ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှီရဲ့အမေရိကန်ခရီး- ကုန်သွယ်မှု၊ အေအိုင်၊ ထိုင်၀မ်နဲ့ အီရန်အရေး ဘယ်ကိန်းဆိုက်နိုင်
- ရေးသားသူ, ကျန်းယောင်းယု
- ရာထူးတာဝန်, ဘီဘီစီ တရုတ်ဘာသာစကားဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံဖို့ အမေရိကန်ပြည်ထောင်စုကို ၃ ရက်ကြာ ခရီးရောက်နေပြီဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ မေလအတွင်း ဘေဂျင်းမှာ ထရမ့်ကို ဧည့်ခံခဲ့ပြီးနောက် ယခုနှစ်အတွင်း တရုတ်နဲ့ အမေရိကန်သမ္မတ နှစ်ဦးရဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။
ရှီကျင့်ဖျင်အတွက်လည်း ၂၀၁၅ ခုနှစ် စက်တင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် ဝါရှင်တန်ကို နိုင်ငံတော်ခရီးစဉ်ဖြစ်လာပါတယ်။
အခုမတိုင်ခင် လေးလတုန်းကတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ ဘေကျင်းမှာ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားအသစ် အတော်များများ တည်ထောင်ခဲ့ကြပြီးဖြစ်ပါတယ်။
အဲဒီထဲမှာ အမေရိကန်-တရုတ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကောင်စီကို ဖွဲ့စည်းတာ၊ ဉာဏ်ရည်တု(အေအိုင်) ဆိုင်ရာ အမေရိကန်-တရုတ် ဆွေးနွေးပွဲကိုလည်း ပြုလုပ်ထားပါတယ်။
တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးကတော့ အခုအခြေအနေတွေကို ''နှစ်နိုင်ငံဆက်ဆံရေးကိုတည်ငြိမ်စေတဲ့မဟာဗျူဟာမြောက်" မြောက် အခြေအနေလို့ ပြောပါတယ်။
အကဲခတ်တွေကတော့ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ မနှစ်က ဘူဆန်ထိပ်သီးအစည်းအဝေးမှာ သဘောတူထားခဲ့တဲ့ အခွန်တွေ အပြန်အလှန်တိုးကောက်မယ့်ကုန်သွယ်စစ်ကို တစ်နှစ်ကြာ ရပ်ထားတဲ့အစီအစဉ် ဆက် တိုးချဲ့နိုင်ခြေရှိတယ်လို့ ဘီဘီစီ တရုတ်ဘာသာဌာနကို ပြောပါတယ်။
ဒါပေမဲ့ မြေရှားသတ္တုလုံခြုံရေး၊ အေအိုင် စည်းမျဉ်းထိန်းချုပ်ရေး၊ နည်းပညာတင်ပို့မှု၊ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုနဲ့ အီရန်ကိစ္စတို့လို နှစ်နိုင်ငံကြား အဓိကသဘောကွဲမှုတွေမှာတော့ သိသာထင်ရှားတဲ့ရလဒ်တွေ မြင်ရဖို့ ခက်နိုင်တယ်လို့ ဆိုပါတယ်။
ထရမ့်နဲ့ ရှီကျင့်ဖျင် နှစ်ဦးစလုံးဟာ ဘယ်လိုအကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာ တစ်ဖက်နဲ့ တစ်ဖက် စမ်းသပ်နေဆဲဖြစ်ပါတယ်။
၀ါရှင်တန်အခြေစိုက် Foundation for Defending Democracies က တရုတ်ရေးရာ အကြီးတန်းသုတေသီ ခရစ် ဆင်ဂယ်လ်တန်ကတော့ အမေရိကန်-တရုတ်တို့ရဲ့ လက်ရှိ ဘုံရည်မှန်းချက်ဟာ "ရှေ့မတိုး နောက်မဆုတ်အခြေနေကို ထိန်းကျောင်းဖို့" ဖြစ်တယ် ပုံဖော်ညွှန်းဆိုပါတယ်။
