ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NUG မန်းတိုင်း(ပကဖ)တာဝန်ခံ မိုင်းလားနယ်ထဲ ဘယ်လိုဖမ်းဆီးခံခဲ့ရသလဲ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ်) ကိုဏကြီး ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒီအခြေအနေကိုသိရှိထားတဲ့ စစ်ရေးသတင်းရင်းမြစ် သုံးဦးက ဘီဘီစီကို ပြောပါတယ်။
ကျိုင်းတုံနယ်ထဲအခြေစိုက်တဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ကိုဏကြီးကို အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)တပ်ဖွဲ့ဝင်တချို့က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးသွားခဲ့တာလို့ပြောပါတယ်။
မိုင်းလားမြို့နဲ့ မိုင် ၆၀ နီးပါးအကွာ ကျိုင်းတုံမြို့အနီးက စစ်တပ်လုံခြုံရေးဂိတ်တစ်ခုမှာ ကိုဏကြီးရဲ့ ဇနီးနဲ့ ၅ နှစ်အရွယ် သမီးငယ်တို့ အရင်ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုဏကြီးလည်း အဲဒီတစ်နေ့တည်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ မန္တလေးတိုင်း (ပကဖ) သတင်းရင်းမြစ်က ဆိုပါတယ်။
"ကိုဏကြီးနဲ့ သူ့မိသားစုတို့ကို အခုအချိန်အထိ အဆက်အသွယ် မရသေးဘူး" လို့ အဲဒီသတင်းရင်းမြစ်က ဇူလိုင် ၂၆ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
မန္တလေးတိုင်း (ပကဖ) တာဝန်ခံ ကိုဏကြီး ဖမ်းဆီးခံရမှု ဘယ်လိုဖြစ်ခဲ့လဲ၊ တိုင်းပကဖ တာဝန်ခံတစ်ဦး ဖမ်းဆီးခံရမှုအပေါ် NUG ရဲ့ လက်အောက်ခံတပ်တွေက ဘာတွေစိုးရိမ်နေလဲ။
ဘယ်လိုအဖမ်းခံခဲ့ရလဲ
စစ်တပ်ဂိတ်မှာ ကိုဏကြီးရဲ့ ဇနီးဖြစ်သူနဲ့ ကလေးငယ်တို့ကိုဖမ်းမိပြီးတဲ့နောက် ဇနီးသည်ကို စစ်မေးရာကနေ ကိုဏကြီး ရှိနေတဲ့နေရာ ပေါက်ကြားသွားတာဖြစ်နိုင်တယ်လို့ ကျိုင်းတုံဒေသထဲရှိနေတဲ့ NUG လက်အောက်ခံ မန္တလေးတိုင်းအခြေစိုက်တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"စစ်တပ်က အမျိုးသမီးဖြစ်သူကို စစ်မေး၊ ဖုန်းတွေ ယူစစ်လုပ်မှာပေါ့။ အဲဒီကနေ ကိုဏကြီးရဲ့တည်နေရာ မိုင်းလားဆိုတာကို သိသွားပြီး မိုင်းလားအဖွဲ့ကို ဖမ်းဆီးခိုင်းတာဖြစ်နိုင်တယ်" လို့ သူက သုံးသပ်ပါတယ်။
ဇနီးဖြစ်သူဟာ ကျိုင်းတုံမြို့ပေါ်တက်ပြီး လက်ဝတ်ရတနာ ရွှေထည်သွားရောင်းတာအပြင် ငွေကြေးကိစ္စအတွက် ဘဏ်တစ်ခုကိုဝင်ခဲ့ပြီးနောက် ကျိုင်းတုံကနေ အပြန်လမ်းမှာအခုလိုဖမ်းဆီးခံခဲ့ရတာလို့ ကျိုင်းတုံမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီဖြစ်စဥ်နောက်မှာမှ NDAA တပ်ဖွဲ့ဝင်တွေက ကိုဏကြီး ယာယီတည်းခိုနေတဲ့နေရာအထိ လာဖမ်းသွားတာလို့ သိရကြောင်း သူကပြောပါတယ်။
လက်ရှိမှာ ကိုဏကြီး ဘယ်နေရာမှာထိန်းသိမ်းခံထားရတယ်ဆိုတာကိုတော့ သတင်းအချက်အလက်အတိအကျမသိရသေးဘူးလို့ မန်းတိုင်း(ပကဖ)အဖွဲ့ဝင်တချို့က ပြောသလို မိုင်းလားအဖွဲ့ က စစ်တပ်လက်ထဲကို လွှဲပြောင်းလိုက်တယ်လို့ သိထားရကြောင်း ရှမ်းရှေ့နယ်ထဲလှုပ်ရှားနေတဲ့ NUG ရဲ့ မန္တလေးတိုင်းအခြေစိုက် တပ်ဖွဲ့ဝင်တချို့က ဘီဘီစီကို ပြောပါတယ်။
