'ကလေးမရနိုင်တော့ဘူးလို့ ထင်ခဲ့တာ' - ပျောက်နေတဲ့ သုက်ပိုးကို AI က ဘယ်လို ရှာတွေ့ခဲ့လဲ

    • ရေးသားသူ, ခရူပါ ပတ်ဒီ
    • ရာထူးတာဝန်, ဘီဘီစီ အနာဂတ်
  • ဖတ်ရန်အချိန်: မိနစ် ၈

သုက်ပိုးမပါတာ၊ ဒါမှမဟုတ် ပျောက်နေတာမျိုးဖြစ်နေတဲ့ အမျိုးသားတွေမှာ သုက်ပိုးဆဲလ် တည်နေရာကို ဉာဏ်ရည်တု နည်းပညာ (AI) ကို အသုံးပြု ရှာနိုင်ပြီဖြစ်လို့ ရင်သွေးရဖို့ နှစ်ပေါင်းများစွာကြာအောင် ကြိုးပမ်းနေကြတဲ့စုံတွဲတွေအတွက် ကလေးရဖို့ အခွင့်အလမ်းဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာနေထိုင်တဲ့ ပန်နီလုပ် တစ်ယောက် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဖုန်းတစ်လုံးဝင်လာတော့ အလုပ်ကနေ အိမ်ကို ကားမောင်းပြန်လာချိန်ဖြစ်ပါတယ်။ သူ့ကို ဖုန်းဆက်လာတာက သူ့ ဆရာဝန်ဖြစ်ပါတယ်။ သူ ကြားချင်နေတာ ကြာပြီဖြစ်တဲ့သတင်းကောင်းကို ဆရာဝန်က လှမ်းပြောပြဖြစ်ပါတယ်။ ကိုယ်ဝန်ရဖို့ ၂ နှစ်ခွဲလောက် ကြိုးပမ်းခဲ့အပြီးမှာ သူ ကိုယ်ဝန်ဆောင်နိုင်ပါပြီ။

အကြိမ်ကြိမ်ဆေးစစ်တာတွေ လုပ်ပြီးတဲ့နောက် ပန်နီလုပ်နဲ့ သူ့ခင်ပွန်း ဆမ်မြူရယ်တို့ဟာ ဆမ်မြူရယ်မှာ Klinefelter လို့ဆိုတဲ့ရောဂါရှိခဲ့တာကို သိခဲ့ရပါတယ်။ အမျိုးသားတွေမှာဖြစ်လေ့ရှိပြီး အိတ်ခရိုမိုဇုန်းအပိုပါတဲ့ မျိုးဗီဇရောဂါဖြစ်ပါတယ်။ ဒီရောဂါဖြစ်တဲ့အမျိုးသားတွေဟာ သုက်ရည်မှာ သုက်ပိုးနည်းနည်း ဒါမှမဟုတ် သုက်ပိုး လုံးဝ မပါတာမျိုး ဖြစ်ပါတယ်။ ဆေးပညာအရ Azoospermia လို့လည်း ခေါ်ပါတယ်။ သားသမီး မရနိုင်တဲ့အမျိုးသား စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးမှာ ဒီလိုဖြစ်တာကို တွေ့ရပါတယ်။

အပျော်တဝက် မယုံနိုင်မှု တဝက်နဲ့ ပန်နီလုပ်တစ်ယောက် ဒီသတင်းကို ဆမ်မြူရယ် အိမ်ပြန်ရောက်တဲ့အထိ စောင့်ပြီး ပြောဖို့ ပြင်ဆင်ပါတယ်။ (ပုဂ္ဂိုလ်ရေးကြောင့် ကာယကံရှင်တွေရဲ့နာမည် ၂ ခုစလုံးကို ပြောင်းလဲထားပါတယ်)