သူကတော့ ထရမ့်နဲ့ ရှီတို့ဟာ လိုချင်တာတွေ မတူကြဘူးလို့ ဆိုပါတယ်။
"ထရမ့်က မြေရှားသတ္တု၊ စိုက်ပျိုးရေးကုန်ပစ္စည်းအမှာစာတွေနဲ့ လူကြားထုတ်ဖော်ပြောနိုင်မယ့် ရလဒ်တွေ လိုချင်တယ်''
တစ်ဖက်မှာ အိမ်ဖြူတော်အတွင်းက အရာရှိတချို့ကတော့ အဆင့်မြင့်နည်းပညာ၊ ထောက်ပံ့ရေးကွင်းဆက်နဲ့ ထိုင်ဝမ်ကိစ္စတွေမှာ တရုတ်ကို ဖိအားပေးနိုင်တဲ့နေရာကို ဆက်ထိန်းထားချင်ကြတယ်။
ရှီကျင့်ဖျင်ကတော့ အခွန်ကင်းလွတ်ခွင့်၊ နည်းပညာရရှိခွင့်နဲ့ ထိုင်ဝမ်အရေးမှာ အမေရိကန်ရဲ့ထောက်ခံမှု လျော့ကျစေချင်တာလို့ သူက ပြောပါတယ်။
"ပိုအရေးကြီးတာက ရှီကျင့်ဖျင်က အချိန်လိုချင်တာပါ။ အမေရိကန်ရဲ့ နည်းပညာနဲ့ ဈေးကွက်ကို တတ်နိုင်သမျှ ရယူချင်သလို တစ်ချိန်တည်းမှာပဲ အမေရိကန်အပေါ် မီခိုနေရတာ လျှော့ချ ချင်တာပါ။ ဒီအခြေအနေအောက်မှာ နှစ်ဖက်က အပြန်အလှန် အပေးအယူလုပ်နေကြပေမယ့် ယုံကြည်မှုတော့ မရှိပါဘူး။ ငြိမ်းချမ်းတည်ငြိမ်မှုကို လိုချင်ပေမယ့် ပြန်လည်သင့်မြတ်ရေးကိုတော့ မလိုချင်ကြပါဘူး" လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံကြား ဖြစ်ချင်တာတွေ မတူကြပေမဲ့ တရုတ်အကဲခတ်အချို့ကတော့ ၁၁ နှစ်ကြာပြီးနောက်မှာ ၀ါရှင်တန်ကို တစ်ခေါက်ပြန်သွားတဲ့ ရှီရဲ့ခရီးဟာ နိုင်ငံတကာနိုင်ငံရေးနဲ့ စီးပွားရေးမှာ တရုတ်ရဲ့ ပိုလွှမ်းမိုးနိုင်မှုကို ကိုယ်စားပြုနေပြီလို့ ပြောပါတယ်။
ဘေကျင်းအတွက်တော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ကပ်ဘေးကာလမှာ အနိမ့်ဆုံးကို ကျဆင်းခဲ့တာကြောင့် ထရမ့်ဟာ ''သမိုင်း၀င်ဆက်ဆံရေးအခွင့်အလမ်း ပြတင်းပေါက်'' ကို ကိုယ်စားပြုနေပါတယ်။
အခွန်အပြန်အလှန်ကောက်တဲ့ကုန်သွယ်စစ်ပွဲ ဆိုင်းငံ့ရေး သဘောတူညီချက် သက်တမ်းတိုးမလား
စက်တင်ဘာ ၂၀ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့်နဲ့ တရုတ် ဒုတိယဝန်ကြီးချုပ် ဟေးလီဖန်းတို့ဟာ ခေါင်းဆောင်နှစ်ဦး မတွေ့ခင် နယူးယောက်မြို့မှာ ကြိုတင်ပြင်ဆင်ရေး ဆွေးနွေးပွဲတစ်ရပ် လုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်ခင် ဉာဏ်ရည်တုနည်းပညာ(အေအိုင်)စည်းမျဉ်းထိန်းချုပ်ရေး၊ မြေရှားသတ္တုကုန်သွယ်ရေးနဲ့ အခြားကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ ဘူဆန်ထိပ်သီးအစည်းအဝေးမှာ နှစ်နိုင်ငံဟာ စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခွန်တိုးကောက်မှု ကုန်သွယ်စစ် ရပ်တန့်ရေး သဘောတူညီချက်ကို ၁ နှစ် သက်တမ်း ရရှိခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ အမေရိကန်က ၂၄% အပြန်အလှန် အခွန်စည်းကြပ်မှုနဲ့ "ကုမ္ပဏီ တစ်ခုမှာ ၅၀% အထိပိုင်ဆိုင်သူတွေကို အခွန်အတွက် စိစစ်မယ်'' ဆိုတဲ့စည်းမျဉ်းကို ဆိုင်းငံ့ထားခဲ့ပါတယ်။ အဲဒါသာ အသက်ဝင်ခဲ့ရင် ဒုတိယဆင့် ဒဏ်ခတ်အရေးယူမှုတွေဖြစ်လာနိုင်ပြီး တရုတ်ကုမ္ပဏီတွေအတွက် အမေရိကန် ချစ်ပ်တွေနဲ့ နည်းပညာဆိုင်ရာပစ္စည်းတွေ ရယူဖို့ ပိုမိုခက်ခဲသွားနိုင်ပါတယ်။
