ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ UFC Flyweight ချန်ပီယံ ဂျော့ရှုဝါ ဗန်
မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန် တစ်ယောက် UFC Flyweight ဝိတ်တန်းမှာ အကောင်းဆုံး ဖိုက်တာဖြစ်တယ်ဆိုတာ ထပ်ပြီး သက်သေထူလိုက်ပါပြီ။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲ မတိုင်ခင် ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာ အနိုင်ရခြေရှိတယ်လို့ UFC ဖိုက်တာတွေ၊ ပွဲကြိုသုံးသပ်သူတွေက ထင်ကြေးထုတ်ခဲ့တာတွေကို သူက ကြိုးဝိုင်းထဲကနေ သက်သေပြသွားတာပါ။
တိုင်ရာဟာ ဗန်နဲ့ မထိုးခင် သူ့ရဲ့မှတ်တမ်းထဲမှာ ဗန်ရဲ့ပြိုင်ဘက်ဟောင်း ဘရန်ဒန် ရိုဗဲကို ရှုံးထားပြီး ရှုံးပွဲတစ်ပွဲသာ ရှိထားတဲ့ဖိုက်တာပါ။ အခုတော့ တိုင်ရာဟာ ဗန်နဲ့ ခါးပတ်လုပွဲမှာ အလဲထိုးခံရပြီး ဒုတိယအကြိမ် ရှုံးပွဲကြုံခဲ့ရတာဖြစ်ပါတယ်။
UFC ဥက္ကဋ္ဌ ဒေနာ ဝှိုက်ကတော့ UFC 328 ပွဲစဉ်တွေထဲမှာ ဗန်တို့ တွဲဆိုင်းဟာ စိတ်လှုပ်ရှားမှုအကောင်းဆုံးပွဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ UFC 328 ရဲ့ 'Fight Of the Night' တစ်ညတာ အကောင်းဆုံးပွဲအဖြစ်လည်း သတ်မှတ်ခဲ့ပါတယ်။
"ဒီပွဲဟာ အံ့အားသင့်စရာ ပွဲပါ။ နှစ်ယောက်လုံး သူတစ်ပြန်၊ ကိုယ်တစ်ပြန် ထိုးကြရင်း တော်တော် ကြည့်ကောင်းပါတယ်။ ဗန်က ဒီညထိုးသွားတာ တော်တော်ကို ကောင်းပါတယ်" လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေနာ ဝှိုက်က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဗန်ကတော့ "အနိုင်ကတော့ အနိုင်ပါပဲ။ ဒါပေမဲ့ ဒီနိုင်ပွဲက ပိုပြီး ချိုမြိန်တယ်" လို့ ပြောပါတယ်။
ဒီပွဲဟာ ဗန် အတွက်တော့ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်ပါတယ်။ ပထမဆုံး ခါးပတ်ကာကွယ်တဲ့ ပွဲမှာ ဗန်က တက်ဆူရို တိုင်ရာကို ဘယ်လိုအနိုင်ယူခဲ့ပါသလဲ။
ပြိုင်ဘက် အချုပ်သမားနဲ့ လက်သီးအားပြုသူ ဗန်
ပြိုင်ဘက် တက်ဆူရို တိုင်ရာဟာ အချုပ်အားပြုတဲ့ဖိုက်တာ ဖြစ်တဲ့အလျောက် ဗန်ကို ပထမအချီမှာတင် ကြိုးဝိုင်းကြမ်းခင်းပေါ် ဆွဲချပြီး ချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။
ပထမအချီ ၅ မိနစ်လောက်ကို တိုင်ရာက ဗန်ကို ချုပ်နိုင်ခဲ့ပြီး အဖွင့်လှခဲ့တာပါ။
ဗန်ကလည်း တိုင်ရာရဲ့ချုပ်ကွက်တွေကို ပြန်ပြီးခုခံနိုင်ခဲ့ပါတယ်။
UFC ရဲ့အချက်အလက်တွေအရ တိုင်ရာဟာ ၅ ချီလုံးမှာ ချုပ်တာနဲ့ လှဲချတာ ၂၁ ကြိမ် ပြုလုပ်ခဲ့ပြီး ၈ ကြိမ်သာ ထိရောက်တယ်လို့ ဆိုပါတယ်။ တိုင်ရာရဲ့ချုပ်ကွက် ထိရောက်မှုဟာ ၃၈ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။
