'ကင်ဂျုံအွန်းသေပြီ' ဆိုတဲ့သတင်းတွေ ဘာကြောင့် ထပ်မံထွက်ပေါ်

ပုံအကြောင်းအရာ: ကင်ဂျုံအွန်က သူ့သမီး ကင်ဂျူအေးနဲ့အတူ တာဝန်ရှိသူတွေကို စကားပြောနေစဉ်
ဓာတ်ပုံ ပုံစာ, ကင်ဂျုံအွန်း သေဆုံးပြီဆိုတဲ့ ကောလာဟလတွေ အွန်လိုင်းမှာ စတင်ပျံ့နှံ့ပြီး မကြာခင်မှာပဲ မြောက်ကိုရီးယား အစိုးရပိုင်မီဒီယာက သူ့ရဲ့ဓာတ်ပုံတွေကို ထုတ်ပြန်
    • ရေးသားသူ, လော်ရာဘစ်ကာ
    • ရာထူးတာဝန်, တရုတ်နိုင်ငံဆိုင်ရာသတင်းထောက်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးသွားပြီလို့ ကောလာဟလထွက်နေသူတစ်ယောက်အတွက်တော့ ကင်ဂျုံအွန်းဟာ အတော်လေး ကျန်းမာသန်စွမ်းတဲ့ပုံစံနဲ့ မြောက်ကိုရီးယား အစိုးရမီဒီယာမှာ ပေါ်ထွက်လာခဲ့ပါတယ်။

အစိုးရပိုင်သတင်းစာ ရိုဒွန်ရှင်မွန်းက ထုတ်ပြန်တဲ့ဓာတ်ပုံတွေမှာ အသက် ၄၂ နှစ်အရွယ် ကင်ဂျုံအွန်းဟာ သူ့သမီးနဲ့အတူ ပွဲတစ်ခုကို လှည့်လည်ကြည့်ရှုနေတာတွေ့ရပါတယ်။ သူတို့သားအဖဟာ အဝတ်အထည်နဲ့ ဖိနပ်ပြပွဲကို ရောက်နေတာလို့ သတင်းစာက ဖော်ပြပါတယ်။

အမေရိကန်မှာ နေထိုင်တဲ့ တရုတ်အစိုးရဆန့်ကျင်ရေးသမားတစ်ဦးက ကင်ဂျုံအွန်းဟာ သတိမေ့မြောနေတဲ့အခြေအနေနဲ့ ဘေဂျင်းက ဆေးရုံတစ်ရုံကို ပို့ဆောင်ခံခဲ့ရပြီးနောက် သေဆုံးသွားပြီလို့ အထောက်အထားမရှိဘဲ ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာမှာ အဲဒီဓာတ်ပုံတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအရေးကို အနီးကပ်စောင့်ကြည့်သူတွေအတွက်တော့ ဒီလိုကောလာဟလမျိုးက ပုံမှန်လို ဖြစ်နေပါပြီ။

ကမ္ဘာပေါ်မှာ လျှို့ဝှက်မှုအရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားမှာ အချက်အလက်တွေကို အတည်ပြုဖို့ မကြာခဏ ခက်ခဲတာကြောင့် ထင်ကြေးပေးပြောဆိုမှုတွေ ပေါ်ထွက်ဖို့ အခြေအနေကိုလည်း ဖန်တီးပေးပါတယ်။

ဒီနောက်ဆုံးပြောဆိုချက်ကို စတင်ခဲ့သူက သူ့ကိုယ်သူ တရုတ်အာဏာပိုင်တွေ ပိတ်ပင်ထားတဲ့ တရုတ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တယ်လို့ပြောထားတဲ့ ၀မ့်ကျွင်း ရွှဲ့ ဖြစ်ပါတယ်။

သူဟာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် သေဆုံးပြီဆိုတဲ့ထင်ကြေးပေးပြောဆိုမှု အပါအဝင် အတည်မပြုနိုင်တဲ့ပြောဆိုချက်တွေကိုလည်း အရင်က ဖြန့်ဝေခဲ့ဖူးပါတယ်။

ကင်ဂျုံအွန်းဟာ ပြင်းထန်တဲ့ ဦးနှောက်သွေးကြောပေါက်မှု ဖြစ်ခဲ့ပြီး မြောက်ကိုရီးယားမှာ သူ့ကို ကုသပေးနိုင်မယ့်ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ မရှိတာကြောင့် ဘေဂျင်းကို ပို့ဆောင်ခဲ့ရတယ်လို့ ရွှဲ့ က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ပိုင်းမှာ ကင်ဂျုံအွန်း သေဆုံးသွားပြီး သူ့ရဲ့ရုပ်အလောင်းကို မြောက်ကိုရီးယားဆီ လျှို့ဝှက်စွာ ပြန်ပို့ခဲ့သလို အစိုးရကလည်း သူသေဆုံးတဲ့သတင်းကို ဖုံးကွယ်ထားတယ်လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဓာတ်ပုံတွေကတော့ မတူညီတဲ့အခြေအနေတစ်ခုကို ပြသနေပါတယ်။

