စက်တင်ဘာ ၂၇ ရက်သတင်းများအနှစ်ချုပ် - ထား၀ယ်က မြေပြိုမှု ၅ ဦးထက်မနည်းသေဆုံး

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

တနင်္သာရီတိုင်း၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ မိုးများပြီး လောင်းလုံး တောင်တန်း မြေပြိုတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ပြောပါတယ်။

လောင်းလုံးမြို့နယ်ထဲ အနောက်ဘက်က တောင်တန်းမှာ မြေပြိုတာတွေ ဖြစ်နေချိန်မှာ ထား၀ယ်မြစ်လည်း ရေကြီးလို့ ကျေးရွာ ၂၀ ထက်မနည်းမှာ ရေကြီး မြေပြိုမှု ကြုံနေရတယ်လို့ နယ်ခံ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပြောပါတယ်။

ထား၀ယ်အမျိုးသားအဖွဲ့ချုပ်ကတော့ ထားဝယ်ဒေသထဲ မြေပြိုမှုနဲ့ ရေဘေးကြုံနေရတဲ့ ရွာပေါင်း ၄၀ ထက် မနည်းရှိပြီး ပျက်စီးဆုံးရှုံးတဲ့ နေအိမ်ပေါင်း ၂၀ ကျော်တယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းမှာ သတင်းထုတ်ပါတယ်။

မင်းရပ်ရွာမှာ မြေပြိုလို့ နေအိမ် မြေပိသွားပြီး အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ထား၀ယ် အခြေစိုက် ဇမ္ဗူသီရိ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဒေသတွင်း သတင်းဌာန Dawei Watch ကတော့ တောင်ပြိုမှုကြောင့် မင်းရပ် ၊ သဗျာ၊ ကဒက်ငယ်၊ ကျောက်နီမော်၊ ညောပြင် စသည့် ကျေးရွာများရှိ နေအိမ်များစွာ မြေပိနေတယ်လို့ ဒေသခံတွေကို ကိုးကားပြီး သတင်းရေးပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းအထိ ရုပ်အလောင်း ၃ လောင်းကို တွေ့ထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေကတော့ ကဒတ်ငယ်ရွာ မြေပြိုမှုမှာ ပိတ်မိနေသူတွေရှိသလို သေဆုံးသူလည်း ရှိတာကြောင့် ကူညီကယ်ဆယ်ရေးအမြန်ဆုံးသွားဖို့ လုပ်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာရေးပါတယ်။

ဒါပေမဲ့ သွားမယ့်လမ်းတစ်လျှောက်မှာ ရေကြီးနေတာနဲ့ လောင်းလုံတောင်တန်းကနေ ပြိုကျတဲ့မြေတွေ လမ်းပေါ် ပိတ်ဆို့နေတာကြောင့် မြေသယ်တဲ့ကားကြီးလို ကားတွေပဲ ဖြတ်သန်းသွားလာလို့ရတဲ့ အခြေအနေလို့ ပြောပါတယ်။

သဗျာရွာ အလယ်ပိုင်းမှာနေထိုင်သူ တစ်ဦးကတော့'' မြေပြိုတာနဲ့အတူ အိမ်ထဲ ရေတွေ၀င်လာနေလို့ ကျွန်မ တို့အိမ် အောက်ထပ်မှာ နေလို့ မရတော့ဘူး။ အခု အိမ်အပေါ် ထပ်မှာ ပြောင်းနေရပါတယ်။ မိုးလည်း သည်းသည်းသည်းမည်းမည်းရွာနေပါတယ်။ မြေပြိုလို့ ရွာထဲ ဘယ်သူတွေ ထိခိုက်လဲဆိုတာ မသိရသေးပါဘူး'' လို့ ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။

မိုးလေ၀ဌာနကတော့ ဘန်ကောက်မှာ ၂ ရက်ဆက် မိုးရွာလို့ မြို့နယ် ၅၀ မှာ ရေဘေးသင့်အရပ်အဖြစ်ကြေညာခဲ့ရတဲ့ လေဖိအားနည်းဆဲလ်ဟာ အခုတော့ တနင်္သာရီကမ်းရိုးတန်းကို ရွေ့လျားလာနေတယ်လို့ သတိပေးချက် ထုတ်ပြန်ပါတယ်။