တရုတ်ဘက်ကလည်း တုံ့ပြန်အခွန် စည်းကြပ်မှုတွေနဲ့ မြေရှားသတ္တုတင်ပို့ခွင့် ထိန်းချုပ်မှုတွေကို ဆိုင်းငံ့ခဲ့သလို ပဲပုပ်အပါအဝင် အမေရိကန် စိုက်ပျိုးရေးထွက်ကုန်တွေကို ပိုပြီးဝယ်ယူခဲ့ပါတယ်။
အခုထိပ်သီးအစည်းအဝေးမှာ အဲဒီသဘောတူညီချက်ကို သက်တမ်းတိုးဖို့ မျှော်လင့်ထားပေမဲ့ ဘယ်လောက်ကြာအောင် တိုးမလဲဆိုတာတော့ မသေချာသေးပါဘူး။
Financial Times သတင်းရဲ့ဖော်ပြချက်အရ တရုတ်ဘက်က သဘောတူညီချက်ကို ထရမ့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးချိန်အထိ တိုးချင်နေပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ ခြောက်လသာ တိုးဖို့ ဆန္ဒရှိနေပြီး အဓိကအကြောင်းရင်းက တရုတ်ဟာ မြေရှားသတ္တုနဲ့ ပတ်သက်ရင် အရင် ကတိကဝတ်တွေကို အပြည့်အဝ မလိုက်နာခဲ့ဘူးလို့ ယူဆတာကြောင့် ဖြစ်ပါတယ်။
ထရမ့်အတွက်တော့ တရုတ်ရဲ့ကြီးမားတဲ့ကုန်သွယ်ရေး ပိုငွေပြမှုဟာ ဆက်ပြီး စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်နေဆဲပါ။
တရုတ်အကောက်ခွန်ဌာနအချက်အလက်တွေအရ ဩဂုတ်လမှာ တင်ပို့မှုက တင်သွင်းမှုထက် အမေရိကန်ဒေါ်လာ ၁၁၉ ဘီလျံ ပိုများခဲ့ပြီး စုစုပေါင်း ကုန်သွယ်ရေး ပိုငွေဟာ လေးလဆက်တိုက် ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ရှိနေခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေး ပိုငွေလက်ကျန်ကလည်း ထရမ့်ရဲ့ဒုတိယသမ္မတသက်တမ်း စတင်ပြီးနောက် အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
စက်တင်ဘာလအစောပိုင်းမှာ ဘတ်ဆန့်ကလည်း တရုတ်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။ အကြောင်းကတော့ စက်မှုထိပ်သီး နိုင်ငံ ၂၀ (G20) အစည်းအဝေးတစ်ခုမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ တရုတ်က ပိတ်ပင်ခဲ့တာကြောင့် ဖြစ်ပါတယ်။
အဲဒီပူးတွဲကြေညာချက်မှာ ကုန်သွယ်မှု ပိုနေတဲ့နိုင်ငံအချို့အပေါ် ၀ေဖန်ထားတဲ့အချက် ပါ၀င်နေတာကြောင့်ဖြစ်ပါတယ်။
ဘတ်ဆန့်က "ဈေးကွက်စနစ်အပေါ် မမူတည်တဲ့စီးပွားရေးစနစ်တစ်ခုက ဈေးချိုတဲ့ ကုန်ပစ္စည်းတွေကို အဆက်မပြတ် တင်ပို့နေတာဟာ ရေရှည်တည်တံ့နိုင်မှာမဟုတ်ဘူး" လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဝါရှင်တန်အနေနဲ့ ဘေကျင်းကို ဆက်လက်ဖိအားပေးဖို့ကလည်း မလွယ်ကူပါဘူး။