''သူ့မျက်နှာမှာ ခံစားချက်အစုံ ဖြစ်သွားတယ်'' လို့ ပန်နီလုပ်က ပြန်ပြောပြပါတယ်။ ''နောက်ဆုံးတော့ အခြေအနေသိနိုင်ပြီဆိုပြီးတော့ သူ ငိုပါလေရော။ ကျွန်မတို့ နှစ်ယောက် ကလေးရဖို့အချိန်ကုန် လူပန်း အကြိမ်ကြိမ်ကြိုးစားခဲ့ကြရတာ။ ပြီးတော့ ကျွန်မတို့မှာ သန္ဓေသားလောင်း ၁ ခုပဲ ကျန်တော့တဲ့အချိန်မှာ ကလေးအဖက်တင်တယ်လို့ သိလိုက်ရတာဖြစ်လို့ ပျော်မဆုံးဖြစ်ခဲ့ကြရတာ''

နည်းပညာသစ်တစ်ခုကြောင့် သူတို့နှစ်ယောက် ရင်သွေးရနိုင်ခဲ့တာ ဖြစ်ပါတယ်။ Star(ကြယ်) လို့ အတိုကောက်နာမည်ရတဲ့ သုတ်ပိုးနေရာသိအောင်လုပ်ပြီး သုက်ပိုးကို ဖမ်းယူ ထုတ်ယူတဲ့(Sperm Track and Recovery) နည်းပညာကြောင့်ဖြစ်ပါတယ်။ ဒါကို ကိုလံဘီယာတက္ကသိုလ်က တီထွင်တာဖြစ်ပါတယ်။ သုက်ပိုးမမြင်ရတဲ့အမျိုးသားတွေမှာ သုက်ပိုးခိုအောင်းနိုင်တဲ့နေရာကို သိအောင် နည်းပညာနဲ့ကြိုးပမ်းပြီး ထုတ်ယူတာဖြစ်ပါတယ်။

ဒီစနစ်ဟာ အထက်ပါ မျိုးဗီဇရောဂါလက္ခဏာစုရှိတဲ့အမျိုးသားတွေမှာ ပုန်းအောင်းနေတဲ့ သုက်ပိုးအနည်းငယ်ကို သဲလွန်စလိုက်ပြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ဉာဏ်ရည်တုနည်းပညာနဲ့ သိအောင် ကြိုးပမ်းတာဖြစ်ပါတယ်။

''ကျွန်တော့် သွေးသား ရင်သွေး မရနိုင်တော့ဘူးဆိုပြီး တွေးကြောက်နေခဲ့မိတာ။ ဘာကြောင့်လဲဆိုရင် ရင်သွေးဆိုတာ ကိုယ့်ဘဝရဲ့တကယ့်အစိတ်အပိုင်းကြီး တစ်ခုလည်း ဖြစ်တယ်လေ'' လို့ ဆမ်မြူရယ်က ပြောပါတယ်။ အရင်တုန်းက သူ့မှာ သားသမီး ရနိုင်ခြေ ၂၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆရာဝန်တွေက ကောက်ချက်ချထားတာဖြစ်ပါတယ်။ ''အဲဒီတုန်းက ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်သလိုမျိုး ခံစားခဲ့ရတာ''

ကမ္ဘာမှာ သားသမီး မရနိုင်တဲ့လူပေါင်း သန်းနဲ့ချီရှိနေချိန်မှာ မျိုးဆက်ပြန့်ပွားအရွယ် လူ ၆ ဦးမှာ ၁ ဦးက ကိုယ်ဝန်ဆောင်ပြဿနာ အနည်းဆုံး ၁ ကြိမ်ကြုံရလေ့ရှိပါတယ်။ ဒီနေရာမှာ အမျိုးသားတွေဆိုရင် သားသမီး မရနိုင်တဲ့ပြဿနာကို ၅၀ ရာခိုင်နှုန်း ကြုံပြီး အဲဒီထဲက အမျိုးသား ၁ ရာခိုင်နှုန်းဟာ Azoospermia ဆိုတဲ့ သုက်ပိုးမဲ့တဲ့ ရောဂါ ရှိပါတယ်။

ဒါဟာ ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့အမျိုးသားတွေမှာ သုက်ပိုးအကောင်ရေ အင်မတန်နည်းပါးတာ၊ ဒါမှမဟုတ် သုက်ပိုးကို ရှာတွေ့ဖို့လည်း ခက်ခဲတဲ့အခြေအနေမှာရှိတယ်လို့ ဆိုလိုရာလည်း ရောက်ပါတယ်။ ဒါပေမဲ့ ပျောက်နေတဲ့သုက်ပိုးကို ဉာဏ်ရည်တုနည်းပညာရဲ့အားနဲ့ ပြန်လည် ဖမ်းယူတာမျိုး လုပ်နိုင်ပြီမို့ ဒီလူတွေအတွက် ရင်သွေး ထွန်းကားနိုင်ဖို့လည်း အခွင့်သာသွားပြီဖြစ်ပါတယ်။