မိုးကြီးနေတာကြောင့် မြို့နယ်အောက်ပိုင်းက ကျေးရွာတွေမှာ ရေကြီးတာနဲ့ တောင်ပြိုတာတွေ ဖြစ်နေပြီး ကယ်ဆယ်ရေးသွားဖို့ အခက်ကြုံနေရတယ်လို့ နယ်ခံ လူမှုကူညီရေး အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

"ရေတအားကြီးနေလို့ ကမြောကြီးရွာနားမှာတင် ရှေ့တိုးလို့ မရဘူးဖြစ်နေတယ်။ ဒီနေ့ မနက် အစောပိုင်းကတည်းက တိုးနေတာမရသေးတော့ အောက်ပိုင်းက ရွာတွေအခြေအနေ မျက်မြင် မမြင်နေရသေးဘူး။ လူထိခိုက်မှုတွေ ရှိတယ်လို့တော့ ကြားရတယ်" လို့ လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတစ်ဦးက ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

လောင်းလုံးမြို့နယ်အောက်ပိုင်းမှာ ကျေးရွာ ၁၀ ရွာထက်မနည်းရှိပြီး ကျောက်နီမော်ရွာမှာ တောင်ပြိုကျခဲ့သလို သကျက်တောနဲ့ ကျောက်ပုံရွာတို့မှာ နေအိမ်တွေ ရေ မြုပ်နေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြစ် ဒီရေတက်ချိန်မှာ မိုးများခဲ့တာကြောင့် ရေကြီးရေလျှံတာဖြစ်နေပြီး ရွာချင်းချိတ်ဆက် ထားတဲ့ တံတားကျိုးတဲ့ဖြစ်စဉ်ပါရှိနေတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိနေတဲ့ လေဖိအားနည်းဆဲလ်ကြောင့် ဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တောင်ပိုင်းတို့မှာပါ အဲဒီဆဲလ်ရဲ့ အရှိန်ကြောင့် မိုးကြီး နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးဇလရဲ့ ဒီမနက်အစောပိုင်းတိုင်းတာချက်အရ လေဖိအားနည်းဆဲလ်ဟာ အနောက်မြောက်ဘက်ကို ဆက်ရွှေ့လျားနိုင်ပြီး နောက် ၂၄ နာရီအတွင်း တနင်္သာရီတိုင်းမြောက်ပိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်ကျော်မှာဖြစ်လို့ မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်နိုင်ပါတယ်။

အဲဒီဆဲလ်ဟာ မနက်ဖြန် စက်တင်ဘာ ၂၈ ရက်မှာတော့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းကို ရောက်ရှိမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဘန်ကောက်ရေကြီးမှု - အွန်နွတ်၊ ဘန်ကပီနဲ့ ရမ်ဂမ်ဟမ် တို့မှာ ရေကြီးသတိပေးချက် ဆက်ရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ဖြစ်ခဲ့တဲ့လေဖိအားနည်းဆဲလ်ဟာ တနင်္သာရီကမ်းရိုးတန်းကို ရွေ့လျားသွားပေမဲ့ မိုးဆက်ရှိနေလို့ ဘန်ကောက်မြို့ထဲ မြန်မာတွေအနေများတဲ့ ဘန်ကပီ၊ အွန်နွတ်နဲ့ ရမ်ဂမ်ဟမ်အရပ်တွေမှာ ရေကြီးမှုအခြေအနေကို သတိဆက်ရှိဖို့ မြို့တော်အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ ဘက်ခြမ်းဆီရွေ့နေတဲ့လေဖိအားနည်းဆဲလ်ကြောင့် ဘန်ကောက်မြို့မှာ မိုးရွာသွန်းမှုဆက်ရှိနေပြီး လမ်းအချို့မှာ ကားအသေး မသွားနိုင်လောက်တဲ့အထိ ရေတက်ဆဲဖြစ်ပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (BMA) က ရေကြီးလို့ လမ်းမကြီး ၃၁ ခုကို အသုံးမပြုဖို့ ဆိုင်ကယ်သမားတွေကို ဒီနေ့မနက်မှာ အကြံပြုထားဆဲဖြစ်ပါတယ်။

