ချယ်ရီထက် ပဟေဠိ

၂၀၂၁ အာဏာသိမ်းပွဲကြောင့် အဖမ်းခံခဲ့ရတဲ့ ဒီအမျိုးသမီးနှစ်ယောက်လုံး ခုထိ ပြန်မလွတ်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, EPA / Cherry Htet

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူ့ရဲ့ကိုယ်ရံတော် ဒုရဲအုပ်ချယ်ရီထက်ကို NLD အစိုးရခေတ်က ဓာတ်ပုံတွေနဲ့ ရုပ်သံတွေမှာ အမြဲလိုလိုတွဲမြင်ခဲ့ကြရပါတယ်။

၂၀၂၁ အာဏာသိမ်းပွဲကြောင့် အဖမ်းခံခဲ့ရတဲ့ ဒီအမျိုးသမီးနှစ်ယောက်လုံး ခုထိ ပြန်မလွတ်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ အာဏာသိမ်းပြီးချိန်ကနေ လက်ရှိမေလအထိ အမျိုးသမီး ၆၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မချယ်ရီထက်ကိုပါ အဲဒီစာရင်းထဲ ထည့်ထားပါတယ်။

မချယ်ရီထက်က အမှုနှစ်ခုနဲ့ ဖမ်းဆီးထောင်ချခံခဲ့ရပြီး လွတ်ရက်စေ့ပေမဲ့ ပြန်မလွတ်သေးတဲ့အတွက် သူနဲ့ နီးစပ်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်ရံတော်ချယ်ရီထက်ကို လေယာဥ်ပေါ်က ဆင်းအလာမှာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ရံတော်ချယ်ရီထက်ကတော့ အနောက်တိုင်းဝတ်စုံနဲ့ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဆီယံခရီးစဥ်တစ်ခုမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်ရံတော်

မချယ်ရီထက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲမြင်ကြပေမဲ့ သူပထမဆုံး ကိုယ်ရံတော်လုပ်ပေးခဲ့ရတာက ဦးသိန်းစိန်အစိုးရလက်ထက်က ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းရဲ့ဇနီးဒေါ်နန်းရွှေမှုံကို ဖြစ်ပါတယ်။

သူ့ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ခေါ်ဆောင်လာသူက NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်အဖြစ် အတိုက်အခံဘဝမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်များစွာရှိခဲ့ပြီး အာဏာရပါတီဖြစ်လာချိန်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူရပါတယ်။

သမ္မတနဲ့ ဒုသမ္မတတွေရဲ့ ကိုယ်ရံတော်တပ်ဖွဲ့တွေဟာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန လက်အောက်ခံဖြစ်ပါတယ်။

မျက်နှာထားတည်တည်နဲ့ ဒုရဲအုပ်ချယ်ရီထက်က အရပ် ၅ ပေ ၈ လက်မ ရှိပြီး ၂၀၂၁ ခုနှစ်တုန်းက အသက် ၃၀ အရွယ် ဖြစ်ပါတယ်။

"သူက တာဝန်ချိန်ဆို မပြုံးမရယ်တော့ဘူး။ ကျန်တဲ့အချိန်တော့ ဖော်ရွေပါတယ်" လို့ အနီးကပ်နေထိုင်ခဲ့သူတစ်ဦးက ပြောပါတယ်။

မိဘနှစ်ပါးလုံးက ရဲတွေဖြစ်ကြလို့ ရဲမျိုးရိုးဖြစ်ပြီး ချစ်သူကလည်း ရဲအရာရှိတစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ တာဝန်အတိုင်း တိတိကျကျလုပ်တတ်တဲ့သူ့ကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျတယ် လို့ အနီးကပ်ရှိခဲ့သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့

ဓာတ်ပုံ ရင်းမြစ်, အမေ့သား

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရံတော်အဖွဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

"တကယ်တော့ သူက နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ အနီးကပ်ဖြစ်ခဲ့တဲ့အတွက် အတွင်းရေးအတော်များများကို သိတဲ့သူပါ။ ဒါပေမဲ့ သူက တော်တော်စည်းရှိပါတယ်" လို့ အနီးကပ်ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ ထီးရိပ်နန်းရိပ်က အားပြိုင်မှုတွေကြားမှာ ရဲတပ်ဖွဲ့လက်အောက်ခံ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ အချိန်မရွေးကြားညပ်သွားနိုင်ပါတယ်။

ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့အတူ အကြီးအကဲတွေရဲ့ အနီးကပ်လုံခြုံရေး အရေးကြီးတာဝန်တွေ ယူထားရတဲ့ မချယ်ရီထက်တို့လို သက်တော်စောင့်တွေရဲ့ တာဝန်က မသေးပါဘူး။