Star နည်းပညာကို ၅ နှစ်ကြာ တီထွင်ဖန်တီးခဲ့ပြီးတဲ့နောက်မှာတော့ ကလေးရနိုင်ဖို့ နှစ်ပေါင်း ၂၀ လောက် ကြိုးပမ်းခဲ့တဲ့စုံတွဲတစ်တွဲဟာ ဒီနည်းပညာကို အသုံးပြုပြီး ပြီးခဲ့တဲ့နှစ်မှာ ပထမဆုံး ရင်သွေးကို မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုလံဘီယာ တက္ကသိုလ်၊ မျိုးဆက်ပြန့်ပွားရေးလေ့လာဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ဇက်ဗ် ဝီလျံစ်နဲ့ သူ့အဖွဲ့သားတွေအတွက်တော့ ဒါက ကောင်းချီးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်။

''အားလုံး ပျော်လွန်းလို့ ကခုန်နေကြတယ်'' လို့ သူက ပြောပြီး ''ဒီလို ထူးခြားတဲ့လေ့လာမှု လုပ်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ရတာတွေ အတွက် ဆုလာဘ်တစ်ပါးလို့ ကျွန်တော်တို့ မှတ်ယူလိုက်ကြပါတယ်။ အခုဆိုရင် သူတို့ သမီးလေး မွေးနိုင်တော့မယ်။ နောင်မှာ ဘုရားစောင်မမှုနဲ့ နောက်ထပ် ရင်သွေးတွေ မွေးလာနိုင်ကြဖို့ မျှော်လင့်ပါတယ်''

Star(သုက်ပိုးရှိတဲ့နေရာကို သိအောင်လုပ်၊ ပိုးကို ဖမ်းယူတဲ့စနစ်)ကို အသုံးပြုပြီး ကလေးငယ်တစ်ဦး မွေးဖွားနိုင်ခဲ့ပြီးကတည်းက ဒီနည်းပညာကို ဒေါက်တာ ဝီလျံစ်တို့ဌာနမှာ ပုံမှန်ဆက်ပြီး အသုံးပြုနေပါတယ်။ အခုဆို ဒီနည်းပညာကို အသုံးပြုကာ ကိုယ်ဝန်ဆောင်နိုင်ဖို့ မျှော်လင့်ပြီး ကမ္ဘာတဝန်းကနေ စာရင်းပေးထားသူတွေလည်း အများကြီး ရှိနေပါတယ်။

ဒီနည်းပညာကို အသုံးပြုပြီး လူနာပေါင်း ၁၇၅ ဦးထက် မနည်းကို လေ့လာကြည့်သလောက်ဆိုရင် လူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းအောက် လောက်ကိုပဲ သုက်ပိုးတွေ့နိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဒေါက်တာ ဝီလျံစ်က ရှင်းပြပါတယ်။

နောက်ထပ် စမ်းသပ်မှုတွေအရ Star နည်းပညာဟာ သုက်ပိုးကို ရှာဖွေရာမှာ ကျွမ်းကျင် လူသားနည်းပညာရှင် ရှာဖွေနိုင်တာထက် အဆ ၄၀ အထိ အောင်အောင်မြင်မြင် ရှာဖွေနိုင်တယ်ဆိုတာကို တွေ့ရှိထားတယ်လို့ ဒေါက်တာ ဝီလျံစ်က ပြောပါတယ်။

