ကရင်မှာ DKBA ဘာကြောင့် အင်အားကြီးလာလဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

မြဝတီမြို့တောင်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်ခတ်ရွာ ဟာ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ အမေရိကန်က ဆုကြေးထုတ်ထားရတဲ့နယ်မြေတစ်ခုဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒီရွာမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာခဲ့ပြီး ဒီရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက် စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။

တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ DKBA လက်တွဲ လုပ်ကိုင်ချိန်ကစလို့ ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေ တဖြည်းဖြည်းများလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဥ်ရင် တပ်ဖွဲ့အင်အား ငါးဆကျော်များလာပါတယ်။

DKBA ရဲ့ သစ္စာ အဓိဋ္ဌာန် လေးရပ်မှာ "ကိုယ့်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါမည်" ဆိုတဲ့တချက်ပါဝင်ပေမဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့အလုပ်တွဲလုပ်ရင်း အင်အားကြီးလာခဲ့ပါပြီ။

စီးပွားရေးလက်နက်ကိုင်အဖွဲ့အစည်း

DKBA ဟာ ငွေကြေးအင်အား၊ လူအင်အား နဲ့ လက်နက်အင်အား မှာ တောင့်တင်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာနေပြီလို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) ၊ ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက စီးပွားရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုပြီး ဆိုစမှတ်ပြုကြပါတယ်။

အကြောင်းကတော့ အခု လက်ရှိ အဲဒီကရင်လက်နက်ကိုင်တပ်ဖွဲ့ တွေဟာ စစ်တပ် နဲ့ စစ်မတိုက်ဘဲ စီးပွားရေး လုပ်နေကြတာကြောင့် လို့ဆိုပါတယ်။

တဖက်မှာလည်း ဒီအဖွဲ့တွေက တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ လည်း စစ်ပွဲဖြစ်ပွားတာမရှိပြန်ပါဘူး။

သူတို့ရဲ့ အဓိက စီးပွားရေးကတော့ မြဝတီမြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်လည်ပတ်တဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းတွေဟာ ကျားဖြန့်လုပ်ငန်းတွေကနေ ရလာတဲ့ ငွေကြေးတွေ နဲ့ တပ်သားတွေ ကို လစာပေးတာ၊ လက်နက်တပ်ဆင်တာတွေ ပြုလုပ်ပေးနေတာလို့ ကရင်လက်နက်ကိုင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုလည်း DKBA က တင်းပြည့်ကျပ်ပြည့် ထောက်ပံ့ပေးထားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ DKBA အရာရှိနှစ်ဦး နဲ့ ကရင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မြန်မာ၊ တရုတ်၊ ထိုင်းသုံးနိုင်ငံပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းမှုတွေကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာစတင်ခဲ့ပါတယ်။

အရင် BGF ထိန်းချုပ်တဲ့ မြဝတီမြို့နယ်မှာ ကျားဖြန့် မြို့လို့ ခေါ်တဲ့ ရွှေကုက္ကိုသူဌေး ရှီကျီကျန်း ကို ထိုင်းနိုင်ငံက ဖမ်းဆီးပြီး တရုတ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

စစ်တပ်က ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်လုပ်ငန်းလည်ပတ်တဲ့ အဆောက်အဦတွေ ကို ဆက်တိုက်ဖြိုချခဲ့ပါတယ်။

ကျားဖြန့်နှိမ်နင်းရေးမှာ အမေရိကန်လည်းပါလာပါတယ်။

DKBA နယ်မြေဖြစ်တဲ့ ကျောက်ခတ်ရွာမှာ လည်ပတ်တဲ့ Tai Chang ကျားဖြန့်ငွေလိမ်ဂိုဏ်းအကြောင်း သတင်းပေးရင် ဆုငွေ ဒေါ်လာ ၁၀ သန်း ချီးမြင့်မယ်လို့ ကြေညာထားပါတယ်။

နောက်ပြီး DKBA ထိပ်ပိုင်းခေါင်းဆောင်လေးဦးဖြစ်တဲ့ DKBA နာယက ဗိုလ်ချုပ်ကြီး စောစတီး၊ စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် နဲ့ ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးစောကျော်လှ တို့ကို ကျားဖြန့်လုပ်ငန်းတွေ နဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး အမေရိကန်က ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ကလည်း ဇူလိုင် ၃၀ ရက်က DKBA ကို ဒဏ်ခတ် ပိတ်ဆို့ခဲ့ပါသေးတယ်။ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ စောဆန်းအောင်၊ စောကျော်လှ၊ စောစတီး၊ စောစိန်ဝင်း၊ စောအိလိထူးတို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာပါ။

