ဩဂုတ် ၁၃ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာဆီယံဘုံ ၅ ချက်ကို မလိုက်နာသရွေ့ မြန်မာကို အာဆီယံမှာ နေရာမပေးဖို့ APHR ပြော
အာဆီယံဘုံ ၅ ချက်ကို အကောင်အထည်မဖော်သရွေ့ မြန်မာကို အာဆီယံမှာ နေရာမပေးဖို့ APHR ပြော၊ သဖန်းဆိပ်ဆည် ရေထပ်ဖောက်ချလို့ မူးမြစ်ဘေးနေသူတွေ အမြန်ရွှေ့ကြဖို့ တိုက်တွန်တဲ့ သတင်းအပါအဝင် ဩဂုတ် ၁၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- သဖန်းဆိပ်ဆည်ကနေ ရေထပ်ဖောက်ချတာကြောင့် ရေထပ်ကြီးလာနိုင်လို့ မူးမြစ်ဘေးနေသူတွေ အမြန်ရွှေ့ကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ တိုက်တွန်း
- ထိုင်းမှာလုပ်မယ့် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးကို နေပြည်တော် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး တက်မယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးပြော
- စစ်မှုထမ်းထဲထည့်တဲ့ရာအိမ်မှူးကို မကျေလည်လို့ စစ်မှုထမ်းပြန်က ဓားနဲ့ထိုးမှုဖြစ်
- ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်း ရာထူးကနေ ဖယ်ရှားခံရပြီးနောက် သံတမန်နေအိမ်ကနေ ပြောင်းရွှေ့မပေးဘဲ ဆက်နေထိုင်မှုနဲ့ လန်ဒန်မှာ တရားရင်ဆိုင်နေရ
- ဦးမင်းအောင်လှိုင် ရုရှားသွားမယ်
- ဆယ်စုနှစ်တွေအတွင်း ဥရောပတဝန်းမှာ အထင်ရှားဆုံးဖြစ်တဲ့ နေကြတ်တဲ့ မြင်ကွင်းတွေ
- ရန်ကုန်၊ ကမာရွတ်မြို့နယ်မှာ အိမ်စီးကားထဲက ငွေကျပ်သိန်း ၆၀၀ ခိုးယူတဲ့သူကို ဖမ်းမိ
- ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘာတွေ သတိထားရမယ့်အချက်တွေ
- ရန်ကုန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုတိုးနေတာဟာ ရေပိုက်လိုင်းနဲ့ အစားအသောက်သန့်ရှင်းမှု ပြဿနာကြောင့်လို့ပြော
- ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၈၀ ကျော်ရှိ၊ ကပြင်းထန်ကာလဝမ်းရောဂါပိုးတွေ့သူ ၅၄ ဦးအထိရှိလာ
တိုက်ရိုက် ထုတ်လွှင့်ချက်
၂၀၂၆ မိုးကာလ - ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဘာကြောင့်ဖြစ်
ရန်ကုန်မြို့မှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ အယောက် ၁၈၀ ကျော်ရှိလာပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ရှိသူတွေလည်း တွေ့ရှိထားပါတယ်။
သြဂုတ် ၉ ရက်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စတွေ့လာရပြီး တစ်ရက်ကိုလူနာဆယ်နဲ့ချီ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ရောက်လာခဲ့တာပါ။
မြို့လယ်ခေါင်လို့သိကြတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တွေမှာ အဓိကဖြစ်ပွားနေတယ်လို့ လူမှုကူညီရေးနဲ့ကျန်းမာရေးအသိုင်းအဝိုင်းကနေသိရပြီး အစားအသောက်နဲ့ ရေကို စစ်ဆေးမှုတွေလုပ်နေကြောင်းလည်း ရန်ကုန်တိုင်း(ပြည်သူ့ကျန်းမာရေးဦးစီးဌာန) ဘက်ကထုတ်ပြောထားပါတယ်။
ရန်ကုန်က ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုရဲ့ ဇာစ်မြစ်တွေကို ဒီလင့်ခ် မှာဖတ်နိုင်ပါပြီ။
ကရင်မှာ DKBA ဘာကြောင့် အင်အားကြီးလာလဲ
မြဝတီမြို့တောင်ပိုင်းက ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျောက်ခတ်ရွာ ဟာ အရင်က တောင်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမဲ့ အခုတော့ အမေရိကန်က ဆုကြေးထုတ်ထားရတဲ့နယ်မြေတစ်ခုဖြစ်လာပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ အဲဒီရွာမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ ကြီးထွားလာခဲ့ပြီး ဒီရွာဟာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အတွက် စီးပွားရေးအချက်အချာနေရာ ဖြစ်လာခဲ့ပါတယ်။
တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ DKBA လက်တွဲ လုပ်ကိုင်ချိန်ကစလို့ ဝင်ရောက်လာတဲ့ တပ်သားအသစ်တွေ တဖြည်းဖြည်းများလာပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ယှဥ်ရင် တပ်ဖွဲ့အင်အား ငါးဆကျော်များလာပါတယ်။
DKBA ရဲ့ သစ္စာ အဓိဋ္ဌာန် လေးရပ်မှာ "ကိုယ့်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါမည်" ဆိုတဲ့တချက်ပါဝင်ပေမဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့အလုပ်တွဲလုပ်ရင်း အင်အားကြီးလာခဲ့ပါပြီ။
ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဖတ်နိုင်ပါပြီ။
အာဆီယံဘုံ ၅ ချက်ကို အကောင်အထည်မဖော်သရွေ့ မြန်မာကို အာဆီယံမှာ နေရာမပေးဖို့ APHR ပြော
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုတွေ တိုးတက်မှုတွေ မရှိသရွေ့ မြန်မာက စစ်အသွင်ပြောင်း အစိုးရကို အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေမှာ နေရာမပေးဖို့လိုတယ်လို့ လူအခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ထုတ်ပြန်ပါတယ်။
