ပိုလန်မှာ မြန်မာ့ဆန် အပိတ်ခံရတဲ့ကိစ္စ ဆန်စပါးအသင်းချုပ်ဘာပြောလဲ
မြန်မာနိုင်ငံကတင်သွင်းတဲ့ ဆန် တန်ချိန် ၂၅၀ မှာ ပိုးမွားအသေနဲ့ အကြွင်းအကျန်တွေ တွေ့ရှိတာကြောင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့် ပိတ်လိုက်တယ်လို့ ပိုလန်နိုင်ငံမြောက်ပိုင်း ဂဒန့်စ်မြို့မှာရှိတဲ့ အစားအသောက် နဲ့ စိုက်ပျိုးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့ -IJHARS က ထုတ်ပြန်ထားပါတယ်။
မြန်မာဆန်တွေမှာ ပိုးမွားအသေနဲ့ အကြွင်းအကျန်တွေ တွေ့တာကို IJHARS က စက်တင်ဘာ ၁၀ ရက်မှာ လူမှုကွန်ရက် X ကနေ ထုတ်ပြန်တာဖြစ်ပါတယ်။
ပိုးမွှားအသေတွေ ဆန်ထဲမှာ တွေ့ရတာဟာ ပိုလန်နိုင်ငံက တင်သွင်းတဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်ပြီး ဒါနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဘီဘီစီကို ပြောပါတယ်။
တင်သွင်းတဲ့ ကုမ္ပဏီရဲ့ သိုလှောင်၊ ထိန်းသိမ်း၊ ဖြန့်ဖြူးတဲ့အချိန် ကြာမြင့်မှုအပေါ် မူတည်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
“မြန်မာကနေ ပိုလန်ကို သင်္ဘောမတင်ခင် အရည်အသွေးကို တတိယအဖွဲ့က သေချာစစ်ဆေး လက်ခံပြီးမှပို့တာ၊ လမ်းမှာတင် ကြာချိန် ၁ လခွဲကနေ ၂ လလောက်ကြာမယ်၊ သူ့နိုင်ငံမှာနဲ့ သူ့မြို့မှာ ကြာချိန်တွေ ရှိသေးတယ်။ ဆန်ကတော့ ကြာရင် ပိုးတက်တာပဲ”လို့ ဦးရဲမင်းအောင်က ရှင်းပြပါတယ်။
တွေ့ရှိတဲ့ပိုးမွှား အမျိုးအစားတွေကို အသေးစိတ် ဖော်ပြထားတာမရှိပေမဲ့ ဆန်ဖြန့်ဖြူးခွင့် ပိတ်ပင်တာကိုတော့ ချက်ချင်းအာဏာသက်ရောက်စေရမယ်လို့ IJHARS ရေးသားထားပါတယ်။
ထိုင်းနိုင်ငံက တင်သွင်းတဲ့ အော်ဂဲနစ်ဆန် ကီလိုဂရမ် ၄ သောင်းမှာ အော်ဂဲနစ်အဆင့်အတန်းမမီတာကြောင့်ဆိုပြီး ဇူလိုင်မှာ ပိတ်ပင်ခဲ့သလို ၊ ယူကရိန်း၊ တောင်အာဖရိကနဲ့ အမေရိက က စားသောက်ကုန်ပစ္စည်းတွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။