ကင်ဂျုံအွန်းဟာ ပြသထားတဲ့ပစ္စည်းတွေကို စစ်ဆေးကြည့်ရှုနေပြီး သူ့နဲ့အတူ သမီးဖြစ်သူ ကင်ဂျူအေးအပြင် သူနဲ့အမြဲလိုက်ပါလေ့ရှိတဲ့အရာရှိအဖွဲ့လည်း ရှိနေတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံတွေကို ဘယ်အချိန်မှာ ရိုက်ကူးခဲ့တယ်ဆိုတာ သိနိုင်မယ့်နည်းလမ်း မရှိပေမဲ့ ဒီပြောဆိုချက်ကို သံသယဝင်စရာ တခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။

ကင်ဂျုံအွန်းရဲ့ကျန်းမာရေး ရုတ်တရက် ဆိုးရွားသွားခဲ့မယ်ဆိုရင် မြောက်ကိုရီးယား နယ်နိမိတ်အပြင်ဘက်မှာလည်း လက္ခဏာတွေ ပေါ်လာဖို့ များပါတယ်။

မတည်ငြိမ်မှု ဒါမှမဟုတ် ဒုက္ခသည်တွေ ဝင်ရောက်လာနိုင်အတွက် ကြိုတင်ပြင်ဆင်တာမျိုး တရုတ်က နယ်စပ်တလျှောက် လုံခြုံရေး တင်းကျပ်လာနိုင်ပါတယ်။

မြောက်ကိုရီးယား သံတမန်အဖွဲ့တွေ ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုတွေလည်း ပိုများလာနိုင်ပါတယ်။

တောင်ကိုရီးယားမှာ နေထိုင်တဲ့ မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံလာသူတွေဟာ တရုတ်နယ်စပ်တစ်လျှောက်က ဆက်သွယ်ရေးကွန်ရက်တွေကနေ သူတို့နည်းသူတို့ဟန်နဲ့ သတင်းအချက်အလက်တွေ ရရှိလေ့ရှိပါတယ်။

ဒါပေမဲ့ ဒီအခြေအနေတွေထဲက တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။

တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိတွေကလည်း ဒီသတင်းတွေကို ထောက်ခံနိုင်မယ့် ဘာအချက်အလက်မှ မကြားရဘူးလို့ ယွန်ဟတ်သတင်းဌာနကို ပြောပါတယ်။

ဒီကောလာဟလဟာ အရင်က ဖြစ်ခဲ့ဖူးတဲ့ သတိပေးချက်အမှားတွေနဲ့လည်း ဆင်တူနေပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ထင်ရှားတဲ့ မြောက်ကိုရီးယား ဘက်ပြောင်းခိုလှုံလာသူတစ်ဦးက ကင်ဂျုံအွန်ဟာ နှလုံးနဲ့ သွေးကြောဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူပြီးနောက် သေဆုံးသွားပြီဆိုတာ "၉၉ ရာခိုင်နှုန်း သေချာတယ်" လို့ ပြောခဲ့ဖူးပါတယ်။

သိပ်မကြာခင်မှာပဲ ကင်ဂျုံအွန်း လူမြင်ကွင်းမှာ ပေါ်ထွက်လာခဲ့ပြီး အဲဒီပြောဆိုချက်လည်း မမှန်ကြောင်း ပေါ်လွင်သွားခဲ့ပါတယ်။

ဒါဆို ဒီလိုကောလာဟလတွေ ဘာကြောင့် ထပ်တလဲလဲ ပေါ်ထွက်နေတာလဲ။

ပထမအကြောင်းရင်းက အာဏာဆက်ခံရေး ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို ကင်မိသားစုက မျိုးဆက် သုံးဆက်ကြာ အုပ်ချုပ်လာခဲ့ပေမဲ့ ကင်ဂျုံအွန်းပြီးရင် ဘာဖြစ်လာမလဲဆိုတာကတော့ သူ့ မတိုင်ခင်အုပ်ချုပ်သူတွေရဲ့အခြေအနေတုန်းကလောက် မသေချာပါဘူး။

ကင်အီဆွန်းဟာ သူ့သား ကင်ဂျုံအီ အာဏာရလာဖို့ ဆယ်စုနှစ်များစွာကြာ ပြင်ဆင်ပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ ကင်အီဆွန်း သေဆုံးချိန်ရောက်တော့ အာဏာဆက်ခံရေးအစီအစဉ်ကို အခိုင်အမာ ချမှတ်ထားပြီးသား ဖြစ်ပါတယ်။

