ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်အပြောင်းအလဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ကရင်ပြည်နယ်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဒေါနတောင်တန်းကြီးဟာ ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေရဲ့ ပုန်းခိုရာ နေရာသစ်တစ်ခု ဖြစ်လာပါတယ်။

ဒေါနတောင်ခြေမှာရှိတဲ့ သစ်ကတေကျေးရွာမှာ စိမ်းလန်းနေတဲ့ တောအုပ်တွေကြား မြေနီလမ်းတွေနဲ့အတူ ရောင်စုံတစ်ထပ်တိုက် အသစ်တွေက နေရာယူထားပါတယ်။

ဒီနှစ်ထဲမှာပဲ ဒီလိုမျိုး အဆောက်အအုံဝင်းတွေ တန်းစီဆောက်ထားတဲ့ ခြံဝင်းတွေ သစ်ကတေရွာအနီးမှာ ပိုတိုးပြီး တွေ့လာရတာလို့ မြဝတီဒေသခံတချို့က ထုတ်ပြောပါတယ်။

အဲဒီအဆောက်အအုံအသစ်တွေထဲမှာ မြန်မာနဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် တခြား နိုင်ငံခြားသားတွေထပ်မံစုဝေးနေထိုင်နေကြပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီလို့ မြဝတီမြို့ခံတချို့နဲ့ ဘီဘီစီသတင်းရင်းမြစ် ၅ ဦးထက်မနည်းက အတည်ပြုပါတယ်။

ကျားဖြန့်ဆိုက် ဘယ်လိုလည်ပတ်နေလဲ

ဒီနှစ်ထဲမှာမှ သစ်ကတေရွာမှာ ကျားဖြန့်ဝင်း ၃ ခုအထိ တိုးလာတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

"ဆိုက်တစ်ခုပြီးမှ တစ်ခုတိုးလာတာ၊ ဆိုက်ထဲမှာလည်း အရင်က တဲလေးတွေနဲ့ အခုက တိုက်တွေဖြစ်ကုန်ပြီ။ အကုန်လုံးက သစ်ကတေရွာတဝိုက်မှာပဲ" လို့ သူကဆိုပါတယ်။

နောက်ထပ် ပစ္စည်းပို့ဆောင်ရေးအလုပ်လုပ်ကိုင်နေတဲ့ မြဝတီမြို့ခံတစ်ဦးကတော့ သစ်ကတေကျေးရွာအနီးက ကရင်အမျိုးသားတပ်မတော် KNA ရဲ့ အမှတ် ၃၃၃ ဗျူဟာတပ်ရဲ့ အနောက်ဘက်ခြမ်းမှာ ကျားဖြန့်ဆိုက်တစ်ခုရှိပြီး အဲဒီဘေး မလှမ်းမကမ်းမှာ နောက်ထပ် ဆိုက်တစ်ခုကို တွေ့ရတယ်လို့ ဆိုပါတယ်။

"၃ ဆိုက်ရှိတာ ၂ ဆိုက်က သစ်ကတေရွာနားမှာ၊ နောက်တစ်ဆိုက်ကတော့ သစ်ကတေရွာတောင်ဘက် သစ်ကတေနဲ့ မဲပလဲ့ရွာကြားမှာရှိတာ" လို့ သူက ဆက်ပြောပါတယ်။

မဲ့ပလဲ့ရွာဟာ ဒေါနတောင်တန်းနဲ့ တောင်ပေါ်လမ်းဟောင်းတွေ ဆုံပြီးဖြတ်သန်းတဲ့ လမ်းကြောင်းပေါ်မှာ တည်ရှိပြီး မြဝတီဒေသတွင်းကုန်သွယ်ရေးနဲ့ ဒေသခံတွေရဲ့ ခရီးသွားလာရေးအတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မဲပလဲ့ရွာဟာ မြဝတီမြို့အနောက်မြောက်ဘက် ၁၂ မိုင်အကွာမှာရှိပါတယ်။

သစ်ကတေကျေးရွာကတော့ မြဝတီမြို့ မြောက်ဘက် မိုင် ၆၀ ကျော်ဝန်းကျင်မှာရှိပြီး ရွှေကုက္ကိုမြို့သစ်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိပါတယ်။