အလားတူ နေပြည်တော်ကနေ မြန်မာက အာဆီယံအထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ဘူးလို့ ငြင်းပယ်တာကလည်း ဒီအတွက်တာဝန်ခံမှုကနေ ရှောင်လွှဲဖို့ ကြိုးပမ်းမှုလို့ APHR က ဆိုပါတယ်။
ဩဂုတ် ၉ ရက်က နေပြည်တော်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အသစ် ကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့နဲ့ သူ့ရဲ့အခန်းကဏ္ဍ ဆက်ရှိနေဖို့မလိုတော့ဘူးဆိုတဲ့ ထုတ်ပြန်ချက်အပေါ်မှာ APHR က အခုလိုတုံ့ပြန်လာတာဖြစ်ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ကိုယ်စားလှယ်နဲ့ နေပြည်တော်မှာ တွေ့ဆုံခွင့်ပေးခဲ့ပြီးတဲ့နောက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် က ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားထိန်းသိမ်းခံထားရသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ဩဂုတ် ၇ ရက်က တောင်းဆိုထုတ်ပြန်ထားပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ တောင်းဆိုချက်တွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်နဲ့ တရားဥပဒေစိုးမိုးရေးအခြေခံမူတွေအပေါ် သက်ရောက်မှုရှိစေတယ်လို့ နေပြည်တော်ဘက်က ဝေဖန်ထားပါတယ်။ နေပြည်တော်ဘက်က သံတမန်မလိုဘူးလို့ ပြောလာတာဟာ ပုံမှန်အစိုးရတစ်ရပ်လို ဖြစ်စေဖို့ သူ့ကိုယ်သူ ပုံဖော်ထားတာလို့ APHR ရဲ့ ပူးတွဲဥက္ကဋ္ဌက ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်မှာ ထည့် ပြောပါတယ်။
တစ်ဖက်မှာလည်း ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရာထူးရယူတဲ့ ရက် ၁၀၀ ပြည့်မိန့်ခွန်းမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်မဟုတ်ဘူးလို့ ပြောထားပါတယ်။
APHR ကတော့ စစ်မှန်တဲ့ အတိုက်အခံအဖွဲ့အစည်းတွေ မပါဘဲကျင်းပထားတဲ့ ရွေးကောက်ပွဲကတဆင့် ဖြစ်လာတဲ့ စစ်အစိုးရအနေနဲ့ ဘုံသဘောတူညီချက်တွေကို ရုပ်သိမ်းလို့ရတဲ့ အကြောင်းပြချက်မရှိဘူးလို့ ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာက သံတမန်မလိုဘူးလို့ ပြောဆိုချက်ကို လျစ်လျူရှုပြီး နိုဝင်ဘာ ထိပ်သီးအစည်းအဝေးမှာ စံသတ်မှတ်ချက်တွေနဲ့ ရေရှည်လုပ်ဆောင်ရမယ့် အထူးသံတမန် ခန့်အပ်မှုကို အတည်ပြုပေးဖို့ကိုလည်း APHR က တောင်းဆိုထားပါတယ်။
သဖန်းဆိပ်ဆည်ကနေ ရေထပ်ဖောက်ချလို့ မူးမြစ်ဘေးနေသူတွေ အမြန်ရွှေ့ကြဖို့ ကယ်ဆယ်ရေးအဖွဲ့တွေ တိုက်တွန်း
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်ကနေ ဒီနေ့ ဩဂုတ်လ ၁၃ ရက်မှာ ရေထပ်မံ ဖောက်ချထားတာကြောင့် မူးမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လာပြီး ရေကြီးမှုထပ်ဖြစ်နိုင်လို့ ရေလွတ်ရာနေရာတွေကို အမြန်ရှောင်ရှားကြဖို့ စစ်ကိုင်းတိုင်းထဲက ကယ်ဆယ်ရေးအဖွဲ့တချို့က သတိပေးလာပါတယ်။
သဖန်းဆိပ်ဆည်ကနေ ဒီနေ့ ဩဂုတ် ၁၃ ရက် မနက် ၆ နာရီနဲ့ နေ့လယ် ၁ နာရီတို့မှာ စုစုပေါင်း ၂ ကြိမ် ရေဧကပေများစွာ ဆည်ရေလွှတ်ခဲ့တယ်လို့ရေလွှတ်မှုကို စောင့်ကြည့်နေတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒီပဲယင်းမြို့နယ်ထဲက ရွာတချို့မှာ ရေအနည်းငယ်ပြန်ကျခဲ့တာကြောင့် ရွာထဲပြန်နေကြတဲ့ ဒေသခံတွေကိုလည်း နေရာကနေ အမြန် ပြန်ရှောင်ရှားကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတိပေးတိုက်တွန်းနေပါတယ်။
ရေဘေးသင့်နေတဲ့ ခင်ဦး၊ မြင်းမူနဲ့ တန့်ဆည်မြို့နယ်တွေမှာလည်း မူးမြစ်တလျှောက်ရွာမှာရှိနေသေးတဲ့ ဒေသခံတွေကို ဘေးလွတ်ရာအမြန်ရှောင်ရှားကြဖို့ အသံချဲ့စက်တွေနဲ့ ဆော်ဩနေတယ်လို့ အဲဒီက ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့က ပြောပါတယ်။
ဩဂုတ်ပထမသီတင်းပတ်က မိုးသည်းထန်စွာရွာပြီး သဖန်းဆိပ်ဆည်ကနေ ပေ ၁ သိန်းခွဲကျော် ရေဖောက်ချခဲ့သလို ဆည်နဲ့ မူးမြစ်ရိုးတလျှောက်က ရွှေမျောလုပ်ငန်းတွေကြောင့် နုန်းတင်ကျန်ပြီး မြစ်ကောတာကြောင့် စစ်ကိုင်းတိုင်းထဲကမြို့ အချို့ ကို နာရီပိုင်းအတွင်းရေ အလုံးအရင်းဝင်ရောက်ခဲ့ပါတယ်။
NUG ကတော့ စစ်ကိုင်းတိုင်းထဲ မြို့နယ် ၁၀ ခုက လူဦးရေ ၂ သိန်းကျော်ရေဘေးသင့်နေတယ်လို့ အစောပိုင်းကတည်းက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကတော့ စစ်ကိုင်းတိုင်းမှာ ကောလင်းနဲ့ ခင်ဦးမြို့နယ်တို့က ရေဘေး အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့မြို့တွေလို့ ပြောပါတယ်။
ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတော့ ကောလင်းမှာ ရေဘေးသင့်ပြည်သူ ၆၆,၀၀၀ ကျော်နဲ့အများဆုံးဖြစ်ပြီး ခင်ဦးကတော့ ၃၃,၉၀၀ ကျော်ရှိပြီး ဒုတိယအများဆုံးလို့ ရေးသားထားပါတယ်။
NUG ရဲ့ မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး ဩဂုတ် ၁၂ ရက်က ထုတ်ထားတဲ့ အစီရင်ခံစာမှာတော့ စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတို့က မြို့နယ်ပေါင်း ၂၁ က လူပေါင်း ၄၅၀,၀၀၀ ကျော် ရေဘေးသင့်နေတယ်လို့ ဖော်ပြထားပါတယ်။
တိုင်း ၃ ခု ရေဘေးအတွင်း သေဆုံးသူ ၂၅ ဦးအထိရှိပြီး ပျောက်ဆုံးသူ ၈ ဦးရှိတယ်လို့ NUG ရဲ့စာရင်းမှာတွေ့ရပါတယ်။
နေပြည်တော်ကတော့ စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီက သူတို့ထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ရေဘေးအန္တရာယ်အတွက် ဒေသခံတွေကို ပြောင်းရွှေ့ပေးတာတွေနဲ့ ကူညီထောက်ပံ့မှုတွေလုပ်ပေးနေတယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာကနေ ဆက်တိုက်ထုတ်ပြန်နေပါတယ်။
စစ်ရေးနယ်မြေဖြစ်တဲ့ စစ်ကိုင်းမှာတော့ ကယ်ဆယ်ရေး အလုံအလောက်မရှိလို့ ကူညီထောက်ပံ့ရေးမှာ အခက်အခဲဖြစ်နေပြီး ရေဘေးသင့်ဒေသခံတွေအတွက် အကူအညီအများအပြားလိုအပ်နေတယ်လို့ ဒီပဲယင်း ပအဖက ပြောပါတယ်။
ထိုင်းမှာလုပ်မယ့် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေး နေပြည်တော်ဝန်ကြီးတက်မယ်
ဘန်ကောက်မြို့မှာ သြဂုတ်နောက်ဆုံးပတ်မှာ ပြုလုပ်မယ့် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးကို နေပြည်တော် အလုပ်သမားဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်မယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီး ဂျူလာပွန် အမွန်ဝီဝပ်က ဘီဘီစီကိုပြောပါတယ်။
၂၉ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့မှာ သြဂုတ် ၂၃ ရက်ကနေ ၂၈ ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးမှာ ဒီနေ့ပြုလုပ်တာဖြစ်ပါတယ်။
“မြန်မာအလုပ်သမားဝန်ကြီး တက်ရောက်မယ်လို့ သိထားပါတယ်။ ဦးမင်းအောင်လှိုင်ခရီးစဥ်နဲ့လိုက်လာတုန်းကလည်း သူ(မြန်မာအလုပ်သမားဝန်ကြီး)ကALMM အစည်းအဝေးတက်မယ်လို့ ပြောသွားပါတယ်“လို့ ထိုင်းအလုပ်သမား ဝန်ကြီး ဂျူလာပွန် အမွန်ဝီဝပ်က ဘီဘီစီကိုပြောပါတယ်။
မြန်မာအလုပ်သမားဝန်ကြီးနဲ့ ဒီအစည်းအဝေးမှာ အဓိကဆွေးနွေးမယ့် အကြောင်းအရာ တွေကိုတော့ ထိုင်းအလုပ်သမားဝန်ကြီးက ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ဦးခင်မောင်စိုးဟာ ဒီလအစပိုင်းတုန်းက ထိုင်းနိုင်ငံကို လာရောက်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ခရီးစဥ် မှာလည်းလိုက်ပါခဲ့တာပါ။
ဒီခရီးစဥ်မှာတုန်းကလည်း ထိုင်းအလုပ်သမားဝန်ကြီးနဲ့ နှစ်နိုင်ငံလုပ်သားရေးရာ နားလည်မှုစာချွန်လွှာ MoU နဲ့ လုပ်သားခေါ်ယူခြင်းဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေး ထိုးခဲ့ပါတယ်။
အလုပ်ခန့်ထားရေး၊ အလုပ်လုပ်ကိုင်ခွင့်အထောက်အထားထုတ်ပေးရေး၊ အလုပ်သမား အငြင်းပွားမှုဖြေရှင်းရေးနဲ့ လုပ်ငန်းခွင်ပြီးဆုံးချိန်မှာ သက်ဆိုင်ရာ နိုင်ငံကို ပြန်လည် ပို့ဆောင်ရေးအတွက် ပိုရှင်းလင်းတဲ့ မူဘောင်တွေ သတ်မှတ်ခဲ့တယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်မှာ တွေ့ရပေမဲ့ အသေးစိတ်အချက်အလက်တော့မသိရပါဘူး။
၂၉ ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးမှာတော့ အာဆီယံနိုင်ငံတွေအပြင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားစတဲ့ ၃ နိုင်ငံကလည်း ဆွေးနွေးဖက်နိုင်ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပါတယ်။
ဒီအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံလူ့စွမ်းအားအရင်းအမြစ်တွေကို နိုင်ငံ တကာအသိအမှတ်ပြုဖို့အတွက် ကျွမ်းကျင်မှုလက်မှတ် အကောင်အထည်ပေါ်ဖို့ အဓိကတွန်း အားပေးဆွေးနွေးကြမှာဖြစ်ပါတယ်။
ထိုင်းဘက်ကတော့ အာဆီယံကျွမ်းကျင်မှုသင်တန်း၊ အာဆီယံအလုပ်သမားကျွမ်းကျင်မှုစံနှုန်းနဲ့ အာဆီယံကျွမ်းကျင်မှုစင်တာများ အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးရေး မူဘောင် ၃ ခုကို ၂၀၂၆ ကနေ ၂၀၃၀ ခုနှစ်အတွင်း အကောင်အထည်ဖော်ဖို့ ဆွေးနွေးမယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာကို အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးရာထူးယူထားသူတွေကို တက်ရောက်ခွင့်မပေးဘူးလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။
အခု နေပြည်တော်ရဲ့ အလုပ်သမား ဝန်ကြီးကတော့ ဘယ်လိုအခြေအနေနဲ့ တက်ရောက်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရပါဘူး။
