက်ကို တားဆီးမရအောင် ဆွဲပြေးပြီး သွင်းခဲ့တဲ့ ဂိုးတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီနေ့က အာဂျင်တီးနားအသင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီအင်္ကျီတွေရဲ့ နောက်ကွယ်က ဇာတ်လမ်းကလည်း အဲဒီအဖြစ်တွေလို အမှတ်ရစရာ ကောင်းပါတယ်။

အင်္ဂလန်ရဲ့ အဖြူရောင်ဂျာစီတွေနဲ့ အရောင်မတိုက်အောင် အာဂျင်တီးနားအသင်းကို သူတို့ရဲ့ အပြာရင့်ရောင် ဒုတိယဝတ်စုံကို ဝတ်ဆင်ရမယ်လို့ ဖီဖာက ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဥရုဂွေးနဲ့ပွဲမှာ အနိုင်ရတုန်းက ဝတ်ခဲ့တဲ့ အဲဒီအင်္ကျီဟာ ပူပြင်းလှတဲ့ မက္ကဆီကို အပူဒဏ်အောက်မှာ ကစားသမားတွေအတွက် လေးလံပြီး မွန်းကြပ်လွန်းပါတယ်။

ဝတ်စုံထုတ်တဲ့ 'လီ ကော့ခ် စပေါ်တစ်ဖ်' မှာ အစားထိုးစရာ မရှိတာကြောင့် အသင်းမန်နေဂျာ ကားလို့စ် ဘီလာဒိုဟာ ပစ္စည်းအတုတွေနဲ့ နာမည်ကြီးတဲ့ မက္ကဆီကိုစီးတီးရဲ့ တီပီတို ရပ်ကွက်မှာ ဝတ်စုံအသစ်တွေ ရှာဖို့ ဝန်ထမ်းတွေကို လွှတ်လိုက်ပါတယ်။

ယူလာတဲ့ ဒီဇိုင်းတွေထဲကနေ ဘာဝတ်မယ်ဆိုတာ မာရာဒိုနာက နောက်ဆုံး ဆုံးဖြတ်ချက်ချပါတယ်။ အဲဒီမှာ အမြဲတွင်ကျန်ရစ်တဲ့ စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။

"ဒီအင်္ကျီက တော်တော်လှတယ် ကားလို့စ်။ ဒါနဲ့ဆိုရင် ကျွန်တော်တို့ အင်္ဂလိပ်တွေကို နိုင်မှာ"တဲ့။

အာဂျင်တီးနားအသင်း အင်္ဂလန်နဲ့ ရင်မဆိုင်ခင် ၂၄ နာရီအလိုမှာ ဝတ်စုံတာဝန်ခံတွေဟာ အဲဒီဂျာစီအင်္ကျီတွေပေါ်မှာ နံပါတ်တွေနဲ့ နိုင်ငံတံဆိပ်တွေကို ချုပ်ပေးခဲ့ကြရပါတယ်။

၃၆ နှစ်အကြာမှာတော့ အင်္ဂလန်ကွင်းလယ်လူ စတိဗ် ဟော့ဂျ်က အဲဒီနေ့က မာရာဒိုနာနဲ့ လဲခဲ့တဲ့ ဂျာစီအင်္ကျီကို လေလံတင်ခဲ့ပါတယ်။ ဒါဟာ ပေါင် ၇.၁ သန်းနဲ့ ရောင်းချခဲ့ရပါတယ်။

၁၉၈၆ ခုနှစ် အာဂျင်တီးနားအသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

၁။ အနောက်ဂျာမနီအသင်း အိမ်ကွင်းဝတ်စုံ၊ ၁၉၉၀

၁၉၉၀ ပြည့်နှစ် ဂျာမနီအသင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

နံပါတ်တစ်နေရာမှာတော့ ဂန္ထဝင်ဒီဇိုင်းတစ်ခုဖြစ်ပြီး ဘောလုံးအင်္ကျီ စုဆောင်းသူတွေ ရှာဖွေကြတဲ့၊ မျိုးဆက်သစ်ဂျာစီတွေအတွက် ရှေ့ဆောင်အဖြစ် ပုံမှန်သတ်မှတ်ခံရတဲ့ ၁၉၉၀ ကမ္ဘာ့ဖလားရဲ့ အထင်ကရ အနောက်ဂျာမနီဝတ်စုံ ဖြစ်ပါတယ်။