ကိုဏကြီးကို မိုင်းလားအဖွဲ့ က ဖမ်းဆီးတယ်ဆိုတဲ့ပြောဆိုချက်တွေနဲ့ စစ်တပ်ကို လွှဲပြောင်းပေးလိုက်ပြီဆိုတဲ့အပေါ် သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက မိုင်းလားအဖွဲ့(NDAA) ပြန်ကြားရေး တာဝန်ခံ ဦးကြည်မြင့်ကို ဇူလိုင် ၂၇ ရက် ညနေပိုင်းမှာ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မိုင်းလားအဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ရှမ်းရှေ့၊ မိုင်းလားဒေသမှာ အခြေစိုက်ပြီး နဝတ စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်က အပစ်အခတ်ရပ်စဲထားတာ နှစ်ပေါင်း ၃၀ ကျော်ကြာ ရှိပြီဖြစ်ပါတယ်။
မိုင်းလားလက်နက်ကိုင်အဖွဲ့ကို ရှမ်း၊ အခါ တိုင်းရင်းသားတွေကို စုပေါင်းပြီး ကော် ၈၁၅ စစ်ဒေသခေါင်းဆောင်အဖြစ် ဦးစိုင်းလင်း(ကွယ်လွန်)က ဦးဆောင်ခဲ့ကာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့လက်အောက်ခံအဖြစ်ရပ်တည်ခဲ့ပေမဲ့ ၁၉၈၉ ခုနှစ်မှာ ဗကပ က ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။
မိုင်းလားခေါင်းဆောင် (အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - NDAA တည်ထောင်သူ) ဦးစိုင်းလင်း ကွယ်လွန်သွားပြီးနောက် သားဖြစ်သူ ဦးထိန်လင်းက ခေါင်းဆောင်မှုနေရာကို ဆက်ခံထားပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အရှေ့ပိုင်း ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ PSC/NDAA မိုင်းလား အဖွဲ့ဟာ မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
FPNCC အဖွဲ့ဝင်တွေဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ် မထိုးထားတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။
စစ်တပ်က မိုင်းလား၊ ဆီလူးနဲ့ နမ့်ပန်းဒေသတွေကို "ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)" အဖြစ် သတ်မှတ်ပေးခဲ့ပြီး NDAA ကို အဲဒီဒေသတွေမှာ သီးခြားအုပ်ချုပ်ခွင့်ပေးထားတာဖြစ်ပါတယ်။
ကျန်းမာရေးကြောင့် တာဝန်တွေနဲ့ ဝေးကွာနေသူ
ကိုဏကြီး ဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်ခဲ့ပြီး မန္တလေးတိုင်းတစ်ခုလုံးရဲ့ ပကဖ တာဝန်ခံဖြစ်လာခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးအပြီး ၂၀၂၄ နှောင်းပိုင်းကစလို့ ကျန်းမာရေး ပြဿနာရှိခဲ့တာကြောင့် ဆေးခွင့်ယူတာတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ သူနဲ့နီးစပ်တဲ့ ပကဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ အဲဒီအချိန်မှာပဲ ကိုဏကြီးဟာ ရာထူးကနေ နုတ်ထွက်ဖို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကို စာတင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
"တိုင်းတာဝန်ခံကို အစားထိုးဖို့ ချက်ချင်းမလွယ်တာရော၊ ငွေကြေးစာရင်း ရှင်းတမ်းတွေ အလွှဲအပြောင်း လုပ်ဖို့တွေ ကျန်နေသေးတာကြောင့်ရော ဝန်ကြီးဌာနကတော့ ထွက်ခွင့်မပြုခဲ့ဘူး" လို့ သူက ရှင်းပြပါတယ်။
ကိုဏကြီးဟာ ကျန်းမာရေးအတွက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အထိ အသွားအပြန်လုပ်ပြီး ဆေးကုသမှု ခံယူနေခဲ့ရတယ်လို့လည်း သူက ဖြည့်ပြောပါတယ်။
ကိုဏကြီး ခေါ် ကိုဝဏ္ဏအောင် ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကို ကိုယ်စားပြုခဲ့တဲ့အမတ်ဖြစ်သလို ၂၀၀၃ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ ဒီပဲယင်းအရေးအခင်းမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံး ပါတီဝင်တစ်ဦးလည်းဖြစ်တယ်လို့ NLD ပါတီဝင် တချို့က ပြောပါတယ်။
