ကယ်တင်မှုလား၊ လူကုန်ကူးမှုလား - အင်ဒိုနီးရှားရဲ့ အငြင်းပွားဖွယ် မွေးစားမှုနောက်ကြောင်း

- ရေးသားသူ, ဖိုင်ဆယ် အိုင်ရန်ဖာနီ
- ရာထူးတာဝန်, ဘီဘီစီ(အင်ဒိုနီးရှား)
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၉
အင်ဒရာဂျာရာလက်ခ်ဆာနာ အတွက် မွေးစာရင်းမှာ ဖော်ပြထားတဲ့ နာမည်ဟာသူ့အတွက် ဘယ်တုန်း ကမှ အံဝင်ခွင်ကျ မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် သူ့ရဲ့ ဇာစ်မြစ်အမှန်ကို သိလာပြီးနောက်ပိုင်းမှာ ပိုပြီး မသက်ဆိုင်သလို ခံစားလာရပါတယ်။
ဒါကြောင့် အရွယ်ရောက်လာပြီး သူ့ရဲ့ မိသားစုရင်းနဲ့ ပြန်လည်ဆက်သွယ်နိုင်ခဲ့တဲ့နောက် အက်စီပီရို ဂျင်းလက်စ် ဆိုတဲ့ နာမည်အစား အင်ဒရာဂျာရာလက်ခ်ဆာနာ ဆိုတဲ့ မူလနာမည်ကို ပြန်ပြီးအသုံးပြုခဲ့ပါတယ်။
တရားဝင်အားဖြင့် နယ်သာလန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ အင်ဒရာ ဟာ မွေးကင်းစအရွယ်မှာပဲ အင်ဒိုနီးရှားနိုင်ငံကနေ နယ်သာလန်ကို ခေါ်ဆောင်သွားခံခဲ့ရပြီး အဲဒီနိုင်ငံက မိသားစုတစ်စုရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ မွေးစားခံခဲ့ရသူတစ်ဦးအဖြစ် မမြင်ဘဲ လွတ်မြောက်ကျန်ရစ်သူတစ်ဦးအဖြစ်သာ သတ်မှတ်ထားပါတယ်။
"ကျွန်တော် သုံးပတ်သားအရွယ်တုန်းက နယ်သာလန်နိုင်ငံကို လူကုန်ကူးခံခဲ့ရတာပါ" လို့ အသက် ၄၄ နှစ်အရွယ် အင်ဒရာက ဘီဘီစီကိုပြောပါတယ်။
သူက မွေးစားခြင်းဆိုတဲ့ စကားလုံးက ကလေးတွေကို အနောက်နိုင်ငံတွေမှာ ပိုကောင်းတဲ့ ဘဝရမယ်ဆိုတဲ့ ယူဆချက်နဲ့ မိဘရင်းတွေဆီကနေ ခွဲထုတ်ဖို့ အသုံးပြုခဲ့တဲ့ မရိုးမသားလုပ်ရပ်တွေ၊ တချို့အခြေအနေတွေမှာ ဥပဒေချိုးဖောက်မှုတွေကို ဖုံးကွယ်ထားသလို ဖြစ်စေတယ်လို့ မြင်ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် နိုင်ငံဖြတ်ကျော် မွေးစားမှုစနစ်က ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် အာရှနဲ့ အာဖရိကနိုင်ငံတွေက ကလေးငယ် သိန်းနဲ့ ချီကို အနောက်နိုင်ငံက အခကြေးငွေမြင့်မားစွာ ပေးနိုင်တဲ့ မိသားစုတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီကလေးတွေ အရွယ်ရောက်လာပြီး သူတို့ရဲ့ ဇာစ်မြစ်ကို ပြန်လည်ရှာဖွေကြတဲ့အခါ အကျိုးအမြတ်အတွက် လည်ပတ်နေတဲ့ မွေးစားမှုလုပ်ငန်းစဥ်အတွင်း အလွဲသုံးစားလုပ်မှုတွေ၊ မသမာမှုတွေ ပုံစံတစ်မျိုးတည်းနဲ့ ထပ်တလဲလဲ ဖြစ်ပွားခဲ့တာကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
