ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၁၀ ရက် သတင်းအနှစ်ချုပ်- နာမည်ကြီးတောင်ပိုင်းမင်းသားကနေ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဗီဂျေး
အိန္ဒိယရဲ့ ကျော်ကြားတဲ့ တောင်ပိုင်းရုပ်ရှင်မင်းသားဘဝကနေ နိုင်ငံရေးသမားဘဝကို ပြောင်းလဲလိုက်တဲ့ စီ ဂျိုးဇတ် ဗီဂျေးတစ်ယောက် ပြည်နယ်ရွေးကောက်ပွဲနိုင်လို့ အိန္ဒိယတောင်ပိုင်းက တမီလ် နာဒူးပြည်နယ် ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ဆိုလိုက်ပြီဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် ဗီဂျေးတစ်ယောက် အသစ်ဆက်ဆက် ဖွဲ့လိုက်တဲ့ပါတီ TVK ဟာ ပြီးခဲ့တဲ့တစ်ပတ် ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၃၄ နေရာရှိတဲ့လွှတ်တော်အတွက် ၁၀၈ နေရာပဲရခဲ့လို့ ၁၀ နေရာလိုနေခဲ့တာပါ။
ဒါပေမဲ့ ပြည်နယ်လွှတ်တော်မှာ အမတ် ၅ နေရာရရှိထားတဲ့ အိန္ဒိယရဲ့အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ ကွန်ဂရက်စ်ပါတီက ဗီဂျေးရဲ့ပါတီကို ထောက်ခံမယ်လို့ဆိုပြီး မဲရလဒ် ထွက်ပြီး နာရီပိုင်းအကြာမှာ ပြောခဲ့ပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက TVK ပါတီအနေနဲ့ ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ အမတ် ၁၁၈ ဦး လက်မှတ်ထိုးထားတဲ့ သက်သေ တင်ပြဖို့ လိုအပ်တယ်လို့ အစောပိုင်းမှာ ပြောခဲ့ပါတယ်။
စနေနေ့ညမှာတော့ သရုပ်ဆောင် ဗီဂျေးတစ်ယောက် တခြားပါတီငယ်တွေရဲ့ထောက်ခံမှုတွေလည်း ရခဲ့တာကြောင့် ဝန်ကြီးချုပ်နေရာအတွက် ခန့်အပ်ခံရတဲ့စာလည်း ရရှိခဲ့တာဖြစ်ပါတယ်။
ဗီဂျေးရဲ့ TVK ပါတီကို အိန္ဒိယကွန်မြူနစ်ပါတီ(CPI)၊ အိန္ဒိယ မာ့စ်ဝါဒီ ကွန်မြူနစ်ပါတီ(CPI-M)၊ VCK ပါတီနဲ့ အိန္ဒိယမွတ်ဆလင်အဖွဲ့ချုပ်(IUML) တို့က ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။ ဒီပါတီတွေဟာ ပြည်နယ်လွှတ်တော်မှာ အမတ်နေရာ ၂ နေရာစီ ရရှိထားတာကြောင့် အခုဆို TVK ပါတီဟာ အမတ် ၁၂၀ ရဲ့ထောက်ခံမှု ရရှိသွားတာဖြစ်ပါတယ်။
အိန္ဒိယစံတော်ချိန် ဒီနေ့မနက် အစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ ပြည်နယ်ဝန်ကြီးချုပ်ရာထူး ကျမ်းကျိန်ပွဲကို ပြည်နယ်မြို့တော် ချန်နိုင်းက ဂျဝါဟာလာ နေရူးအားကစားရုံမှာ လုံခြုံရေးတင်းကျပ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
ဗီဂျေးနဲ့အတူ ဝန်ကြီး ၈ ဦးလည်း ကျမ်းကျိန်ပါတယ်။
ဒီနေ့ ကျမ်းကျိန်ပွဲကို အိန္ဒိယက ထင်ရှားတဲ့နိုင်ငံရေးသမားတွေလည်း တက်ရောက်ပါတယ်။ ကွန်ဂရက်စ်ပါတီ အကြီးတန်း ခေါင်းဆောင် ရာဟူးလ် ဂန္ဓီဆိုရင် ဒီပွဲကို ဒေလီကနေ လေယာဥ်ခရီးနဲ့အရောက်လာပြီး တက်ရောက်ပါတယ်။ ရုပ်ရှင်နယ်ပယ်က လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်ကြပါတယ်။