ပုံမှန်အားဖြင့် လုံခြုံရေးစည်းကို လမ်းကြောင်း၊ အပြင်စည်း၊ အတွင်းစည်းနဲ့ အနီးကပ်ဆိုပြီး ဆွဲထားတဲ့အတွက် မချယ်ရီထက်တို့က အနီးကပ်ဖြစ်ပါတယ်။

လူကြီးအိမ်ကမထွက်ခင် ရောက်လာရပြီး လူကြီးအိမ်ပြန်ရောက်မှ တာဝန်ပြီးဆုံးပါတယ်။

မြို့ပြင်နဲ့ ခရီးစဥ်တွေထွက်ရင် ပိုတာဝန်ကြီးပါတယ်။

ဒါပေမဲ့ မချယ်ရီထက်က အနေကြာလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုရင်းနှီးလာကြပြီး ဆေးသောက်ချိန်တွေမှာ ဆေးပုံမှန်တိုက်တာမျိုးတွေပါ လုပ်ပေးခဲ့ပါတယ်။

"ဧည့်သည်တွေ့ပြီဆိုရင်လည်း ဒီအချိန်ပြီးမယ်ဆိုရင် အချိန်တန်လို့မှ ထွက်မလာရင် တံခါးသွားခေါက်တာ" လို့ နေပြည်တော်မှာ အနီးကပ်နေထိုင်ခဲ့သူတစ်ဦးက ပြန်ပြောပြပါတယ်။

ကန်ပက်စကီးက မွေးနေ့ကိတ်

လရောင်တောခြံထဲက ဦးနီတံတားပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ မချယ်ရီထက်နဲ့ ခွေးကလေးတိုက်ချီတို

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လရောင်တောခြံထဲက ဦးနီတံတားပေါ်မှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မချယ်ရီထက်နဲ့ ခွေးကလေးတိုက်ချီတို

ဒေါ်အောင်ဆန်းစုကြည်နဲ့ မချယ်ရီထက်ကြားမှာ အလုပ်သဘောထက်ပိုတဲ့ အမှတ်တရတွေလည်း ရှိခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မချယ်ရီထက်ကို ရွှေဆွဲကြိုးကိုယ်တိုင်ဆွဲပေးနေတဲ့ အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တဲ့ဓာတ်ပုံက အစစ်အမှန်ဖြစ်ပြီး မချယ်ရီထက်မွေးနေ့အမှတ်တရ လို့ အဲဒီနေ့က နေပြည်တော်၊ လရောင်တောခြံထဲမှာရှိနေခဲ့သူတစ်ဦးက ပြောပါတယ်။

"ကိတ်မုန့်တောင် ကန်ပက်စကီး(ဟိုတယ်)က မှာပေးတာ" လို့ ၂၀၂၀ တုန်းက ဖြစ်စဥ်ကို သူက ပြန်ပြောပါတယ်။

ဆွစ်ဇာလန်အခြေစိုက် Kempinski ကန်ပက်စကီး ဟိုတယ်က နိုင်ငံအတော်များများက မြို့ကြီးတွေမှာဖွင့်ထားတဲ့ နာမည်ကြီးဟိုတယ်အုပ်စုဖြစ်ပြီး နေပြည်တော်မှာဖွင့်လှစ်ခဲ့သေးတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားရဲ့နေပြည်တော်ခရီးစဥ်မှာ တည်းခဲ့တဲ့ ဟိုတယ်ဖြစ်ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ နေပြည်တော်ကလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူနဲ့နီးစပ်တဲ့သူတွေကို ဒီလို ကိတ်မုန့်ကျွေး၊ မွေးနေ့လက်ဆောင်ပေးတာ အဆန်းတော့မဟုတ်ပါဘူး။

အတူနေတဲ့ ကူဖော်လောင်ဘက်တွေကအစ ရှေ့နေတွေအလယ် စောင့်ကြည့်နေတဲ့လုံခြုံရေးတွေ အဆုံးကို သူက လုပ်ပေးနေကျပါ။ ဒါပေမဲ့ မချယ်ရီထက်ကတော့ သူတို့ထက်ပိုတယ်လို့ ဆိုနိုင်ပါတယ်။