မကြာသေးခင်နှစ်များအတွင်း အမှန်တရားဖော်ထုတ်ရေးနဲ့ တာဝန်ခံမှုရှိစေရေးအတွက် မွေးစားခံခဲ့ရသူတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကြောင့် နိုင်ငံအချို့မှာ အမှန်တရားစုံစမ်းစစ်ဆေးရေးကော်မရှင်တွေ ဖွဲ့စည်းခဲ့ရသလို၊ တရားဝင်တောင်းပန်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာတော့ နိုင်ငံဖြတ်ကျော် မွေးစားမှုလုပ်ငန်းကို ယာယီရပ်ဆိုင်းထားတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နယ်သာလန်နိုင်ငံဟာ တစ်ချိန်က ကမ္ဘာပေါ်မှာ နိုင်ငံဖြတ်ကျော် မွေးစားခံရသူတွေ အများဆုံးရောက်ရှိရာ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ခဲ့ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အမြင့်ဆုံးအဆင့် ရောက်ခဲ့ချိန်အတွင်း နယ်သာလန်ရဲ့ ကိုလိုနီဟောင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ကလေးငယ် ၃,၀၀၀ ကျော်ကို နယ်သာလန်ကို ပို့ဆောင်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်မှာ အဲဒီကာလအတွင်း ဖြစ်ပွားခဲ့တဲ့ နိုင်ငံဖြတ်ကျော် မွေးစားမှုတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရကျောထောက်နောက်ခံပြု စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ရဲ့ ဖော်ထုတ်မှုကြောင့် နယ်သာလန်အာဏာပိုင်တွေဟာ လိမ်လည်မှုတွေ၊ စာရွက်စာတမ်းအတုလုပ်မှုတွေ၊ မိခင်တွေကို ဖိအားပေးကာ ကလေးစွန့်လွှတ်စေခဲ့တဲ့ ဖြစ်ရပ်တွေလို သိရှိထားပြီးသား မသမာမှုတွေကို မတားဆီးနိုင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
အဲဒီပြဿနာတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ကာကွယ်တားဆီးဖို့ ခက်ခဲတယ်လို့ သုံးသပ်ခဲ့တဲ့အတွက် နယ်သာလန်နိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် နိုင်ငံဖြတ်ကျော် မွေးစားမှုစနစ်ကို အပြီးတိုင် ရပ်ဆိုင်းသွားဖို့ စီစဉ်နေပါတယ်။ ဆွီဒင်၊ ဆွစ်ဇာလန်နဲ့ နော်ဝေနိုင်ငံတွေမှာလည်း အလားတူ ဆောင်ရွက်ဖို့ ဆွေးနွေးနေကြပြီး ဒိန်းမတ်နိုင်ငံကတော့ ၂၀၂၄ ခုနှစ်မှာ သူ့ရဲ့ တစ်ခုတည်းသော မွေးစားမှုအေဂျင်စီကို ပိတ်သိမ်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း နိုင်ငံဖြတ်ကျော် မွေးစားမှု အရေအတွက် သိသိသာသာ လျော့ကျသွားခဲ့ပေမဲ့ အဲဒီစနစ်ရဲ့ အမွေအနှစ်ကတော့ အင်ဒရာလို လူအများအပြားအတွက် သူတို့ရဲ့ အတိတ်ဘဝနဲ့ ပတ်သက်တဲ့ မပြည့်စုံသေးတဲ့ ပဟေဠိအစိတ်အပိုင်းတွေကို ချန်ထားခဲ့ပါတယ်။