စစ်မှုထမ်းထဲထည့်တဲ့ရာအိမ်မှူးကို စစ်မှုထမ်းပြန်က ဓားနဲ့ထိုးမှုဖြစ်
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူးတစ်ဦးကို ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂ ဆင်း အမျိုးသားတစ်ဦးက ဓားနဲ့ထိုးမှုဖြစ်ခဲ့တယ်လို့ အလယ်ရပ်ကွက်မှာနေထိုင်သူတစ်ဦးနဲ့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဓားထိုးမှုကျူးလွန်တဲ့ အမျိုးသားဟာ ရာအိမ်မှူးအပေါ် သူ့ကိုစစ်မှုထမ်းစာရင်းထဲထည့်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေလည်တာကြောင့် အခုလိုလုပ်တာလို့ သိရတဲ့အကြောင်း အလယ်ရပ်ကွက်နေမြို့ခံတစ်ဦးက ဘီဘီစီကို ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ ပြောပါတယ်။
အလယ်ရပ်ကွက်မှာနေထိုင်သူတစ်ဦးရဲ့ ပြောပြချက်အရ ကျူးလွန်တဲ့ အမျိုးသားကို ရာအိမ်မှူးက ပြီးခဲ့တဲ့ ၂ နှစ်၊ ၂၀၂၄ ခုနှစ်က စစ်မှုထမ်းသင်တန်းစာရင်းထဲထည့်ခဲ့တာလို့ ဆိုပါတယ်။
ဩဂုတ် ၁၁ ရက်ကဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ ရာအိမ်မှူးဟာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာထိုင်နေချိန် ဓားနဲ့အထိုးခံလိုက်ရတာဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်မှာ ဓားနဲ့ ထိုးသွင်း ဒဏ်ရာ ၅ ချက်ရခဲ့ပါတယ်။
ဓားထိုးခံခဲ့ရတဲ့ ရာအိမ်မှူးဟာ ဒီနေ့ ဩဂုတ် ၁၃ ရက်အထိ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ကျူးလွန်တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီး သူ့ကို ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှာ လူသတ်ရန်ကြံစည်မှုနဲ့ ကနဦးအမှုဖွင့်ထားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။
မြန်မာသံအမတ်ဟောင်း ဦးကျော်စွာမင်း သံအမတ်နေအိမ်က ပြောင်းရွှေခြင်းမရှိလို့ ဗြိတိန်မှာ တရားရင်ဆိုင်နေ
ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းဟာ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တွေကို လက်မခံဘဲဆန့်ကျင်ခဲ့တာကြောင့် ရာထူးကနေ ဖယ်ရှားခံရပြီးနောက် သံတမန်နေအိမ်ကနေ ပြောင်းရွှေ့မပေးဘဲ ခွင့်ပြုချက်မရှိဆက်လက်နေထိုင်မှုနဲ့ ဗုဒ္ဓဟူးနေ့က လန်ဒန်တရားရုံးမှာ တရားရင်ဆိုင်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာ ဦးကျော်စွာမင်းဟာ မြန်မာနိုင်ငံက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် သံရုံးထဲ ဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ သူ့နေရာကို အဲဒီအချိန်က စစ်ကောင်စီဘက်က သံအမတ်အဆင့်မဟုတ်တဲ့ သံရုံးအကြီးအကဲ တစ်ယောက်က အစားထိုးတာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ ဦးကျော်စွာမင်းဟာ လန်ဒန်အနောက်မြောက်ပိုင်းမှာရှိတဲ့ သံအမတ်နေအိမ်ကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပြီး လက်ရှိအချိန်အထိ အဲဒီမှာ နေထိုင်နေပါတယ်။
၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ အဲဒီနေအိမ်မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်ခဲ့မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က တရားစွဲဆိုခံခဲ့ရပါတယ်။
ခွင့်ပြုချက်မရှိဘဲ နေထိုင်ခဲ့မှုဆိုကာ မြန်မာသံရုံးဘက်က ဗြိတိန်ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာကနေ အမှုဖြစ်မြောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ သတ်မှတ်ခံရပြီးနောက် ဗြိတိန်အစိုးရရဲ့ တရားစွဲဆိုရေးအဖွဲ့က တရားလိုအဖြစ် ဆက်လက်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် ဦးကျော်စွာမင်းကတော့ လက်ရှိ မြန်မာအစိုးရဟာ တရားဝင်မှုမရှိဘူးလို့ ခုခံထားပါတယ်။
အာဏာသိမ်းခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရဟာ အတုအယောင်ရွေးကောက်ပွဲလို့ ဝေဖန်သူတွေနဲ့ အနောက်နိုင်ငံအစိုးရတွေက ပြောဆိုထားတဲ့ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာတာဖြစ်ပြီး၊ အဲဒီအစိုးရမှာ သူ့ကို နေအိမ်ကနေ ထွက်ခိုင်းပိုင်ခွင့် မရှိဘူးလို့ ဦးကျော်စွာမင်းက ပြောပါတယ်။
ဒါပေမဲ့ တရားလိုဘက်ကတော့ ဦးကျော်စွာမင်းရဲ့ သံအမတ်ရာထူးကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ရုပ်သိမ်းခဲ့တာဖြစ်ပြီး၊ တရားစွဲဆိုမှုအပေါ် ခုခံချေပနိုင်တဲ့ အကြောင်းပြချက် မရှိဘူး လို့ ပြောပါတယ်။
ဦးကျော်စွာမင်းဟာ Westminster Magistrates’ Court မှာ တရားရင်ဆိုင်နေချိန် တရားလိုရှေ့နေ လူးဝစ် အုတ်ကလီ ကတော့ သူ့ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာခင်မှာ သံအမတ်ရာထူးကနေ ပြန်လည်ခေါ်ယူခဲ့ပြီး သံအမတ်နေအိမ်ဖြစ်တဲ့ Myanmar House ကနေ ထွက်ခွာပေးဖို့ အမိန့်ပေးခဲ့တယ်လို့ တရားရုံးကို လျှောက်ထားပါတယ်။