ဗီဂျေးဟာ တမီလ် နာဒူးပြည်နယ်က လူငယ်တွေနဲ့ အမျိုးသမီးပရိသတ်တွေကြား လူကြိုက်များလှတာကြောင့် သူ အခုလိုပြည်နယ်ဝန်ကြီးချုပ် ရာထူးရယူတာကို သူ့ပရိသတ်တွေကရော၊ သူ့နိုင်ငံရေးကို ထောက်ခံသူတွေကရော သြဘာပေးနေကြပါတယ်။
UFC မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် ပြိုင်ဘက်ကိုအလဲထိုး အနိုင်ယူ
မြန်မာဖိုက်တာ၊ ချင်းနွယ်ဖွား ဂျော့ရှုဝါ ဗန်က ဂျပန်ဖိုက်တာ တက်ဆူရို တိုင်ရာကို နောက်ဆုံးအချီမှာတင် အလဲထိုးနိုင်ခဲ့ပြီး ချန်ပီယံ ခါးပတ်ကို ပထမဆုံးအကြိမ် ကာကွယ်နိုင်ခဲ့ပါပြီ။
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်မှာ ကျင်းပတဲ့ UFC 328 ဒုတိယခေါင်ပွဲစဉ်အဖြစ် ဂျော့ရှုဝါနဲ့ တက်ဆူရို တိုင်ရာတို့ ထိုးသတ်ခဲ့ကြတာပါ။
"မြန်မာပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ ချန်ပီယံ ထပ်နိုင်သွားပါပြီ" လို့ ပွဲအပြီးမှာ ဗန်က ပြောပါတယ်။
ပွဲစဉ်တစ်လျှောက် တိုင်ရာရဲ့ ချုပ်ကွက်တွေကို ဗန်က တန်ပြန်ခုခံနိုင်ခဲ့တာပါ။
ဗန်က တိုင်ရာ ချုပ်ကွက်အသုံးပြုဖို့ အခက်တွေ့အောင် အကွာအဝေးကောင်းကောင်း၊ လက်သီးထိုးချက်များများထိုးပြီး ကစားခဲ့တာပါ။
ဒီပွဲဟာ မြန်မာဖိုက်တာ ဂျော့ရှုဝါဗန်ဟာ UFC Flyweight ဝိတ်တန်းထဲမှာ အကောင်းဆုံးဖိုက်တာဖြစ်တယ်ဆိုတာ သက်သေထူလိုက်တဲ့ပွဲလည်းဖြစ်ပါတယ်။
တိုင်ရာကို အနိုင်ရပြီးရင် အရင်ချန်ပီယံဟောင်း ပန်တိုဂျာနဲ့ ထိုးသတ်သွားမယ်လို့ ဗန်က ပြီးခဲ့တဲ့တစ်ပတ်တုန်းက ပြုလုပ်ခဲ့တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
ဗန်ဟာ မလေးရှားကို သွားဖို့ရှိနေတယ်လို့ဆိုတာကြောင့် မလေးရှားမှာရှိတဲ့ မြန်မာပရိသတ်တွေဆီ ချန်ပီယံခါးပတ် ကာကွယ်ပွဲ အနိုင်ရလဒ်နဲ့ အရောက်သွားနိုင်ဖို့ ကြိုးစားခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။
လွိုင်ကော်မှာ ချောင်းထဲ ရေကစားတဲ့ သူငယ်ချင်း လူငယ် ၃ ဦး ရေနစ်သေဆုံး
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထေားခူ(အောက်)ရွာက သဲချောင်းထဲမှာ ရေဆင်းကစားတဲ့ သူငယ်ချင်း ၆ ဦးထဲက ၃ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတွေက ပြောပါတယ်။
သေဆုံးသူတွေ ဟာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၁၉ နှစ်နဲ့ ၂၀ အရွယ် အမျိုးသား နှစ်ဦးတို့ ဖြစ်တယ်လို့ ကယ်ဆယ်ရေးမှာပါဝင်တဲ့ ရွှေညောင်ပင်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေအပါအဝင် နမ့်ဘော်ဝမ်ရပ်ကွက်မှာနေတဲ့ သူငယ်ချင်း ၆ ယောက်ဟာ မထေားခူ(အောက်ရွာ)မှာရှိတဲ့ သဲချောင်းမှာ ရေအတူကစားရင်း တစ်ဦး ရေနစ်တာကို နောက် ၂ ဦးက လိုက်ဆယ်ရင်း သေဆုံးတာလို့ ပြောပါတယ်။