"တကယ်ဖြစ်ခဲ့တာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမှတ်သညာကို အကုန်ဖျောက်ဖျက်ပစ်လိုက်တာပါပဲ။ ကျွန်တော့်ကို မူလမိသားစုနဲ့ ဆက်နွယ်နေတဲ့ အရာအားလုံးကနေ ဖြတ်တောက်ပစ်ခဲ့ကြတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, INDRA JAYA LAKSANA
ကျွန်တော် ဘယ်သူလဲ
အင်ဒရာကြီးပြင်းလာချိန်မှာ မျက်လုံးအပြာရောင်နဲ့ ဆံပင်အဝါရောင်ရှိတဲ့ လူတွေကြားမှာ ကိုယ့်နေရာကိုယ် ရှာဖွေရတာ ခက်ခဲခဲ့ပါတယ်။
"ကျွန်တော် ဘယ်လောက်ပဲ သူတို့လူ့အဖွဲ့အစည်းထဲ ဝင်ဆံ့အောင် နေထိုင်ခဲ့ပါစေ၊ ဘယ်လောက်ပဲ လူဖြူတစ်ယောက်လို ပြုမူနေထိုင်ခဲ့ပါစေ၊ ကျွန်တော့်ရဲ့ ရုပ်သွင်ပြင် ဒါမှမဟုတ် လူမျိုးနွယ်စုနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေ အမြဲကြုံခဲ့ရတယ်။ တချို့က ဒတ်ချ်ဘာသာစကားကို ဘယ်လောက်ကျွမ်းကျင်စွာ ပြောနိုင်တာလဲဆိုပြီး ပြောကြတာမျိုးလို သိမ်မွေ့တဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်" လို့ သူက ပြောပါတယ်။
အင်ဒရာ အသက် ၁၀ နှစ်အရွယ်မှာတော့ ဖခင်လို့ ခေါ်ခဲ့တဲ့ အမျိုးသားက သူတို့ဟာ သွေးသားတော်စပ်မှု မရှိကြောင်း ပြောပြခဲ့ပါတယ်။
"ကျွန်တော် အခန်းထဲကို ဝင်ပြီး တံခါးပိတ်ထားလိုက်တယ်။ အရမ်းကြောက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အမြဲသံသယရှိနေခဲ့တဲ့ အရာက တကယ်မှန်နေခဲ့လို့ပါ" လို့ အင်ဒရာကပြောပါတယ်။
အင်ဒရာအတွက်တော့ သူ့ကို မွေးစားခဲ့တဲ့ ဖခင်နဲ့ ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အသားတကျမရှိခဲ့ပါဘူး။ သူဟာ မွေးစားအဘွားဖြစ်သူနဲ့ အတူနေထိုင်ခဲ့ပြီး အဲဒီအမျိုးသမီးကိုပဲ "အမေ" လို့ ခေါ်ခဲ့ပါတယ်။
"ကျွန်တော့်ကို ပြောပြထားတာကတော့ သူ့အမေက ကလေးတစ်ယောက်မှာ မိခင်တစ်ယောက် လိုအပ်တယ်လို့ ယူဆခဲ့တာကြောင့် ဒါမှမဟုတ် တစ်ကိုယ်တည်းအမျိုးသားတစ်ယောက်အနေနဲ့ ကလေးကို ပြုစုစောင့်ရှောက်ဖို့ မသင့်တော်ဘူးလို့ မြင်ခဲ့တာကြောင့် ကျွန်တော် သူ့အိမ်မှာ နေသင့်တယ်လို့ ဆုံးဖြတ်ခဲ့တာပါ" လို့ အင်ဒရာက ပြောပါတယ်။
"နောက်ထပ် ပြောစကားတစ်ခုအရတော့ သူက ကျွန်တော့်ကို အင်ဒိုနီးရှားကနေ သူ့အမေအတွက် ခေါ်လာခဲ့တာလို့ ဆိုပါတယ်။ သူ့အမေရဲ့ ခင်ပွန်းဟာ ဦးနှောက်သွေးယိုမှုကြောင့် မသန်စွမ်းဖြစ်သွားပြီးနောက် သူလည်း မရှိတော့ပါဘူး။"
"ကျွန်တော့်ကို မွေးစားခဲ့တဲ့ ဖခင်ကတော့ ကျွန်တော်ဟာ သူ့အမေအတွက် 'ကယ်တင်ခြင်း' ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။"