အုတ်ကလီ က မြန်မာအာဏာပိုင်တွေဟာ ၂၀၂၁ ခုနှစ် ဧပြီလလယ်မတိုင်မီ “နိုင်ငံပိုင်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့” ဦးကျော်စွာမင်းကို ညွှန်ကြားခဲ့တယ်လို့ တရားရုံးကို ပြောပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သံအမတ်နေအိမ်ကနေ ထွက်ခွာဖို့ သူ့ကို ပြောကြားခဲ့ပေမယ့် ဦးကျော်စွာမင်းက လိုက်နာခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။
“သံအမတ်အဖြစ် Myanmar House မှာ နေထိုင်ခွင့်ရထားသူဖြစ်ပေမဲ့ အဲဒီရာထူးကနေ ဖယ်ရှားခံရပြီးနောက် သံတမန်နေအိမ်ကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့တာကြောင့် သံတမန်နေအိမ် ကျူးကျော်မှု ကျူးလွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်” လို့ အုတ်ကလီ က ပြောပါတယ်။
ဦးကျော်စွာမင်းကတော့ သူ အပြစ်မရှိကြောင်း ထွက်ဆို ထားပြီး သူ့ရှေ့နေ ဒေးဗစ်ပယ်ရီ က သူ့အမှုသည်ရဲ့ ရပ်တည်ချက်ဟာ “မြန်မာအစိုးရဟာ တရားဝင်မှုမရှိဘူး” ဆိုတာဖြစ်တယ်လို့ တရားရုံးကို ပြောပါတယ်။
“စစ်အာဏာပိုင်တွေဟာ သံတမန်လိပ်စာမှာ သူ့ကို နေထိုင်ခွင့်ပေးထားမှုကို တရားဝင် ရုပ်သိမ်းနိုင်မှာမဟုတ်သလို အဲဒီပိုင်ဆိုင်မှုကိုလည်း တရားဝင် အသုံးပြုခွင့် မရှိပါဘူး” လို့ သူက ပြောပါတယ်။ ဒါပေမဲ့ တရားလိုဘက်ကတော့ ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံအများစုက မြန်မာအစိုးရအပေါ်မှာ တရားဝင်အသိအမှတ်မပြုထားပေမဲ့ ဒါဟာ အမှုအပေါ် ခုခံချေပနိုင်တဲ့ အကြောင်းပြချက် မဖြစ်ဘူး လို့ ဆိုပါတယ်။
“သူ့ရဲ့ တရားဝင် နေထိုင်ခွင့်နဲ့ သံအမတ် ဒါမှမဟုတ် သံတမန်အဖွဲ့အကြီးအကဲအဖြစ် အဲဒီနေရာမှာ နေထိုင်ခွင့်အားလုံးကို တရားဝင် ရုပ်သိမ်းပြီးဖြစ်တယ်လို့ ကျွန်မတို့ဘက်က တင်ပြပါတယ်” လို့ အုတ်ကလီ က ပြောပါတယ်။
သူက ဆက်ပြီး “ဒီတရားခံက အာဏာသိမ်းမှုရဲ့ ရလဒ်နဲ့ မြန်မာနိုင်ငံမှာ အစိုးရဖွဲ့စည်းပေါ်ပေါက်လာပုံကို အသိအမှတ်မပြုချင်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဘက်က တင်ပြရရင် အဲဒါဟာ ဒီအမှုနဲ့ မသက်ဆိုင်ပါဘူး” လို့ ပြောပါတယ်။
အိမ်ဖြူတော်ပြောခွင့်ရ ကယ်ရိုလိုင်းလီဗစ် ရာထူးကနုတ်ထွက်မယ်
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရိုလိုင်းလီဗစ် ဟာ ဒီလကုန်မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာပါတယ်။
လီဗစ် ဟာ သူ့ရဲ့ “အယုံကြည်ရဆုံး လက်ထောက်တွေထဲက တစ်ဦး” ဖြစ်တယ်လို့ ထရမ့် ကပြောပါတယ်။ သူဟာ ကလေးငယ်တွေနဲ့ မိသားစုအတွက် အချိန်ပေးဖို့ ရာထူးကနေ ထွက်မှာဖြစ်ပြီး “ကျွန်တော် ဒါကို လုံးဝနားလည်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလေးစားပါတယ်” လို့ ထရမ့် က သူ့ရဲ့ Truth လူမှုကွန်ရက်မှာ ရေးသားပါတယ်။
“ကယ်ရိုလိုင်းဟာ အခုကစပြီး ကျွန်တော့်ရဲ့ အဓိက ပြင်ပအကြံပေးတွေထဲက တစ်ဦးဖြစ်လာမှာဖြစ်သလို ရီပတ်ဘလစ်ကန်ပါတီအတွင်းမှာလည်း သြဇာရှိတဲ့အသံတစ်ခု ဖြစ်နေဦးမှာပါ” လို့ သူက ထပ်ပြောပါတယ်။
အသက် ၂၈ နှစ်အရွယ် ကယ်ရိုလိုင်း ဟာ ပြီးခဲ့တဲ့နှစ်မှာ အိမ်ဖြူတော် ပြန်ကြားရေးအတွင်းဝန် ရာထူးကို စတင်တာဝန်ယူခဲ့ပြီး အဲဒီရာထူးကို ထမ်းဆောင်ဖူးသူတွေထဲ အသက်အငယ်ဆုံးသူ ဖြစ်ခဲ့ပါတယ်။
သူ့နေရာမှာ ဘယ်သူ့ ကို အစားထိုးမယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
လီဗစ်နဲ့ ခင်ပွန်းဖြစ်သူ နီကိုလပ်စ် ရစ်ချီယိုတို့ဟာ အခုနှစ် မေလမှာ ဒုတိယမြောက်ကလေးဖြစ်တဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ်။ သူ့ မှာ အသက် ၂ နှစ်အရွယ် သားတစ်ဦးလည်း ရှိပါတယ်။ ပြီးခဲ့တဲ့လက မီးဖွားခွင့်ကနေ အလုပ်ပြန်ဝင်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ရဲ့ ကြေညာချက်ထွက်လာပြီးနောက် X လူမှုကွန်ရက်မှာ လီဗစ်က သူ့ရဲ့ အလုပ်ဟာ “ဘဝတစ်လျှောက် အကြီးမားဆုံးဂုဏ်ယူစရာနဲ့ စွန့်စားခန်းတစ်ခု” ဖြစ်ခဲ့တယ်လို့ ရေးသားပါတယ်။
“ကမ္ဘာပေါ်မှာ အလုပ်တာဝန်အများဆုံး အလုပ်တွေထဲက တစ်ခုကို လုပ်ကိုင်နေရင်း မိခင်တစ်ယောက်ဖြစ်လာပြီး ကလေးတစ်ယောက်ကို ကြိုဆိုရတာဟာ ကျွန်မဘဝမှာ အကျေနပ်စရာအကောင်းဆုံး ဖြစ်သလို စိန်ခေါ်မှုအရှိဆုံးကာလလည်း ဖြစ်ခဲ့ပါတယ်” လို့ သူက ရေးသားပါတယ်။
မျိုးဆက်တစ်ဆက်အတွင်း တစ်ကြိမ်သာကြုံရတဲ့ ဥရောပတဝန်း နေကြတ်မှု
ဥရောပတဝန်း နေကြတ်မှုကြောင့် နေ့ခင်းဘက် အမှောင်ဖုံးလွှမ်းမျိုးဆက်တစ်ဆက်အတွင်း တစ်ကြိမ်သာ ကြုံရခဲတဲ့ နေကြတ်မှုကို ဗြိတိန်နဲ့ ဥရောပတစ်ဝန်း လူသန်းပေါင်းများစွာ စောင့်ကြည့်ခဲ့ကြပါတယ်။