"အစပိုင်း ချောင်းထဲဆင်းတော့ ရေက ဒူးလောက်က စတာပေါ့။ တဖြည်းဖြည်းနဲ့ ဆင်းသွားတော့ ရင်ဘတ်လောက်အရောက်မှာ ချောက်ဖြစ်နေတာ။ သုံးယောက်လုံးနစ်တော့ ကျန်တဲ့သူတွေကလည်း ရေမကူးတတ်ဘူးဆိုတော့ အခုလို ဖြစ်သွားတာ"လို့ ရွှေညောင်ပင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေညောင်ပင် လူမှုကူညီရေးအသင်းဝင်တွေက ရေနစ်သူတွေကိုရှာဖွေချိန် ၁ နာရီခွဲအကြာမှာ အလောင်းရှာတွေ့ခဲ့ကြတာလို့ ပြောပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ပြီးနောက် သေဆုံးစာရင်း အထောက်အထားတွေ ယူပြီးတာနဲ့ သူတို့ရဲ့နေအိမ်တွေဆီ ရုပ်အလောင်းတွေ ပြန်ပို့ ပေးထားခဲ့တယ် လို့လည်း သိရပါတယ်။
အခု ရေနစ်သေဆုံးသူတွေနဲ့ သူငယ်ချင်းတစ်စု ရေကစားတဲ့ နေရာဟာ ရွာထဲက အိမ်တွေနဲ့ အလှမ်းဝေးပြီး လူပြတ်လပ်တာကြောင့် သတိထားသင့်တဲ့နေရာလို့လည်း ရွှေညောင်ပင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက မှတ်ချက်ပေးပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နယ် နဂါးမောက်ရွာမှာလည်း နဂါးမောက်ချောင်းထဲ ရေကစားတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်ဟာ ဧပြီ ၉ ရက် နေ့လယ် ၁၁ နာရီခွဲဝန်းကျင်မှာ ရေနစ်ခဲ့ပြီး(၁၅ နာရီအကြာ) ဧပြီ ၁၀ ရက် မနက် ၂ နာရီထိုးမှာ အလောင်းကို ပြန်ရှာတွေ့ခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
ကော့ကရိတ်မြို့တိုက်ပွဲ မီးလောင်နေအိမ်တွေကို သတ်မှတ်ရက်အတွင်း ဖြိုချခိုင်းဖို့ အာဏာပိုင်တွေပြင်နေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ၂၀၂၄ ခုနှစ်တုန်းက တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ချိန် မီးလောင်ခဲ့တဲ့နေအိမ်တွေကို သတ်မှတ်ရက်အတွင်း ဖြိုချဖျက်ဆီးခိုင်းဖို့ အာဏာပိုင်တွေဘက်က ပြင်ဆင်နေတယ်လို့ မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်မှုများခဲ့တဲ့ မြို့ပေါ် ရပ်ကွက် ၃ ခုက နေအိမ်တစ်ထောင်ကျော်ကို ရှင်းလင်း ဖြိုချခိုင်းဖို့ အာဏာပိုင်တွေက လာမယ့်အပတ်အတွင်းမှာ ရက်သတ်မှတ်ဖို့ ရှိတယ်လို့လည်း အုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။ နေပြည်တော်မှာ သမ္မတ ရာထူးယူထားတဲ့ဦးမင်းအောင်လှိုင်က သူ့အစိုးရ ရက် ၁၀၀ အတွင်း ဖွံ့ဖြိုးရေးလုပ်မယ်လို့ဆိုတဲ့ပြောကြားချက်အပြီးမှာ ကော့ကရိတ်မှာ ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုတဲ့ခေါင်းစဥ်အောက်ကနေ အခုလို မီးသင့်နေအိမ်တွေ ရှင်းလင်းဖြိုဖျက်ခိုင်းမယ့်အစီအစဥ် ထွက်လာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့ထဲမှာ တိုက်ပွဲအတွင်း မီးလောင်ပျက်စီးသွားတဲ့ နေအိမ်ပေါင်း ၁၅၀၀ ကျော်ရှိပြီး အဲဒီထဲက လုံးဝပြန်ပြင်လို့မရတဲ့ အိမ်တွေကို ဖြိုဖျက်ဖို့ လာမယ့် အပတ်အတွင်း ရက်သတ်မှတ်သွားမှာ ဖြစ်တယ်လို့ မြို့ပြန်လည်ထူထောင်ရေး စိစစ်ကြီးကြပ်ရေး ကော်မတီဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