ကျားဖြန့်လုပ်ငန်းတွေရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အအုံတွေရှင်းလင်းခံခဲ့ရပြီးတဲ့နောက်ပိုင်း အဲဒီကလုပ်ငန်းအများစုဟာ သစ်ကတေကျေးရွာထဲကို ပြောင်းရွှေ့အခြေချလာကြတာလို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း KK Park ဝင်းကို စစ်တပ်စီးနင်းမှု မလုပ်ခင်ကတည်းက ကျားဖြန့်လုပ်ငန်းထဲက အဓိကခေါင်းဆောင်ပိုင်းဖြစ်ကြတဲ့ တရုတ်နိုင်ငံသားတွေနဲ့ ရာထူးကြီးအဆင့်ရှိသူတွေဟာ သစ်ကတေကျေးရွာအပါအဝင် မြဝတီမြို့နယ်ထဲက တခြားကျားဖြန့်ခွင်တွေဆီ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတယ်လို့ အဲဒီအချိန်ကတည်းက ဘီဘီစီသတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

အလားတူ KK Park ဝင်းကို ဖြိုချရှင်းလင်းရေးတွေအပြီးမှာလည်း တယ်လီဂရန်ချန်နယ်တွေမှာ မြဝတီဒေသက ကျားဖြန့်ရုံတချို့အတွက် အလုပ်ခေါ်စာတွေ မပြတ်ကြော်ငြာနေတာကိုလည်း ဆက်တိုက်တွေ့ခဲ့ရပါတယ်။

ကေကေပါ့ခ်စီးနင်းမှုဖြစ်ပြီး နောက်ပိုင်းကစလို့ "KK Park နဲ့ ရွှေကုက္ကိုမြို့ထဲက လုပ်ငန်းသုံးပစ္စည်းတွေ ကွန်ပျူတာ၊ ထိုင်ခုံ၊ ခုတင်၊ ကား အကုန်လုံးကို သစ်ကတေဘက် ရွှေ့လာတာ" လို့

ရွှေ့ပြောင်းခဲ့တဲ့အခြေအနေတွေကို မြင်တွေ့ခဲ့ရတဲ့ သတင်းရင်းမြစ်က ထပ်ပြီးအတည်ပြုပါတယ်။

မြန်မာစစ်တပ်ဟာ နယ်စပ် သောင်းရင်းမြစ်ကမ်းဘေးမှာရှိတဲ့ မယ်ထော်သလေးကျေးရွာအနီးက KK Park ကျားဖြန့်ဝင်းကို ၂၀၂၅ အောက်တိုဘာမှာ စီးနင်းမှုတွေလုပ်ပြီး ဝင်းထဲက အဆောက်အအုံအားလုံးနီးပါးကို ဖြိုချခဲ့ပါတယ်။

၂၀၂၆ ဇွန်လအတွင်းမှာပဲ KNA ထိန်းချုပ် ရွှေကုက္ကိုမြို့ထဲက ချိပ်ပိတ်ထားတဲ့ ကျားဖြန့်အဆောက်အအုံ တစ်ရာကျော်ကို ဖြိုချဖျက်ဆီးနေတဲ့ ဖြစ်စဉ်တွေကို သတင်းစာကနေ နေ့စဉ်နီးပါး ထုတ်ပြန်နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ မြဝတီ၊ ဒေါနတောင်ခြေက သစ်ကတေရွာနဲ့ အနီးတဝိုက်မှာတော့ သွပ်အပြာရောင်တွေနဲ့ လေးဘက်လေးတန် ကာရံထားတဲ့ ကျားဖြန့်ဝင်းကြီး ၃ ခုရဲ့ ပတ်ပတ်လည်မှာ လုံခြုံရေးအစောင့်အကြပ်တွေချထားတယ်လို့ မျက်မြင်တွေ့ရတဲ့ မြေပြင်သတင်းရင်းမြစ်ကာ ပြောပါတယ်။

