၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း သိထားသင့်တဲ့အချက်တွေ

ကမ္ဘာ့ဖလားကို ခင်းကျင်းပြသထားပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, သမိုင်းတလျှောက် အကြာဆုံး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖြစ်လာပါလိမ့်မယ်။
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၄

မကြာခင်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ကျင်းပပါတော့မယ်။ ဒီတကြိမ်ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲဟာ အရင်နဲ့ မတူဘဲ ထူးခြားမှုတွေ ရှိနေပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်တွေကို ဘယ်လို ကျင်းပသွားမလဲ၊ ကမ္ဘာ့ဖလားအတွက် ဘယ်နိုင်ငံတွေက ခြေစစ်ပွဲ အောင်ထားပြီလဲစတဲ့ အကြောင်း အရာတွေအပါအဝင် သမိုင်းတလျှောက် အကြီးအကျယ်ဆုံး ဖြစ်လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သိထားသင့်တဲ့ အချက်တွေကို မျှဝေပေးသွားပါမယ်။

ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ကျင်းပမလဲ

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ နဲ့ မက္ကဆီကို နိုင်ငံတွေက အိမ်ရှင်အဖြစ် ပူးတွဲကျင်းပသွားမှာပါ။

ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ် နိုင်ငံ သုံးနိုင်ငံပေါင်းပြီး ကျင်းပတဲ့ ပြိုင်ပွဲကြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို ဇွန်လ ၁၁ ရက်နေ့၊ မက္ကဆီကို မြို့ မှာ ကျင်းပမှာ ဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲကိုတော့ အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ကျင်းပမှာပါ။

ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ၄၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရက်ပေါင်း ၃၉ ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။

၁၉၉၄ ခုနှစ် ၊ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ထက် နှစ်ဆ တိတိ အသင်းတွေ ပိုများလာတာပါ။ အသင်း ၄ သင်းစီပါတဲ့ အုပ်စု ၁၂ စုဖွဲ့ထားပြီး အနိုင်ရတဲ့ အသင်းတွေက ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာပါ။

ဘယ်မြို့တွေမှာ ဘယ်ပွဲစဉ်တွေကို ကျင်းပသွားမလဲ

အမေရိကန်၊ မက္ကဆီကို နဲ့ ကနေဒါနိုင်ငံ သုံးနိုင်ငံက စုစုပေါင်း မြို့ ၁၆ မြို့မှာ ကမ္ဘာ့ဖလားပွဲစဉ်တွေ ကျင်းပသွားမှာပါ။ အမေရိကန်နိုင်ငံက မြို့ပေါင်း ၁၁ မြို့၊ မက္ကဆီကိုနိုင်ငံက မြို့ သုံး မြို့ နဲ့ ကနေဒါနိုင်ငံက မြို့ နှစ်မြို့ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားကျင်းပမယ့် မြို့တွေ ကတော့ ဒီမြို့တွေဖြစ်ပါတယ်။

  • အမေရိကန်ပြည်ထောင်စု - အတ္တလန္တာ၊ ဘော့စ်တန်၊ ဒဲလပ်စ်၊ ဟူစတွန်၊ ကန်ဆက်စ်စီးတီး၊ လော့စ်အိန်ဂျယ်လိစ်၊ မိုင်ယာမီ၊ နယူးယောက်/နယူးဂျာစီ၊ ဖီလာဒဲလ်ဖီးယား၊ ဆန်ဖရန်စစ္စကို နှင့် ဆီယက်တဲလ်
  • မက္ကဆီကို - ဂွာဒါလာဟာရာ၊ မက္ကဆီကို၊ မွန်တဲရေး
  • ကနေဒါ - တော်ရန်တို နဲ့ ဗန်ကူးဗား

ကမ္ဘာ့ဖလား ပွဲကြည့် လက်မှတ်တွေ နဲ့ ကုန်ကျစရိတ်တွေ

ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ် ပွဲကြည့်လက်မှတ်ကို ကိုင်ဆောင်ထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖီဖာ ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ် ရဲ့ ပွဲကြည့်လက်မှတ်တန်ဖိုးတွေက အမေရိကန် ဒေါ်လာ ၂,၀၃၀ ကနေ ၆,၀၀၀ အထိ ဈေးပေါက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလဆန်းကစပြီး ပွဲကြည့်လက်မှတ်တွေကို ပထမအသုတ်အဖြစ် ရောင်းချခဲ့ပါတယ်။ ပရိသတ် ၄ ဒသမ ၅ သန်းလောက်က ဒီလက်မှတ်ကို ဝယ်ယူခွင့်ရဖို့ မဲနှိုက်ခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