"လာမယ့်အပတ် အစည်းအဝေးမှာ ဘယ်နေ့အတွင်း အပြီးဖျက်ရမယ်ဆိုတာမျိုး ရက်သတ်မှတ်မယ်လို့ သိထားတယ်။ မြို့သက်ဆိုင်ရာအဖွဲ့တွေကလည်း ဒါကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ချင်တော့ အမြန်ဆုံးဖြစ်အောင် ရက်သတ်မှတ်ရမှာ ဖြစ်နေတယ်"လို့ ပြောပါတယ်။
မြို့မျက်နှာစာနဲ့ အာရှလမ်းမကြီးဘေးမှာရှိပြီး မီးလောင်မှုများတဲ့ ရပ်ကွက် ၅၊ ၆နဲ့ ၇ က မီးသင့်နေအိမ်တွေကို အရင်ဆုံး ဖြိုဖျက်ခိုင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်သွားတဲ့နေအိမ်ပိုင်ရှင်တွေကို ဆက်သွယ်တာမျိုး၊ အုပ်ချုပ်ရေးရုံးတွေမှာ ကြေညာတာမျိုးနဲ့ အသိပေးသွားမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မဖြိုဖျက်ဘူးဆိုရင်တော့ မြို့အုပ်ချုပ်ရေးဘက်ကနေ ဖျက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ မီးလောင်သွားတဲ့ နေအိမ်တွေအတွက်လည်း ဘိလပ်မြေ ၁၀ အိတ်နဲ့ သွပ် အချပ် ၂၀ ထောက်ပံ့ပေးမယ်လို့ဆိုပြီး မြို့နယ်သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
တိုက်ပွဲတွေကြောင့် ကော့ကရိတ်မြို့ကနေ စွန့်ခွာသွားရသူတွေထဲက နေအိမ်ကျန်တဲ့သူတွေသာ ပြန်လာနေကြပြီး အိမ်မီးလောင်ပျက်စီးသွားတဲ့ အိမ်ရှင်အများစုကတော့ ပြန်မလာကြသေးဘူးလို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
"(မီးလောင်သွားတာ) သွပ်မိုးပြီး ပျဉ်ကာထားတဲ့အိမ်တွေ များတယ်။ အဲဒါတွေက လုံးဝကို ပျက်စီးသွားပြီ။ တချို့နံကပ်(အုတ်နဲ့ဆောက်ထားတဲ့အိမ်)တွေကလည်း အုတ်ပဲကျန်တာ အထဲက ဟာတွေက လောင်ကုန်ထားပြီ။ အိမ်ပြန်ဆောက်ဖို့ သူတို့ ထောက်ပံ့တယ်ဆိုတာကလည်း အိမ်တစ်လုံးဖြစ်ဖို့ ဘယ်လိုမှ မလောက်ဘူးလေ" လို့ မြို့ခံက ပြောပါတယ်။
ကော့ကရိတ်မြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်(KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလောက်မှာတော့ မြို့သိမ်းတိုက်ပွဲအဆင့်အထိ ထိုးစစ်ဆင်ခဲ့ပြီးနောက် မြို့ထဲဝင်ရောက်နိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီမှာတော့ စစ်တပ်က မြို့ကို ပြန်ထိန်းချုပ်ခဲ့နောက် ပြည်သူတချို့ ပြန်ဝင်ရောက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတော့ အာရှလမ်းဖွင့်ပြီးတဲ့နောက် ဒီလမ်းမကြီးဖြတ်သန်းသွားတဲ့ ကော့ကရိတ်မြို့ကို ပြန်လာသူတွေလည်းရှိနေတယ်လို့ မြို့ခံအချို့ဆီကနေ သိရပါတယ်။