NLD အစိုးရလက်ထက်မှာ ဂျပန်အထူးကိုယ်စားလှယ် ဆာဆာကာဝါလက်ဆောင်ပေးတဲ့ ချယ်ရီပင်တွေထဲကတစ်ပင်ကို မချယ်ရီထက်အတွက်ဆိုပြီး မှတ်မှတ်ရရပေးခဲ့ဖူးတယ်လို့ လရောင်တောရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"လရောင်တော" စိုက်ပျိုး သက်မွေးပညာသင်တန်းကျောင်း ဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအောက်မှာရှိတဲ့ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်မွေးပညာကိုပေါင်းစပ်ထားတဲ့စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးအမျိုးသမီးနိုင်ငံရေးသမားနဲ့ သူ့ရဲ့ကိုယ်ရံတော်အမျိုးသမီးတို့ရဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနဲ့အတူ လွမ်းစရာအတိတ်ဖြစ်သွားပါတယ်။

လွမ်းလိုက်တာအမေ

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ခရီးစဥ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်ရံတော် မချယ်ရီထက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ခရီးစဥ်မှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်ရံတော်

အာဏာသိမ်းပြီးတဲ့နောက် မချယ်ရီထက် ချက်ချင်းအဖမ်းခံခဲ့ရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတစ်ဦးဖြစ်တဲ့အတွက် တင်းကျပ်တဲ့စောင့်ကြည့်မှုအောက်မှာ နေခဲ့ရပါတယ်။

၂၀၂၁ စက်တင်ဘာလထဲမှာတော့ ဖမ်းဆီးခံရပြီး ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)တို့နဲ့ အမှုဖွင့်ခံခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လူယုံတချို့ဖမ်းဆီးခံရပြီးတဲ့နောက် ဖုန်းထဲကအဆက်အသွယ်တချို့ကြောင့် မီးခိုးကြွက်လျှောက်အဖြစ် မချယ်ရီထက် စစ်ဆေးခံခဲ့ရပါတယ်။

"အဲဒီတုန်းက အမေ့အတွက် ဆေးတစ်မျိုးပို့ဖို့လိုနေတာ။ အဲဒါကို ချယ်ရီက ကူရှာပေးရမလား။ အမေကျန်းမာရဲ့လား၊ အမေ့အတွက်စိတ်ပူတယ်လို့ပဲ ပြောခဲ့တာပါ" လို့ ဒီအကြောင်းကိုသိရှိသူတစ်ဦးက ပြန်ပြောပြပါတယ်။

ဒီသတင်းရင်းမြစ်က နေပြည်တော်အချုပ်ထောင်နဲ့ ရမည်းသင်းထောင်မှာ ထောင်ကျခဲ့ပြီး ပြန်လွတ်မြောက်လာသူဖြစ်ပါတယ်။

မချယ်ရီထက်ကို ၅၀၅-က နဲ့ အမှုဖွင့်တဲ့ စွဲချက်တွေမှာ NLD ပါတီ ဘီးလင်းအမတ် ဒေါ်သီရိရတနာနဲ့ ဆက်သွယ်ပြီး NUG သတင်းတွေအပြန်အလှန်ပေးပို့မှု၊ တောတွင်းစခန်းချနေထိုင်မှုနဲ့ လက်နက်ကိုင်ဆောင်မှု မှတ်တမ်း ဓာတ်ပုံတွေ ပေးပို့မှု၊ ပြည်ပသတင်းဌာနတွေရဲ့ သတင်းရုပ်သံဖိုင်တွေ ပေးပို့မှုတွေပါဝင်တယ်လို့ ရဲကြေးနန်းတစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

စွဲချက်တွေထဲက တစ်ခုကတော့ We Love Daw Aung San Su Kyi Page ကနေ တင်ထားတဲ့ "လွမ်းလိုက်တာအမေ"ဆိုတဲ့ စာသားကို ဝေမျှခဲ့တာလည်း ပါဝင်ပါတယ်။

အတိုက်အခံပါတီခေတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဥ်တစ်ခုမှာတွေ့ရဲ့ လူအုပ်ကြီး။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အတိုက်အခံပါတီခေတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဥ်တစ်ခု

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာတော့ သူ့ကို ရဲစည်းကမ်းဖောက်ဖျက်မှု နဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုအတွက် နောက်ထပ် ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

ပြစ်ဒဏ်တွေကို တပေါင်းတည်းကျခံစေမှု နဲ့ လျှော့ရက်တွေအရ ၂၀၂၄ သြဂုတ်မှာ လွတ်ရက်စေ့ခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

သြဂုတ် ၉ ရက်မှာ လွတ်မယ်လို့ ထောင်က အကြောင်းကြားလို့ မိသားစုက မနက်ကတည်းက ထောင်ရှေ့မှာ သွားစောင့်ခဲ့ပေမယ့် လွတ်မလာခဲ့ဘူးလို့ မိသားစု နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