FIFA ကတော့ လက်မှတ်တန်ဖိုး အတိအကျ ကို ထုတ်မပြောထားပါဘူး။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးမှ လက်မှတ်ဝယ်ဖို့ မဲပေါက်ခဲ့တဲ့ ပရိတ်သတ်တွေကတော့ လက်မှတ်တန်ဖိုးကို အွန်လိုင်းပေါ် မှာ ဖော်ပြထားကြပါတယ်။

လက်မှတ်တန်ကြေးတွေက အမျိုးအစားလေးမျိုးခွဲခြားထားပါတယ်။ အမေရိကန်မှာ ကျင်းပမယ့် ပထမဆုံးပွဲစဉ်အတွက် လက်မှတ်ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ ၅၆၀ ကနေ ၂,၂၃၅ ကြားမှာ ရှိပါတယ်။

ဗိုလ်လုပွဲစဉ်အတွက် ဈေးအသက်အသာဆုံး လက်မှတ်ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၂,၀၃၀ ဖြစ်ပြီး ဈေးအများဆုံး လက်မှတ်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆,၀၀၀ ရှိပါတယ်။ အထူးတန်းလက်မှတ်တွေကတော့ မရောင်းချသေးပေမယ့် ပေါက်ဈေးကတော့ အတော်မြင့်မားနိုင်ပါတယ်။

တချို့ သိပ်နာမည်မကြီးတဲ့ မြို့တွေမှာ ကျင်းပတဲ့ အုပ်စုအဆင့်ပွဲစဉ်တွေ အတွက် လက်မှတ်ဈေးနှုန်းကတော့ အမေရိကန် ဒေါ်လာ ၆၀ ရှိပါတယ်။ ပွဲကျင်းပမယ့်နေ့ နီးလာရင်လည်း ထပ်ပြီး ဝယ်ယူလို့ရနိုင်ပါတယ်။ အရင်ရောက်တဲ့သူက အရင်ဝယ်ယူခွင့်ရမယ့် ပုံစံမျိုးပါ။

ဖီဖာက အခု ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် "dynamic pricing" စနစ်ကို အသုံးပြုပါတယ်။ ဆိုလိုတာက လူစိတ်ဝင်စားမှု မြင့်မားတဲ့ ပွဲတွေအတွက် လက်မှတ်ဈေးနှုန်းတွေက သတ်မှတ်ကာလ ကျော်သွားတဲ့ အခါ ပိုပြီး ဈေးတက်လာမယ့် ပုံစံမျိုးပါ။

ဒါ့အပြင် ဖီဖာက လက်မှတ်သေချာ ဝယ်ယူခွင့်ရစေမယ့် "Right To Buy" စနစ်ကိုလည်းကြေညာထားပါတယ်။ ဒီစနစ်ကို ရွေးချယ်မယ့် ပရိသတ်တွေကတော့ ပိုပြီးမြင့်မားတဲ့ ဈေးနှုန်း ပေးရဖို့ လည်း များပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်တဲ့ နိုင်ငံတွေ

ဒီမှာမြင်ရမယ့် နိုင်ငံတွေကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သွားပြီဖြစ်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

အိမ်ရှင်နိုင်ငံတွေ - ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်ပြည်ထောင်စု

အာဖရိက - အယ်ဂျီးရီးယား၊ ကိတ်ဗာဒီ၊ အီဂျစ်၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ မော်ရိုကို၊ ဆီနီဂေါ၊ တောင်အာဖရိက နဲ့ တူနီးရှား

အာရှ - ဩစတေးလျ၊ အီရန်၊ ဂျပန်၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေးဗျ၊ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်

ဥရောပ - ဩစတြီးယား၊ ဘယ်လ်ဂျီယမ်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ စကော့တလန်၊ စပိန် နဲ့ ဆွစ်ဇာလန်

အိုးရှန်းနီးယားဒေသ - နယူးဇီလန်

တောင်အမေရိက - အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလမ်ဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေး

မြောက်အမေရိက၊ အမေရိကအလယ်ပိုင်း နဲ့ ကာရစ်ဘီယံ - ကျူရာဆောင်း၊ ပနားမား၊ ဟေတီ။

ဒီနိုင်ငံတွေထဲမှာမှ ကမ္ဘာ့ဖလားကို ပထမဆုံး အကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရတဲ့ နိုင်ငံ ၄ နိုင်ငံ ရှိပါတယ်။ အဲဒီနိုင်ငံတွေကတော့ ကျူရာဆောင်း၊ ကိတ်ဗာဒီ၊ ဂျော်ဒန် နဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား နဲ့ နိုင်ငံရေးအခင်းအကျင်း

ဗီဒီယို ပုံစာ, 'We won't allow it to go there' - Trump on 'unsafe' World Cup cities

အမေရိကန်နိုင်ငံဟာ ပွဲစဉ် ၁၀၄ ပွဲမှာ ဗိုလ်လုပွဲ အပါအဝင် ၇၈ ပွဲကို လက်ခံကျင်းပသွားမှာပါ။

၂၀၂၅ ခုနှစ်ထဲမှာတင် အမေရိကန်မှာ နိုင်ငံရေးအရလုပ်ကြံမှုတွေဖြစ်ပွားနေတာပါ။ ၂၀၂၄ ခုနှစ်ကဆိုရင်လည်း နိုင်ငံတဝန်း သေနတ်ပစ်ခတ်လုပ်ကြံမှုပေါင်း ၅၀၀ ထက်မနည်းရှိခဲ့တာပါ။

အမေရိကန် လူမှုဝန်မှုကြီးကြပ်ရေး ICE အရာရှိတွေရဲ့ အတင်းအဓမ္မနေရပ်ပြနေရပ်ပြန်ပို့မှုတွေလည်း ရှိနေတာပါ။ ICE နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်မှုကြောင့် မြို့ကြီးပြကြီးတွေမှာ ဆန္ဒပြပွဲတွေ အထိ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပွဲစဉ်ကျင်းပမယ့် မြို့တွေမှာ မတည်ငြိမ်ဘူးလို့ ခံစားရရင် တခြားမြို့တွေကို ပြောင်းပြီး ကျင်းပမယ်လို့ သမ္မတထရမ့်က ပြောထားပါတယ်။

ကမ္ဘာ့ဖလား အိမ်ရှင်တွေ ဖြစ်တဲ့ အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီ သုံးနိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး တင်းမာမှုတွေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပိုပြီးအကျိုးရှိစေမယ်လို့ ထရမ့်က ပြောထားပါတယ်။

ဒီလိုပြောဆိုမှုကို ထရမ့်က သူ့ရဲ့ အိမ်နီးချင်းနှစ်နိုင်ငံ ကို အခွန်စည်းကြပ်မှုတွေ ပြလုပ်ပြီးတဲ့နောက် ပြောခဲ့တာပါ။

ကမ္ဘာ့ဖလားကျင်းပမယ့်နေရာတွေရဲ့ ရာသီဥတု အခြေအနေ

အပူဒဏ်ဟာ အမေရိကန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။ PSG အသင်း နည်းပြ လူးဝစ် အမ်းနဝစ် ကတော့ သူ့အသင်းသားတွေ က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ် မြို့မှာ ကျင်းပတဲ့ Club World Cup အဖွင့် ပွဲစဉ်အဖြစ် အက်သလယ်သီကို မက်ဒရစ် အသင်း နဲ့ ပွဲစဉ်မှာ အပူချိန် ၄၀ ဒီဂရီရှိတဲ့အခြေအနေ မှာ ယှဉ်ပြိုင်ခဲ့ရတဲ့ အကြောင်း ဝေဖန်ထားပါတယ်။

ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်စ်ကလည်း သူကစားနေတဲ့ အချိန် မူးဝေမှုတွေ ခံစားခဲ့ရတဲ့ လို့ ပြောထားပါတယ်။ အပူချိန် နဲ့ စိုထိုင်းဆတွေက နည်းပြတွေ နဲ့ ကစားသမားတွေ အပေါ် သက်ရောက်မှုကြီးခဲ့ပါတယ်။

ဖီဖာက တော့ အပူဒဏ်ပြဿနာကို ဖြေရှင်းဖို့ ဥရောပအသင်းတွေ ကစားမယ့် ကမ္ဘာ့ဖလား ပွဲစဉ် အချိန် တွေကို ညပိုင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။