ငါးဖမ်းသမားအများစုပါတဲ့ ဘင်္ဂလားဒေ့ရှ် ၁၄ ဦးကို AA ပြန်လွှဲပြောင်း
ငါးဖမ်းသမားအများစုပါတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို အာရက္ခတပ်တော်(AA)က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB)ကို မနေ့ မေလ ၉ ရက်မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ဒီအကြောင်းသိတဲ့ AA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြန်လွှဲပေးလိုက်သူ ၁၄ ဦးထဲက ၁၀ ဦးဟာ ပင်လယ်ပြင်မှာ စက်လှေချို့ယွင်းလို့ AA က ကူညီခဲ့တဲ့သူတွေဖြစ်ပြီး နောက် ၄ ဦးကတော့ ရခိုင်ပြည်နယ်ထဲ ကုန်လာပို့ချိန်မှာ စစ်တပ်ရဲ့ အဖမ်းခံရပြီးနောက်မှာ ပြန်လွတ်လာသူတွေလို့ AA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီအချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို အေအေဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။
ဘင်္ဂလားဒေ့ရှ် သတင်းဌာနတွေမှာတော့ AA ဘက်က ပြန်လွှဲခဲ့သူ ၁၄ ဦးဟာ စိန့်မာတင်ကျွန်းနားအနီး ငါးဖမ်းနေတုန်း မတ် ၂၈ ရက်မှာ AA က စက်လှေတွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့သူတွေလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိကို ကိုးကားပြီး သတင်းရေးသားပါတယ်။
တစ်ချိန်တည်းမှာပဲ အလွှဲအပြောင်းလုပ်ချိန်ကို AA အရာရှိအပါအဝင် အဖွဲ့ဝင်တချို့နဲ့ ဘင်္ဂလားဒေ့ရှ် BGB တာဝန်ရှိသူတွေကို စကားပြောဆိုနေကြတဲ့ရုပ်သံဖိုင်ကိုလည်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက သတင်းဖော်ပြပါတယ်။
ရုပ်သံထဲမှာ နှစ်ဖက်အရာရှိတွေဟာ ဘာသာပြန်ပေးတဲ့သူကနေတဆင့် စကားပြောဆိုနေကြတာတွေ့ရပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် နတ်မြစ်မှာ ငါးဖမ်းတာက ပြဿနာမရှိပေမဲ့ မြန်မာရေပိုင်နက်ဖြစ်တဲ့ ချိန်ခါလီ၊ ကိုးတန်ကောက်၊ ကျောက်ပန်းဒူ စတဲ့ နေရာတွေမှာ ငါးဖမ်းရင်တော့ ဖမ်းဆီးမယ်လို့ BGB တာဝန်ရှိသူတွေကို AA အရာရှိက ပြောနေတာလည်း သတင်းရုပ်သံမှာကြားရပါတယ်။
အာရက္ခတပ်တော်(အေအေ)က ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို ထိန်းချုပ်ပြီးတဲ့နောက် ရခိုင်ရေပိုင်နက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ထိစပ်တဲ့ နတ်မြစ်ကို ထိန်းချုပ်ထားပါတယ်။