Eurasia Group ရဲ့ တရုတ်ရေးရာသုတေသီ အမန်ဒါဆောင်းက ''အမေရိကန်ဟာ အဆင့်မြင့် ချစ်ပ်တွေ၊ ချစ်ပ် ဒီဇိုင်း ဆော့ဖ်ဝဲတွေ၊ လေယာဉ်အစိတ်အပိုင်းတွေအပေါ် တင်ပို့မှု ထိန်းချုပ်ချက်တွေကို ပိုမိုတိုးချဲ့နိုင်ပြီး တရုတ်ကုန်ပစ္စည်းတင်သွင်းမှုတွေကိုလည်း ထပ်မံ ကန့်သတ်နိုင်တယ်'' လို့ ဘီဘီစီ တရုတ်ဘာသာဌာနကို ပြောပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ချက်တွေက ပေကျင်းဘက်က နောက်ထပ် တုံ့ပြန်အရေးယူမှုတွေ ဖြစ်လာစေနိုင်တာကြောင့် နှစ်ဖက်စလုံး သတိထားနေရပါတယ်။
သူက "ဒါကြောင့် ဒီထိပ်သီးအစည်းအဝေးရဲ့အကြီးဆုံး ရလဒ်ကတော့ အခွန်တွေ အပြန်အလှန်တိုးကောက်ကြတဲ့ကုန်သွယ်စစ် မဖြစ်အောင် တန့်ထားတဲ့သဘောတူညီချက်ကို နောက်ထပ် သက်တမ်းတိုးလိုက်တာမျိုးပဲ ဖြစ်နိုင်ပါတယ်"လို့ ပြောပါတယ်။
အေအိုင်နည်းပညာဆိုင်ရာ စည်းမျဉ်း ထိန်းချုပ်မှု ဖြစ်လာမလား
လူအများ စိတ်ဝင်စားစောင့်ကြည့်နေတဲ့ နောက်ထပ်အကြောင်းအရာတစ်ခုကတော့ တရုတ်နဲ့ အမေရိကန်တို့ ဉာဏ်ရည်တု နည်းပညာ(အေအိုင်) စည်းမျဉ်းထိန်းချုပ်ရေးကိစ္စကို ဘယ်လို ဆွေးနွေးကြမလဲ ဆိုတာပါ။
ရှီကျင့်ဖျင်ရဲ့ အမေရိကန်ခရီးစဉ်အတွင်း ဝါရှင်တန်မှာ ကျင်းပမယ့် နိုင်ငံတော်အဆင့် ဧည့်ခံညစာစားပွဲကို အမေရိကန် နည်းပညာလောကရဲ့ ထိပ်တန်းပုဂ္ဂိုလ်တချို့ တက်ရောက်ဖို့ ရှိနေပါတယ်။ အဲဒီထဲမှာ Nvidia အမှုဆောင်အရာရှိချုပ် ဂျေဆန် ဟွမ်၊ OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အောလ်တမန်းနဲ့ Tesla တည်ထောင်သူ အီလွန်မက်စ် တို့လည်း ပါဝင်ပါတယ်။
အေအိုင် ထိန်းချုပ်ရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ကိုယ်တိုင်ကလည်း အပြင်းအထန် အငြင်းပွားတာတွေ ကြုံနေရပါတယ်။
Anthropic ကို တည်ထောင်တဲ့ ဒါရီယို အမိုဒီက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ ထိပ်တန်း အေအိုင် ကုမ္ပဏီတွေဟာ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်ကို လျှော့ချသင့်တယ်လို့ ပြောခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ စောင့်ကြည့်ထိန်းချုပ်မှုတွေ အမီလိုက်နိုင်ဖို့ လိုအပ်ပြီး မဟုတ်ရင် အေအိုင်ဟာ နောင်တစ်နှစ်အတွင်း အင်တာနက်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင် အနှောင့်အယှက်ပေးနိုင်တဲ့ စွမ်းရည်တောင် ရလာနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။