ပုံမှန်အားဖြည့် သုက်ရည်နမူနာတစ်ခုမှာ သုက်ကောင်ရေ သန်းနဲ့ချီ ပါဝင်ပါတယ်။ သုက်ရည် အစက်ငယ်ကို အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်တယ်ဆိုရင်တော့ အကောင်ရေကို ခန့်မှန်းရေတွက်နိုင်တဲ့အခြေအနေမှာရှိပြီး အဲဒီပိုးကောင်တွေ ကျန်းမာမှု ရှိ မရှိဆိုတာကိုလည်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ပိုးမပါတဲ့အရည် နမူနာမျိုးမှာဆိုရင်တော့ ပိုးကောင် တစ်ကောင်လောက်သာ ရှိတတ်ပါတယ်။ တချို့နမူနာတွေမှာဆိုရင် ပိုးတစ်ကောင်တောင် မတွေ့ရတတ်ပါဘူး။ တစ်ဖက်မှာလည်း ပိုးကောင်ကို ရှာတွေ့ဖို့ နမူနာ နည်းနည်းချင်းစီကို အကြိမ်ကြိမ် ဆန်ကာတိုက် ရှာကြည့်ဖို့ဆိုတာကလည်း လက်တွေ့ မကျလှပါဘူး။

အာကာသအပြင်ဘက်က ကြယ်စုအသစ်တွေကို ရှာဖွေဖို့ ဉာဏ်ရည်တုနည်းပညာ(AI) ကို အသုံးတဲ့အကြောင်း ဖတ်ပြီးတဲ့နောက် ၂၀၂၀ မှာ အခု Star(ကြယ်)လို့ အတိုကောက် အဓိပ္ပာယ်ရတဲ့ သုက်ပိုးရှာနည်းပညာကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာဖြစ်ပါတယ်။

ခေတ်မီ အဝေးကြည့်မှန်ပြောင်းကြီးတွေဟာ ညကောင်းကင်မှာမြင်ရတဲ့ကြယ်တွေရဲ့ အချက်အလက်ကို လူသား နက္ခတ်ပညာရှင်တွေ ဆန်းစစ်နိုင်စွမ်းထက် များပြားလွန်းလှတဲ့အချက်အလက်တွေကို ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ စက်ရဲ့သိမှတ်နိုင်စွမ်းဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလိုက်တယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ အလုပ်ဖြစ်မြောက်ပါတယ်။

''ည ကောင်းကင် ဓာတ်ပုံက သုက်ပိုးမရှိဘူးလို့ အပြောခံရတဲ့အမျိုးသားတွေကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ မြင်ရတဲ့မြင်ကွင်းနဲ့ ထပ်တူကျတဲ့အခြေအနေမျိုး ထင်ဟပ်တယ်။'' လို့ ဒေါက်တာ ဝီလျံစ်က ပြောပါတယ်။ ဒါကြောင့် သုက်ရည်မှာလည်း ပိုးကို ရှာတွေ့နိုင်အောင် ဒီလိုနည်းပညာမျိုးကို အသုံးပြုနိုင်မလားဆိုတာကို သူ သိချင်စိတ်ပြင်းပြခဲ့ပါတယ်။

သူနဲ့ သူ့အဖွဲ့သားတွေဟာ သုက်ရည်နမူနာတွေကို စကန်ဖတ်ကြည့်ဖို့ စွမ်းအားမြင့် ဓာတ်ပုံရိုက် နည်းပညာကို အသုံးပြုကြပါတယ်။ ဒါပေမဲ့ ရှာတွေ့ရမယ့် သုက်ပိုးရဲ့တည်နေရာကို သိအောင်လုပ်၊ ဖယ်ထုတ်ယူဖို့ ဓာတ်ပုံပေါင်း ရာချီကို စက္ကန့်ပိုင်းအတွင်း စိစစ်ရတဲ့အခြေအနေက သူတို့အတွက် စိန်ခေါ်ချက်ဖြစ်ခဲ့ပါတယ်။

ဝီလျံစ်နဲ့ သူ့ လုပ်ဖော်ကိုင်ဖက်တွေဟာ လူ့ ဆံပင်အထူလောက် ပါးလွှာတဲ့ အဟရှိတဲ့ အဏုကြည့် ပြွန်ငယ်တွေပါတဲ့ဖန်ပြားတွေကို အသုံးပြုပါတယ်။ အဲဒီအပြားထဲ သုက်ရည်ကို ထည့်ပြီး ပုံရိုက်စက်နဲ့ အရည်ကို စိစစ်ပါတယ်။