မြန်မာရေပိုင်နက်ထဲကို ဝင်ရောက်လာတာကြောင့် အာရက္ခတပ်တော်(AA) ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ မှာ ၇၃ ယောက်၊ ၂၀၂၅ ခုနှစ် ဧပြီမှာ ၅၅ ယောက်နဲ့ မတ်မှာ ၂၀ ကျော်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အာရက္ခတပ်တော်(အေအေ)ဟာ မောင်တောမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါအပြင် နတ်မြစ်ကို ထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာရေပိုင်နက်ထဲ တရားမဝင် ငါးဖမ်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားတွေကို ဖမ်းဆီးတာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဆီ လွှဲပြောင်းတာတွေပြုလုပ်ထားပါတယ်။
အေအေဟာ အခုနှစ်အတွင်း မြန်မာရေပိုင်နက်မှာ ငါးဖမ်းလို့ဆိုပြီး ဖမ်းဆီးပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်လွှဲပြောင်းပေးသူ လူ ၁၀၀ နီးပါးရှိလာပြီး အခုနှစ် ဖေဖော်ဝါရီလ တုန်းက လူပေါင်း ၇၀ ကျော်ကို အများဆုံးနဲ့ ပထမဆုံးအကြိမ် လွှဲပြောင်းခဲ့ပါတယ်။
ကျားဖြန့်ဆက်စပ်နဲ့ အဖမ်းခံရပြီး လွတ်ငြိမ်းမှာပါလာတဲ့ လူ ၈၀ နီးပါးကို ဖိလစ်ပိုင် ပြန်ခေါ်
မြန်မာက ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေမှာ ဖမ်းဆီးခံပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈၀ နီးပါးကို နေရပ်ကို ပြန်ခေါ်နေပြီလို့ ဖိလစ်ပိုင်နိုင်ငံဘက်က သတင်းထုတ်လာပါတယ်။
ဒီလူတွေထဲက ၇၈ ဦးဟာ နေပြည်တော်က မြန်မာနှစ်ဆန်း ၁ ရက် (ဧပြီလ ၁၇ ရက်) တုန်းက ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။
ဖိလစ်ပိုင်ဘက်ကတော့ ပြီးခဲ့တဲ့ ၂ ရက်အတွင်း နေရပ်ပြန်ခေါ်တဲ့ ဖိလစ်ပိုင် ၇၉ ဦးရှိပြီး နိုင်ငံခြားရေးနဲ့ ရွှေ့ပြောင်းလုပ်သားဌာန ချိတ်ဆက်ပြီး နေရပ်ကို ပြန်ခေါ်တာလို့ ဖိလစ်ပိုင်ဘက်က ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဖိလစ်ပိုင်ဘက်ကတော့ ဒီလူတွေဟာ ကျားဖြန့်မှာ လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
ပြန်လည်ခေါ်ယူမယ့် ဖိလစ်ပိုင်နိုင်ငံသားတွေကို ရန်ကုန်ကနေ ဘန်ကောက်ကိုအသုတ်လိုက် ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့ တွေ့ဆုံချိန်က ဖိလစ်ပိုင်အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေနဲ့ အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လွှဲပြောင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။
လွတ်ငြိမ်းကနေ လွတ်မြောက်တဲ့အထဲမှာ ဖိလစ်ပိုင်နိုင်ငံသားတွေလည်း ပါလာတာဖြစ်ပြီး သူတို့တွေကို ဖိလစ်ပိုင်နိုင်ငံကို မသွားရောက်မီ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ အကြံပေးထောက်ပံ့တာတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှတလွှား လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့ Eden Myanmar နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်သံရုံးက ထုတ်ပြန်ထားပါတယ်။