တိုင်းပကဖ တာဝန်ခံ ဖမ်းဆီးခံရမှု NUG တပ်တွေ ဘာစိုးရိမ်လဲ
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန MOD ကလည်း ဖမ်းဆီးခံ ကိုဏကြီးကတဆင့် သတင်းအချက် အလက်ပေါက်ကြားပြီး ဆက်စပ်ဖမ်းဆီးမှုတွေဖြစ်လာနိုင်လို့ အထူးသတိပြုကြဖို့ဆိုပြီး မန္တလေးတိုင်းထဲက မြို့နယ်ခရိုင် ပကဖအဖွဲ့တွေနဲ့ တပ်ရင်းတွေကို ရုံးတွင်းစာနဲ့ သတိပေးထားပါတယ်။
ကိုဏကြီး ဖမ်းဆီးခံရပြီး ၃ ရက်အကြာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းမှာမှ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရုံးကနေ လုံခြုံရေးသတိပေးထားတဲ့စာကို လက်ခံရရှိတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
မန္တလေးအခြေစိုက် ပကဖ အဖွဲ့ဝင်တစ်ဦးကတော့ ကိုဏကြီးဖမ်းဆီးခံလိုက်ရတာဟာ တိုင်းတစ်ခုလုံးမှာ စစ်ရေးလှုပ်ရှားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအချက်အလက်တွေနဲ့ပတ်သက်ပြီးလုံခြုံရေးစည်းကျိုးပေါက်သွားနိုင်တယ်လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲမှာပကဖ က ဖွဲ့ထားတဲ့ မြို့နယ်အဖွဲ့ပေါင်း ၅၀ ထက်မနည်းရှိပြီး ဒီမြို့နယ်၊ ခရိုင်အဆင့်ဆင့်တင်ပြလာတဲ့အစီရင်ခံစာတွေကို ကိုင်တွယ်ရသူတွေထဲ ကိုဏကြီးလည်း တစ်ဦးအပါအဝင်လို့ ဆိုပါတယ်။
တိုင်းပကဖရုံးကို မြို့နယ်နဲ့ ခရိုင်ကနေ "လစဉ် အစီရင်ခံစာတွေပို့ရတယ်။ တပ်တည်/ တပ်လှုပ်တွေ စစ်ဆင်ရေး ဖော်ဆောင်မှုတွေကအစ အစီရင်ခံစာထဲ အသေးစိတ်ထည့်ရေးရလို့ ဒီအချက်အလက်တွေ စစ်တပ်လက်ထဲရောက်သွားနိုင်တယ်"လို့ သူက ရှင်းပြပါတယ်။
မြို့နယ်အလိုက် စစ်ဆင်ရေးကို ဖော်ဆောင်မယ်ဆိုရင်လည်း တိုင်းပကဖရုံးက ခွင့်ပြုချက်ရမှ ဖော်ဆောင်လို့ ရတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် ကိုဏကြီး ဖမ်းဆီးခံရပြီးတဲ့နောက် အစီရင်ခံစာတွေ ထဲမှာပါတဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် စစ်ဆင်ရေးနဲ့ လုပ်ငန်းစဉ်တွေကို ပြုပြင်ပြောင်းလဲမှုတွေ ထပ်လုပ်ဖို့ လိုအပ်သွားပြီလို့ သူက ပြောပါတယ်။
"အစီအစဉ်တွေ နှောင့်နှေးသွားနိုင်တာပေါ့" လို့ သူက ထပ်ပြောပါတယ်။
NUG ရဲ့ ပြည်ထဲရေးဌာနရဲ့ ဒုတိယဝန်ကြီး ဦးကျော်နီကတော့ ကိုဏကြီး ဖမ်းဆီးခံရမှုနောက်ဆက်တွဲ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်နေတယ်လို့ ဘီဘီစီကို ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။
"သူ(ကိုဏကြီး) ဘယ်မှာ အဖမ်းခံထားရတယ်။ ဘယ်သူတွေက ဖမ်းထားတယ်ဆိုတာတော့ပြည်ထဲရေးဘက်က မသိရသေးပါဘူး" လို့ သူက ဆိုပါတယ်။
စစ်တပ်နဲ့ မဟာမိတ်လို့ ပုံဖော်ခံထားရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ NUG ရဲ့ ရာထူးကြီး ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖမ်းဆီးခံရတာဟာ ကိုဏကြီးက ဒုတိယမြောက်ဖြစ်စဉ်ဖြစ်ပါတယ်။
ပထမဖြစ်စဉ်ကတော့ ဖမ်းဆီးခံရမှုလို့ အတည်မပြုနိုင်သေးတဲ့ ပျောက်ဆုံးမှုဖြစ်ပါတယ်။