ဒါပေမဲ့ မြဝတီမြို့တောင်ပိုင်းက ကျောက်ခတ်ရွာမှာတော့ ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီး လည်ပတ်နေတယ်လို့ မကြာသေးခင်ကပဲ အဲဒီကို ရောက်ရှိခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဲဒီနေရာကို ဝင်ထွက်၊ သွားလာနေသူ နောက်တစ်ဦးကလည်း "အဆောက်အဦးအသစ်တွေ ထပ်တိုးချဲ့နေတယ်" လို့ ပြောပါတယ်။

အမည်မဖော်လိုတဲ့ DKBA အဖွဲ့ဝင်တစ်ဦးကတော့ " ၄ ပုံ ၃ ပုံလောက် ကျားဖြန့်တွေ မရှိတော့ဘူး" လို့ ပြောပါတယ်။

ကျန်နေသေးတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကိုလည်း စစ်တပ်က ဇူလိုင် ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ သူကပြောပါတယ်။

ဒီလုပ်ငန်းတွေ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စတင်ဝင်ရောက်လာပြီးတဲ့နောက်မှာ တပ်သားအသစ်တွေ လည်း ပိုပြီးဝင်ရောက်လာခဲ့တယ်လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

ကိုယ်ရှာ၊ ကိုယ်စား

ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ အမည်ပြောင်းထားတဲ့ KNA ကတော့ တပ်သားတွေကို အခြေခံလုပ်ခလစာ ထိုင်းဘတ် ၅,၀၀၀ (မြန်မာငွေ ၆ သိန်းခွဲကျော်) ကစပြီး ပေးတယ်လို့ သိရပါတယ်။

DKBA ကတော့ တရုတ်လုပ်ငန်းတွေ နဲ့ ချိတ်ဆက်ပြီး ရှာနိုင်ရင် ရှာသလောက် အကြီးပိုင်းတွေက တပ်သားတွေကို "မုန့်ဖိုး" သဘောမျိုးပြန်ပေးကြတယ်လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

"ဗျူဟာမှူးတို့ တပ်ရင်းမှူးတို့ သူတို့ရှာတဲ့ အပေါ်မှာမူတည်တယ်။ တရုတ်နဲ့ ပေါင်းတဲ့သူတွေ က ပိုက်ဆံရတယ်ဆို တပ်ရင်းကိုပြန်ပေးတယ်။ ကိုယ်ရှာ၊ ကိုယ်ယူတာပေါ့" လို့ သူက ပြောပါတယ်။

လစာ အတည်တကျ တော့မရှိပေမဲ့ ပုံမှန် ဘတ် ၁,၀၀၀ (မြန်မာငွေ ၁ သိန်း ၃ သောင်းကျော်) ကနေ ဘတ် ၂,၀၀၀ (မြန်မာငွေ ၂ သိန်း ၆ သောင်းကျော်) တော့ ပေးတယ်လို့ သူကပြောပါတယ်။

BGF ကနေ နာမည်ပြောင်းထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ကို ဝင်ရောက်လာသူတွေဟာ ဒေသခံ ကရင်လူမျိုးတွေ၊ နီးစပ်ရာဒေသခံတွေ များတယ်လို့ သိရပါတယ်။

DKBA ကို ဝင်လာသူတွေမှာတော့ ကရင်လူမျိုးတင်မက၊ ဗမာလူမျိုးတွေအပါအဝင် တခြားတိုင်းရင်းသားတွေလည်း ပါဝင် တယ်လို့ ဆိုပါတယ်။

တရုတ်ကျားဖြန့်လုပ်ငန်းတွေ DKBA ထိန်းချုပ်နယ်မြေမှာ အရှိန်ရလာပြီးတဲ့နောက်မှာ တပ်သားအသစ် တွေကလည်း ပိုပြီး ဝင်လာတယ်လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

"တချို့တွေက ဥပမာ မြဝတီလိုနေရာမှာနေတဲ့သူတွေ၊ စီးပွားရေးလုပ်တဲ့သူတွေ၊ လုပ်တတ် ကိုင်တတ်တဲ့သူတွေဆိုရင် အဖွဲ့အစည်းတွေဆီမှာ အကာအကွယ်ဝင်ယူတာပေါ့" လို့ DKBA သတင်းအရင်းအမြစ်က ပြောပါတယ်။