အဲဒီနောက် ပုံရိုက်စက်မှာ ပေါ်လာတဲ့ပုံတွေမှာ သုက်ပိုးဆဲလ် ပါ မပါကို ဉာဏ်ရည်တုနည်းပညာပါတဲ့စက်က ထောက်လှမ်း ကြည့်ရှုပြီး ပိုးကိုတွေ့တယ်ဆိုရင် အပျက်အစီးမဖြစ်အောင် တစ်ခါတည်း ခွဲထုတ်ယူပါတယ်။

''နမူနာ ဖန်ပြားထဲ အရည်ဖြတ်စီးသွားချိန် တစ်စက္ကန့်လောက်အတွင်း အဲဒါကို ရိုက်ယူထားတဲ့ဓာတ်ပုံပေါင်း ၃၀၀ လောက်ကို ကျွန်တော်တို့ မြင်လိုက်ရပြီ'' လို့ ဝီလျံစ်က ပြောပြီး ''ဒါပေမဲ့ ပုံတွေမှာ မြင်လိုက်ရတာက ဆဲလ်အပျက်အစီး ပင်လယ်ပြင်ကြီး ဖြစ်နေတတ်တယ်။ အဲဒီထဲမှာမှ သုက်ပိုးကို မတွေ့တွေ့အောင် ရှာဖွေရတာ'' လို့ သူက ပြောပါတယ်။

ဝီလျံစ်ကတော့ Star နည်းလမ်းဟာ ရှာဖွေနိုင်စွမ်း ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။ ဆိုလိုတာက သုက်ပိုးတစ်ကောင်ပဲ ရှိနေပါစေ၊ အမှန်တကယ် ရှိနေတယ်ဆိုရင် အဲဒီတစ်ကောင်ကို စက်က ရှာဖွေနိုင်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။

"အရင်တုန်းက ကျွန်တော်တို့ မမြင်နိုင်ခဲ့တာကို ရှာတွေ့တဲ့သဘောပါပဲ'' လို့ သူက ပြောပါတယ်။ ပိုးကိုတွေ့ပြီဆိုတာနဲ့ စက်ရုပ်စနစ်က တစ်စက္ကန့်ကို အပုံပေါင်း တစ်ထောင်ပုံရင် တစ်ပုံပဲကြာတဲ့ မီလီစက္ကန့်အတွင်းမှာပဲ အဲဒီသုက်ပိုးဆဲလ် ဒါမှမဟုတ် ဆဲလ်တွေကို ထုတ်ယူပါတယ်။ ''အဏုကြည့် ဖန်ပြားထဲမှာ စီးဆင်းနေတဲ့အရည်ကို စက်ရုပ်က ခွဲခြမ်းစိတ်ဖြာပြီး လုပ်သွားတာ'' လို့ သူက ရှင်းပြပါတယ်။ ''အရည် ဖန်ပြွန်လိုက်ကြီးမှာ ပိုးတစ်ကောင်ကို တွေ့ဖို့ ခဲယဉ်းပေမဲ့ အစက်တစ်စက်လောက်မှာ ပိုးတွေ့တာမျိုးလည်း ရှိတယ်''

ဆမ်မြူရယ်ရဲ့ဖြစ်ရပ်မှာတော့ Star နည်းပညာအပြင် စိန်ခေါ်ချက်တစ်ခု ထပ်တိုးပါတယ်။ သုက်ရည်မှာ ပိုးမတွေ့လို့ ဆီးနဲ့ကျောက်ကပ်အထူးကုဆရာဝန်တွေဟာ ဝှေးစေ့ထဲအထိ သုက်ပိုး ရှာရတာမျိုးအထိ လုပ်ခဲ့ရပါတယ်။ အဲဒီအတွက် ဆမ်မြူရယ်ဟာ ဒီလိုရှာဖွေမှု အောင်မြင်အောင် ဟော်မုန်း ကုထုံးကို ၉ လကြာ ခံယူပြီး ပြင်ဆင်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ နမူနာကို စစ်ဆေးဖို့ ကိုလံဘီယာတက္ကသိုလ်ကအဖွဲ့ဆီကို ပို့ပါတယ်။