"အရင်က အခြေအနေတွေကနေ ကြည့်ပါဦး။ အင်္ကျီတွေဟာ ဒီဇိုင်းပိုင်း တော်တော်လေး ရိုးရိုးရှင်းရှင်း တွေပါပဲ" လို့ 'A Culture of Kits' စာအုပ်ကို ရေးတဲ့ ဂျွန် ဘလဲရ်က ဘီဘီစီ ကမ္ဘာတလွှား၊ Sporting Witness ကဏ္ဍကို ပြောပါတယ်။

"ဒါဟာ သူ့ခေတ်သူ့အခါရဲ့ တကယ့်ကို ထူးခြားထင်ရှားမှု၊ ချန်ပီယံအသင်းဖြစ်မှုနဲ့ ပထမဆုံးအကြိမ် တကယ့် စိတ်ကူးဖော်ပြချက် ဒီဇိုင်းပေါ်ထွက်လာမှုတို့ ပေါင်းစပ်ထားတာ။"

ဒါပေမဲ့ ဂျာမနီ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ ယူရို ၈၈ မှာ ပထမဆုံး ဝတ်ဆင်ခဲ့ပြီးနောက်မှာ၊ ကမ္ဘာ့ဖလားမတိုင်ခင်မှာ အဲဒီဂျာစီကို မသုံးတော့မလိုအထိ ဖြစ်ခဲ့ပါတယ်။

ဒီဇိုင်နာ အီနာ ဖရန့်ဇ်မန်းဟာ ဒီဇိုင်းအသစ်တစ်ခုတောင် လုပ်နေပါပြီ။ နည်းပြချုပ် ဖရန့်ဇ် ဘက်ကင်ဘောင်ဝါက ကြားဝင်ပြီး မူရင်းဒီဇိုင်းကိုပဲ ဆက်ထားချင်တယ်လို့ ပြောခဲ့တာပါ။

အဒီးဒတ်စ်အတွက် တင်းနစ်ဝတ်စုံတွေကိုလည်း ဒီဇိုင်းဆွဲပေးခဲ့ပြီး ဘောလုံးပရိသတ်တစ်ယောက် မဟုတ်ခဲ့တဲ့ ဖရန့်ဇ်မန်းဟာ အမျိုးသားအသင်းရဲ့ ဂျာစီအင်္ကျီကို "အနည်းအကျဥ်း ပြုပြင်ပြောင်းလဲရေး" လုပ်ပေးဖို့ တာဝန်ပေး ခံခဲ့ရပါတယ်။

"အရောင်အနည်းငယ် သုံးဖို့ စိတ်ကူးကို (တည်ထောင်သူ အဒေါ့ဖ်ရဲ့ သားဖြစ်သူ) ဟော့စ် ဒက်စ်လာ ကိုယ်တိုင် စဉ်းစားခဲ့တာပါ။ ဒါကြောင့် ဂျာမန်အရောင်တွေကို သုံးဖို့က ပြောစရာမလိုပါဘူး" လို့ သူက ပြောခဲ့ပါတယ်။

ဒက်စ်လာဟာ ၁၉၈၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာကြောင့် အနောက်ဂျာမနီအသင်း ၁၉၉၀ အီတလီ ကမ္ဘာ့ဖလားပွဲမှာ ဖလား ကိုင်မြှောက်ပြီး လူတွေအာရုံစိုက်ခံရတာကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါဟာ ဖရန့်ဇ်မန်းအတွက် အရေးပါတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပေမဲ့ တကယ့် ချီးကျူးမှုတွေကတော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမှ ရောက်လာခဲ့ပါတယ်။

"ဒီဂျာစီအင်္ကျီဟာ နှစ်ပေါင်းများစွာ ကြာပြီးမှ ပြိုင်ဘက်ကင်း လက်ရာတစ်ခု ဖြစ်လာခဲ့တာပါ" လို့ သူက ထပ်ပြောပါတယ်။

"ဒီလောက်အထိ အများကြီး စိတ်ဝင်စားတာကို တကယ်ပဲ ဂုဏ်ယူမိပါတယ်။ လူတိုင်းက ဒီအင်္ကျီရဲ့ နောက်ကွယ်က ဇာတ်လမ်းကို သိချင်နေကြတာပါ။"