သစ်ကတေကျေးရွာဟာ BGF အသွင်ပြောင်း ကရင်အမျိုးသားတပ်မတော်(KNA) ရဲ့ ဗိုလ်မှူးချုပ် စောတင်ဝင်း ထိန်းချုပ်ထားတဲ့ အမှတ် ၂ စစ်ဒေသထဲမှာ ရှိတာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ KNA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကတော့ KNA ဗိုလ်မှူးချုပ် စောတင်ဝင်းရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့က ဒီကျားဖြန့်ဝင်းတွေကို အကာအကွယ်ပေးထားတယ်လို့ ဘီဘီစီကို ဇွန်လ ၂၄ ရက်မှာ အတည်ပြုပါတယ်။

သစ်ကတေက ကျားဖြန့် ဗဟိုချက်အသစ်လား

သစ်ကတေရွာက ကျားဖြန့်ဝင်း ၃ ခုလုံးမှာ အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေ ဒီနှစ်ထဲမှာပဲ စတင်လည်ပတ်နေတာလို့ အဲဒီဝင်းတွေထဲမှာ လုပ်ကိုင်နေတဲ့ မြို့ခံ တချို့က ဘီဘီစီကို ပြောပါတယ်။

အဲဒီမှာ ကျားဖြန့်လုပ်နေတဲ့သူတွေအနေနဲ့ ပထမဆုံးရတဲ့ လစာထဲက ထိုင်းဘတ်ငွေ ၃၀၀၀ (ကျပ်ငွေပြင်ပငွေလဲနှုန်းပေါက်ဈေး ၄ သိန်းနီးပါး) ကို ဂိတ်ကြေးဆိုပြီး ပေးဆောင်ခဲ့ရတယ်လို့ သစ်ကတေက ကျားဖြန့်ဆိုက်တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

"ဂိတ်ကြေး ဘတ် ၃၀၀၀ က လက်နက်ကိုင်တပ်ကို ပေးရတဲ့သဘောပဲ" လို့ သူက ထုတ်ပြောပါတယ်။

အလုပ်ခေါ်စာမှာကတည်းက ထိုင်းဘတ် ၃၀၀၀ ကို ပြန်နုတ်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

တယ်လီဂရန်ချန်နယ်တချို့နဲ့ တစ်တော့လူမှုကွန်ရက်မှာလည်း သစ်ကတေက ကျားဖြန့်လုပ်ငန်းအတွက် တရုတ်နဲ့ အင်္ဂလိပ်စကားပြန် အလုပ်ခေါ်စာတွေ ဆက်တိုက်ကြော်ငြာနေပါတယ်။

"စကားပြန်ဆိုပေမယ့် ကျားဖြန့်ပဲလုပ်ရတာ၊ တရုတ်နဲ့ အင်္ဂလိပ်ဘာသာ ရေးတတ်ပြောတတ်ရင် လစာကို တစ်လ ထိုင်းဘတ်ငွေ ၁၇,၀၀၀ ကနေ ၂၅,၀၀၀ ဝန်းကျင်(ကျပ်ငွေ ပြင်ပငွေလဲနှုန်းပေါက်ဈေး ၂၂ သိန်းနဲ့ ၃၂ ကျော်ဝန်းကျင်)ရတယ်"လို့ သစ်ကတေကျားဖြန့်ဝင်းထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။

ကျားဖြန့်ဝင်းတစ်ခုစီမှာ တစ်ထပ်တိုက်အဆောက်အဦး ဆယ်ချီရှိနေပြီး ကျားဖြန့်ဆိုက် ၃ ခုလုံးမှာရှိတဲ့ အဆောက်အဦတွေဟာ ပုံစံတူတွေဖြစ်တယ်လို့ သစ်ကတေ ကျားဖြန့်ဝင်းထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ကျားဖြန့်ဝင်းတွေထဲမှာ စားသောက်ဆိုင်၊ အရက်ဘား၊ ကာရာအိုကေခန်း၊ ကော်ဖီဆိုင်၊ အနှိပ်ခန်းတွေနဲ့ စည်ကားနေသလို ဝင်းတစ်ခုချင်းစီမှာ ညဘက်ဆိုရင် ဈေးပတ်ဝယ်လို့ရတဲ့ ဈေးဆိုင်တန်းလည်းရှိနေပြီလို့ အဲဒီဝင်းတွေထဲ လုပ်ကိုင်နေသူတချို့က ထုတ်ပြောပါတယ်။