ကိုဏကြီးဖမ်းဆီးခံရမှု မတိုင်ခင် NUG ရဲ့ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းဟာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေထဲ ပျောက်ဆုံးတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဦးကွန်မင်းဟာ ၂၀၂၅ နိုဝင်ဘာတုန်းက ယင်းမာပင်ခရိုင်အစည်းအဝေးအတွက် ခရီးသွားရာကနေ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ထိန်းချုပ်နယ်မြေမှာ အဆက်အသွယ်ပြတ်ပြီးပျောက်ဆုံးခဲ့တာလို့ အဲဒီအချိန်ကတည်းက သတင်းရင်းမြစ်တချို့က ပြောထားပါတယ်။
ဦးကွန်မင်း ပျောက်ဆုံးနေတာဟာ ၂၀၂၆ ဇူလိုင်လဝက်ကျော်အထိဆိုရင် ၈ လဝန်းကျင်ရှိပြီး သူဘယ်နေရာမှာ ရှိနေလဲဆိုတာကို NUG ဘက်က တစ်စုံတစ်ရာထုတ်ပြောလာတာ မရှိသေးပါဘူး။
ဦးကွန်မင်းဟာ စစ်ကိုင်းနဲ့ မကွေးစစ်ဒေသတွေထဲက တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေနဲ့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးရတဲ့သူဖြစ်ပါတယ်။
''ဦးကွန်မင်းနဲ့ ပတ်သက်ပြီးတော့ တချို့အချက်အလက်တချို့ သိရတာတွေရှိပေမဲ့ ထုတ်ပြန်ဖို့မရှိသေးဘူး'' လို့ NUG ပြည်ထဲရေးဌာနရဲ့ ဒုတိယဝန်ကြီး ဦးကျော်နီက ဇူလိုင် ၂၇ ရက်မှာ ဘီဘီစီကိုပြောပါတယ်။
ဦးကွန်မင်း က NUG အစိုးရမှာ စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်တာကြောင့် စစ်တပ်အလိုရှိတဲ့စာရင်းထဲမှာ ပါဝင်နေပြီး စစ်တပ်နဲ့ သူ့ရဲ့မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ ပူးပေါင်း ဖမ်းဆီးတာခံလိုက်ရတာဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားကြပါတယ်။
အလားတူ မိုင်းလားအဖွဲ့(NDAA)ရဲ့ ဖမ်းဆီးမှုကိုခံရတယ်လို့ ကောက်ချက်ချခံထားရတဲ့ ကိုဏကြီးကို NDAA ကနေ စစ်တပ်လက်ထဲ လွှဲပြောင်းပေးလိုက်တယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် အတည်ပြုနိုင်ဖို့ နေပြည်တော်သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဘီဘီစီက မေးမြန်ထားဆဲဖြစ်ပါတယ်။
အလားတူ ကျိုင်းတုံမှာ ဖမ်းဆီးခံလိုက်ရတဲ့ကိုဏကြီးရဲ့ ဇနီးဖြစ်သူနဲ့ သမီးငယ် အခြေအနေကိုလည်း ဘီဘီစီက မေးမြန်းထားပါတယ်။ ဒါပေမဲ့ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။
မိုင်းလားအဖွဲ့ဟာ လာမယ့် ဩဂုတ်လမှာ ကိုးကန့်တပ်၊ "ဝ"တပ်တို့လို နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးအဖွဲ့ (NSPNC)နဲ့ တွေ့ဆုံဆွေးနွေးကြဖို့ရှိတယ်လို့ မိုင်းလားအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။
စစ်တပ်နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးမှာ စစ်တပ်နဲ့ နှစ်ဖက်သွား မဟာဗျူဟာကျင့်သုံးလေ့ရှိတယ်လို့ အမည်မသုံးလိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုပါတယ်။
"ဒေသတွင်းမှာ အဖွဲ့အစည်းဂုဏ်သိက္ခာတက်စေမယ့် ကိစ္စရပ်တွေနဲ့ တရုတ်အလိုကျလုပ်ဆောင်ချက်တွေဆိုရင် နေပြည်တော်နဲ့ ပူးပေါင်းမှုကို ပြလေ့ရှိတယ်" လို့ မိုင်းလားနယ်မြေထဲ ကိုဏကြီးဖမ်းဆီးခံရမှုကို ဥပမာပေးပြီး နိုင်ငံရေးလေ့လာသုံးသပ်သူကမှတ်ချက်ပြုပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့တွေဟာ သူတို့အဖွဲ့အတွက်ဆိုးကျိုးပေးနိုင်တဲ့အမှုတွေကိုတော့ နေပြည်တော်လမ်းစဉ်နဲ့ သွေဖည်တယ်လို့ သူက ထောက်ပြပါတယ်။
"အမြတ်ထွက်မှာမျိုးဆို ပူးပေါင်းမယ်။ ပြစ်တင်ခံရမယ့်ကိစ္စမျိုးဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိုတဲ့ စနက်တံကိုပဲ ကိုင်ပြီး စီရင်လေ့ရှိတယ်လို့ သူက ထောက်ပြပါတယ်။