"သူ့ကို လွှတ်ပေးပြီးမှ ဘယ်သူတာဝန်ယူမှာလဲ ဆိုတဲ့ စရဖရဲ့ စကားတစ်ခွန်းကြောင့် သူလွတ်မလာတာ" လို့ ရမည်းသင်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပြီး နောက်ထပ်ရင်းမြစ်တစ်ဦးကလည်း ဒီဖြစ်စဥ်ကို အတည်ပြုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဥ်းဦးစီးဌာနကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။

"မချယ်ရီထက်က နိုင်ငံရေးမပါပါဘူး။ သူက ဝန်ထမ်းဖြစ်တဲ့အတွက် သူ့အလုပ်ပဲသူ အာရုံစိုက်ခဲ့တာ" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လွတ်ရက်စေ့ပြီး အိမ်ပြန်မရောက်

ရမည်းသင်းထောင်

ဓာတ်ပုံ ရင်းမြစ်, MPD

ဓာတ်ပုံ ပုံစာ, ရမည်းသင်းထောင်

မချယ်ရီထက်ဟာ နေပြည်တော်အချုပ်ထောင်မှာ ခဏအချုပ်ခံရပြီး ရမည်းသင်းထောင်ကို ရွှေ့ပြောင်းခံခဲ့ရပါတယ်။

ဒီအကျဥ်းထောင်တွေမှာ NLD အစိုးရတာဝန်ရှိသူတွေနဲ့ CDM ဝန်ထမ်းတွေကိုပါ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လူသိများသူတစ်ဦးဖြစ်တဲ့ မချယ်ရီထက်ဟာ ထောင်ထဲမှာလည်း အာရုံစိုက်ခံရသူဖြစ်ပါတယ်။

"သူက ခပ်တင်းတင်းပဲ" လို့ ရမည်းသင်းထောင်ကနေ လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။

တခြားအမျိုးသမီးအကျဥ်းသားတွေဖြတ်သန်းခဲ့ရသလိုပဲ သိုးမွှေးထိုးတာ၊ ကော်ဖီမစ်ထုတ်တွေနဲ့ အရုပ်လေးတွေလုပ်တာတွေ မချယ်ရီထက်လည်း လုပ်ခဲ့ရတယ်လို့ ရမည်းသင်းထောင်နဲ့နီးစပ်တဲ့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

"လွတ်ရက်စေ့နေပြီဆိုတော့ ထောင်ထဲမှာဆက်ထားလို့မရဘူး၊ ထောင်ဝန်ထမ်းတွေထားတဲ့ လိုင်းခန်းနားမှာ ထားတယ်လို့ သိရတယ်" လို့ သူကပြောပါတယ်။

လွတ်ရက်စေ့လို့ မလွှတ်ရင် မတရားချုပ်နှောင်မှုဖြစ်စေတယ်လို့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကပြောပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီလိုကိစ္စမျိုးတွေက အရင်ကတည်းကရှိခဲ့ပါတယ်။

ဒေါ်တင်ဇာမော်နိုင်ရဲ့ခင်ပွန်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်အမှုကိစ္စမှာလည်း လွတ်ရက်စေ့ပြီးမလွှတ်လို့ ရှေ့တော်သွင်းစာချွန်တော်တင်သွင်းပြီး လွှတ်ပေးခဲ့ရတဲ့ စီရင်ထုံးရှိခဲ့တယ်လို့ ဒေါ်ဇာလီအေးကပြောပါတယ်။

၁၉၅၀ မြန်မာနိုင်ငံစီရင်ထုံးများမှာပါတဲ့ တင်ဇာမော်နိုင်နှင့် ရန်ကုန်ရဲမင်းကြီး အမှုကို သူက ကိုးကားပါတယ်။

"အခုလည်း ရှေ့တော်သွင်းစာချွန်တော် တင်သွင်းခွင့်ပြုပြီမို့ မိသားစု၀င်တွေက လျှောက်ထားလို့ရပါတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

လွတ်ရက်စေ့ပြီး အိမ်ပြန်မရောက်တဲ့ မချယ်ရီထက်ကို လွတ်ငြိမ်းပေးတဲ့ရက်တွေတိုင်း ရမည်းသင်းထောင်ရှေ့မှာ သွားစောင့်နေကြတဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတချို့ရှိပါတယ်။

ဒါပေမဲ့ ကိုယ်ရံတော်ကတော့ လွတ်မလာသေးပါဘူး။