လမ်းအသုံးမပြုဖို့ အကြံပြုတာ အရင်နေ့က ၂၁ လမ်းပဲ ရှိတာကြောင့် ဒီနေ့မှာ ရေကြီးမှု အခြေအနေ မလျော့ကျသေးတာကိုလည်း အခုလမ်းအသုံးပြုမှု အကြံပြုချက်က ပြသနေပါတယ်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကတော့ ၀န်ဆောင်မှုပေးဖို့ မလိုတဲ့အစိုးရ၀န်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ဖို့ ညွှန်ကြားပါတယ်။

နောက်ပြီး မြို့တော် အုပ်ချုပ်ရေးအဖွဲ့အောက်မှာရှိတဲ့ စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကိုလည်း မနက်ဖြန် စက်တင်ဘာ ၂၈ ရက်၊ တနင်္လာနေ့မှာ တစ်ရက် ပိတ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဆက်တိုက်မိုးများခဲ့လို့ ရေကြီးခဲ့တဲ့ ဘန်ကောက်မြို့တော် နယ်နိမိတ် မြို့နယ်တွေမှာ လူသောင်းချီကို ဘေးလွတ်ရာ ရွှေပြောင်းထားရပေမဲ့ ရေကြီးမှုကြောင့် လူသေဆုံးတာမျိုး မရှိသေးဘူးလို့ မြို့တော်၀န်က ဒီနေ့မှာပြောပါတယ်။

ဒီအခြေအနေကို ဖြေရှင်းဖို့ ၀န်ကြီးချုပ်ကလည်း အစိုးရ ဌာနအသီးသီးကို ညွှန်ကြားထားပါတယ်။ ရေဘေးကူညီရေးမှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ထိုင်းစစ်တပ်လည်း တပ်ဖွဲ့၀င်တွေကို ဖြန့်ကြက် တာ၀န်ချထားပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ လောက်ကိုင်မှာတွေ့ဆုံ

မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ထဲက ကိုးကန့်တပ်(MNDAA)၊ တအောင်းတပ်(TNLA)နဲ့ အာရက္ခတပ်တော် (AA)တို့က ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရုတ်- မြန်မာနယ်စပ်က လောက်ကိုင်မြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့ ကိုးကန့်တပ်က သတင်းထုတ်ပါတယ်။

ကိုးကန့်က အထူးဒေသ ၁ လို့ သတ်မှတ်ထားတဲ့ လောက်ကိုင်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ပြုလုပ်တဲ့ လမုန့်စားပွဲတော်မှာအတွင်း တွေ့ဆုံခဲ့ကြတာလို့ ကိုးကန့်ဘက်က ဒီနေ့ သတင်းထုတ်တာပါ။

ကိုးကန့်ခေါင်းဆောင် ဖုန်တာ့ရွှင် ဦးဆောင်ကျင်းပတဲ့ ဒီပွဲကို တအောင်းတပ်(PSLF/TNLA)က ဥက္ကဋ္ဌ တားအိုက်ဘုန်းနဲ့ ဒုတိယ ဥက္ကဋ္ဌ တားခူးလန်း၊ အာရက္ခတပ်တော် (ULA/AA) က ဒုခေါင်းဆောင် ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ်ဖြစ်တည်မှု သမိုင်းကြောင်းနဲ့ တစ်ဦးကို တစ်ဦး ကူညီခဲ့တာတွေကို ပြန်ပြောင်းဆွေးနွေးကြရင်း အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ညီနောင် မဟာမိတ် သုံးဖွဲ့ထဲက ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ဟာ ရှမ်းမြောက်က ကွတ်ခိုင်မြို့ကို ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အခုနှစ် ဖေဖော်၀ါရီလမှာ သေနတ်ပစ်ဖောက်ကြတဲ့အထိ ဆက်ဆံရေး အက်ကြောင်းဖြစ်ခဲ့ကြပါတယ်။

တအာင်းတပ်လည်း လှုပ်ရှားတဲ့ ကွတ်ခိုင်ကို အဲဒီလိုဖြစ်အပြီး ရက်ပိုင်းအတွင်းမှာပဲ ကိုးကန့်တပ်က ထိန်းချုပ်ခဲ့ပါတယ်။

လက်ရှိမှာ ဒီနှစ်ဖွဲ့စလုံးဟာ ရှမ်းမြောက်မှာ စစ်တပ်ရဲ့ လားရှိုးစစ်ဌာနချုပ်ကို သိမ်းတဲ့အထိ ကြီးမားခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး သိမ်းထားတဲ့မြို့အချို့နဲ့ လောက်ကိုင်အရေးအတွက် စစ်တပ်နဲ့ အပစ်ရပ်ထားကြပြီးဖြစ်ပါတယ်။