''ခွဲစိတ်မှုကနေ ရယူခဲ့တဲ့တစ်ရှူးစကို ကျွန်တော်တို့မှာရှိတဲ့ အမျိုးသားဆီးလမ်းကြောင်းနဲ့ မျိုးပွားစနစ်လေ့လာရေးလုပ်တဲ့ ဓာတ်ခွဲခန်းကို အရင်ပို့ပါတယ်။ အဲဒီနောက်မှာတော့ Star စနစ်နဲ့ ကြည့်ရှုပါတယ်'' လို့ ကိုလံဘီယာတက္ကသိုလ် မျိုးပွားမှုလေ့လာရေးဌာနက ဆေးပညာနဲ့ ဓာတ်ခွဲခန်း ညွှန်ကြားရေးမှူး အဲရစ် ဖော်မန်းက ပြောပါတယ်။ သူက ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်ခဲ့သူလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ပန်နီလုပ်ဟာလည်း သူ့ရဲ့ မ မျိုးဥတွေကို ဆယ်ယူတဲ့ကုသမှုကို ယူရပါတယ်။ ပုံမှန်ဆို ဒီလိုကုသမှုတွေမှာ သန္ဓေအောင်တဲ့ရာခိုင်နှုန်းမြင့်မားအောင် သုက်ရည်ကို တတ်နိုင်သမျှ လတ်လတ်ဆတ်ဆတ် အသုံးပြုရတာကြောင့် သူတို့ ကုသမှုဟာ အချိန်လု လုပ်ရတဲ့လုပ်ငန်းစဉ်လည်းဖြစ်နေပါတယ်။

Star နည်းပညာဟာ ဆမ်မြူရယ်ရဲ့နမူနာထဲကနေ သုက်ပိုး ၈ ကောင်ကို ခွဲထုတ်ယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီပိုးတွေကို ပန်နီလုပ် ဆီကနေ ထုတ်ယူထားတဲ့မျိုးဥတွေထဲ ထည့်ပါတယ်။ အဲဒီမျိုးဥတွေထဲက ၁ ခုပဲ အဖတ်တင်ပါတယ်။ အဖတ်တင်တဲ့မျိုးဥဟာ သန္ဓေသားလောင်း မျိုးအောင်အဆင့်ထက်ကို ကျော်လွန်ပြီး ၅ ရက်သား ဆဲလ်အစုအဝေးအသွင်ကို ရောက်ရှိပါတယ်။

အခုတော့ သူတို့ ရင်သွေးဟာ Star နည်းပညာနဲ့ရရှိတဲ့ ပထမဆုံး သားယောက်ျားလေးကို ရရှိလာတော့မှာဖြစ်ပြီး ကလေးကို ဇူလိုင်လမှာ မွေးဖွားတော့မှာဖြစ်ပါတယ်။

''ဒါ အိပ်မက်မဟုတ်ဘူးဆိုတဲ့ခံစားချက်ကို အခုပိုခံစားနေရပြီ။ ဘာကြောင့်လဲဆို အခုဆို ကလေးက ဗိုက်ထဲမှာ လှုပ်နေတယ်လေ။ ဓာတ်မှန်ရိုက်ကြည့်တော့လည်း ကလေးက ကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်းပဲ'' လို့ ပန်နီလုပ်က ပြောပါတယ်။

သားသမီးမရနိုင်တာကို ကုသဖို့ သုက်ပိုးဆဲလ်တွေ ရှာဖွေတဲ့နေရာတစ်ခုတည်းမှာတင် ဉာဏ်ရည်တုနည်းပညာ(AI)ကို အသုံးပြုနေတာတော့ မဟုတ်ပါဘူး။

နမူနာအနေနဲ့ပြောရရင် မျိုးဥကြွေအောင် လုပ်တဲ့နေရာမှာလည်း သုံးပါတယ်။ ဖန်ပြွန်သန္ဓေသားယူတဲ့လုပ်ငန်းစဉ်မှာ အရေးကြီးတဲ့မျိုးဥတွေ သားဥပြွန်ကနေ တစ်ဥထက်မနည်း ထုတ်အောင် လှုံ့ဆော်ရာမှာလည်း အသုံးပြုပါတယ်။ အဲဒီအတွက် မျိုးပွားအင်္ဂါကို လှုံ့ဆော်ပေးတဲ့ ဟော်မုန်း အတိုးအလျှော့လုပ်ဖို့ ဉာဏ်ရည်တု နည်းပညာသုံးပါတယ်။ ဖိုမ မျိုးပွားဆဲလ်ဂမိတွေ ဖြစ်ထွန်းနိုင်ခြေနဲ့ သန္ဓေသားလောင်း ရွေးချယ်မှုတွေအတွက် ဆိုရင်လည်း ပိုနက်နဲတဲ့ စက်သိမှတ် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုပါတယ်။

