ပြန်လွတ်လာတဲ့ မန္တလေးဝန်ကြီးဟောင်း ဦးဇာနည်အောင် ရဲစခန်းမှာ တစ်ပတ်ခန့် ဆက်လက်ထိန်းသိမ်းခံရနိုင်

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဦးဇာနည်အောင်ဟာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ အိုးဘိုထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမဲ့ ခြေချုပ်ခံဝန်ဥပဒေအရဆိုတဲ့ တရားရုံးလုပ်ငန်းစဉ် မပြီးပြတ်သေးတာကြောင့် ရဲစခန်းမှာ တစ်ပတ်ခန့် ဆက်လက်ထိန်းသိမ်းခံရမယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးနဲ့ အမှုအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဦးဇာနည်အောင်ဟာ ဒီကနေ့ မနက်ပိုင်း ထောင်ကနေ လွတ်မြောက်လာပြီးနောက် မိသားစုနဲ့ ခဏတာတွေ့ဆုံခွင့်ရခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ နာမည်ကျော်ဇောတဲ့ ထောင်ကလွတ်လာသူတွေကို တစ်နှစ်အတွင်း ကောင်းမွန်စွာ နေထိုင်စေဖို့ ခြေချုပ်ခံဝန်ဥပဒေအရ တရားစွဲဆိုပြီး တရားရုံးက အမိန့်ချမှတ်ပြီးမှ ပြန်လွှတ်ပေးတာလို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီတရားရုံးလုပ်ငန်းစဉ် မပြီးပြတ်သေးတာကြောင့် အပြီးသတ်လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“သူက ထောင်ကလွတ်တယ်၊ မိသားစုနဲ့ တွေ့ပြီးပြီ။ ဒါပေမဲ့ ခြေချုပ်ခံဝန်ဥပဒေအရ တရားရုံးဘက်က အမှုစစ်တာ တစ်ရက်နဲ့ မပြီးပြတ်လို့ နောက်အပတ် ရုံးချိန်းမှ လွတ်မယ်” လို့ မိသားစုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဦးဇာနည်အောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လျှပ်စစ်နှင့် ဆောက်လုပ်ရေး၊ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အခြားအစိုးရအဖွဲ့ဝင်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
အဲဒီအချိန်က စစ်ကောင်စီက ဦးဇာနည်အောင်ကို အောင်မြေသာစံနဲ့ ချမ်းအေးသာစံမြို့နယ်တို့မှာရှိတဲ့ NLD ပါတီရုံးမြေနေရာနှစ်ခုနဲ့ ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အမှုနှစ်မှုအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွေနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အိုးဘိုထောင်တွင်း အထူးတရားရုံးက အဂတိလိုက်စားမှုအမှု နှစ်မှုအတွက် တစ်မှုကို ထောင်ဒဏ်သုံးနှစ်စီ၊ စုစုပေါင်းထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပြီး ချုပ်ရက်ခံစားခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကာလအတွင်း ဦးဇာနည်အောင်ဟာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရတာလည်းရှိခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုခံယူနေချိန်မှာလည်း ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။