ကိုးကန့်အဖွဲ့ဟာ မကြာသေးခင်တုန်းကပဲ နေပြည်တော်ကို သွားခဲ့ပြီး နေပြည်တော် ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံထားပါတယ်။

ဒါပေမဲ့ ညီနောင်မဟာမိတ်ထဲက ကျန်အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် ( အေအေ)ကတော့ ရခိုင်ပြည်နယ်ထဲက သူ သိမ်းထားတဲ့ နယ်မြေတွေအတွက် စစ်တပ်နဲ့ တိုက်ပွဲ ဆက်ဖြစ်နေသလို စစ်တပ်ကလည်း ရခိုင်ကို ၀င်ဖို့ ကြိုးစားနေလို့ မြေပြင်တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

တွေ့ဆုံညှိနှိုင်းမှုကသာ ပဋိပက္ခအတွက် အဖြေလို့ အီရန်ပြော

စစ်ပွဲအဆုံးသတ်ဖို့ဆိုရင် အမေရိကန်နဲ့ အီရန်ကြား ညှိနှိုင်းဆွေးနွေးပြီး အဖြေရှာတာပဲ ဖြစ်နိုင်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ကုန်သွယ်သင်္ဘောတွေ ပြန်လည်ဖြတ်သန်းနိုင်ဖို့ ဟော်မုဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ဖို့ အီရန်ရဲ့အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်အပြီးမှာ အီရန်ဘက်က အခုလို ပြောလာတာပါ။

"သူတို့ အရမ်းအရှုံးပေါ်နေတဲ့အတွက် ရေလက်ကြားကို ချက်ချင်းဖွင့်ပြီး သဘောတူညီချက်တစ်ခု လုပ်ချင်နေကြတယ်" လို့ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို သူ့ သဘောထား ထုတ်ပြောပါတယ်။

အီရန်ရဲ့အဆိုပြုချက်ဟာ "လက်ခံနိုင်စရာ မရှိဘူး" လို့ ထရမ့်က ဆိုပါတယ်။

တယ်လီဂရမ်မှာ တင်ထားတဲ့ ပို့စ်တစ်ခုမှာတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီက ထရမ့်ဘက်က အပြောကို သူ သိထားပြီးပြီလို့ ဆိုပေမဲ့ တရား၀င်တုံ့ပြန်ချက်ကိုတော့ ကြားဝင်ညှိနှိုင်းသူတွေ ဆီကနေ ရရှိတဲ့အထိ စောင့်မယ်လို့ဆိုပါတယ်။

အာရက်ချီက ထရမ့်ဟာ ''ကြေညာချက် ကောင်းတွေ ထုတ်လေ့ရှိပေမဲ့ အများစုဟာ ဆန့်ကျင်ဖီလာဖြစ်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်နေတယ်ဆိုတာကို မြင်တွေ့နေရတယ်'' လို့ ရေးပါတယ်။

သောကြာနေ့တုန်းကတော့ အီရန်နိုင်ငံခြားရေး၀န်ကြီးက ''လိုအပ်တဲ့အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့'' သဘောတူညီချက်တစ်ခု ရနိုင်ခြေရှိတယ်လို့ ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောခဲ့ပြီး အဲဒီသတ်မှတ်ချက်တွေဟာ အရင်ထိုးထားတဲ့ နားလည်မှုစာချွန်လွှာမှာ ပါ၀င်ထားပြီးသားလို့လည်း ဆိုပါတယ်။​

ကမ္ဘာ့ ဓာတ်ငွေ့နဲ့ ရေနံ သယ်ယူ စီးဆင်းမှု ငါးပုံတစ်ပုံခန့် ပုံမှန် ဖြတ်သန်းနေတဲ့ ဟော်မုဇ် ရေလက်ကြား လမ်းကြောင်းဟာ အခုနှစ်ဖေဖော်ဝါရီလမှာ အမေရိကန် - အစ္စရေးတို့က အီရန်ကို တိုက်တဲ့စစ်ဖြစ်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