အမိုဒီ က တရုတ်အပါအဝင် အာဏာရှင်စနစ် နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေ ပူးပေါင်းညှိနှိုင်းသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။ အဲဒီလိုမှပဲ အမေရိကန် အေအိုင်ကုမ္ပဏီတွေ ဖွံ့ဖြိုးမှုအရှိန်လျှော့နေချိန်မှာ တခြားနိုင်ငံတွေက အရှိန်မြှင့်ပြီး လိုက်မီသွားတာမျိုး မဖြစ်အောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။
ဆမ် အောလ်တမန်း၊ အီလွန်မက်စ် နဲ့ အေအိုင် လုပ်ငန်းနယ်ပယ်က ခေါင်းဆောင်တချို့က ဒီအဆိုပြုချက်ကို ထောက်ခံကြပါတယ်။ ဒါပေမဲ့ ဒေါ်နယ် ထရမ့် ၊ ဂျေဆင် ဟွမ် နဲ့ တခြားသူတွေကတော့ "အေအိုင် ကမ္ဘာပျက်မယ်" ဆိုတဲ့ စိုးရိမ်မှုတွေကို လုပ်ကြံတွေးတောချက်တွေလို သဘောထားကြပြီး အေအိုင်ကို ပိုပြီး မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်သင့်တယ်လို့ ယုံကြည်ကြပါတယ်။
တစ်ဖက်မှာလည်း DeepSeek နဲ့ Moonshot အပါအဝင် တရုတ် အေအိုင် ကုမ္ပဏီတွေက တီထွင်ထားတဲ့မိုဒယ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အမေရိကန် အေအိုင်တွေနဲ့ အတော်နီးစပ်လာနေပါတယ်။
ဈေးနှုန်းပိုသက်သာတဲ့ တရုတ် အေအိုင် မိုဒယ်တွေက ကမ္ဘာ့ အေအိုင် ဈေးကွက်ကို ဝင်ရောက်လွှမ်းမိုးလာမှာကို အမေရိကန်က စိုးရိမ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ Anthropic လို ကုမ္ပဏီတွေက တရုတ်ကုမ္ပဏီတွေဟာ အမေရိကန် မိုဒယ်တွေကို "လေ့လာတုပ သင်ယူခိုင်းတာ" လုပ်ပြီး ကိုယ်ပိုင် အေအိုင် စနစ်တွေကို လေ့ကျင့်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
တရုတ် အေအိုင်ကုမ္ပဏီတွေ အများစု အသုံးပြုနေတဲ့ open-weight model တွေကို ဆိုးရွားတဲ့ ရည်ရွယ်ချက်နဲ့ အသုံးချလာရင် အန္တရာယ်တွေ ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားနိုင်တယ်လို့လည်း လေ့လာသူတချို့က စိုးရိမ်နေကြပါတယ်။
အမေရိကန် နည်းပညာလောကထဲက လူအများစုက အေအိုင် ဟာ လူသားယဉ်ကျေးမှုကို ခြိမ်းခြောက်လာနိုင်တယ်လို့ စိုးရိမ်နေကြပေမဲ့ ဘေကျင်းရဲ့စိုးရိမ်မှုကတော့ အေအိုင်ဟာ နိုင်ငံလုံခြုံရေးကို ထိခိုက်မလားဆိုတဲ့အချက်ပေါ်မှာ ပိုပြီး အာရုံစိုက်ထားပါတယ်။
China Cyberspace မဂ္ဂဇင်းမှာ မကြာသေးခင်က ဖော်ပြခဲ့တဲ့ဆောင်းပါးတစ်ပုဒ်မှာ နိုင်ငံတော်လုံခြုံရေးဝန်ကြီး ချမ်းရီရှင်းက အမေရိကန် အေအိုင်ကုမ္ပဏီတွေနဲ့ မိုဒယ်တွေကို တိုက်ရိုက် ရည်ညွှန်းပြီး ရန်လိုတဲ့အင်အားစုတွေဟာ အေအိုင်ကို အသုံးချကာ အသိအမြင်စစ်ဆင်ရေးတွေ လုပ်ဆောင်နေကြပြီး အဲဒါဟာ "နိုင်ငံရေးလုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေတယ်" လို့ ပြောခဲ့ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က ပေကျင်းမှာ ကျင်းပတဲ့ ရှန်းရှန်ဖိုရမ်မှာ ဖူဒန်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးဌာနရဲ့ ဌာနမှူး ၀ူ ရှောင်းဘိုက အမေရိကန်ဟာ တရုတ်နဲ့ အေအိုင် ဆွေးနွေးမှုတွေ လုပ်နေတာဟာ တရုတ်ရဲ့ အေအိုင် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးသွားအောင် လုပ်ဖို့ ရည်ရွယ်တာဖြစ်ပြီး "တရုတ်အနေနဲ့ အရမ်းသတိထားရမယ်" လို့ ပြောခဲ့ပါတယ်။
တစ်ဖက်နဲ့ တစ်ဖက် သံသယတွေရှိနေကြတဲ့အခြေအနေအောက်မှာ အေအိုင် စည်းမျဉ်းထိန်းချုပ်ရေးကိစ္စမှာ နှစ်နိုင်ငံ သဘောတူညီမှုရဖို့ ခက်ခဲနိုင်ပါတယ်။
တရုတ်လေ့လာရေးပညာရှင် ဆောင်ကတော့ တရုတ်နဲ့ အမေရိကန်ဟာ အေအိုင် ကဏ္ဍမှာ ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်နေကြပြီး ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းထိန်းချုပ်ရေးစနစ်တွေကြောင့် ကိုယ့်ရဲ့ အားသာချက် ဆုံးရှုံးသွားမှာကို နှစ်ဖက်စလုံး စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
"ဒါပေမဲ့ လက်တွေ့ကျတဲ့ ရလဒ်တွေ မထွက်လာရင်တောင် အေအိုင် လုံခြုံရေးနဲ့ နှစ်ဖက်စလုံး ရင်ဆိုင်နေရတဲ့ဘုံပြဿနာတွေကို ဆွေးနွေးဖို့က အရေးကြီးတယ်ဆိုတာကို နှစ်နိုင်ငံစလုံး နားလည်ထားကြပါတယ်" လို့ သူက ပြောပါတယ်။
ခေါင်းဆောင်တွေရဲ့ထိပ်သီးအစည်းအဝေး မတိုင်ခင် စက်တင်ဘာ ၂၀ ရက်နေ့မှာ နယူးယောက်မြို့မှာ တရုတ်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် စကော့ ဘတ်ဆန့်က အေအိုင်ကဏ္ဍနဲ့ပတ်သက်ပြီး ဆက်ဆံရေး ပိုကောင်းလာစေဖို့ အမေရိကန်-တရုတ် အရေးပေါ် ဆက်သွယ်ရေးလိုင်းတစ်ခု ထားရှိဖို့ အဆိုပြုထားတယ်လို့ ပြောခဲ့ပါတယ်။
ထူးခြားတာကတော့ တရုတ်နဲ့ အမေရိကန်တို့ သဘောတူထားတဲ့အချက်က အေအိုင်နဲ့ ပတ်သက်တဲ့လုံခြုံရေးဖြစ်ပါတယ်။
အီရန်နဲ့ ထိုင်၀မ်အရေး ကြီးကြီးမားမားတိုးတက်မှုရနိုင်ခြေနည်း
လူအများ စိတ်ဝင်စားစောင့်ကြည့်နေတဲ့ နောက်ထပ်ကိစ္စတစ်ခုကတော့ အီရန်အရေး ဖြစ်ပါတယ်။
အမေရိကန်က အီရန်အပေါ် စစ်ဆင်ရေး စတင်ခဲ့တာ ခုနစ်လမြောက်ထဲ ရောက်လာချိန်အထိ တီဟီရန်ဘက်က ဟောမုဇ် ရေလက်ကြားကို ဆက်လက် ပိတ်ထားဆဲ ဖြစ်တာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
အီရန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်အတွက်လည်း စွမ်းအင်လုံခြုံရေးနဲ့ စီးပွားရေးအကျိုးစီးပွားတွေဟာ ဒီစစ်ပွဲရဲ့သက်ရောက်မှုကို ခံနေရပါတယ်။
ဩဂုတ်လကုန်ပိုင်းမှာ အမေရိကန်က အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုတွေကို တိုးချဲ့လိုက်ပြီး တီဟီရန်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားခဲ့ပါတယ်။