သူ့ရဲ့ ဇာစ်မြစ်အမှန်ကို သိခဲ့ရပြီးနောက်မှာတော့ အင်ဒရာ ဟာ စိုးရိမ်ပူပန်မှု၊ စိတ်ပျက်မှုတွေနဲ့ အထူးသဖြင့် ဒေါသစိတ်တွေကို ရင်ဆိုင်ခဲ့ရပါတယ်။ "ဒီလူတွေက တကယ်တမ်း ဘယ်သူတွေလဲဆိုတာ ကျွန်တော် စတင်စဉ်းစားလာတယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်ကရော တကယ်တမ်း ဘယ်သူလဲဆိုတာပေါ့။"
၁၉၉၀ ပြည့်နှစ် နွေရာသီမှာတော့ သူ့ကို မွေးစားခဲ့တဲ့ ဖခင်က အင်ဒရာကို အင်ဒိုနီးရှားနိုင်ငံဆီ ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ အင်ဒရာက "ဒီနေရာဟာ ကျွန်တော် ရှိသင့်တဲ့ နေရာပဲ" လို့ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နယ်သာလန်ကို ပြန်ရောက်လာချိန်မှာတော့ မေးခွန်းအသစ်တွေ တရစပ် ပေါ်လာခဲ့ပါတယ်။ "ဘာကြောင့် ကျွန်တော့်ကို ခေါ်သွားခဲ့တာလဲ။ ဘာကြောင့် ကျွန်တော် ဖြစ်ရတာလဲ" ဆိုတဲ့ မေးခွန်းတွေကြောင့် သူတို့ရဲ့ ဆက်ဆံရေးဟာ တဖြည်းဖြည်း ယိုယွင်းလာခဲ့ပါတယ်။
"သူ့အမေ ကွယ်လွန်သွားပြီးနောက် ကျွန်တော် သူနဲ့အတူ နေရတဲ့အချိန်မှာ နွေးထွေးမှုဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ တစ်အိမ်တည်းမှာ နေပေမဲ့ ကိုယ့်ဘဝနဲ့ကိုယ် သီးခြားနေထိုင်နေကြသလိုပါပဲ" လို့ အင်ဒရာက ပြောပါတယ်။
လူတွေက သူ့ကို မွေးစားခဲ့တဲ့ ဖခင်ဟာ "ခွေးတစ်ကောင်တောင် မမွေးတတ်တဲ့သူ၊ သူများကလေးတစ်ယောက်ကို ပိုလို့တောင် မပြုစုနိုင်ဘူး" လို့ ဟာသလုပ် ပြောဆိုကြလေ့ရှိပါတယ်။
"အဲဒီလို ပြောဆိုမှုတွေက ကျွန်တော့်ကိုယ်ကျွန်တော် မြင်တဲ့ပုံစံအပေါ် သက်ရောက်မှုရှိခဲ့တယ်။ မိခင်နဲ့ ခွဲခွာသွားတဲ့ အားကိုးရာမဲ့ ခွေးပေါက်လေးတစ်ကောင်ကို ခေါ်မွေးထားသလိုမျိုး ခံစားရတယ်" လို့ အင်ဒရာက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ သူ့ကို မွေးစားခဲ့တဲ့ ဖခင် မကွယ်လွန်ခင်လေးမှာ မွေးစားမှုနဲ့ သက်ဆိုင်တဲ့ စာရွက်စာ တမ်းတွေကို ဘယ်မှာ ရှာရမလဲဆိုတာ အင်ဒရာကို ပြောပြခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းသေတ္တာတွေထဲကနေ အင်ဒရာဟာ ဓာတ်ပုံတစ်ပုံ ပါဝင်တဲ့ စာအိတ်အဖြူတစ်အိတ်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒါဟာ သူ့ရဲ့ မွေးမိခင် ရိုဟန်နီ ကို ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, INDRA JAYA LAKSANA
အရမ်းနောက်ကျသွားပြီ
လေးနှစ်အကြာ ကိုဗစ် ကပ်ရောဂါကြီးအပြီးမှာတော့ အင်ဒရာဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ ကဖေးဆိုင်တွေ၊ ကိုလိုနီခေတ် လက်ရာအဆောက်အအုံတွေနဲ့ စည်ကားတဲ့ တောင်ပေါ် မြို့ ဘန်ဒေါင်းကို သွားရောက်ခဲ့ပါတယ်။