အီရန်ဘက်ကတော့ ဒီရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ရန်လိုတိုက်ခိုက်မှုတွေ အဆုံးသတ်ရေးကိစ္စကို မကြာသေးခင်က နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးပန်းဆွေးနွေးပွဲတွေမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့် ကတော့ "သူတို့ရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် ပယ်ချပါတယ်" လို့ စနေနေ့က ပြောခဲ့ပြီး လက်ရှိမှာ အမေရိကန်ဟာ ဟော်မုဇ်ရေလက်ကြားကို "အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်" လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ရေလက်ကြား ပိတ်ဆို့မှုကြောင့် ရေနံတင်ပို့မှုတွေ အကြီးအကျယ် ထိခိုက်နေပြီး ကမ္ဘာ့ရေနံဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာခဲ့သလို စားသုံးသူတွေအတွက် လောင်စာဆီစရိတ်တွေလည်း အဆမတန် မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား ကြားဝင်စေ့စပ်ပေးနေတဲ့ နိုင်ငံအဖြစ် ဆောင်ရွက်နေတဲ့ အိုမန်နိုင်ငံကတော့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်တဲ့ဘက်အားလုံးအနေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေတာတွေ ဆက်လုပ်ဖို့ တိုက်တွန်းပါတယ်။

အိုမန်နိုင်ငံခြားရေးဝန်ကြီး ဆာယစ် ဘတ် ဘင် ဟာမက် ဘင် ဟာမတ် အယ်လ်ဘူဆာဒီကတော့ မဟာဗျူဟာအရ အလွန်အရေးပါတဲ့ဟော်မုဇ်ရေလက်ကြားမှာ လုံခြုံစိတ်ချရတဲ့ သင်္ဘောသွားလာမှုကို ထိန်းသိမ်းထားနိုင်ဖို့ "သက်ဆိုင်ရာဘက်အားလုံး" ဟာ အိုမန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့အထွေထွေဆွေးနွေးပွဲမှာ တိုက်တွန်းထားပါတယ်။​

ရခိုင်နဲ့ စစ်ကိုင်းအထက်ပိုင်းကို စစ်တပ် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကောလင်းမြို့နယ်တို့ကို ဒီနေ့ မနက်ပိုင်းမှာတင် စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူထိခိုက်မှုတွေ ရှိတယ်လို့ ဒေသတွင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။

အမ်းမှာ တိုက်ခိုက်ခံရတဲ့နေရာဟာ အာရက္ခတပ်တော်(အေအေ)ရဲ့ အကျဉ်းစခန်း တစ်ခုဖြစ်ပြီး ဒီနေ့ စက်တင်ဘာ ၂၇ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲခဲ့တယ်လို့ ရခိုင်အခြေစိုက်ဒေသတွင်းကလည်း ဖော်ပြပါတယ်။

"ဒါးလက်ချောင်းဘက်က အကျဉ်းစခန်းကို ပစ်တာ ဟုတ်တယ်။ ထိခိုက်မှုသေဆုံးမှုအခြေအနေက မသိရသေးဘူး" လို့ အေအေ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။

အေအေဘက်ကတော့ အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒါအပြင် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း ကချင်ကုန်းနဲ့ ရှောက်ပင်ဝိုင်းရွာတို့ကိုလည်း ဒီနေ့ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ခန့်မှာ Y -12 လေယာဉ်နဲ့ ၆ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကောလင်းအခြေစိုက်သတင်းတွေကလည်း ဖော်ပြပါတယ်။

"ကားလမ်းတွေနဲ့ ပြည်သူတွေလူစည်ကားတဲ့နေရာတွေကို ပစ်မှတ်ထားလာတဲ့သဘောပါ" လို့ ကောလင်းသတင်းရင်းမြစ်တစ်ဦးကလည်းပြောပါတယ်။

ကောလင်းဖြစ်စဉ်မှာတော့ အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရတာရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲ့ ကောလင်းခရိုင်တပ်ရင်း ၁ က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ လေကြောင်းအမျိုးအစား စုံသုံးပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တဲ့ပုံစံအဖြစ် ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စစ်ဆင်ရေးဗျူဟာ ပြောင်းလဲခဲ့တယ်လို့ ၂၀၂၆ နှစ်ကုန်ပိုင်းမှာတော့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့(MDSI) က ထောက်ပြထားပါတယ်။