တရုတ်နဲ့ ဟောင်ကောင်က ကုမ္ပဏီတွေနဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် ၂၀ ကျော်ကိုလည်း စာရင်းထဲထည့်သွင်းခဲ့ပါတယ်။
စက်တင်ဘာလ အလယ်ပိုင်းမှာလည်း ဝါရှင်တန်က ရုရှားနဲ့ အီရန် စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားတဲ့ နောက်ထပ် ဒဏ်ခတ်မှု ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီး အဲဒီလုပ်ဆောင်ချက် နှစ်ခုစလုံးအပေါ် ဘေကျင်းက ကန့်ကွက်ခဲ့ပါတယ်။
တရုတ်ကလည်း အီရန်ကို ဆက်လက် ထောက်ခံနေပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့မှာ တရုတ်နဲ့ ရုရှားတို့ဟာ အီရန်ရဲ့ နျူကလီးယားအစီအစဉ် စောင့်ကြည့်ကြပ်မတ်ရေးနဲ့ပတ်သက်တဲ့ အမေရိကန်က တင်သွင်းတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ပူးတွဲ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။
၀ေါစထရိ ဂျာနယ်ရဲ့ဖော်ပြချက်အရ အီရန်ဟာ တရုတ်ဘက်က ရရှိတဲ့ဂြိုဟ်တုပုံရိပ်တွေကို အသုံးပြုပြီး ဂျော်ဒန်နိုင်ငံထဲက အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုကို တိကျစွာ တိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်သည် သုံးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်-တရုတ် ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဘေကျင်းကို သွားရောက်ခဲ့ပြီး တရုတ်ဘက်ကလည်း အီရန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းအောင် ဆက်လုပ်သွားမယ့်သဘောထားကို ပြသခဲ့ပါတယ်။
ဆင်ဂယ်တန်ကတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ဖို့ တူညီတဲ့ အကျိုးစီးပွား ရှိကြပေမဲ့ ဘေကျင်းဘက်က တဟီရန်အပေါ်ညောင်းတဲ့သြဇာကို အသုံးချပြီး ဖိအားပေးမလားဆိုတာ မသေချာသေးဘူးလို့ ပြောပါတယ်။
"အီရန်လို ရှုပ်ထွေးခက်ခဲတဲ့ ပြဿနာမှာ ရှီကျင့်ဖျင်က ထရမ့်ကို ကူညီပြီး ထွက်ပေါက်ဖော်ပေးမယ်လို့ ကျွန်တော် မထင်ပါဘူး" လို့ သူက ဆိုပါတယ်။
ဆင်ဂယ်တန်ကတော့ ပထဝီနိုင်ငံရေးကိစ္စတွေဟာ တရုတ်နဲ့ အမေရိကန်ရဲ့ အကျိုးစီးပွား ကွာဟမှု အကြီးဆုံး နယ်ပယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အီရန်အပြင် ထိုင်ဝမ်အရေးကလည်း နှစ်နိုင်ငံကြား အခက်ခဲဆုံး ပြဿနာအဖြစ် ဆက်ရှိနေပါတယ်။
ရှီကျင့်ဖျင် ဟာ ထိုင်ဝမ်ကို လက်နက်ရောင်းချတာ ရပ်တန့်ဖို့ အမေရိကန်ကို ပြင်းပြင်းထန်ထန် တောင်းဆိုလိမ့်မယ်လို့ သူက ယူဆပါတယ်။
ဆင်ဂယ်တန်ရဲ့အမြင်အရ ရှီရဲ့အဓိကရည်ရွယ်ချက်က လက်နက်ရောင်းချမှုကို ယာယီရပ်ဆိုင်းထားတဲ့အခြေအနေကို အနာဂတ်ဆွေးနွေးပွဲအားလုံး စတင်ရမယ့် အခြေခံသတ်မှတ်ချက်သစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ဖြစ်ပါတယ်။