ဒါက ဆယ်စုနှစ်များအတွင်း ဥရောပမှာ အထင်ရှားဆုံးဖြစ်ခဲ့တဲ့ နေကြတ်မှု ဖြစ်ပါတယ်။ လကြောင့် နေကို ခဏတာ ဖုံးကွယ်သွားချိန်မှာ ဥရောပတစ်ဝန်း နေ့ခင်းဘက်အချိန် အမှောင်ဖုံးလွှမ်းသွားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံတစ်ဝန်းက နေကြတ်မှုကို စောင့်ကြည့်သူအများစုဟာ နေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို လက ဖုံးကွယ်သွားတာကို မြင်တွေ့ခဲ့ကြပြီး၊ ဒါဟာ ၁၉၉၉ ခုနှစ်နောက်ပိုင်း အများဆုံး ဖြစ်ပါတယ်။
ဂရင်းလန်း၊ အိုက်စလန်နဲ့ စပိန်နိုင်ငံရဲ့ ဒေသတချို့မှာတော့ နေကြတ်တာကို အပြည့် (total eclipse) မြင်တွေ့ခဲ့ကြပါတယ်။အလင်းရောင် တဖြည်းဖြည်း မှိန်ဖျော့လာချိန်မှာ ဥရောပတစ်ဝန်းက လူအများအပြားဟာ လုပ်လက်စအလုပ်တွေကို ရပ်ပြီး ကောင်းကင်ကို မော့ကြည့်ကာ နေကြတ်မှုဖြစ်စဉ်ကို စောင့်ကြည့်ခဲ့ကြပါတယ်။လက နေကို လုံးဝဖုံးကွယ်သွားတဲ့ နေကြတ်ပြည့်လမ်းကြောင်း အတွင်း ရှိနေသူတွေဟာ နှစ်မိနစ်တောင် မပြည့်တဲ့အချိန်အတွင်း အမှောင်ထဲရောက်ရှိခဲ့ပြီးနောက် အလင်းရောင် ပြန်ထွက်ပေါ်လာခဲ့ပါတယ်။
ဦးမင်းအောင်လှိုင် ရုရှားသွားမယ်
လာမယ့်ရက်ပိုင်းအတွင်း နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားသွားဖို့ရှိပြီး ဘယ်လာရုစ်ကိုလည်း ဝင်ဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။
သြဂုတ် ၁၆ ရက်ကနေ စတင်မယ့် ဒီခရီးစဥ်ဟာ တစ်ပတ်ကျော်ကြာမြင့်နိုင်မယ် လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။
ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူပြီးကတည်းက အိမ်နီးချင်းနိုင်ငံတွေကို ခရီးထွက်ပြီးရာကနေ မဟာမိတ်ရုရှားဆီကိုပါ ထပ်သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် မတ်လက ဦးမင်းအောင်လှိုင် ဟာ ရုရှားကိုနောက်ဆုံးသွားရောက်ထားလို့ ၁ နှစ်ခွဲအတွင်း ထပ်သွားမယ့် ခရီးစဥ်လည်းဖြစ်ပါတယ်။
အိန္ဒိယ၊ တရုတ်နဲ့ လာအိုခရီးစဥ်တွေ ဆက်တိုက်ထွက်ခွာခဲ့ပြီး သြဂုတ်လထဲမှာလည်း ထိုင်းကို သွားထားပါတယ်။
ရုရှားခရီးစဥ်အတွင်း ဝင်ဖို့စီစဥ်ထားတဲ့ ဘယ်လာရုစ်ရဲ့ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုက နေပြည်တော်ကို ဇူလိုင် ၂ ရက်မှာ အလုပ်သဘောလာရောက်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ရန်ကုန်၊ကမာရွတ်မှာ အိမ်စီးကားထဲက ငွေကျပ်သိန်း ၆၀၀ ခိုးယူတဲ့သူကို ဖမ်းမိ
ရန်ကုန်၊ ကမာရွတ်မြို့နယ်မှာ အမျိုးသမီးတစ်ဦး ဘဏ်ကိုငွေအပ်နှံဖို့ ယူဆောင်လာတဲ့ ငွေသားသိန်း ၆၀၀ ခိုးယူခံရမှုမှာ ကျူးလွန်တဲ့သူကို ဖမ်းမိပြီလို့ သိရှိရပါတယ်။
ထုတ်ပြန်ချက်အရ ခိုးမှုကျူးလွန်ခဲ့တဲ့ တရားခံ ကိုဇော်လတ် (ခ) ကိုအောင်ဇော်လတ်ကို သူ့ရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုန်းကုန်းကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ ဩဂုတ် ၉ ရက်တုန်းက ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ကိုအောင်ဇော်လတ်နဲ့အတူ ငွေကျပ်သိန်း ၃၅၀ နဲ့ ခိုးယူထားတဲ့ပိုက်ဆံနဲ့ဝယ်ယူထားတဲ့ ရွှေလက်စွပ် ၂ ကွင်းကိုလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အရ ခိုးယူခံရတဲ့အမျိုးသမီးဟာ ငွေထုတ်ကို ကားထဲမှာထားထားပြီး ဘဏ်ထဲကိုဝင်ဖို့ ကားထဲကဆင်းပြီး တခါးလော့ချတဲ့အချိန်မှာ ကျူးလွန်တဲ့သူက ကားရဲ့ ဘယ်ဘက် အနောက်တံခါး လက်ကိုင်ကို လော့ချမရအောင် မတင်ထားပြီးမှ ခိုးယူခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်တုန်းက အမျိုးသမီးတစ်ဦးဟာ ကမာရွတ်မြို့နယ် အင်းစိန်လမ်းမပေါ်က MAB ဘဏ်အနီးလမ်းဘေးမှာ မောင်းလာတဲ့ကားကို လော့ခ်ပိတ်ရပ်ထားခဲ့ပြီးနောက် ငွေသားထည့်လာတဲ့အိတ်အထုပ်ကို သယ်ဖို့ ဘဏ်ဝန်ထမ်းတချို့ကို အကူအညီသွားတောင်းခဲ့ပါတယ်။
ဘဏ်ထဲမှာ ဝန်ထမ်းတချို့နဲ့ ၅ မိနစ်ဝန်းကျင် စကားပြောဆိုနေချိန်မှာ သူ့ရဲ့ ငွေထုတ်က အခိုးခံလိုက်ရတာလို့ အဲဒီအချိန်ကတည်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုမှာ အဲဒီအမျိုးသမီးက ပြောပြနေတာ တွေ့ရပါတယ်။
ငွေသားပျောက်ဆုံးပြီးနောက် အမျိုးသမီးဟာ ဘဏ်ဝန်ထမ်းတွေအပြင် အနီးနားက လူတွေကိုပါ အကူအညီတောင်းခံခဲ့ပြီး အော်ဟစ်ငိုကြွေးခဲ့တဲ့ ရုပ်သံဖိုင်လည်း အွန်လိုင်းပေါ် မှာ ပျံ့နှံ့ခဲ့ပါတယ်။
လက်ရှိမှာ ကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၇၉ ခိုးမှုနဲ့ အရေးယူဆောင်ရွက်မယ်လို့ အာဏာပိုင်တွေက ကြေညာထားပါတယ်။
ကလေးတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘာတွေ သတိထားရမလဲ