၂၀၂၆ ဇွန်လထဲမှာပဲ သစ်ကတေက ကျားဖြန့်ဝင်း ၃ ခုလုံးမှာ နောက်ထပ် ပုံစံတူ အဆောက်အဦအသစ်တွေ ထပ်ပြီးဆောက်လုပ်နေတယ်လို့ အဲဒီမှာအလုပ်လုပ်နေတဲ့ ပန်းရံသမားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"နောက်ထပ်လည်း အဆောက်အဦဆယ်ချီထပ်ဆောက်ဖို့ရှိတယ်"လို့ သူက ထုတ်ပြောပါတယ်။

လက်ရှိ သစ်ကတေ ကျားဖြန့်ဝင်း ၃ ခုက ဝန်ထမ်းတွေ နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ တစ်ထပ်တိုက် အဆောက်အဦဆယ်ချီတွေကို KNA လက်နက်ကိုင်တပ်က ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စတင်ဆောက်လုပ်ခဲ့တာလို့ သူကဆိုပါတယ်။

တစ်တော့ လူမှုကွန်ရက်က အလုပ်ခေါ်ကြော်ငြာနဲ့အတူ တွဲပြီးဖော်ပြထားတဲ့ ရုပ်သံဖိုင်တချို့မှာလည်း ဆောက်လက်စ အဆောက်အဦအသစ်တွေကို မြင်တွေ့ရပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ အမြစ်ပြတ်နိုင်လား

မြဝတီဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ တရုတ်နဲ့ မြန်မာစစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေသလို အမေရိကန်နိုင်ငံကလည်း ဒီအရေးဖြေရှင်းဖို့ အမေရိကန် ထောက်လှမ်းရေးဗျူရို(FBI)နဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းနှိမ်နင်းတာတွေ ၂၀၂၆ ပထမနှစ်ဝက်ထဲမှာပဲ အကောင်အထည်ဖော်နေပါတယ်။

တစ်ဖက်မှာလည်း KK Park စီးနင်းမှုအပြီး ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသား သောင်းနဲ့ချီကို မြန်မာအာဏာပိုင်တွေက နေရပ်ပြန်ပို့ခဲ့ပါတယ်။

ဒါပေမဲ့ မြဝတီဒေသထဲမှာ ဒီလုပ်ငန်းတွေ အမြစ်ပြတ် ပျောက်ကွယ်သွားတာမတွေ့ရပါဘူး။

အုပ်ချုပ်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ပုဂ္ဂလိက သင်တန်းကျောင်း ဒါရိုက်တာဖြစ်တဲ့ စောကပီကတော့ နိုင်ငံအတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ အမြစ်တွယ်ကြီးပွားလာတာမျိုးမဖြစ်အောင် မြဝတီမှာ စီးနင်းမှုတွေလုပ်ခဲ့တဲ့အချိန်ကတည်းက ဒေသထဲမှာ ပြန့်ကျဲနေတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်လုပ်သားတွေကိုပါ စုံစမ်းစစ်ဆေးတာတွေ အသေးစိတ်လုပ်ဖို့ လိုတယ်လို့ အစောပိုင်းကတည်းက ထောက်ပြခဲ့ပါတယ်။

မြန်မာအပါအဝင် ဘယ်နိုင်ငံသားမဆို နည်းပညာမြင့်မြင့်နဲ့ စနစ်တကျ လိမ်လည်နေတဲ့သူတွေဖြစ်တာကြောင့် "အဆင့်မြင့်နည်းပညာ သုံးပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ စုံစမ်းစစ်ဆေးဖို့လိုပါမယ်" လို့ စောကပီက မှတ်ချက်ပြုပါတယ်။

KK Park ကျားဖြန့်ဝင်း စီးနင်းမှုအပြီး လပိုင်းအကြာမှာပဲ အဲဒီဝင်းအနီးမှာ နောက်ထပ်ကျားဖြန့်ခွင်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။