သူ့ရဲ့ ရှာဖွေမှုက သူမွေးဖွားခဲ့တဲ့ ဆေးခန်းဆီကို ဦးတည်သွားခဲ့ပြီး အဲဒီကနေ မတူညီတဲ့ ဖခင် ဒါမှမဟုတ် မိခင်တစ်ဦးတည်းက မွေးထားတဲ့ မွေးရင်း အစ်ကို၊အစ်မ ငါးယောက် ရှိကြောင်း သိရှိခဲ့ရပါတယ်။
"ကိုယ်နဲ့ ရုပ်ချင်းဆင်တူတဲ့ မွေးချင်းတွေကို တွေ့ရတာ ထူးဆန်းတဲ့ ခံစားချက်ပါပဲ။ ကျွန်တော်က ဘယ်သူနဲ့မှ မတူခဲ့ဖူးဘူး" လို့ သူက ပြောပါတယ်။
"အဲဒါက ဆုံးရှုံးမှုနဲ့ ဝမ်းနည်းကြေကွဲမှုဆိုင်ရာ ဒဏ်ရာဟောင်းတွေကို ပြန်လည်နှိုးဆွပေးခဲ့သလို 'ဒီလူတွေနဲ့ ဆက်ဆံရေးတစ်ခုကို ဘယ်လို တည်ဆောက်ရမလဲ' ဆိုတဲ့ မေးခွန်းတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။"
မိသားစုထဲ ဝင်ရောက်နှောင့်ယှက်မိမှာကို စိုးရိမ်ခဲ့ပေမဲ့ အင်ဒရာ ကို ဆွေမျိုးတွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ ဝမ်းနည်းစရာ သတင်းတစ်ခုလည်း ရှိနေခဲ့ပါတယ်။
"ကျွန်တော့်အမေ ကွယ်လွန်သွားခဲ့ပြီ" လို့ အင်ဒရာက ပြောပါတယ်။ "ကျွန်တော် နောက်ကျသွားခဲ့ပြီ။"
အသစ်တွေ့ရှိခဲ့တဲ့ ဆွေမျိုးတွေဆီကနေတဆင့် အင်ဒရာဟာ သူ့ရဲ့ မှတ်တမ်းစာရွက်စာတမ်းတွေ အတုအယောင် ပြင်ဆင်ထားခဲ့ကြောင်း သိရှိလာခဲ့ပါတယ်။
ကလေးစွန့်လွှတ်ကြောင်း စာတမ်းတစ်စောင်အရ သူ့မိခင်ဟာ သူ့ကို မွေးစားခဲ့တဲ့ ဖခင်နဲ့ ချစ်ကြိုက်ခဲ့ဖူးတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူ့ဆွေမျိုးတွေကတော့ အဲဒီလို မရှိခဲ့ဘူးလို့ ပြောကြပါတယ်။
အင်ဒရာကတော့ သူ့ကို တစ်ကိုယ်တည်းနေထိုင်တဲ့ ဒတ်ချ်အမျိုးသားတစ်ယောက်ဆီ အလွယ်တကူ မွေးစားနိုင်ဖို့ ပွဲစားတစ်ယောက်က အဲဒီဇာတ်လမ်းကို ဖန်တီးခဲ့တာလို့ ယုံကြည်ထားပါတယ်။
"မွေးစားမှုစနစ်ထဲမှာ ကျွန်တော်တို့ကို 'ဝယ်ယူ' ခဲ့ကြတာပါ" လို့ အင်ဒရာက ပြောပါတယ်။
"ကျွန်တော်တို့ဟာ ဥပဒေအရ ပိုင်ဆိုင်နိုင်တဲ့ ပစ္စည်းတစ်မျိုးလို ဖြစ်သွားခဲ့တယ်။ ပြီးတော့ နာမည်အသစ်၊ အမှတ်သညာအသစ်တွေနဲ့ အစားထိုးခံခဲ့ရတယ်။"

ဓာတ်ပုံ ရင်းမြစ်, INDRA JAYA LAKSANA
ကိုလိုနီခေတ် အမွေအနှစ်
ဒီလို ဝမ်းနည်းဖွယ် အတွေ့အကြုံမျိုးဟာ မွေးစားခံခဲ့ရသူတွေကို မိသားစုရင်းနဲ့ ပြန်လည်ဆက်သွယ်နိုင်ဖို့ ကူညီပေးနေတဲ့ ဆူရာဘာရာ မြို့အခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းရှင် အသက် ၅၀ အရွယ် အမျိုးသမီး အန်နာ မာရီယာ ဗန်ဗာလန် အတွက်လည်း ရင်းနှီးပြီးသား ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အလားတူ အခြေအနေမျိုး ကြုံခဲ့ရသူဖြစ်ပါတယ်။