ဒုတိယအချီမှာလည်း တိုင်ရာက ဗန်ကို Takedown လုပ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ဗန်ရဲ့တန်ပြန် လက်သီးတွဲဆိုင်းတွေကပဲ တိုင်ရာရဲ့ ဗိုက်နဲ့ ဦးခေါင်းကို ထိခဲ့တာပါ။
ပိုပြီး ထူးခြားတာကတော့ တတိယ အချီပါ။ ဗန်ဟာ ဒီပွဲမတိုင်ခင် ဘီဘီစီနဲ့ အင်တာဗျူးမှာ တိုင်ရာကို တတိယအချီမှာပဲ ပွဲသိမ်းပြမယ်လို့ ပြောခဲ့ပါတယ်။ ပြိုင်ဘက်က ချုပ်ကွက်ကစားချင်ရင်၊ သူလည်း ချုပ်ကွက် ကစားပြမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဗန်ဟာ တတိယအချီမှာတော့ သူ့အပြောကို တကယ်လုပ်ပြသွားပါတယ်။ အချုပ်သမား တိုင်ရာကို လက်သီးအားပြုတဲ့ ဗန်က ချုပ်ပြသွားခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဂျော့ရှုဝါ ဗန်ဟာ တိုင်ရာကို တစ်ပွဲလုံးမှာ လက်သီး ထိုးချက်ပေါင်း ၂၇၀ နီးပါး ထိုးခဲ့ပြီး ဗန်ရဲ့ထိုးချက်တွေဟာ ရာခိုင်နှုန်း ၇၀ ကျော် ထိချက်မှန်ခဲ့တယ်လို့ UFC အချက်အလက်တွေက ဆိုပါတယ်။
တိုင်ရာဟာ တတိယအချီအရောက်မှာ ဗန်ရဲ့ လက်သီးတွဲဆိုင်းတွေကို ဆက်တိုက်ခံရပြီး ခေါင်းမှာ သွေးတွေ ထွက်နေတာ တွေ့ရပါတယ်။
ဗန်က တတိယအချီ ၂ မိနစ်ကျော်လောက်မှာ တိုင်ရာကို လက်သီးတွဲဆိုင်းတွေ အရင်ထိုးပြီး မြေပြင်ပေါ် လှဲချခဲ့ပါတယ်။
အဲဒီအချိန် အောက်မှာ ရောက်နေတဲ့ ဗန်က တိုင်ရာရဲ့ခေါင်းကနေ ခြေထောက်အထိကို Body Triangle လို့ ခေါ်တဲ့ တြိဂံပုံစံမျိုး ချုပ်လိုက်ပါတယ်။ ဒီချုပ်ကွက်ဟာ ဖိုက်တာ အများစု ပွဲသိမ်းလေ့ရှိတဲ့ချုပ်ကွက်ဖြစ်ပါတယ်။
ဗန်က ဒီချုပ်ကွက်ကို နှစ်ကြိမ်ဆက်တိုက် ကြိုးစားခဲ့တာပါ။ အဲဒီအချိန် လက်သီးတွဲဆိုင်းတွေနဲ့ အထိနာနေတဲ့ တိုင်ရာက မြေပြင်ပေါ်မှာ ဗန်ရဲ့ ချုပ်ကွက်ကို ပြန်ပြီးရုန်းထွက်ခဲ့ပါတယ်။
၅ ချီစလုံးမှာ ဗန်ရဲ့ချုပ်ကွက် နှစ်ကြိမ်ဟာ တတိယအချီမှာ ပြုလုပ်ခဲ့တာပါ။ ချုပ်ကွက် နှစ်ကြိမ်မှာ တစ်ကြိမ်က ထိရောက်မှု ရှိခဲ့ပြီး ချုပ်ကွက် တိကျမှု စုစုပေါင်း ၅၀ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ UFC အချက်အလက်တွေက ပြောနေပါတယ်။ ဒါဟာ အချုပ်အားပြုတဲ့ တိုင်ရာ ထက်တောင် ပိုပြီး တိကျနေတယ်ဆိုတဲ့သဘောပါ။
စတုတ္ထအချီမှာတော့ တိုင်ရာက ဗန်ကို ဒီလို Body Triangle ချုပ်ကွက်နဲ့ ချုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဗန်က ရှောင်ထွက်နိုင်ခဲ့ပါတယ်။
ပွဲဟာ တဖြည်းဖြည်းနဲ့ ဇာတ်ရှိန် တက်လာခဲ့ပါတယ်။ ကွင်းထဲမှာလည်း ပရိတ်သတ်တွေ အားလုံး ထိုင်ရာကနေ ထပြီးတော့တောင် အားပေးနေကြပြီလို့ ပွဲအစီအစဉ်တင်ဆက်သူတွေက ပြောနေပါတယ်။
ကွင်းထဲမှာလည်း "USA.....USA'' ဆိုတဲ့ အသံတွေ နဲ့ ပြည့်နေပါတယ်။
ဒီပွဲကို မိသားစုနဲ့အတူ ကိုယ်တိုင် သွားအားပေးခဲ့တဲ့ မြန်မာနွယ်ဖွား တစ်ဦးကလည်း "ပွဲခင်းထဲမှာလည်း တကယ့်ကိုမှ အံ့သြစရာကောင်းတယ်။ ပရိသတ်တွေအတော် အားပေးကြတာ" လို့ ပြောပါတယ်။