ကင်ဂျုံအီရဲ့အာဏာလွှဲပြောင်းရယူမှုကလည်း အတော်အသင့် ချောမွေ့ခဲ့ပါတယ်။

ကင်ဂျုံအွန်း အာဏာရလာမှုကတော့ ပိုမြန်ဆန်ခဲ့သလို အခြေအနေလည်း ပိုမခိုင်မာခဲ့ပါဘူး။

ကင်ဂျုံအီဟာ ၂၀၀၈ ခုနှစ်မှာ လေဖြတ်ပြီးနောက် သူ့ရဲ့အငယ်ဆုံးသားကို ရာထူးအဆင့်ဆင့် အလျင်အမြန် တိုးမြှင့်ပေးခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ သူ့ဖခင် သေဆုံးချိန်ရောက်တော့ ကင်ဂျုံအွန်းကို အနာဂတ်ခေါင်းဆောင်အဖြစ် လူသိရှင်ကြား သတ်မှတ်ထားပြီးသား ဖြစ်ပါတယ်။

ဒါတောင် ကင်ဂျုံအွန်းဟာ အာဏာခိုင်မာလာအောင် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး ပြိုင်ဘက်တွေကို ဖယ်ရှားတာ၊ ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်လို့ ယူဆသူတွေကို ရှင်းလင်းတာတွေ လုပ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ သူ့သမီးကို အာဏာဆက်ခံသူအဖြစ် ပြင်ဆင်ပေးနေတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ယုံကြည်ထားပါတယ်။

သူ့သမီးဟာ အရေးပါတဲ့အခမ်းအနားတွေနဲ့ စစ်ရေးပြပွဲတွေမှာ ပိုတွေ့လာရပါတယ်။ ဒါပေမဲ့ သူ့အသက်ဟာ ၁၃ နှစ်ပဲ ရှိသေးတယ်လို့ ယူဆထားကြပါတယ်။

မြောက်ကိုရီးယားကို အမျိုးသမီးတစ်ဦးက တစ်ခါမှ ဦးဆောင်အုပ်ချုပ်ဖူးတာ မရှိသလို သူ့ကိုလည်း အာဏာဆက်ခံသူအဖြစ် တရားဝင်သတ်မှတ်ထားတာ မရှိသေးပါဘူး။

အသက်ငယ်ရွယ်တာကြောင့်လည်း အာဏာလုပွဲတစ်ခု ဖြစ်လာခဲ့ရင် သူ့အနေနဲ့ ထိခိုက်လွယ်တဲ့ အခြေအနေမှာရှိနေမှာဖြစ်ပါတယ်။

ဒီလိုမသေချာမှုတွေ အားလုံးကြောင့် ကင်ဂျုံအွန်းရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ဘာကြောင့် အာရုံစိုက်ခံနေရလဲဆိုတာကို နားလည်နိုင်ပါတယ်။

ကင်ဂျုံအွန်းဟာ သူ့သမီးကို အာဏာဆက်ခံသူအဖြစ် ပြင်ဆင်ပေးနေတာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ယုံကြည်ထားပါတယ်။

အရာရှိအဖွဲ့က ကြည့်ရှုနေစဉ် ကင်ဂျုံအွန်းနဲ့ သူ့သမီး ကင်ဂျူအေးတို့က ကုတ်အင်္ကျီဝတ်ထားတဲ့ လူရုပ်တုတစ်ခုကို ကြည့်နေကြ

ဒုတိယအကြောင်းရင်းကတော့ ဒီကောလာဟလတွေဟာ လုံးဝ မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ် ယူဆလို့ မရတဲ့အကြောင်းရင်းတွေလည်း ရှိနေပါတယ်။

ကင်ဂျုံအွန်းဟာ ကိုယ်အလေးချိန်များပြီး ဆေးလိပ်အလွန်သောက်သူ ဖြစ်ပါတယ်။

သူ့ရဲ့နေထိုင်မှုပုံစံကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေ ပိုများတယ်လို့ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက အကြိမ်ကြိမ် သတိပေးထားပါတယ်။

နှလုံးပြဿနာနဲ့ လေဖြတ်တာတွေဟာ ကင်မိသားစုမှာ မျိုးရိုးလိုက် ဖြစ်ပွားလေ့လည်း ရှိပါတယ်။

ကင်ဂျုံအွန်း တစ်ခုခု ဖြစ်ခဲ့မယ်ဆိုရင် တရုတ်၊ တောင်ကိုရီးယားနဲ့ ရုရှားလို အိမ်နီးချင်းနိုင်ငံတွေမှာရော၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ အရေးကြီးတဲ့အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။