သူ့ကို မွေးစားခဲ့တဲ့ မိခင်ဟာ သားသုံးယောက်ရှိပြီးနောက် သမီးတစ်ယောက် မွေးစားလိုကြောင်း အေဂျင်စီတစ်ခုထံ ဆက်သွယ်ခဲ့ပါတယ်။ အဲဒီနောက် ကြားခံပွဲစားတစ်ယောက်ကို သင့်တော်မယ့် မိဘမဲ့ကလေးတစ်ယောက် ရှာဖွေဖို့ စေလွှတ်ခဲ့ပြီး နောက်ဆုံးမှာ အန်နာကို ရွေးချယ်ခဲ့ကြပါတယ်။
ဒါပေမဲ့ အန်နာဟာ အရွယ်ရောက်လာပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်လာတဲ့အချိန်မှသာ သူ့ရဲ့ မိဘရင်း နှစ်ဦးစလုံး အသက်ရှင်နေသေးကြောင်း သိရှိခဲ့ရပါတယ်။
"ကျွန်မကို မွေးစားခဲ့တဲ့ အမေကတော့ ကျွန်မကို မိသားစုရင်းနဲ့ ခွဲထုတ်ခဲ့မိတာ သိရတဲ့အခါ အရမ်းဝမ်းနည်းခဲ့ပါတယ်" လို့ သူမက ပြောပါတယ်။
အန်နာ ကူညီပေးနေတဲ့ မွေးစားခံခဲ့ရသူတွေဟာ သူတို့ရဲ့ မှတ်တမ်းဖိုင်တွေထဲမှာ အချက်အလက် မပြည့်စုံတာတွေ၊ မှားယွင်းတာတွေ ဒါမှမဟုတ် အတုအယောင် ပြင်ဆင်ထားတာတွေကို မကြာခဏ တွေ့ရှိကြရတယ်လို့ ဆိုပါတယ်။ အဲဒီမှတ်တမ်းတွေက သူတို့ကို မိဘမဲ့ ဒါမှမဟုတ် မလိုလားအပ်တဲ့ ကလေးတွေလို ပုံဖော်ထားပေမဲ့ တကယ်တမ်းတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။
အန်နာရဲ့ အဆိုအရ အဲဒီအခြေအနေတွေဟာ ကလေးတွေကို အကျိုးအမြတ်ရနိုင်တဲ့ စီးပွားရေးအခွင့်အလမ်းတစ်ခုလို သဘောထားခဲ့တဲ့ စနစ်တစ်ခုရဲ့ ရလဒ်ကို ထင်ဟပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမွေးစားလိုတဲ့ မိသားစုတွေ များပြားနေချိန်မှာ မွေးစားနိုင်တဲ့ ကလေးအရေအတွက်က မလုံလောက်ခဲ့လို့ ဖြစ်ပါတယ်။
၁၉၈၀ ပြည့်လွန်နှစ်များမှာ မွေးစားနိုင်တဲ့ အင်ဒိုနီးရှားကလေး အရေအတွက် ၁,၂၀၀ ခန့်သာ ရှိခဲ့ပေမဲ့ စောင့်ဆိုင်းစာရင်းထဲမှာတော့ စုံတွဲနဲ့ မိသားစုပေါင်း ၇,၀၀၀ ခန့် ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, INDRA JAYA LAKSANA
Leiden တက္ကသိုလ်က အမျိုးသမီးဂုဏ်ထူးဆောင်ပါမောက္ခ မားလူး စခရိုးဗာ ရဲ့ အဆိုအရ နယ်သာလန်နိုင်ငံက အင်ဒိုနီးရှား ကလေးငယ်တွေကို စိတ်ဝင်စားခဲ့တာဟာ ကိုလိုနီခေတ်ရဲ့ အမွေအနှစ်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေခဲ့ပါတယ်။
"အင်ဒိုနီးရှားမှာ စတင်လှုပ်ရှားခဲ့တဲ့ ဒတ်ချ် မွေးစားမှုအဖွဲ့အစည်းတွေဟာ မူလက ခရီးသွားအေဂျင်စီတွေအဖြစ် စတင်ခဲ့တာပါ။ ဆယ်စုနှစ်အနည်းငယ် အဲဒီအေဂျင်စီတွေက ဒတ်ချ် ကိုလိုနီဟောင်းကနေ ထွက်ခွာလာခဲ့သူတွေကို အင်ဒိုနီးရှား ခရီးစဉ်တွေ ရောင်းချပေးခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။