ဒီစီ လို့ သိကြတဲ့ UFC ဂန္တဝင်ဖိုက်တာ ဒန်နီယယ် ကော်မီယားနဲ့ အင်တာဗျူးမှာ ဗန်ကို မြန်မာအပြင် အမေရိကန်တွေရဲ့ချန်ပီယံအဖြစ်ရော သတ်မှတ်လို့ ရမလားလို့ UFC 328 ပွဲ မတိုင်ခင် အင်တာဗျူးမှာ ဗန်ကို မေးခဲ့ပါတယ်။ ဗန်ကတော့ "ရပါတယ်။ ကျွန်တော်က မြန်မာ-အမေရိကန် ပါ" လို့ ပြောခဲ့တာပါ။
ဂျော့ရှုဝါ ဗန်ရဲ့ထိုးသတ်ပွဲကို UFC 328 ကျင်းပရာ Octagon ကွင်းကြီးထဲမှာ အမေရိကန်ရောက် မြန်မာတွေ သွားရောက်အားပေးခဲ့သလို ကမ္ဘာတလွှားက မြန်မာတွေလည်း စောင့်ကြည့်ခဲ့ကြတာကို လူမှုကွန်ရက်က ပို့စ်တွေမှာ မြင်နိုင်ပါတယ်။
ကွင်းအတွင်းမှာတော့ ဗန်ဟာ နောက်ဆုံးအချီအတွင်း တိုင်ရာကို အလဲထိုးခဲ့တဲ့အချိန်ဟာ အားပေးသံတွေကို ပိုပြီး ကျယ်လောင်စေခဲ့ပါတယ်။
နောက်ဆုံးအချီ ၃ မိနစ် ၃၃ စက္ကန့်လောက်မှာ ဗန်က တိုင်ရာရဲ့ဗိုက်ကို လက်သီးတွဲဆိုင်းတွေရဲ့ တိုက်စစ် မြှင့်ပြီး စထိုးခဲ့ပါတယ်။ ၃ မိနစ် ၂၈ စက္ကန့် အရောက်မှာတော့ ဒိုင်က တိုင်ရာကို အနားပေးလိုက်တာကြောင့် ဗန်က အနိုင်ရသွားခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာ ဗန်က "ကျွန်တော့်ရဲ့နည်းပြ ဒန်နီယယ် ပနေးရားက နောက်ဆုံးအချီမှာ တိုင်ရာရဲ့ဗိုက်ကို လက်သီးတွဲဆိုင်းတွေ သုံးဖို့ မှာလိုက်တာက အဖြေဖြစ်ခဲ့တာ" လို့ ပြောပါတယ်။
တက်ဆူရို တိုင်ရာဟာ သူ့ရဲ့ UFC မှတ်တမ်းတွေမှာ တစ်ခါမှာ အလဲထိုး မခံခဲ့ရပါဘူး။ ဒီရှုံးပွဲဟာ UFC မှာ သူ့အတွက် ပထမဆုံး အလဲထိုးခံရတဲ့ပွဲလည်း ဖြစ်ခဲ့တာပါ။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ အရင်ချန်ပီယံ ပန်တိုဂျာနဲ့ ထိုးတဲ့ပွဲမှာ ပန်တိုဂျာရဲ့ကန်ချက်ကို ဗန်က ကာကွယ်လိုက်တဲ့ချိန် ပန်တိုဂျာ နောက်ပြန်လန်ကျပြီး လက်ထိသွားလို့ ဒိုင်က အနားပေးလိုက်ပြီး ချန်ပီယံခါးပတ် ရခဲ့တဲ့ ဗန်ကို ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒီဝေဖန်မှုတွေကို ဗန်က UFC 328 မှာ တက်ဆူရိုတိုင်ရာကို အနိုင်ယူပြီး ပြသခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဗန်က "တက်ဆူရို တိုင်ရာကို လေးစားပါတယ်။ တကယ်ကို သန်မာတဲ့ ဖိုက်တာပါ။ ဂျပန်ပရိတ်သတ်တွေကို ချီးကျူးပါတယ်။ မြန်မာပရိသတ်တွေကိုလည်း အသိအမှတ်ပြုရမှာပါ။ အခုကမ္ဘာကြီးက မြန်မာကို သိကြပြီ။ သံသယဝင်သူတွေရော ရှိကြသေးလား" လို့ သူက ပြောပါတယ်။ UFC ဥက္ကဋ္ဌ ဒေနာ ဝှိုက်ကတော့ ဂျော့ရှုဝါဗန်ကို "Fight Of the Night'' အဖြစ် အပိုဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ချီးမြှင့်ခဲ့ပါတယ်။
အနိုင်ရလဒ်ရဲ့သော့ချက် - စိတ်ရှည်မှု