အဲဒီကျားဖြန့်ခွင်အသစ်ကို ကေကေပါ့ခ် တူးပွိုင့်ဇီးရိုးလို့ နာမည်ပေးထားပြီး မြဝတီမြို့နယ်၊ မယ်ထော်သလေးဒေသထဲက မူလ KK Park ရဲ့အနောက်ဘက်ခြမ်း ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတယ်လို့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့က အတည်ပြုထားပြီးဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ အမြစ်မပြတ်တဲ့အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ မြန်မာက အာဏာပိုင်တွေအနေနဲ့ ကျားဖြန့်နှိမ်နင်းရေးမှာ လျော့ရဲမှုတွေရှိနေတယ်လို့ ပြောပါတယ်။

နိုင်ငံအကျိုးစီးပွားကို မထိခိုက်တဲ့ လုပ်ငန်းတွေနဲ့ အောက်ခြေအဆင့်ကျားဖြန့်ဝန်ထမ်းတွေကိုပဲ အရေးယူတာ၊ သက်ဆိုင်ရာ နိုင်ငံတွေဆီပြန်ပို့ခဲ့တာတွေကြောင့်လို့ သူက ဆိုပါတယ်။

အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေကလည်း ဒီလိမ်လည်မှုလုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိရောက်တဲ့ဖြတ်တောက်မှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။

"အာဏာပိုင်အကာအကွယ်၊ ငွေကြေးစနစ်နဲ့ အဆောက်အအုံတွေအပြင် နည်းပညာဆိုင်ရာ အထောက်အပံ့တွေကိုလည်း ထိထိရောက်ရောက်ဖြတ်တောက်ဖို့လိုတယ်"လို့ သူက အစောပိုင်းကတည်းက ထောက်ပြထားပါတယ်။

တစ်ဖက်မှာလည်း ဒေါနတောင်ခြေမှာရှိတဲ့ သစ်ကတေကျေးရွာလို တော၊ တောင်ထူထပ်တဲ့နေရာမှာ ကျားဖြန့်လုပ်ငန်းတွေရဲ့ ဗဟိုချက်အဖြစ် တန်ခိုးထွားလာမယ်ဆိုရင် နှိမ်နင်းဖို့ရာ ခက်ခဲမယ်လို့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ အကဲခတ်တစ်ဦးက အချက် ၂ ချက်နဲ့ ထောက်ပြပါတယ်။

"တောင်တန်းထူထပ်တယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် စစ်ဆေးတဲ့ ယန္တရားတွေ အလွယ်တကူမရောက်နိုင်ဘူးပေါ့" လို့ သူကဆိုပါတယ်။

နောက်တစ်ချက်ကတော့ နယ်မြေဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ စိုးမိုးနယ်မြေလို ဖြစ်နေတာကြောင့် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီနေရာတွေကို သဘောတူညီချက်မရှိဘဲ ဝင်ရောက်ဖမ်းဆီးဖို့ အဟန့်အတားရှိနိုင်တယ်လို့လည်း သူက မှတ်ချက်ပြုပါတယ်။

မြဝတီမှာ မြန်မာစစ်တပ်စီးနင်းခဲ့တဲ့ ကျားဖြန့်ဝင်း KK Park နဲ့ ရွှေကုက္ကိုမြို့သစ်တို့ဟာ BGF အသွင်ပြောင်း ကရင်လက်နက်ကိုင်တပ် KNA တို့ ထိန်းချုပ်မှုအောက်ကနေရာတွေဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် စောတင်ဝင်းထိန်းချုပ်မှုအောက်မှာရှိတဲ့ သစ်ကတေကျေးရွာမှာ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေတဲ့အပေါ် KNA အနေနဲ့ အရေးယူတားဆီးဖို့ရှိမလားလို့ KNA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို ဘီဘီစီက မေးမြန်းရာမှာတော့ " စစ်ရေးအရ ပူးပေါင်းမှုတွေရှိပေမယ့် အကျိုးစီးပွားတွေပါလာရင် သက်ဆိုင်ရာ စစ်ဒေသအလိုက် တပ်အင်အားနဲ့ နယ်မြေစိုးမိုးမှုက စကားပြောတယ်" လို့ ပြောပါတယ်။

ဒီဆောင်းပါးနဲ့ပတ်သက်လို့ ဗိုလ်မှူးချုပ် စောတင်ဝင်းကို မေးမြန်းဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ခဲ့ပါဘူး။