ဒတ်ချ် သတင်းစာတွေက ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ဖော်ပြပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ၁၉၄၅ ခုနှစ် လွတ်လပ်ရေးရရှိမှုဟာ အချိန်စောလွန်းခဲ့တယ်ဆိုတဲ့ အယူအဆကို ထောက်ခံဖို့ အသုံးပြုခဲ့ကြပါတယ်။
စခရိုးဗာ ရဲ့ အဆိုအရ ဒတ်ချ်မိသားစုတွေအနေနဲ့ အဲဒီကလေးတွေကို မွေးစားခြင်းအားဖြင့် "ကယ်တင်" ကြဖို့ တိုက်တွန်းခဲ့ကြပြီး ကလေးတစ်ဦးစီအတွက် ဂီလ်ဒါ ၄,၀၀၀ ကနေ ၆,၀၀၀ (ဒီနေ့ခေတ် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂,၀၀၀ ကနေ ၃,၀၀၀ ခန့်) ကုန်ကျခဲ့ပါတယ်။
တရားမဝင် "ကလေးမွေးမြူရေးစခန်း" တွေ၊ အဂတိလိုက်စားမှုတွေနဲ့ ကလေးခိုးယူမှုတွေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဲဒီလုပ်ငန်းစဉ်ကို မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကူနီယာဝတီဆိုတဲ့ မိန်းကလေးငယ်တစ်ဦးရဲ့ ဖြစ်ရပ်ကတော့ အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာ မွေးရပ်မြေကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကူနီယာဝတီ ဟာ စာရွက်စာတမ်းတွေ အတုလုပ်ထားတဲ့ မိဘမဲ့ဂေဟာတစ်ခုထံ ရောင်းချခံခဲ့ရပြီး နောက်ပိုင်းမှာ နယ်သာလန်နိုင်ငံရှိ စုံတွဲတစ်တွဲဆီ ပို့ဆောင်ခံခဲ့ရပါတယ်။ သူ့ရဲ့ မိဘရင်းတွေက မွေးစားမှုကို ကန့်ကွက်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ သမီးကို ပြန်မရခဲ့ကြပါဘူး။
အဲဒီအမှုနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှား အာဏာပိုင်တွေက မိဘမဲ့ဂေဟာပိုင်ရှင်ကို ဖမ်းဆီးခဲ့သလို နယ်သာလန်နိုင်ငံကို မွေးစားခံရမယ့် ကလေးငယ်တွေအတွက် ခရီးသွားဗီဇာ ထုတ်ပေးမှုကိုလည်း ယာယီရပ်ဆိုင်းခဲ့ပါတယ်။
နိုင်ငံဖြတ်ကျော် မွေးစားမှုနဲ့ ပတ်သက်တဲ့ နယ်သာလန်နိုင်ငံအတွင်း ဆွေးနွေးငြင်းခုံမှုတွေဟာ ၂၀၂၁ ခုနှစ်မှာ အစိုးရရဲ့ တရားဝင် တောင်းပန်မှုနဲ့ အဆုံးသတ်ခဲ့ပြီး နယ်သာလန်ဟာ ဒီစနစ်ကို အဆုံးသတ်ဖို့ စတင်ဆောင်ရွက်တဲ့ ပထမဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေကို ကလေးငယ်တွေ ပို့ဆောင်မွေးစားစေခြင်းကို နောက်ဆုံးနည်းလမ်းအဖြစ်သာ အသုံးပြုနေပြီး တစ်နှစ်မှာ ဖြစ်ပွားတဲ့ အရေအတွက်ဟာ အလွန်နည်းပါးသွားပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ သွေးဟာ အင်ဒိုနီးရှားသွေး

ဓာတ်ပုံ ရင်းမြစ်, INDRA JAYA LAKSANA