ဗန်ကတော့ သူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ခြင်းရဲ့နောက်ကွယ်က အဓိကသော့ချက်ဟာ စိတ်ရှည်မှုဖြစ်ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာပါ။
"စိတ်ရှည်မှုက အဓိက သော့ချက်ပါပဲ။ လေ့ကျင့်ရေးလုပ်တုန်းက ကျွန်တော်က ဒေါသပဲ ထွက်နေတာ။ အဲဒီအချိန် ကျွန်တော့်ဆရာတွေ၊ ကစားဖော်တွေ အကုန်လုံးက ကျွန်တော့်ကို စိတ်ရှည်ဖို့ ပဲ မှာခဲ့တာ" လို့ ဗန်က ပြောပါတယ်။
နောက်ပွဲတွေမှာ ချုပ်ကွက်တွေ ပိုပြီး ကောင်းမွန်အောင် ကြိုးစားသွားမယ်လို့လည်း သူက ပြောပါတယ်။
ဒီပွဲကို အရင် ချန်ပီယံဟောင်း ပန်တိုဂျာကလည်း လာရောက်ကြည့်ရှုခဲ့ပြီး ကြိုးဝိုင်းနဲ့ နီးတဲ့ အရှေ့ခုံတန်းမှာ ထိုင်နေတာ တွေ့ရပါတယ်။
ဗန်ကတော့ ပွဲအပြီးမှာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို မကျေပွဲပြန်နွှဲခွင့် ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဗန်ဟာ နောက်ထပ်ပွဲစဉ်ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာပဲ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောသွားပါတယ်။
ချန်ပီယံရဲ့ အရှေ့တောင်အာရှခရီး
ဗန်ဟာ တက်ဆူရို တိုင်ရာကို အနိုင်ယူပြီးရင် မလေးရှားနိုင်ငံကို အရောက်လာခဲ့မယ်လို့ ဘီဘီစီနဲ့ ပွဲအကြို အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
သူ အမေရိကန်ကို မရောက်လာခင် ၂၀၁၁ ခုနှစ် ဝန်းကျင်လောက်က မလေးရှားနိုင်ငံမှာ ဒုက္ခသည်အဖြစ် နှစ်နှစ် ဝန်းကျင်လောက် ယာယီခိုလှုံခဲ့ဖူးပါတယ်။
၁၅ နှစ်အကြာမှာတော့ ကမ္ဘာကျော် UFC ရဲ့ Flyweight ချန်ပီယံတစ်ယောက်အနေနဲ့ မလေးရှားကို သူ တစ်ခေါက်ပြန်မှာဖြစ်ပါတယ်။
ဒါဟာ UFC ချန်ပီယံ ဂျော့ရှုဝါဗန်ရဲ့ ပထမဆုံး အာရှနိုင်ငံခရီးစဉ်လည်း ဖြစ်မှာလာမှာပါ။
မလေးရှားခရီးစဉ်ဟာ ရာခိုင်နှုန်းပြည့် သေချာတယ်လို့လည်း ဗန်က ဘီဘီစီကို ပြောပါတယ်။ အချိန်အတိအကျကိုတော့ သူက မပြောသွားပါဘူး။
မလေးရှားကနေတဆင့် တခြားအာဆီယံနိုင်ငံတွေကို ဆက်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေအများစုအပါအဝင် မြန်မာ သန်းနဲ့ချီရှိတဲ့ ထိုင်းနိုင်ငံကိုလည်း သွားဖို့ ရှိတယ်လို့ သူက ပြောသွားပါတယ်။ အသေးစိတ်ကိုတော့ ထုတ် မပြောခဲ့ပါဘူး။
အာရှကနေ ပေါ်ထွက်လာတဲ့ ပထမဆုံး UFC ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ သူ့ရဲ့အာဆီယံခရီးစဉ်ကို အနိုင်ရလဒ်တွေနဲ့ အရောက်လာတော့မှာပါ။
UFC မှာ နိုင်ခြေနည်းတဲ့ဖိုက်တာတွေထဲက တစ်ဦးအဖြစ် မှတ်ယူခံရတဲ့ ဂျော့ရှုဝါ ဗန်ဟာ အာရှနွယ်ဖွားအချင်းချင်း ပြိုင်ကြတဲ့ပွဲမှာ ပြိုင်ဘက်ကို အလဲထိုးပြီး သူ့ ကစားသမားဘဝ အရည်အသွေးကို ပြသွားတယ်လို့ ဆိုနိုင်ပါတယ်။