DKBA အကြီးပိုင်းတာဝန်ယူထားသူတွေဟာ အပေးအကမ်း ရက်ရော သူတွေဖြစ်ကြပြီး တခါတလေ မုန့်ဖိုးဆိုပြီး "ဘတ် ၁ သိန်း" လောက်ထိပေးတာတွေရှိတယ်လို့ မဲဆောက်အခြေစိုက် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

တပ်ဖွဲ့အင်အား

DKBA ကို တပ်မဟာ ၃ ခု နဲ့ ဖွဲ့စည်းထားပါတယ်။

  • ကလိုထူးဘော ဗဟိုစစ်ကွပ်ကဲရေး
  • အမှတ် (၁) စစ်ကွပ်ကဲရေး
  • အမှတ် (၂) စစ်ကွပ်ကဲရေး

အဲဒီအောက်မှာတော့ တပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ စုစည်းထားပါတယ်။

DKBA ရဲ့ ကလိုထူးဘောဌာနချုပ်ဟာ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ကျေးရွာမှာ ရုံးစိုက်ပါတယ်။

အမှတ် (၁) စစ်ကွပ်ကဲရေးကတော့ အ‌ရှေ့ဒေါနတောင်တကြော၊ ဝေါလေမြိုင်၊ ကျောက်ခတ် နဲ့ ဆုံဆည်းမြိုင်ကျေးရွာတကြောမှာ စစ်ရေးလှုပ်ရှားပါတယ်။

အမှတ် (၂) စစ်ကွပ်ကဲရေးကတော့ ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ မှာ အခြေချပါတယ်။

အမည်မဖော်လိုတဲ့ DKBA သတင်းအရင်းအမြစ်ကတော့ DKBA ရဲ့ စုစုပေါင်း တပ်သား အင်အားဟာ ၈,၀၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က DKBA ရဲ့ စစ်သည်အင်အားဟာ ၁,၅၀၀ ကနေ ၂,၀၀၀ ကြားရှိခဲ့ရာကနေ အခုဆို အင်အား ၈,၀၀၀ ဝန်းကျင်လောက် ရှိလာပြီလို့ ဆိုပါတယ်။

ဒီပမာဏဟာ စစ်တပ်အာဏာမသိမ်းခင်ကာလကထက်လည်း ပိုပြီး များလာတယ်လို့ DKBA သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

DKBA ဟာ မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်မှုနဲ့ အတူ KNU ကရင့်အမျိုးသား အစည်းအရုံး ကနေ ၁၉၉၄ ခုနှစ်မှာ ခွဲထွက်ခဲ့ပြီး တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA အဖြစ် ရပ်တည်ခဲ့ပါတယ်။

၂၀၁၀ ခုနှစ်မှာ စစ်တပ်က အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို နယ်ခြားစောင့်တပ်ကူးပြောင်းခိုင်းခဲ့ပေမဲ့ ဗိုလ်နှုတ်ခမ်းမွှေးရဲ့ DKBA ကတော့ နယ်ခြားစောင့်တပ် ပြောင်းလဲဖို့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

DKBA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအပြောင်းအလဲကို ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အရင် စစ်ဦးစီးချုပ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး စောစတီးကို ဗဟိုအကြံပေးအဖွဲ့ရဲ့ ဦးဆောင်နာယကကြီး နေရာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

သူ့နေရာ စစ်ဦးစီးချုပ်ရာထူးကိုတော့ ဗိုလ်ချုပ်ကြီးစောရွှေဝက ပြန်လည်တာဝန်ယူလာခဲ့ပါတယ်။

၁၁ နှစ်ကြာ DKBA ကနေခွဲထွက်ခဲ့တဲ့ ဗိုလ်မှူးချုပ် စောကျော်သက်ကို အမှတ် (၃) စစ်ကွပ်ကဲရေးမှူးအဖြစ် DKBA က ဒီနှစ်ဇူလိုင်မှာ ခန့်အပ်ခဲ့ပါတယ်။

ဘုရားသုံးဆူမှာ စီးပွားရေးလုပ်ငန်းတွေအမြောက်အများပိုင်ဆိုင်ထားတဲ့ ဗိုလ်အေဝမ်းကတော့ အရင် အမှတ် (၂) စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးရာထူးကနေ ဗိုလ်မှူးချုပ် အဆင့် နဲ့ အမှတ်(၂) စစ်ကွပ်ကဲရေးမှူးဖြစ်လာခဲ့ပါတယ်။