သူက နောက်ထပ် သုံးသပ်ရာမှာ လက်နက်ရောင်းချတာ ရပ်နားထားတဲ့ကာလ ပိုကြာလာလေ ဘေကျင်းဘက်က အဲဒီအခြေအနေကို ပုံမှန်အခြေအနေအသစ်တစ်ခုအဖြစ် ပိုမို မြင်လာနိုင်လေလို့ ဆိုပါတယ်။
အနှစ်သာရထက် အပြသဘောပိုဆန်မလား
အကဲခတ်တွေကတော့ ထရမ့်- ရှီ ထိပ်သီးအစည်းအဝေး ဒုတိယအကြိမ်မှာ ကုန်သွယ်ရေး၊ အေအိုင်၊ အီရန် ဒါမှမဟုတ် ထိုင်ဝမ်အရေးတွေမှာ သိသာထင်ရှားတဲ့တိုးတက်မှုတွေ ရလာနိုင်ခြေ များမနေဘူးလို့ ယူဆကြပါတယ်။
ဒါပေမဲ့ မျှော်လင့်နိုင်တဲ့အချက်တစ်ခုကတော့ နှစ်ဖက်စလုံးက ခေါင်းဆောင်နှစ်ဦး ဆက်လက်တွေ့ဆုံနေဖို့ လိုလားကြပြီး အဲဒီလို တွေ့ဆုံမှုတွေက အခြေအနေကို အထင်မှားတွက်ချက်မိတာတွေနဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ ကူညီပေးမယ်ဆိုတာပါ။
Eurasia Group က သုတေသီ ယန်ရန်ဆောင်ကတော့"နှစ်ဖက်စလုံးက ဒီလို ထိပ်သီးအစည်းအဝေးမျိုးတွေကနေတဆင့် အပြုသဘောဆောင်တဲ့အရှိန်အဟုန်တစ်ခု ဖန်တီးချင်ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းထားချင်ကြပါတယ်" လို့ ပြောပါတယ်။
၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလအတွင်း ရှန်ကျန်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ဖွယ် ရှိပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလမှာ မိုင်ယာမီမြို့မှာ ကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို ရှီကျင့်ဖျင်ကို ဖိတ်ကြားလာနိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။
အာရှအုပ်စု(Asia Group) ရဲ့ တရုတ်နိုင်ငံလေ့လာရေးဆိုင်ရာ ညွှန်ကြားရေး လင်ဟန်ဆန် ကတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ အပြန်အလှန် ယှဉ်ပြိုင်နေဆဲ ဖြစ်ပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ အကျိုးစီးပွားကို အခြေခံတဲ့ ပုံစံဘက် ပိုပြီး ရွေ့လျားလာနေတယ်လို့ ဘီဘီစီ တရုတ်ဘာသာ ဌာနကို ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေ အကြိမ်ကြိမ် တွေ့ဆုံနေကြတာကလည်း ဝါရှင်တန်နဲ့ ဘေကျင်း နှစ်ဖက်စလုံးက ပြိုင်ဆိုင်မှုတွေကို ထိန်းချုပ်နိုင်တဲ့ဘောင်အတွင်းမှာပဲ ထားချင်နေကြောင်း ပြသနေတယ်လို့ သူက ပြောပါတယ်။
"ဒါက အနာဂတ်ကို ပိုပြီးခန့်မှန်းနိုင်စေတဲ့အကျိုးကျေးဇူးရှိရုံတင် မကပါဘူး။ ပိုအရေးကြီးတာက တရုတ်နဲ့ အမေရိကန်ကြား စီးပွားရေးပဋိပက္ခတွေဟာ နှစ်နိုင်ငံကြား အလုံးစုံမဟာဗျူဟာကျတဲ့ဆက်ဆံရေး ပြိုကွဲမှုအထိ မဖြစ်မနေ တက်သွားစရာ မလိုဘူးဆိုတာကိုလည်း ပြသနေပါတယ်" လို့ သူက ပြောပါတယ်။