ကလေးတွေဟာ လူကြီးတွေထက် ဝမ်းပျက်ဝမ်းလျှောကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ခံနိုင်ရည်နည်းတာကြောင့် အထူးဂရုစိုက်ဖို့ UNICEF - ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ ရဲ့ အကြံပြုထားပါတယ်။
အကြံပြုချက်တွေအရ -
ကလေးမှာ ဝမ်းသွားတဲ့အခါ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေ ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။
ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်လို အရည်တွေ တိုက်ပေးနိုင်ပါတယ်။ သောက်ရေသန့် မရရှိရင် ရေကို ကျိုချက်ပြီး အအေးခံကာ တိုက်ပေးသင့်ပါတယ်။
ဝမ်းလျှောတဲ့အခါ အန်တာလည်း ဖြစ်နိုင်တဲ့အတွက် အရည်ကို တစ်ခါတည်း အများကြီးတိုက်တာထက် ပမာဏနည်းနည်းနဲ့ ခဏခဏ တိုက်ပေးတာက ပိုသင့်တော်ပါတယ်။
အစာကိုလည်း မဖြတ်ဘဲ ပူပူနွေးနွေးနဲ့ အစာကြေလွယ်တဲ့အစားအစာတွေ ကျွေးနိုင်ပါတယ်။ မိခင်နို့စို့နေတဲ့ ကလေးဆိုရင် မိခင်နို့ကို ဆက်တိုက်ပေးသင့်ပါတယ်။
ကလေးရေဓာတ်ခမ်းခြောက်တာ ဘယ်လိုသိနိုင်မလဲ
- အာခေါင်ခြောက်ပြီး ရေဆာလာတာ၊ ရေကို အငမ်းမရ သောက်တာ
- လသားကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်လာတာ
- မျက်တွင်းချိုင့်လာတာ
- မျက်ရည်နည်းလာတာ သို့မဟုတ် မျက်ရည်မထွက်တာ
- ဆီးနည်းလာတာ၊ အချိန်ကြာကြာ ဆီးမသွားတာ
ကလေးတွေအတွက် ဓာတ်ဆားထုပ်ကို အထုပ်ပေါ်မှာပါတဲ့ ညွှန်ကြားချက်အတိုင်း ရေပမာဏမှန်မှန်နဲ့ ဖျော်ပေးဖို့ အရေးကြီးပါတယ်။
ဖျော်ထားတဲ့ ဓာတ်ဆားရည်ကို ၂၄ နာရီအတွင်း အသုံးပြုသင့်ပြီး အဲဒီအချိန်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို မတိုက်ဘဲအသစ်ပြန်ဖျော်ပေးသင့်ပါတယ်။
ရေဓာတ်မခမ်းခြောက်သေးတဲ့ ကလေးတွေမှာတော့ ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆားရည် ၁၅၀ မီလီလီတာခန့် တိုက်ပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံပြုချက်တွေ ရှိပါတယ်။
ဘယ်အချိန်မှာ ဆေးရုံ၊ ဆေးခန်းသွားသင့်လဲ
အောက်ပါလက္ခဏာတွေရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။
- ကလေးက မှိန်းနေခြင်း၊ အလွန်အားနည်းခြင်း
- ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေရှိပြီး အရည်တိုက်လို့ မဝင်ခြင်း
- ဆက်တိုက်အန်ပြီး အရည်မဝင်ခြင်း
- အချိန်ကြာကြာ ဆီးမသွားခြင်း
- ဝမ်းသွားတဲ့အခါ သွေးပါခြင်း
ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
ဝမ်းလျှောရောဂါ ကာကွယ်ဖို့ လက်သန့်ရှင်းရေးနဲ့ သန့်ရှင်းတဲ့ရေ အသုံးပြုရေး က အရေးကြီးပါတယ်။
UNICEF က အောက်ပါအချိန်တွေမှာ သန့်ရှင်းတဲ့ရေနဲ့ ဆပ်ပြာအသုံးပြုပြီး လက်ကို သေချာဆေးဖို့ အကြံပြုထားပါတယ်။
- အစာမစားမီ
- ကလေးမစင်သန့်ရှင်းပေးပြီးတိုင်း
- ကလေးကို အစာမကျွေးမီ
- အိမ်သာတက်ပြီးတိုင်း
- အစားအစာ ပြင်ဆင်ချက်ပြုတ်ခြင်း မပြုမီ
ဒါ့အပြင် သောက်သုံးရေနဲ့ အဝတ်အစား လျှော်ဖွတ်ရာမှာ သန့်ရှင်းတဲ့ရေကို အသုံးပြုဖို့ လိုပါတယ်။ အိမ်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်သူရှိရင်လည်း နီးစပ်ရာ ကျန်းမာရေးဌာနမှာ ပြသပြီး ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံပြုချက်ကို ရယူဖို့ တိုက်တွန်းထားပါတယ်။
ရန်ကုန်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှု ရေပိုက်လိုင်းနဲ့ အစားအသောက်သန့်ရှင်းမှု ပြဿနာကြောင့်လို့ ကနဦးသုံးသပ်
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ပြန့်ပွားနေတာဟာ ရေပိုက်လိုင်းတွေအတွင်း ညစ်ညမ်းရေဝင်ရောက်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ ကနဦးသိထားရကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ဘီဘီစီကို ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ချိန်မှာ ရေပိုက်လိုင်းတချို့ ရေမြုပ်ခဲ့သလို ပိုက်လိုင်းပေါက်တာတွေလည်း ရှိခဲ့တာကြောင့် ညစ်ညမ်းတဲ့ရေတွေ ပိုက်လိုင်းအတွင်း ဝင်ရောက်ခဲ့တာကနေလည်း ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးဌာနဘက်ကလည်း ယူဆချက်ရှိတယ်လို့ သူက ဆိုပါတယ်။
“မိုးကြီးပြီး ရေတက်တော့ ပိုက်လိုင်းတွေ ရေမြုပ်တယ်။ တချို့နေရာမှာ ရေပိုက်လိုင်းပေါက်တာလည်းရှိတော့ ညစ်ညမ်းတဲ့ရေတွေက ပိုက်လိုင်းထဲကို ဝင်သွားတယ်၊ အဲဒီရေကို သုံးစွဲတာကနေ ဝမ်းပျက်ဝမ်းလျှောဖြစ်လာတယ်” လို့ သူက ပြောပါတယ်။
ဒါဟာ ပြည်သူ့ကျန်းမာရေးဌာနရဲ့ ကနဦးသုံးသပ်ချက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါကြောင့် မကြာသေးခင်က ရေကြီးရေလျှံမှု ဖြစ်ခဲ့တဲ့ လသာ၊ ကမာရွတ်၊ လမ်းမတော် အပါအဝင် ရေကြီးခဲ့တဲ့ မြို့နယ်တွေမှာ သောက်သုံးရေပိုက်လိုင်းတွေကို အရေးပေါ် သန့်ရှင်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ မြို့နယ်အာဏာပိုင်တွေက ကျန်းမာရေးဌာနကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