အရင် အမှတ် (၁) စစ်ကွပ်ကဲရေးမှူး ဦးစောကျော်လှ ကို ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌ ခန့်အပ်လိုက်တာကြောင့် အမှတ် (၁) စစ်ကွပ်ကဲရေးမှူးနေရာမှာ လစ်လပ်နေဆဲဖြစ်ပါတယ်။

  • နေပြည်တော်နဲ့အပြိုင် SCEF အင်ဂျင်ပါဝါတည်ဆောက်နိုင်မလား

ကရင်ပြည်နယ်မှာ လူအင်အား၊ လက်နက်အင်အား အတောင့်အတင်းဆုံး အဖွဲ့အစည်း ၃ ဖွဲ့ ကို ဘီဘီစီ က မေးမြန်းခဲ့တဲ့ သတင်းအရင်းအမြစ်တွေက အခုလို ပဲ အဆင့်သတ်မှတ်ပါတယ်။

(၁) ကရင်အမျိုးသား အစည်းအရုံး (KNU)

(၂) ကရင်အမျိုးသားတပ်မတော် (KNA)

(၃) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)

လက်ရှိ KNA ကတော့ ဗျူဟာ ၉ ခု၊ တပ်ရင်း ၆၀ ကျော် နဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

KNA ရဲ့ လက်ရှိ စစ်သည်အင်အားဟာ ၂ သောင်းအထက်မှာ ရှိတယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတချို့က ခန့်မှန်းပါတယ်။

စစ်တပ် နဲ့ တိုက်ပွဲဖြစ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ တပ်မဟာ (၇) ခု နဲ့ နယ်မြေ အများဆုံးအုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ KNU မှာ ကော်သူးလေ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေစိုးမိုးရေးအဖွဲ့တွေ၊ စစ်တပ် ရှိပြီး အခုဆို ဖက်ဒရယ်ယူနစ် တစ်ခုဖြစ်တဲ့ ကော်သူးလေပြည်နယ် ကို တည်ထောင် ဖို့ ကြိုးစားနေပါတယ်။

KNU နဲ့ DKBA မတူတဲ့အချက်ကတော့ DKBA ဟာ သူ့ရဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေကို ချေမှုန်းရေးရိုင်ဖယ်သေနတ်တွေကို တပတ်ရစ်မဟုတ်ဘဲ အသစ်တွေ ပေးထားတယ်လို့ ထိုင်း-မြန်မာနယ်စပ်က သတင်းစာဆရာက မှတ်ချက်ပြုပါတယ်။

ဒါကို DKBA သတင်းအရင်းအမြစ်ကလည်း ထောက်ခံပါတယ်။

" အခု M4 တို့ M16A2 နောက်ပေါ်တွေဆိုရင် ဘတ် ၁ သိန်း နဲ့ ၁ သောင်းခွဲ လောက်ရှိတယ်။ တရုတ်နဲ့ ပေါင်းလာပြီးတဲ့နောက်ပိုင်းမှာပဲ လက်နက်တွေကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ဝယ်လာနိုင်တယ်" လို့ သူကပြောပါတယ်။

DKBA ဟာ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ကျားဖြန့်လုပ်ငန်းတွေရှိနေသရွေ့ ဆက်ပြီး အင်အားကြီးထွားလာနေဦးမယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်နေကြပါတယ်။

ကရင်ပြည်နယ်မှာ KNU ၊ KNA၊ BGF၊ DKBA၊ ကရင် ငြိမ်ချမ်းရေး ကောင်စီ (KNU/KNLA - PC) ၊ ကော်သူးလေတပ်မတော် (KTLA) နဲ့ စစ်တပ်လက်အောက်ခံ ဟောင်သရောဖိုးပြည်သူ့စစ် ဆိုတဲ့ အဖွဲ့တွေ ရှိပါတယ်။

ကရင်ပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ စုံလင်ကြသလို တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ချက်၊ အကျိုးစီးပွားတွေ ကလည်း မတူကွဲပြားနေကြတဲ့ အခြေအနေပါ။

သူတို့တဖွဲ့ချင်းစီ မှာလည်း အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး နဲ့ ပတ်သက်လို့ မတူညီတဲ့ အိပ်မက်တွေ ရှိကြပါတယ်။

ဒါပေမဲ့ တိုက်ပွဲမဆင်နွှဲဘဲ လက်နက်ကိုင်ထားတဲ့ အဖွဲ့လို့ အပြောခံရပေမဲ့ DKBA ကတော့ အင်အားတောင့်တင်းလာနေပါတယ်။