ဒါပေမဲ့ ရေရှည်ရလဒ်တွေကို တွက်ချက်ဖို့ဆိုရင် ကျွမ်းကျင်သူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်တဲ့ ဓာတ်ခွဲခန်းစမ်းသပ်တာတွေအပြင် အတိမ်းအစောင်းမခံတဲ့ဆေးပညာအချက် အလက်၊ လျှို့ဝှက်ချက်တွေနဲ့ တာဝန်ခံမှု တာဝန်ယူမှုအပိုင်း၊ နည်းပညာပိုင်ဆိုင်ခွင့် ... စတဲ့အပိုင်းတွေကို ဘယ်လိုကိုယ်တွယ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်နေပါသေးတယ်။

ဆန်းသစ်တဲ့ဉာဏ်ရည်တု နည်းပညာကြောင့် မက်လုံးပေးခံရပြီး သားကောင်ဖြစ်နိုင်ခြေကိုလည်း ပညာရှင်တွေမှာ စိုးရိမ်ချက် ရှိပါတယ်။

"ရင်သွေးရဖို့ အကြိမ်ကြိမ် ကြိုးစားနေကြတဲ့ စုံတွဲတွေအနေနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ခိုင်ခိုင်မာမာ သက်သေမပြနိုင်တဲ့ ကုသမှုတွေကို စျေးကြီးကြီးပေးပြီး ကုသတာမျိုးလို ထောင်ချောက်ထဲ ကျဆင်းနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်'' လို ဗြိတိန်၊ ဝါးရစ်တက္ကသိုလ်က သားဖွားပါရဂူ ရှဘုန်း ကွမ်ဘီက ပြောပါတယ်။

"နည်းပညာမြင့်မားလာပြီး ပုံတွေထုတ်ပေး၊ မျိုးဇီပြုပြင်နိုင်ရေးမှာ ဉာဏ်ရည်တုနည်းပညာကို အသုံးပြုပြီး အမျိုးသားတွေ ရင်သွေး မရနိုင်တာအတွက် ကုသပေးဖို့ သုံးနိုင်ပြီဆိုတာ သိပ်ကို ကောင်းတဲ့အချက်ပါ'' လို့ သူက ဖြည့်ပြောပါတယ်။ ''ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ သိပ်ကို အရေးကြီးတဲ့အရွေ့တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကုသမှုမျိုးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုခင်မှာ နောက်ထပ်လူနာတွေနဲ့ သုတေသနလုပ်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။''

ဆမ်မြူရယ်အတွက်တော့ ဒီဉာဏ်ရည်တုနည်းပညာဟာ သားသမီးမရနိုင်တဲ့ သူနဲ့ သူ့ဇနီးအဖို့ ရင်သွေးရဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။

''လောဘကြီးတယ်လို့ ဆိုရင်လည်း ဆိုပါတော့။ ကျွန်တော် နောက်ထပ် ကလေးတစ်ယောက် လိုချင်သေးတယ်။ ဒါပေမဲ့ ကလေး ထပ်လိုချင်တယ်ဆိုရင် ဒီစမ်းသပ်မှုကို အစအဆုံး နောက်တစ်ကြိမ် ပြန်လုပ်ရမယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့မှာ အေးခဲသိမ်းဆည်းထားတဲ့ နောက်ထပ် အရန်မျိုးဥတွေ မရှိတော့ဘူးလေ'' လို့ သူက ပြောတယ်။ ဒါပေမဲ့ အရင်ကထက်စာရင် သူတို့မှာ မျှော်လင့်ချက် ရောင်ခြည်သမ်းခဲ့ပြီလို့လည်း သူက ပြောပါတယ်။