မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)
ရဲ့ အထွေထွေ အတွင်းရေးမှူး ဖုန်ဝင်းနိုင် ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော်ကို ရောက်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးတာတွေ လုပ်နေပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖုန်ဝင်းနောင်ဟာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ရဲ့မြေးဖြစ်ပြီး လက်ရှိခေါင်းဆောင် ဖုန်တာရွှင်ရဲ့သားဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ငြိမ်းချမ်းရေးအဖွဲ့(NSPNC)နဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီတွေ့ဆုံမှုမှာ နယ်စပ်ကုန်သွယ်ရေး၊
နယ်မြေထိန်းချုပ်မှုတွေအပြင် တရုတ်စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်လို့ သိရတဲ့အကြောင်း
ကိုးကန့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကိုးကန့်(MNDAA) ရဲ့နေပြည်တော်ခရီးဟာ စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နဲ့
၁၀၂၇ စစ်ဆင်ရေးတွေနောက်ပိုင်း ပထမဆုံးအကြိမ်ခရီးဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ကိုးကန့်တပ်ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က
ထိုးစစ်ဖော်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း စစ်တပ်ရဲ့ လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကိုပါ
ကိုးကန့်က သိမ်းပိုက်ခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း လားရှိုးတိုက်ပွဲမှာလည်း စစ်တပ်ရဲ့ ဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကိုဖမ်းမိခဲ့ပြီး
လက်ရှိအချိန်ထိ ကိုးကန့်တပ်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက ကိုးကန့်တပ်(MNDAA)
နဲ့ တအာင်းတပ်(TNLA) ကတော့ စစ်တပ်နဲ့ အပစ်ရပ်သဘောတူညီထားပါတယ်။
“ဝ”တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေးမှုကော်မတီ(FPNCC) ၇ ဖွဲ့ထဲမှာ ကိုးကန့်က နေပြည်တော်ရဲ့ငြိမ်းချမ်းရေးခေါင်းစဉ်အောက်ကနေ
တွေ့ဆုံတဲ့ ၅ ဖွဲ့မြောက်ဖြစ်လာပါတယ်။
FPNCC ၇ ဖွဲ့ထဲမှာ "ဝ"(UWSA)၊
ကချင်လွတ်လပ်ရေး(KIA)၊ ကိုးကန့်တပ်(MNDAA)၊
တအာင်း(TNLA)၊ အာရက္ခတပ်တော်(အေအေ)၊ ရှမ်းပြည်တပ်မတော်(SSPP/
SSA) နဲ့ မိုင်းလားအဖွဲ့ (NDAA) တို့
ပါဝင်ပါတယ်။
ကိုးကန့်တပ်မတိုင်ခင် "ဝ"
ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ တအာင်းတပ်(TNLA)၊ မိုင်းလားအဖွဲ့(NDAA)
စတဲ့အဖွဲ့တွေနဲ့ နေပြည်တော်တို့ တွေ့ဆုံပြီးဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်(KIA)
တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့က စက်တင်ဘာအစောပိုင်းကတည်းက စာပေးပို့ထားပေမယ့်
တစ်လနီးပါးကြာတဲ့အထိ KIA
ဘက်က တွေ့ဆုံဖို့ရှိမရှိ ဆုံးဖြတ်ချက် ထွက်လာတာမရှိသေးဘူးလို့ ကချင်သတင်းရင်းမြစ်တချို့က
ထုတ်ပြောပါတယ်။
အေအေရဲ့စစ်ဦးချုပ်ကတော့ ၂၀၂၆-၂၀၂၇ နှစ်တွေမှာ ရခိုင်ပြည်နယ်ထဲက
ကျန်ရှိနေတဲ့မြို့တွေနဲ့ စစ်ရေးပစ်မှတ်တွေကို အပြတ်တိုက်ခိုက်မယ်လို့ ကြွေးကြော်ထားပြီး
နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့ကလည်း အေအေကိုတွေ့ဆုံဖို့ ကမ်းလှမ်းတာမရှိသေးဘူးလို့
နေပြည်တော်သတင်းရင်းမြစ်တချို့ဆီကနေ သိရပါတယ်။