ရေတင်မက အစားအစာကို ကိုင်တွယ်ရောင်းချမှုနဲ့ ထုပ်ပိုးမှုတွေမှာ သန့်ရှင်းမှုအားနည်းတာကြောင့်လို့လည်း စိစစ်မှုတွေအရ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှော အစုလိုက်စတင်ဖြစ်ပွားမှုကို စိစစ်ချက်အရ ဒလီဗာရီကတဆင့်မှာယူစားသောက်တဲ့ အစားအစာတွေကြောင့် အများဆုံးဖြစ်ပွားတာကိုတွေ့ရပြီး လမ်းဘေးဆိုင်တွေမှာစားသောက်ကြသူတွေကိုလည်းတွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ တိုင်းကျန်းမာရေးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနနဲ့ ပြည်သူ့ကျန်းမာရေး အစာအိမ်အူလမ်းကြောင်းဌာန တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
လသာနဲ့ လမ်းမတော်မြို့နယ်က ရပ်ကွက်တချို့မှာလည်း ဩဂုတ် ၁၃ ရက်ကစပြီး လော်စပီကာအသုံးပြုကာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေ ပြုလုပ်နေတယ် လို့ အဆိုပါသတင်းရင်းမြစ်က ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်းက လသာ၊လမ်းမတော်အပါအဝင် မြို့တွင်းမြို့နယ်တချို့နဲ့ ဆင်ခြေဖုံးမြို့နယ်တွေအပါ မြို့နယ် ၇ ခုထက်မနည်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေ တိုးနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဒီကနေ့ သြဂုတ် ၁၃ ရက် ဖြေဆိုချက်အရ ဝမ်းပျက်ဝမ်းလျှောကြောင့် အသက် ၈၄ နှစ်အရွယ် သက်ကြီး ၁ ဦးသေဆုံးတယ်လို့ ပြောပါတယ်။
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၇၀ ကျော်ရှိလာ၊ ပိုးတွေ့သူ ၉၀ ကျော်ရှိ
ရန်ကုန်တိုင်းအတွင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ဦးရေ ၁၇၁ ဦးရှိနေပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ ၉၃ ဦး ရှိတယ်လို့ ရန်ကုန်ဆေးရုံကြီးသတင်းရင်းမြစ်က ဒီနေ့ ဩဂုတ် ၁၃ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
သြဂုတ် ၁၁ ရက် ကနေ သြဂုတ် ၁၂ ရက် ညပိုင်းအထိ အချက်အလက်အရ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၈၁ ဦးမှာ သက်သာလို့ ဆေးရုံဆင်းရသူ ၁၁ ဦး ရှိတာကြောင့် ဆေးရုံတက်နေရသူ ၁၇၀ ဦး ကျန်ရှိနေတယ်လို့ သူကဆိုပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတေ့ာ ဩဂုတ်လ ၁၁ ရက်အထိ ဆေးရုံတက်ရောက်ကုသနေရသူ ၉၈ ဦးရှိပြီး မနေ့ ဩဂုတ် ၁၂ ရက်မှာ လူနာ ၈၄ ဦးအထိ ထပ်တိုးလာတယ်လို့ ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှောကြောင့် အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာ ၁ ဦးသေဆုံးတယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကတေ့ာ ပိုးတွေ့ရှိသူတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူလို့ ပြောဆိုပြီး ၅၄ ဦးသာရှိတယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ အပြောအရ လမ်းမတော်၊လသာ၊ပန်းပဲတန်း၊ကျောက်တံတားမြို့နယ်တို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြတာဖြစ်ပြီး အစားအသောက်နဲ့ ရေစစ်ဆေးမှုတွေကို လုပ်နေတယ်လို့ ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေက ရန်ကုန်ဆေးရုံကြီးအပြင် ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေးရုံတို့မှာလည်းရှိနေပြီး တချို့ကတော့ ဆေးရုံဆင်းနိုင်ပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က မနေ့က ပြောထားပါတယ်။
ဝမ်းပျက်ဝမ်းလျှော အစုလိုက်စတင်ဖြစ်ပွားမှုကို စိစစ်ချက်အရ ဒလီဗာရီကတဆင့်မှာယူစားသောက်တဲ့ အစားအစာတွေကြောင့် အများဆုံးဖြစ်ပွားတာကိုတွေ့ရပြီး လမ်းဘေးဆိုင်တွေမှာစားသောက်ကြသူတွေကိုလည်းတွေ့ရတယ်လို့ သူက ဆိုပါတယ်။
ဝမ်းပျက်ဝမ်းလျှောဟာ ရန်ကုန်၊ မြို့တွင်းမြို့နယ်တွေအပြင် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံ(ဆိပ်ကမ်း)၊ဒလ၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် မြို့နယ် ၇ ခုထက်မနည်းမှာ ဖြစ်ပွားနေတာလို့ ရန်ကုန်ဆေးရုံကြီးရဲ့ သတင်းရင်းမြစ်တစ်ဦးက မနေ့က ပြောထားပါတယ်။
တစ်ချိန်တည်းမှာပဲ ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုမြင့်တက်လာလို့ ရန်ကုန်မြို့က လမ်းဘေးစားသောက်ဆိုင်တွေကို ဒီကနေ့ စလို့ ၃ ရက်အတွင်း ပိတ်သိမ်းထားဖို့ မြို့နယ်တွေမှာ အာဏာပိုင်တွေက လိုက်လံကြေညာနေပါတယ်။
မင်္ဂလာပါ။ ဩဂုတ် ၁၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။