မွေးစားခံခဲ့ရသူတချို့အတွက် တရားမျှတမှုဆိုတာ နစ်နာကြေးပေးအပ်တာကို ဆိုလိုပေမယ့် အင်ဒရာနဲ့ ဗန် ဗာလန်တို့ကတော့ ပြတ်တောက်သွားခဲ့တဲ့ မိသားစုဆက်နွယ်မှုတွေကို ပြန်လည်ချိတ်ဆက်ဖို့ အာရုံစိုက်နေကြပါတယ်။ သူတို့က အင်ဒိုနီးရှားအစိုးရအနေနဲ့ ရှုပ်ထွေးတဲ့ လျှောက်ထားရတဲ့ လုပ်ငန်းစဉ်တွေမရှိဘဲ နိုင်ငံသားအဖြစ် ပြန်လည်အသိအမှတ်ပြုပေးဖို့ တောင်းဆိုနေပါတယ်။
"နယ်သာလန်ကို ရောက်တဲ့အခါ ဒီလူတွေက မင်းရဲ့မိဘတွေ၊ ဒီမိသားစုက မင်းရဲ့မိသားစုလို့ ပြောခံရတယ်။ အဲဒါကို လက်ခံဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး" လို့ သူက ပြောပါတယ်။
ဒါပေမဲ့ "ကျွန်မတို့ကို အင်ဒိုနီးရှားမှာ မွေးဖွားခဲ့တာပါ။ ကျွန်မတို့ရဲ့ သွေးက အင်ဒိုနီးရှားသွေးပါ" လို့လည်း ဗာလန်က ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ယဗွန် မီဝင်ကန်ကတော့ ကိုယ်ရေးကိုယ်တာအချက်အလက် ကာကွယ်ရေးအတွက် သီးခြားမွေးစားခံရသူတွေရဲ့ အမှုကိစ္စတွေကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ "သက်ဆိုင်သူအနေနဲ့ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီထဲမှာ အင်ဒိုနီးရှားနိုင်ငံသားအဖြစ် လျှောက်ထားတာလည်း ပါဝင်ပါတယ်" လို့ ပြောပါတယ်။
"အင်ဒိုနီးရှားမှာ မွေးဖွားခဲ့တာ တစ်ခုတည်းနဲ့ အင်ဒိုနီးရှားနိုင်ငံသား ဖြစ်သွားတာတော့ မဟုတ်ပါဘူး" လို့လည်း သူက ထပ်လောင်းပြောပါတယ်။
ဇီဝဖခင်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်တဲ့ အင်ဒရာကတော့ ဩဂုတ်လမှာ အင်ဒိုနီးရှားကို ပြန်သွားဖို့ ရည်ရွယ်ထားပါတယ်။
"အနာဂတ်မှာ ကျွန်တော့်နဲ့ အင်ဒိုနီးရှားက တခြားကလေးထောင်ပေါင်းများစွာအပေါ် ဖြစ်ပျက်ခဲ့တဲ့အရာမျိုး ထပ်မဖြစ်တော့ဖို့ မျှော်လင့်ပါတယ်" လို့ သူက ပြောပါတယ်။
"ပြီးတော့ အသက်ရှင်ကျန်ရစ်ခဲ့သူတွေအနေနဲ့ အသိအမှတ်ပြုခံရဖို့လည်း မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။
သူ့ရဲ့ ဘဝခရီးစဉ်ကို ထင်ဟပ်စေမယ့် နာမည်တစ်ခု ရှာဖွေနေချိန်မှာ သူငယ်ချင်းတစ်ဦးက အင်ဒရာ ဂျာယာ လက်ဆာနာ ဆိုတဲ့ နာမည်ကို အကြံပြုခဲ့တယ်လို့ ဆိုပါတယ်။
"ဒီနာမည်ရဲ့ အဓိပ္ပာယ်က ကျွန်တော့်ရဲ့ ခရီးစဉ်ဟာ အမြဲတမ်း အလင်းရောင်နဲ့ ကောင်းချီးမင်္ဂလာတွေ ရရှိနေပါစေ။ အရင်က ဆုံးရှုံးခဲ့ရတာတွေကိုလည်း ပြန်လည်ရရှိနိုင်ပါစေလို့ ဆိုလိုပါတယ်" လို့ သူက ပြောပါတယ်။
ဒီသတင်းအတွက် လေနေး ဘာရွန်ကလည်းပူးပေါင်းရေးသားထားပါတယ်။