ခေါင်းဆောင်မှုအကျပ်အတည်း ရုတ်တရက် ဖြစ်ပေါ်လာတိုင်း မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေကို ဘယ်သူက ထိန်းချုပ်မလဲ၊ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်လာနိုင်သလားဆိုတဲ့ ဖြေရခက်တဲ့မေးခွန်းတွေ ပေါ်လာပါတယ်။

အာဏာလုပွဲတစ်ခုက သဘောထားတင်းမာသူတွေကို ပြင်းထန်တဲ့ရန်လိုတုံ့ပြန်မှု လုပ်ဖို့ တွန်းပို့နိုင်လား၊ မငြိမ်မသက်ဖြစ်လာလို့ တရုတ်နယ်စပ်တလျှောက် ဒုက္ခသည်အကျပ်အတည်း ဖြစ်ပေါ်လာနိုင်မလား၊ ဒီမေးခွန်းတွေဟာ ဘေဂျင်းနဲ့ ဆိုးလ်အတွက်သာမက တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၀၀၀ ခန့် ထားရှိထားတဲ့ ဝါရှင်တန်အတွက်ပါ စိုးရိမ်စရာ ဖြစ်ပါတယ်။

ထောက်လှမ်းရေးအဖွဲ့တွေက ကင်ဂျုံအွန်းကို အနီးကပ် စောင့်ကြည့်နေကြတာကြောင့် သတင်းတစ်စုံတစ်ရာ ထွက်ပေါ်လာရင် အသင့်ဖြစ်နေမှာပါ။

မြောက်ကိုရီးယားဟာ သတင်းအချက်အလက် လုံးဝနီးပါး မရနိုင်တဲ့နေရာတစ်ခုအဖြစ် ဆက်ရှိနေတာကြောင့် သတင်းမှားတွေ လွယ်လွယ်ထွက်လာဖို့လည်း အကြောင်းဖန်စေပါတယ်။

မြောက်ကိုရီးယားမှာ ခေါင်းဆောင်နဲ့ ပုံမှန်ထိတွေ့ခွင့်ရှိသူက လက်တဆုပ်စာပဲ ရှိပါတယ်။

ထောက်လှမ်းရေးအဖွဲ့တွေတောင် ယုံကြည်စိတ်ချရတဲ့သတင်းအချက်အလက် ရရှိဖို့ အခက်အခဲရှိပါတယ်။ ထွက်ပေါ်လာတဲ့အချက်အလက်အများစုကိုလည်း အတည်ပြုထားတဲ့အချက်အလက်တွေအဖြစ် မဟုတ်ဘဲ "အတည်မပြုနိုင်သေး" ဒါမှမဟုတ် "ဖြစ်နိုင်ခြေ အလွန်များ" ဆိုတဲ့ သတိပေးကန့်သတ်ချက်တွေနဲ့သာ ဖော်ပြလေ့ရှိပါတယ်။

နိုင်ငံအတွင်း တကယ်ဘာတွေဖြစ်နေတယ်ဆိုတာ ဖုံးကွယ်ဖို့ သတင်းအချက်အလက်တွေကို လှည့်ကွက်နဲ့ တမင်ပေါက်ကြားစေပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာအောင် မြောက်ကိုရီးယားအစိုးရကိုယ်တိုင် လုပ်ဆောင်နေတယ်လို့လည်း သံသယရှိကြပါတယ်။

ဒါကြောင့် ဒီအရေးကို အမြဲမပြတ် စောင့်ကြည့်ရတဲ့တာဝန်ရှိသူတွေတောင် မသိရှိခဲ့တဲ့ ဒီလောက်အရေးပါတဲ့သတင်းကို ၀မ့်ကျွင်း ရှဲ့ က တစ်နည်းနည်းနဲ့ မထင်မှတ်ဘဲ ရရှိခဲ့တယ်ဆိုတာ ယုံကြည်ဖို့ ခက်ပါတယ်။

သူဟာ လူအများအာရုံစိုက်မှုကို ရယူချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် ဘေဂျင်းနဲ့ ပြုံယမ်းတို့ရဲ့ဆက်ဆံရေးကို မီးမောင်းထိုးပြပြီး ဘေဂျင်းကို အရှက်ရစေချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီနှစ်နိုင်ငံကြား ဆက်ဆံရေးရှိတာကို ကမ္ဘာက ကောင်းကောင်း သိထားပြီးသား ဖြစ်ပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းမှာ မရေရာမှုတွေ ပတ်လည်၀ိုင်းနေချိန် ဒါကို အခွင့်ကောင်းယူခဲ့သူတွေထဲမှာ ရွှဲ့က ပထမဆုံးလူတော့ မဟုတ်ပါဘူး။